Showing posts with label ၀တ္ထု. Show all posts
Showing posts with label ၀တ္ထု. Show all posts

Wednesday, September 25, 2013

မျက်စိရှေ့ကလူကို တန်ဖိုးထားတတ်ကြပါစေဗျာ…


သူက ကျနော်ရဲ့ တက္ကသိုလ် ကျောင်းနေဖက်ပါ… ကျနော်တို့ ချစ်သူဘ၀ ၃ နှစ်ရှိခဲ့ပြီး အခု အိမ်ထောင်သက်တမ်းကလဲ ၃နှစ်ပြည့်ခဲ့ပါပြီ…

ပြသနာ တစ်ခုပါဘဲ… သူနဲ့ကွာရှင်းပြီးတော့ သူနေရာသစ်မရမချင်း ကျနော်တို့ တစ်အိမ်တည်း အတူတူနေရဦးမှာပါ…

ကိုယ့်ကိုယ်ကို ပြန်စဉ်းစားမိတိုင်း ရယ်ချင်မိတယ်… ချစ်သူဘ၀တုန်းက ကျနော်တို့ဟာ အရမ်းကို ရိုးသားလွန်းတယ်… လက်တွဲတာ ပွေ့ဖက်တာတွေ ထားပါဦးတော့… လက်မထပ်ခင် အတူတူနေဖို့ဆိုတာ စဉ်းတောင် မစဉ်းစားရဲဘူး… အခုကျတော့ ကွားရှင်းလိုက်ရပြီ… တော်တော်လေးကို ခေတ်မီနေပါပြီလေ…

အိပ်ခန်းတစ်ခန်း… ဧည့်ခန်းတစ်ခန်းဘဲ ရှိတဲ့ တိုက်ခန်းလေးဟာ လင်မယား မဟုတ်တော့တဲ့ ကျား မ ၂ ယောက် အတူတူနေနေရဖို့အတွက် တော်တော်လေးကို အကိုင်ရခက်စေတယ်ဗျ…

ပထမတစ်ညမှာ ကျနော်အိပ်ယာလိပ်ယူပြီး ဆိုဖာခုံပေါ်မှာဘဲ အိပ်လိုက်တယ်…

ပထမတစ်ည အိပ်ရတာ တော်တော်လေးကို အရသာရှိတယ်… ဘေးမှာ နားပူနားဆာလုပ်မဲ့သူမရှိတဲ့ညဟာ အရမ်းကို ကောင်းတာဘဲ… တစ်ခုဘဲ… အိမ်က ဆိုဖာက နည်းနည်းပျော့ရင် ပိုကောင်းမယ်… အခုဟာက မာနေတော့ မနက်ထလာတဲ့အချိန် လည်ပင်း နည်းနည်းညောင်းကိုက်နေတာ တစ်ခုဘဲ…

ရေချိုးခန်းရှေ့ကိုရောက်တော့ အထဲမှာ ရေချိုးသံကိုကြားနေရတယ်… အဲဒီ မိန်းမတော့လေ… ဘယ်အချိန်ကတည်းက ဒီအကျင့်ဆိုးရှိနေလဲ မသိပါဘူး… ညမအိပ်ခင်မှာ ရေချိုးတယ်… မနက်အိပ်ယာထလို့ရှိရင်လဲ ရေချိုးတယ်… တော်ပြီတော်ပြီ… ငါလဲ အကျင့်ပါနေပါပြီ… ကျနော်လဲ တံခါးကို ဆွဲဖွင့်ပြီးတော့ ၀င်သွားတယ်… အိမ်သာ အဖုံးကိုဖွင့်ပြီး အပေါ့သွားဖို့ ပြင်တုန်းမှာ “အား…” ဆိုတဲ့ အသံကြီးကို အမှတ်မထင်ကြားလိုက်ရတယ်…

မနက်စောစောစီးစီး သရဲမြင်တာတော့မဖြစ်နိုင်ပါဘူး… ဘာတွေလျှောက်အော်နေတာလဲ… လန့်သွားလို့ အပေါ့တောင် ပြန်ဝင်သွားပြီ…“ကျမ ရေချိုးနေတာ ရှင်မမြင်ဘူးလား…ရှင်ယောကျာ်းကော် ဟုတ်ရဲ့လာ… ဘယ်ယောကျာ်းက မိန်းကလေးရေးချိုးနေတာကို အထဲဝင်လာပြီး အပေါ့သွားတာမျိုးရှိလဲ…” သူ ခန်းဆီးကို ဖွင့်ပြီး လက်တစ်ဖက်က ရေချိုးပုဝါကြီးနဲ့ သူ့ခန္ဓာကိုယ်ကို ဖုံးထားပြီး နောက်လက်တစ်ဖက်က ကျနော့ကို လက်ညိုးထိုးပြီး ဆုံးမတော့တာဘဲ…

“နင်ဘာတွေ လာအော်နေတာလဲ… ငါတို့ ကြားမှာ ခန်းဆီးလိုက်ကာခြားထားသေးတယ်မဟုတ်လား… ငါ နင့်ကိုဘာမြင်ရမှာလဲ… ပြီးတော့ နင်ရေချိုးနေတုန်း ငါဝင်လာပြီးသေးပေါက်တာ ဒါ ပထမဆုံးအကြိမ်လဲမဟုတ်ဘူး… ဒီလောက်ထိ အဖြစ်သည်းနေဖို့ လိုလို့လာ… ပြီးတော့ နင့် ကိုယ်ခန္ဓာကိုယ်ကို မြင်နေရတာ ၃နှစ်တောင်ရှိပြီ…မျက်စိမိတ်ထားရင်တောင် ဘယ်လိုပုံစံမျိုးလဲဆိုတာ သိတယ်… ငါချောင်းကြည့်ဖို့လိုသေးလို့လာ… ”

“ရှင်…” သူဒေါသထွက်လွန်းလို့ ဘာမှပြောမထွက်တော့ဘူး… ပုဝါ ကြီးနဲ့ ဖုံးအုပ်ထားပြီး ရေချိုးခန်းထဲကနေ ကတိုက်ကရိုက်ထွက်သွားတယ်… ပြီးတော့ အိပ်ခန်းတံခါး “၀ုန်း…”ကနဲ စောင့်ပိတ်လိုက်တဲ့ အသံ ကြားလိုက်ရတယ်…

