Thursday, August 29, 2013

သမီးဖြစ်သူ တရုတ်တွင် ရောင်းစားခံရသဖြင့် မိခင်က အမှုဖွင့်လိုက်ပြီ


အမျိုးသမီးကြီးတစ်ဦးက သူ့သမီးဖြစ်သူ တရုတ်နိုင်ငံတွင် ရောင်းစား ခံရသဖြင့် ထိုသို့ပြုလုပ်သူခုနစ်ဦးကို လူကုန်ကူး မှုဖြင့် အရေးယူပေးပါရန် သြဂုတ် ၂၇ ရက်က လှော်ကားနယ်မြေ ရဲစခန်းတွင်အမှုဖွင့် တိုင်တန်းလိုက်ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

ထိုအမျိုးသမီးသည် ပြီးခဲ့သည့် မတ်လဆန်းက ရွှေပြည်သာမြို့နယ်မှ တစ်ရပ်ကွက်တည်းနေသူ အသက် ၄၄ နှစ် အရွယ် အမျိုးသမီးတစ်ဦးက သူ့သမီးကို တရုတ်ပြည်တွင် အလုပ်လုပ်ပါက တစ်လလျှင် ကျပ် ငါးသိန်း ရရှိမည်ဟု စည်းရုံးခဲ့ကြောင်း ရဲစခန်းတွင် စွပ်စွဲထွက်ဆိုသည်။

ထို့နောက် ရက်သတ္တနှစ်ပတ်ခန့်အကြာတွင် သူ့သမီးသည် နေ အိမ် မှ ပျောက်ဆုံးသွားသဖြင့် ကနဦးက သူ့သမီးကို လာရောက်စည်းရုံး
ခဲ့သည့် အမျိုးသမီးထံသွားရောက်မေးမြန်းရာ တိကျစွာမဖြေဘဲအခြား အမျိုးသမီးတစ်ဦးနှင့် အလုပ်လုပ်ရန် တစ်နေရာသို့ သွားရောက်နေ သည်ဟုသာ တုန့်ပြန်ပြောကြား ခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြ ထားသည်။

ဇွန်လ ၂၃ ရက်တွင်မူ သူ့သမီးက နံဘေးအိမ်ရှိ ဖုန်းသို့ ဆက်သွယ်လာသဖြင့် ပြန်လည်ဆက်သွယ်ခဲ့ရာ သူ့ကို လာရှိုးမှ တဆင့် တရုတ်နိုင်ငံရှိ မြို့တစ်မြို့တွင် ငွေကျပ် ၈၅ သိန်းဖြင့် တရုတ်အမျိုးသား တစ်ဦးထံတွင် အဓမ္မရောင်းစားခံထား ရကြောင်း မိခင်ဖြစ်သူကို ပြောကြားခဲ့သည်ဟု ရဲစခန်းတွင်တိုင်တန်းရာ၌ တရားလိုက ထွက်ဆိုထားသည်။

ထို့ပြင် သူ့သမီးသည် တရုတ်အမျိုးသား နှင့် ရရှိထားသော ကိုယ်ဝန်မှာ နှစ်လခန့်ရှိနေပြီဖြစ်ကြောင်း မိခင်ဖြစ်သူက ရဲစခန်း၌ ထွက်ဆိုထားသည်။

ထို့ကြောင့် သူ့သမီးကို ယုံကြည်အောင် စည်းရုံးသွေးဆောင်ပြီး တရုတ်နိုင်ငံတွင် မယားအဖြစ် ရောင်းစားခဲ့သူ ခုနစ်ဦး ကို အရေးယူပေးပါရန် မိခင်ဖြစ်သူက ရဲစခန်း၌ တိုင်တန်းလိုက်ပြီး ရဲစခန်းကလည်း အမှု အမှတ် (ပ) ၂၅၇/၂၀၁၃ဖြင့် အမှုဖွင့်ထားသည်။

ယင်းအမှုတွင် ပါဝင်ပတ်သက်သူများသည် ခုနစ်ဦးအထိပင်ရှိနေကြောင်း ရဲဌာန၏ မှတ်တမ်းများတွင် ဖော်ပြ ထားသည်။

ထို့ပြင် သံသယရှိသူများအနက် မအငယ်လေး(ခ) မအေးမြန်မွန်ဆိုသူနှင့် မမာမာဦးဆိုသူနှစ်ဦးမှာ အလားတူ လူကုန်ကူးမှု တစ်ခုဖြင့် စွပ်စွဲတိုင်တန်းခံထားရသဖြင့် လှော်ကားရဲစခန်းကပင် အမှုဖွင့် ဖမ်းဆီးထားပြီး မစိုးစိုးဆိုသူ အမျိုးသမီးမှာလည်း လူကုန်ကူးမှု၏ တရားခံပြေးအဖြစ် သတ်မှတ်ခံထားရကာ ရဲများက လိုက်လံရှာဖွေနေသူ ဖြစ်ကြောင်း တိုင်းရဲဌာနကဆိုထားသည်။

ယခုအမှုနှင့်ပတ်သက်၍ သံသယရှိသူ နှစ်ဦးကို ဖမ်းမိပြီးဖြစ်သည့်အတွက် ကျန်ငါးဦးကို ဖမ်းမိရေးအတွက် ရဲများက လိုက်လံစုံစမ်းနေပြီး ဖမ်းမိပါက လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၈(က)ဖြင့် တရားစွဲမည်ဟု တိုင်းရဲဌာနက သတင်းထုတ်ပြန်သည်။

ဇော်ဇော်ထွေး
မဇ္ဈိမ

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...