Sunday, June 2, 2013

အိမ်

အိမ်မှာနေရတာ မွန်းကျပ်လို့
အိမ်နဲ့ဝေးရာ ထွက်သွားချင်နေလား?
အိမ်ပြန်ချင်တာ တပိုင်းသေပြီး
အခြေအနေကြောင့် အိမ်နဲ့ဝေးနေရသူတွေ
ဒုနဲ့ဒေးရှိတယ်။

အိမ်မှာအမေက ပူညံပူညံလုပ်လွန်းလို့
တစ်ယောက်ထဲ နေချင်နေလား?
အမေ့အသံ တမ်းတလွန်းလို့
ဖုန်းပြောပြီး ကျေနပ်နေရသူတွေ
တစ်ပုံကြီးရှိတယ်။

အိမ်မှာအဖေက တဖွဖွဆုံးမလွန်းလို့
နားညီးတယ်ဆိုပြီး စိတ်လေနေသလား?
ပြသနာဖြစ်ရင် တိုင်ပင်စရာမရှိ
အဖေ့ တ ပြီး မှားမှားမှန်မှန်
ကိုယ်မှားကိုယ်ခံ အဖေ့အဆုံးအမခံချင်သူတွေ
အများကြီးရှိတယ်။

နေမကောင်းဖြစ်ရင် ကိုယ့်ကိုကိုယ်ဆေးကုရတာ
သူများမိသားစုတွေတွေ့ရင် အားကျရတာ
လဲကျသွားလည်း ကိုယ့်ဘာသာကိုယ်ကုန်းရုန်းထရတာ
အဆင်မပြေမှူ့တွေ အားငယ်မှူ့တွေ
ကိုယ့်ဘာသာကိုယ် ကျိတ်မှိတ်မြိုချရတာ
အိမ်ပြန်လာလို့ ကြိုဆိုသူမရှိ
အလုပ်နဲ့အိမ် အိမ်နဲ့အလုပ်
စက်ရုပ်တရုပ်လို ဖြတ်သန်းရတာ
ခြောက်ကပ်ကပ်ထမင်းဝိုင်းကြည့်ပြီး အိမ်ကအမေ့လက်ရာ
တမ်းတနေသူတွေ အများကြီးကြားထဲမှာ
အိမ်နဲ့ဝေးရာ သွားချင်တယ်ဆိုရင်တော့
နင့်မှအပြင် ငမိုက်သားရှိပဦးမလား။

မိသားစုတန်ဖိုးနားလည်တတ်ကြပါစေ။

Related Posts Plugin for WordPress, Blogger...