မိန်းမကြမ်း… ကြည့်ထားပေါ့… နင့်လိုစရိုက်မျိုးနဲ့ နောက်ကျရင် ဘယ်ကောင်က ယူရဲမှာလဲ…

အပေါ့သွားပြီးတော့ ကျနော် အိပ်ခန်းဘက်ကို သွားလိုက်တယ်… ဒီနေ့ရုံးသွားဖို့ ၀တ်ရမဲ့ အင်္ကျီက အထဲက ဘီရိုမျာ ချိတ်ထားတယ်… ဒီမိန်းမတော့လေ… အထဲကနေ သော့ခက်ထားလိုက်တယ်… တံခါးကို အကြားကြီးခေါက်နေမှ အထဲကနေ တစ်သံထွက်လာတယ်… “ငါအင်္ကျီဝတ်နေတယ်…”

တော်ပါပြီ… ကွာရှင်းပြီးပြီဘဲ… သူ့ကို အလျှော့ပေးလိုက်ပါ့မယ်…

နာရီဝက်လောက်ကြာမှ သူထွက်လာတယ်… ၀တ်ထားတာက တောက်ပနေပြီး အသားဖြူဖြူပေါ်မှာ နှုတ်ခမ်းနီရဲရဲ စိုးထားတယ်… နမြောဖို့ ကောင်းတာက သူ အပြင်ထွက်ခါနီးမှာ ကျနော့ကို မျက်စောင်းတစ်ချက်ထိုးလိုက်တာ သူ့အလှကို လျော့စေခဲ့တယ်… ဒီနာရီဝက်ကြောင့် ကျနော် ပထမဆုံးအကြိမ် ရုံးတက်နောက်ကျခဲ့တယ်…

ရုံးဆင်းပြီးနောက် ကျနော် အပြင်မှာဘဲ အချိန်တွေ ဖြုန်းနေခဲ့တယ်… ပျင်းဖို့ကောင်းပေမဲ့ သူမျက်နှာကို မြင်နေရတာထက်စာရင် ကောင်းပါသေးတယ်… ဒီလိုနဲ့ ည၉နာရီအထိ အပြင်မှာဘဲ ခေါက်ဆွဲတစ်ပွဲစားပြီး အိမ်ပြန်လာခဲ့တယ်…

ကျနော်အိမ်ထဲဝင်လိုက်တော့… သူက ဧည့်ခန်းမှာ မိန့်မိန့်ကြီးထိုင်နေတာကို ရုတ်တရက်တွေ့လိုက်ရတယ်… ကျနော်ဝင်လာတာကို မြင်တော့ မျက်နှာတစ်ချက်ပြုံးလိုက်တယ်… ကျနော်လဲ သံသယ များစွာနဲ့သူ့ရှေ့မှာ ထိုင်လိုက်တယ်… ဘုရား… ဘုရား… ကျနော့ကို ရေနွေးကြမ်းတွေ ငဲ့ပေးလို့…

သူဘာအကြံအစည်တွေရှိနေပါလိမ့်…

ကျနော် စကားတစ်ခွန်းကို သွားသတိရမိတယ်… သိုးရေခြုံထားသော ၀ံပုလွေ…

“ဒီနေ့ ငါလဲ သေချာ စဉ်းစားကြည့်ပြီးပြီ… ငါတို့ နှစ်ယောက်ဟာ လင်မယားမဟုတ်တော့ဘူး… ငါက ရှင့်အိမ်ကို တစ်လငှားပြီး ခဏနေနေပေမဲ့ … ငါစဉ်းစားမိတယ်… ငါတို့ ဟို မလိုလားအပ်တဲ့ ပြသနာတွေ… အထင်လွဲမှားမှုတွေ မဖြစ်ရအောင် ငါတို့ စည်းကမ်းထုတ်ထားတာကောင်းမယ်…”

ပြောရင်းနဲ့ သူစာရွက်တစ်ရွက်ကို ငြင်သာစွာထုတ်လိုက်တယ်… ကျနော့ရှေ့မှာ စာရွက်ကို ကိုင်လှုပ်ပြပြီး ပြောလိုက်တယ်… “ရှင်ကြည့်ကြည့်လိုက်… သဘောတူတယ်ဆိုရင် အောက်မှာ လက်မှတ်ထိုးလိုက်.. ငါတို့တစ်ယောက်တစ်ရွက်ဆီယူထားမယ်…”

ကျနော်စာရွက်ကိုယူပြီး ကြည့်ကြည့်လိုက်တယ်…

နံပါတ်တစ်… ရေချိုးခန်းကို တစ်ယောက်ယောက်က သုံးနေတဲ့အချိန်မှာ နောက်တစ်ယောက်က မည့်သည့်အကြောင်းပြချက်နှင့်မှ မ၀င်ရ…
နံပါတ်နှစ်… တစ်ဦး၏ ခန္ဓာကိုယ်ကို အခြားတစ်ဦးက မည်သည့်အကြောင်းပြချက်နှင့်မှမထိရ…
…..
ကျနော်ရေတွက်ကြည့်တာ စုစုပေါင်း ၂၆ ချက်တောင်ရှိတယ်…

“သဘောတူတယ်ဆိုရင် လက်မှတ်ထိုးလိုက်…” သူဘောပင်တောင် ကြိုပြင်ဆင်ထားပြီးပြီ…

အစကတော့ သူ့ဒေါသကိုစွပေးမလို့ဘဲ… ပြန်စဉ်းစားကြည့်လိုက်တော့… မလိုအပ်တော့ပါဘူး… အများဆုံးရှိလဲ တစ်လဘဲပေါ့… အောင့်အီးပြီးတော့ဘဲ ကျော်ဖြတ်လိုက်ပါတော့မယ်… ကျနော်သူ့ကို မျက်လုံးအေးအေးနဲ့တစ်ချက်ကြည့်လိုက်တယ်… ဘောပင်ယူပြီး ကျနော့ လက်မှတ်ကိုကောက်ထိုးလိုက်တယ်…

“ဟုတ်ပြီ… ဒီလက်မှတ်ထိုးပေးတဲ့အတွက် ကျေးဇူးပြန်ဆပ်တဲ့အနေနဲ့… ငါတို့ အတူတူနေနေရတုန်းမှာ ရှင့်ကိုဆက်ပြီးတော့ထမင်းချက်ကျွေးမယ်… ”

ဒီစည်းကမ်းချက်တွေရှိနေတော့ ဒီရက်ပိုင်းတွေမှာ လွတ်လပ်မှုမရှိတော့သလိုဘဲ… အစပိုင်းရက်တွေမှာတော့ ဘာလုပ်လုပ် ထိန်းချုပ်ခံနေရတယ်လို့ခံစားရတယ်… ပြီးတော့ ကျနော်ကလဲ အပြင်မှာဘဲ ဆက်ပြီး ဝှေ့လည်နေပြီး ထမင်းစားတဲ့နေရာကိုရှာနေတယ်… ဟွန့်… ထမင်းချက်ကျွေးတာနဲ့ ငါက ကျေးဇူးတင်နေရမှာလာ… သိပ်ပျော်မနေနဲ့… မစားဘူး…

မင်းရဲ့ထမင်းဟင်းကို တစ်လ မစားရလို့ ငါငတ်ပြီးသေမလားဆိုတာကိုကြည့်ရသေးတာပေါ့… အင်း ပြောသာပြောတာ… လျှောက်လည်ပတ်နေတုန်း သူများအိမ်က ထမင်းနံ့ ဟင်းနံ့ရလို့ရှိရင်လဲ စိတ်ထဲမှာတော့ တော်တော်လေးကို အားကျမိသား…

ပထမ တစ်ပတ်လုံးကတော့ ငြိမ်းငြိမ်းချမ်းချမ်းဘဲ… ဘာပြသနာမှ မဖြစ်လိုက်ဘူး…

တစ်နေ့မှာ ကျနော် အိမ်ထဲဝင်လာတုန်း သူကအပြင်ထွက်ဖို့ပြင်နေတယ်…

“အပြင်ထွက်မလို့လာ?”… ကျနော့ပါးစပ်ကလွတ်ကနဲ ထွက်သွားတယ်… သူဒီလို ညဖက်မှာ အပြင်ထွက်တာ နောက်ရေမွှေးဖျန်းထားတာကို ကျနော်သိပ်သဘောမကျဘူး…

“ဟုတ်တယ်… လင်းလင်းက ဒီနေ့သူ့သူငယ်ချင်းတစ်ယောက်နဲ့ မိတ်ဆက်ပေးမလို့တဲ့… ရှင်ကြည့်ကြည့်… ဒီနေ့ဝယ်ထားတဲ့ အင်္ကျီ … လှတယ်မှတ်လားဟင်…” သူ မှန်ရှေ့မှာ ကိုယ်ကိုယ်ကို သေချာကြည့်နေတယ်…

“အင်း မဆိုးပါဘူး… ငတုံးတစ်ကောင်ကို ဖမ်းမယ်ဆိုရင်တော့မိနိုင်ပါတယ်…” အ နေတဲ့လူ တောင်သိတယ်… ကျနော့စကားက အကောင်းပြောနေတာမဟုတ်မှန်း…

“ရှင်… ” သူ့မျက်နှာမှာ မနှစ်ခြိုက်တဲ့ အမူအရာ ပြန်ပေါ်လာပြီ… ဒါပေမဲ့ ပြန်လှည့်သွားပြီးတော့ မရယ်ချင်ရယ်ချင်နဲ့ ခပ်တိမ်တိမ် အသက်မပါတဲ့ရယ်သံနဲ့ရယ်လိုက်တယ်…

“ဟုတ်တယ်လေ… အခုက လူလွတ်ဘ၀ ပြန်ရောက်သွားပြီဆိုတော့ ငတုံးတစ်ယောက်ကို အမိဖမ်းမယ်ဆိုလဲ ငါ့မှာ ဖမ်းခွင့်ရှိပါတယ်… ငါ့ကို တန်ဖိုးထားမဲ့လူတစ်ယောက်ထွက်ပေါ်လာမှာဘဲ… ရှင်လဲ အသက်မငယ်တော့ဘူးနော်… ကိုယ့်ဘ၀ရှေ့ရေးအတွက်ကြည့်ဦးနော်…” ပြောပြီး ကျနော့်ကို ဒေါသ အကြည့်တစ်ချက်ကြည့်လိုက်တယ်…

“ကဲ… ဒါဆိုရင်လဲ ဒီည ငတုံးကြီးကြီးတစ်ယောက်ကို ဖမ်းမိပါစေဗျာ… သူများက အိမ်ကြီးကြီး လက်ဆောင်ပေးခဲ့ရင် ငါ့ကို နှစ်ညလောက်တော့ ပေးနေဦးပေါ့… ” “အိုး… ဒီစကားမျိုးက သနားစရာလေးပါလား… ဘာလဲ… သ၀န်တိုနေတာလား?”… သူဟားဟားဟား ရယ်မောလိုက်တယ်…

“သွားတော့… သွားတော့… ငါမျက်စိနောက်တယ်…” ကျနော် သူ့ကို တံခါးပါဆွဲဖွင့်ပေးလိုက်တယ်… သူမျက်စောင်းထိုးပြီး အပြင်ထွက်သွားတယ်… ကျနော့ကို “ဟင့်” ဆိုပြီး လုပ်ခဲ့သေးတယ်… ကျနော်လဲ တံခါးကို ၀ုန်းခနဲ ပိတ်လိုက်တယ်…

မျက်စိနောက်တဲ့လူ မရှိတော့ဘူးဆိုတော့ ကျနော်လဲ အင်တာနက်ပေါ်တက်ပြီး… ညီမလေးတွေနဲ့လျှောက် ကျူတော့တာပေါ့… ထိန်းချုပ်မဲ့လူမရှိတော့ လွတ်လွတ်လပ်လပ် ပြောချင်ရာပြောလို့ရပြီ… ဝေး….

ဒါပေမဲ့ ကျနော့စိတ်ထဲမှာ နေလို့မကောင်းနေဘူး… ကျနော် တကယ်ဘဲ သ၀န်တိုနေတာလား?
ကျနော် ကိုယ့်ဟာကိုယ် ရယ်ချင်လာတယ်… လျှောက်စဉ်းစားမနေပါနဲ့… ကွာရှင်းဖို့ဆိုတာလဲ ကျနော်စပြီး ပြောခဲ့တာပါဘဲ…

အချိန် ၂ နာရီလောက်ကြာပြီးတော့… သူပြန်လာပါပြီ… သူ ကျနော့ရှေ့ကို ဖြတ်လျှောက်တုန်း သူ့မျက်နှာကိုတွေ့လိုက်တယ်… မျက်နှာပျက်နေတယ်… သူအိပ်ခန်းထဲကိုဘဲ တိုက်ရိုက်ဝင်ပြီး အိပ်လိုက်တယ်… ရေတောင်မချိုးတော့ဘူး…

သူစိတ်မကောင်းဘဲ ဖြစ်ပြီးပြန်လာတာမြင်တော့ ကျနော့ စိတ်ထဲမှာက ပျော်လာတယ်… ဟေဟေ… နည်းတောင်နည်းသေးတယ်… ကျနော်လဲ ပျော်ပျော်နဲ့ အိပ်ချလိုက်တယ်…

ညသန်းခေါင်မှာ သူ့ရဲ့စူးရှတဲ့ အသံကြောင့် လန့်နှိုးလာခဲ့တယ်… ဘာဖြစ်နေတာလဲ ဆိုတာကို ထကြည့်မယ်လုပ်တုန်း သူက အိပ်ခန်းထဲကနေ ညအိပ်ဝတ်နဲ့ပြေးထွက်လာတယ်… ဆိုဖာပေါ်ခုန်တက်လိုက်ပြီး ကျနော့လည်ပင်းကိုတုန်တုန်နဲ့ အသေဖက်ထားတယ်… “ဘာဖြစ်တာလဲ?” ကျနော်သူ့ နောက်ကျောကိုပုတ်ပြီးမေးလိုက်တယ်… “ပိုးဟပ်… ” သူဒီစကား နှစ်လုံးပြောလိုက်တာနဲ့ ကျနော်သဘောပေါက်သွားပြီ….

ဒီ မိန်းမတော့လေ… ကျနော့အပေါ်မှာသာ မောက်မောက်မာမာ ဆက်ဆံတာ… အကောင်သေးသေးလေးတွေကျတော့ အသေကြောက်တတ်တယ်… ပိုးဟပ်… ကြွက်… ကြောင်… ခွေး… စတာတွေ… တွေ့လိုက်တိုင်း အော်လိုက်တာ နေ့ဝက်လောက်ကြာတယ်… ကျနော်ခွေးလေးတစ်ကောင်မွေးချင်တာတောင် မမွေးလိုက်ရဘူး…

“လိမ္မာတယ်… မကြောက်နဲ့တော့နော်… ”ကျနော် ခါတိုင်းလိုဘဲ သူ့ကိုနှစ်သိမ့်ပေးလိုက်တယ်… အခန်းထဲဝင်ပြီး ပိုးဟပ်ကို ချေမှုန်းပေးမယ်ပေါ့… အခန်းထဲဝင်ပြီး နေရာ အနှံ့ရှာပေမဲ့ အရိပ်တောင်မတွေ့ရတော့ဘူး… ပြန်ထွက်လာလိုက်တယ်…

ကျနော်ဆိုဖာပေါ်မှာ ထိုင်လိုက်တာနဲ့ ကျနော့ လည်ပင်းကို ပြန်ဖက်ထားပြီး… “သေသွားပြီလား?” သူမျက်နှာ မှာ ကြောက်လွန်းလို့ မျက်ရည်တောင်ထွက်လာတယ်… ဒါပေမဲ့ ညဘက် မီးမှိန် အောက်မှာ နှင်းဆီပွင့်ပေါ် မိုးရေစက်တင်နေသလို ခံစားချက်လေးကိုပေးတယ်…

“အင်း… ငါရိုက်သတ်လိုက်ပြီ…မကြောက်နဲ့တော့… ပြန်အိပ်တော့… ငါတို့ နှစ်ယောက်လုံး မနက်ဖန်ရုံးတက်ရဦးမယ်… ”

ကျနော်သူ့ကိုလိမ်လိုက်တယ်… ကျနော်သိတယ် သူ့ကို ရှာမတွေ့ဘူး… မရိုက်သတ်လိုက်ရဘူးလို့ပြောလိုက်ရင် ကျနော့ကို ထပ်သွားရှာခိုင်ဦးမှာ သေချာတယ်… ကျနော်လဲ ဒီည အိပ်ရတော့မှာ မဟုတ်ဘူး… “ငါမအိပ်ရဲဘူး… ပြန်မအိပ်တော့ဘူး…”

“နင်မေ့သွားပြီလား… ငါတို့ ကွာရှင်းပြီးသွားပြီလေ… ပြီးတော့ ငါတို့ရဲ့စည်းကမ်းချက်ထဲက နံပါတ် ၂ တစ်ချက်ကိုလဲ ချိုးဖောက်လိုက်ပြီ… နင်ဦးဆုံး ငါကိုလာထိနေတယ်… ” ကျနော့ လေသံက အေးစက်နေတယ်… “ဟွန့်… ညနေကတော့ ငတုံးတစ်ကောင်ကို သွားဖမ်းတယ်… ပိုးဟပ်တွေ့မှဘဲ ငါ့ကို သတိရတယ်…”

သူ ဒီစကားကို ကြားပြီးတော့ ခဏတာ ငြိမ်သွားတယ်… ပါးစပ်ကို ကိုက်ပြီး “ဆောရီး…” လို့တစ်ခွန်းပြောပြီး အခန်းထဲ ၀င်သွားတယ်… ပြီးတော့ “၀ုန်း” ဆိုတဲ့ တံခါးပိတ်သံကိုကြားလိုက်ရတယ်…

ကျနော်လဲ ခပ်ကြောင်ကြောင်ထိုင်နေပြီး ရုတ်တစ်ရက် ကိုယ့်ပါးကို ကိုယ် တစ်ချက်ချလိုက်မိတယ်…

ကျနော် ဆိုဖာပေါ်မှာ အိပ်နေတာ… အိပ်ချင်စိတ်တစ်စက်မှ မရှိဘူး… ၀ိုးတိုးဝါးတားမှာ အိပ်ခန်းထဲက ငိုသံကို ကြားနေရသလိုဘဲ… ၀င်သွားရမလား မ၀င်ရဘူးလားဆိုတာကို စိတ်ထဲမှာ ဇဝေဇ၀ါ ဖြစ်နေတယ်… ကိုယ့်ပါးကို ကိုယ် ပြန်ချမိတယ်… ယောက်ျားဆိုရင် ၀င်သွားကွာ ဆိုပြီး ဆုံးဖြတ်လိုက်တယ်…

ကျနော် အခန်းတံခါးကို ဖွင့်လိုက်တယ်… သူစောင်ထဲမှာ ငိုနေတာကိုတွေ့လိုက်ရတယ်… ကျနော် ကုတင်ဘေးမှာထိုင်ပြီး စောင်ကို လှန်လိုက်တယ်… သူ့ကို ညင်ညင်သာသာလေးမေးလိုက်တယ်… “ဘာဖြစ်နေတာလဲ?” အမှန်အတိုင်းဝန်ခံရရင် သူ့ မျက်နှာတစ်ခုလုံး မျက်ရည်တွေနဲ့ စိုရွှဲနေတာကို မြင်ရတာ စိတ်ထဲမှာ အရမ်းကို နာကြင်စေတယ်ဗျာ…

“ရှင် ဘာဝင်လာလုပ်တာလဲ… ငါတို့ ကွာရှင်းပြီးသွားပြီ မဟုတ်လား… ရှင့်ရဲ့ ဂရုစိုက်မှုတွေ မလိုချင်ပါဘူး… ထွက်သွား… ထွက်သွား… ” သူကျနော့ကို တွန်းထုတ်တယ်… ခေါင်းအုံးနဲ့ပေါက်တယ်… “တောင်းပန်ပါတယ်ကွာ… ခုဏက ငါစကားပြောမှားသွားတာ… ငါ့ကို ခွင့်လွတ်ပါနော်… ”

ကျနော် သူဘာဖြစ်နေသလဲဆိုတာ ဂရုမစိုက်တော့ဘူး… သူ့ကိုရင်ခွင်ထဲမှာ ဆွဲသိပ်ထားလိုက်တယ်… သူ့မျက်နှာပေါ်က မျက်ရည်တွေကို ညင်ညင်သာသာလေး နမ်းပေးလိုက်တယ်… သူကလဲ ကျနော့ကို ထပ်ပြီး မအော်နေတော့ပါဘူး… ကျနော့လည်ပင်းကို သိုင်းဖက်ထားပြီးတော့ အားရပါးရကို ငိုတော့တာဘဲ…

နောက်ဆုံးတော့ သူငိုရင်းနဲ့ ဒီနေ့ဘာလို့ ဒီလောက်ထိစိတ်ညစ်နေရတဲ့အကြောင်းရင်းကို ပြောပြတယ်…
ဘာလို့လဲဆိုတော့ သူ့ဟို သူငယ်ချင်းကောင်းမဆန်တဲ့ သူငယ်ချင်း လင်းလင်းက သူ့ကိုမိတ်ဆက်ပေးတဲ့လူက အဖေ့အရွယ်လောက်ရှိတဲ့ အဖိုးကြီး… ခဏဘဲ တွေ့ရသေးတယ်… လက်ကိုင်ခြေကိုင်လုပ်လာပြီ…လင်းလင်းကလဲ သူ့ကို ဖျောင်းဖျသေးတယ်… နင်က တစ်လင်ကွာထားပြီဘဲ… ဒီအဖိုးကြီးနဲ့ဆို မဆိုးပါဘူး…

“ငါ ကွာရှင်းဖူးတာနဲ့ သူများထက်တစ်ဆင့်နိမ့်နေပြီလား… ငါတို့ဘာဖြစ်လို့ ကွာရှင်းရတာလဲ… ” သူ ငိုရင်းနဲ့ ကျနော့ကိုမေးတယ်… ကျနော့လည်ပင်းကို ဖက်ထားတာ မလွတ်ဘူး…

ကျနော် သူ့မေးခွန်းအတွက် အဖြေမရှိဘူး… ကျနော်ကိုယ်တိုင်လဲ မသိဘူး… သူကျနော့လည်ပင်းကို ဖက်ထားတာ အရမ်းကို နာနေပြီ… ဖက်မယ်ဆိုရင်လဲ ဆက်ဖက်ထားပါစေ… သေမှမသေနိုင်တာ… နောက်ကျရင် အတူတူမှ မနေရတော့တာ… ဖက်စေချင်ရင်တောင် အခွင့်အရေးမရှိတော့ပါဘူးလေ…

ဒီလိုနဲ့ ကျနော်တို့ ၂ ယောက်လုံး မောမောနဲ့ အိပ်ပျော်သွားကြတယ်…

နိုးလာတဲ့ အချိန်မှာ နေတောင်ထွက်နေပါပြီ… ကျနော်က သူ့ကိုဖက်ထားသေးတယ်… သူကလဲ ကျနော့လည်ပင်းကို ဖက်ထားသေးတယ်…

ကျနော် မလှုပ်ရဲဘူး… သူ့အိပ်မက်ကောင်းလေးကို လှုပ်နိုးမိမှာ စိုးလို့… ဒီလို ခံစားချက်မျိုးမရှိတာ တော်တော်လေးကို ကြာခဲ့ပါပြီ… ၂ ယောက်သား အတူရှိနေတဲ့ အချိန်ဟာ ကြာလာလေ… မနက်ခင်း မိုးလင်းတိုင်းမှာ ဒီလို ခံစားချက်ဟာ ပျောက်ဆုံးလေ ဖြစ်နေတယ်…

ပြီးခဲ့တဲ့ နေ့ရက်တွေကို ပြန်စဉ်းစားလိုက်ရင် ကျနော်တို့ဟာ အမြဲတမ်းလိုလို အလုပ်ရှုပ်နေတဲ့ကြားက နိုးထလာရသလိုဘဲ… တစ်ဖက်လူကို ညည်းညူနေပြီး ရုံးတက်ဖို့ကို ပြင်ဆင်နေကြတယ်… ကျနော်တို့နှစ်ယောက် ဘာဖြစ်လို့ ဒီလိုအခြေအနေထိ ရောက်သွားရပါလိမ့်…

သူလဲ နိုးလာပြီ…

သူသတိထားမိလိုက်တယ်… လည်ပင်ကို ဖတ်ထားတဲ့လက်ကို ဖြေလျှော့လိုက်ပြီး ရှက်ကိုးရှက်ကန်းနဲ့ ပြောလိုက်တယ်… “မောနင်း… ”

ကျနော်လဲ ဖက်ထားတဲ့လက်ကို ကမန်းကတန်း ဖယ်လိုက်ပြီး ကုတင်ပေါ်ကနေ ခုန်ဆင်းလိုက်တယ်…

“မနေ့ညက… ”
“မနေ့ညက ဘာမှ မဖြစ်ပါဘူ… ရုံးတက်ဖို့ပြင်တော့… နောက်ကျနေဦးမယ်…”

အဲဒီလိုမျိုး တစ်ညတာ ရှိလိုက်တဲ့အတွက် ကျနော်တို့ နှစ်ယောက်ရဲ့ အခြေအနေဟာ ပြောင်းလဲမှု နည်းနည်းလေး စဖြစ်လာတယ်… ရုံးဆင်းတော့ လမ်းမှာ သူကြိုက်တဲ့ ဆနွင်းမကင်း ရောင်းနေတာတွေ့တော့ ၀ယ်လိုက်တယ်… ၀ယ်ပြီးခါမှ တွေဝေနေရတယ်… အိမ်ဘဲ ပြန်ရင်ကောင်းမလား… ခါတိုင်းလိုဘဲ လျှောက်ပတ်ရေပြီး အချိန်ဖြုန်းရင်ကောင်းမလား…

“အစ်ကို ဒါကတော့ အခုလောလောလပ်လပ်လေး ထွက်လာတာ… မြန်မြန်စားလေစားလို့ကောင်းလေဘဲ… ကြာသွားရင် သိပ်မကောင်းတော့ဘူး… ” ရောင်းတဲ့ကောင်လေးက ကျနော့ကို ပြောလိုက်တယ်…

ကျနော်လဲ မျက်နှာပြောင်နဲ့ အိမ်ကိုဘဲ ပြန်လိုက်တယ်… အိမ်ရောက်တော့ သူက ထမင်းဟင်းချက်နေတယ်…

“အင်း… အင်း… ငါလမ်းမှာ ဆနွင်းမကင်းရောင်းနေတာတွေ့လို့ ၀ယ်လာလိုက်တယ်…” မီးဖိုခန်းထဲမှာ အလုပ်ရှုပ်နေတဲ့ သူ့ကို ပြောပြလိုက်တယ်…

သူဝမ်းသာစွာနဲ့ဘဲ ထွက်လာပြီး တစ်တုံးယူစားလိုက်တယ်…“လက်သွားဆေးတော့… ထမင်းစားရအောင်…”

ထမင်းစား စာပွဲပေါ်က ဟင်းတွေမြင်တော့ ကျနော့ အကြိုက်ဟင်းတွေဘဲ… စိတ်ထဲမှာ တစ်မျိုးဖြစ်သွားတယ်…

ပြန်ပြီး ရေတွက်ကြည့်လိုက်ရင် အပြင်မှာ စားနေရတာ ရက်ပေါင်း ၂၀ ကျော်လောက်ရှိပြီ… သူလုပ်တဲ့ ဟင်းတွေက အရမ်းကို မွှေးတာဘဲ…

“စားတော့…”

ကျနော်လဲ ထမင်းပန်ကန်ကို ယူပြီးစစားတော့တယ်…

“ဖြည်းဖြည်းစား… နင်နေဦးမယ်…ရော့… ဟင်းရည်သောက်ဦး…” ကျနော့ကို ဟင်းရည်တစ်ခွက် ခပ်ပေးလိုက်တယ်…

“ရော့… ဒါလေးက လတ်ဆပ်တယ်…” ကျနော့ကို ဟင်းတစ်ဇွန်းထည့်ပေးလိုက်တယ်…
“ရှင်တော်တော်လေး ပိန်သွားတယ်… နောက်ကျရင် အပြင်မှာ မစားနဲ့တော့… ဈေးကြီးပြီး အဟာရလဲ မဖြစ်ဘူး… အိမ်ဘဲ ပြန်စားတော့…”
…….

စားပြီးလို့ ကျနော် ပန်ကန်ဆေးဖို့ ပြင်နေတုန်း…
“ထားပါတော့… အိမ်ထောင်ကျပြီးလို့တောင်ကြာရောပေါ့… ရှင် ဆေးတာ တစ်ခေါက်မှ မတွေ့ဖူးပါဘူး…ငါဘဲ ဆေးလိုက်ပါ့မယ်…”

“ငါ…”
“ဘာမှ မဖြစ်ဘူး… ငါလဲ အကျင့်ပါနေပါပြီ… သွား တီဗွီ သွားကြည့်တော့… ငါခဏလေးသိမ်းလိုက်ရင် ပြီးပါပြီ…”
ကျနော်ရေနွေးကြမ်းတစ်ခွက်ထည့်လိုက်တယ်… သူ့အတွက်လဲ တစ်ခွက်ထည့်ပေးလိုက်တယ်…

သူ ဆေးကြောပြီးတော့ ကျနော့ဘေးမှာ လာထိုင်လိုက်တယ်… ကျနော်လဲ ထည့်ထားတဲ့ ရေနွေးခွက်ကို သူ့ရှေ့ပို့ပေးလိုက်တယ်…
“နင် ဘယ်လိုင်းကြည့်ချင်လဲ…” ကျနော်သူ့ကိုမေးလိုက်တယ်…
“ရှင် ဒီနေ့ဘာလို့ ဒီလောက်ထိအားနာနေရတာလဲ… ငါမနေတတ်တော့ဘူး… ” သူရယ်ပြီးပြောလိုက်တယ်…
ကျနော်လဲ ရှက်ရှက်နဲ့ ကိုယ့်ခေါင်းကို ပွတ်ပြီးတော့ ပြောလိုက်တယ်… “ငါအရင်က အရမ်းဆိုးလို့လား…”
“ဆိုးတယ်? ဘယ်သူက ရှင့်ကို ဆိုးတယ်လို့ပြောနေလို့လဲ… ရှင်က ပျင်းတာ… အခု ငါတို့ ကွာရှင်းပြီးပြီဆိုတော့ ရှင်လဲ ရှင့် အ၀တ်တွေ ဘယ်လိုလျှော်ရမလဲဆိုတာမေ့နေပြီ… မစဉ်းစားကြည့်ဘူးလား… ရှင့်အ၀တ်တွေကိုဘယ်သူလျှော်ပေးနေရတယ်လို့… နောက်ကျရင်တော့ ကိုယ့်ဟာကိုယ် ကောင်းကောင်းဂရုစိုက်နော်…”
“ကွာရှင်း… အင်း… ဟုတ်တယ်… ငါတို့ကွာရှင်းပြီးသွားကြပြီ…” ကျနော် နှုတ်ဆိတ်သွားတယ်…

သူလဲ ငြိမ်သက်သွားတယ်…

အဲဒီညက ကျနော်တို့ ၃နာရီလောက် အတူတူထိုင်ပြီး တီဗွီကြည့်နေလိုက်တယ်… စကားမပြောဘူး… လိုင်းမပြောင်းဘူး… ဘာတွေကြည့်နေသလဲဆိုတာလဲ မသိလိုက်ဘူး…

ရက် ၃၀ဟာ ခဏလေးနဲ့ ပြည့်သွားတယ်…အဲဒီနေ့က ထမင်းစားပြီးတော့ သူကျနော့ကိုပြောလိုက်တယ်… အိမ်ရှာတွေ့ပြီတဲ့… ဒီအပတ်တနင်္ဂနွေနေ့ဆို အိမ်ပြောင်းလို့ရပြီ… ကြားကြားချင်း ကျနော့စိတ်ထဲမှာ လုံးဝဟာတာတာဖြစ်သွားတယ်…

စနေနေ့ဟာ ရောက်လာတာ အရမ်းကိုမြန်တာဘဲ… ကျနော်ဆိုဖာပေါ်မှာထိုင်နေပြီး သူကျနော့ရှေ့ကို ဖြတ်သွားဖြတ်လာနဲ့ ပစ္စည်းတွေသိမ်းနေတယ်…

အခန်းထဲမှာတော့ရှုပ်ပွနေတယ်… ဒါပေမဲ့ လေထုက ငြိမ်သက်နေတယ်… ကျနော်တို့စကားမပြောကြဘူး… သူဘာများချန်ခဲ့မလဲ? ကျနော့စိတ်ထဲမှာ အရမ်းသိချင်နေတယ်… ဒါပေမဲ့ ကျနော်သူ့ကိုမမေးဘူး…

“နင်ဖြည်းဖြည်းသိမ်း… ငါအပြင်ထွက်လိုက်ဦးမယ်…” သူ့အဖြေမကြားခင်မှာ ကတည်းက ကျနော် အပြင်ထွက်သွားတယ်…

အိမ် အပြင်ဘက်က မိုးကောင်းကင်ဟာ အရမ်းကိုပြာတယ်…
လွန်ခဲ့တဲ့ ၃ နှစ်လောက်က လေတံခွန် အတူတူလွှတ်ခဲ့တဲ့တစ်နေ့နဲ့ တော်တော်လေးတူတယ်…
အိမ်အပြင်က နေရောင်ခြည်ဟာ တော်တော်လေးနုတယ်…
လွန်ခဲ့တဲ့ ၃ နှစ်က ဒီလိုဘဲ ငါတို့ကို နွေးထွေးစေခဲ့တာလား…
အိမ်အပြင်ဘက်မှာ စုံတွဲတွေ တော်တော်များတယ်…
ငါတိုလဲ ဒီလိုဘဲ ချိုချိုမြိန်မြိန်နဲ့ ၃ နှစ်တာ ဖြတ်သန်းခဲ့ရတယ်…

“မေမေ… ဦးငိုနေတယ်…” ဘေးက ကလေးလေးတစ်ယောက်က သူ့မေမေကိုအော်ပြောလိုက်တယ်…
ကျနော် မျက်လုံးကို ပွတ်ပြီး… အတင်းပြုံးပြလိုက်တယ်… “ဦး မျက်လုံးထဲ ဖုန်ဝင်သွားလို့ပါ… ”

ကျနော်လဲ ကိုယ့်ကိုယ်ကို ရယ်လိုက်ပြီး ဦးတည်ရာလမ်းကြောင်းတစ်ခုရွေးလိုက်ပြီး လျှောက်သွားနေခဲ့တယ်…

ညနေရောက်တဲ့အထိ အပြင်မှာ လျှောက်သွားနေတုန်းဘဲ…

ဖုန်းသံမြည်လာတယ်… သူ့ဆီက စာဝင်လာတာပါ… “ညစာ ချက်ပြီးသွားပြီ… ငါတို့ နောက်ဆုံးတစ်ကြိမ် အတူတူထမင်းစားရအောင်…”

ကျနော် ချက်ချင်း အိမ်ကို ပြေးပြန်သွားတယ်…

အိမ်ထဲမှာ မီးပိတ်ထားတယ်…ထမင်းစားစာပွဲပေါ်မှာ ဖယောင်းတိုင်ထွန်းထားတယ်… ဟင်တွေက တော်တော်လေးစုံတယ်… ၀ိုင်တစ်ပုလင်းပါပါတယ်…

ကျနော် သူ့ကို မင်္ဂလာဆောင်တုန်းက ၀ယ်ပေးခဲ့တဲ့ အနက်ရောင်ဂါဝန်ကို ၀တ်ထားတယ်…

“ငါတို့ မင်္ဂလာဆောင်တာ ၃ နှစ်ရှိပြီ… ၀ိုင် အတူတူမသောက်ဖူးသေးဘူး…ဒီညပြီးရင် ငါလဲသွားရတော့မယ်…ငါတို့ အတူတူ တစ်ကြိမ်လောက်သောက်ရအောင်နော်… ” သူပြောနေရင်းနဲ့ ကျနော့ ခွက်ထဲကို ၀ိုင်တစ်ခွက်ထည့်ပေးလိုက်တယ်… “Cheers!” ခွက်ချင်းထိတိုက်လိုက်တယ်…

ကျနော်တို့ ဘာမှထပ်မပြောတော့ဘူး… ဘာဆက်ပြောရမှာလဲ? ဘာဘဲပြောပြော မနက်ဖန်ရဲ့ အဖြေကို မပြောင်းလဲနိုင်တော့ပါဘူး…တော်ပါပြီ… မစဉ်းစားချင်တော့ဘူး… အရက်သောက်ပြီး ဟင်းလေးစားလိုက်တယ်… အကောင်းဆုံးကတော့ မူးသွားရင် အကောင်းဆုံးဘဲ… နိုးလာတဲ့အချိန် သူထွက်ခွာသွားပြီးတဲ့အချိန် ဖြစ်နေရင်အကောင်းဆုံးဘဲ… သူထွက်သွားဖို့က တောက်လျှောက်ကျနော် မျှော်မှန်းထားတာ မဟုတ်ဘူးလား…ဒီလောက် လျှာရှည်တဲ့ မိန်းမကို မကြည့်ချင်နေတော့တာ မဟုတ်ဘူးလား… ကျနော် ပျော်ရမှာလေ!

နောက်ကျရင် ဘောလုံးပွဲကြည့်တာ ဘယ်လောက်ထိ ညနက်နက် ဘေးမှာ သွားအိပ်ဖို့ တတွတ်တွတ် ရွတ်နေမဲ့သူမရှိတော့ဘူး… ဘယ်လောက်ထိမိုက်လဲ… ရေမချိုးဘဲ အိပ်ယာထဲ ၀င်ရင်လဲ ညစ်ပတ်တယ်လို့ ရေရွတ်နေမဲ့သူ မရှိတော့ဘူး… ဘယ်လောက်ထိကောင်းလဲ… ငါ မပျော်ရွှင်စရာ အကြောင်းမရှိပါဘူး… ဒါပေမဲ့ ဘာဖြစ်လို့… ဒီဝိုင်ဟာ ငါ့ပါးစပ်ထဲမှာ ခါးတီးနေရတာလဲ?

“ရှင့်ရဲ့ အ၀တ်တွေ ဘီရိုထဲမှာ သေချာ သိမ်းထားပေးပြီ… ဘောင်းဘီတိုနဲ့ခြေအိတ်တွေကတော့ ကုတင်အောက်က အံဆွဲထဲမှာ…ရှင် အစာအိမ်မကောင်းဘူး… ညဘက်သိပ်မနက်စေနဲ့… ကိုယ့်ကိုယ်ကိုလဲ အစားလေးဘာလေး ချက်ကျွေးဦး… ရေခဲသေတ္တာထဲမှာ အစားတွေဝယ်ထည့်ထားပေးတယ်… ကိုယ့်ကိုယ်ကိုလဲ ထမင်းချက်နည်းလေးသင်ထားဦး… အပြင်မှာဘဲ စားမနေနဲ့… အစာအဟာရရှိအောင်စား… ကြုံစားဘဲ လုပ်မနေနဲ့…”

“ဒီတစ်လ ဖေဖေမေမေတို့ကို လွဲပေးရမဲ့ ပိုက်ဆံလွဲပေးပြီးပြီ… နောက်လတွေမှာလဲ လွဲပေးဖို့မမေ့နဲ့ဦး… အားရင်လဲ သူတို့ဆီကို ဖုန်းဆက်ဦး… သူတို့က နင့်ကို သတိရနေတယ်… ငါဒီနေ့ သူတို့ဆီဖုန်းခေါ်လိုက်သေးတယ်… ဖေဖေ့ ဖုန်းက ပျက်နေတယ်တဲ့… ဒီနေ့ဘဲ ကြုံလို့ ဟန်းဆက် အသစ်တစ်လုံးဝယ်ထားပေးတယ်… အမြန်ချောပို့နဲ့ ပို့ပေးလိုက်ဦး… ဖေဖေ အခုတလော ခြေလက်တွေ ကိုက်နေပြန်ပြီ… ဟိုတစ်ခေါက်က ၀ယ်ထားပေးတဲ့ဆေးလဲ ကုန်လောက်ပြီ… ရော့ ဒါက ၀ယ်ရမဲ့ဆေးနာမည်နဲ့ လိပ်စာ… မနက်ဖန်ဝယ်ပြီး အမြန်ချောနဲ့ တစ်ခါတည်းထည့်ပေးလိုက်… ”

“ငါတို့ ကွာရှင်းလိုက်တဲ့အကြောင်းသူတို့ကို မပြောရသေးဘူး… နင် နောက်ကျရင် အခွင့်ကြုံမှဘဲ သေချာစဉ်းစားပြီး သူတို့ကိုပြောပြလိုက်ပါတော့… ဖေဖေက ဘာဘဲပြောပြော သူ့ကို စိတ်မဆိုးနဲ့နော်… ဒါက ဖေဖေနဲ့မေမေအတွက် သိုးမွေးအင်္ကျီ… မနက်ဖန်တစ်ခါတည်းထည့်ပေးလိုက်… ”

သူ တစ်ခုပြီးတစ်ခု ကျနော့ကို မှာနေတယ်… ကျနော် အားလုံးကို မှတ်မိချင်တယ်… အားလုံးကိုလဲ မမှတ်မိစေချင်ဘူး… ကျနော် ကိုယ့်ကိုယ်ကို တော်တော်လေးတုံးပါလားလို့ ခံစားလာမိတယ်… အိမ်မှာ ၃ နှစ် ၃ မိုးနေလာတာ… အားလုံးဟာ ကျနော်နဲ့စိမ်းနေသလိုဘဲ… ကျနော် ကြောက်လာတယ်… တစ်ယောက်တည်း ဆက်နေသွားလို့ဖြစ်ပါ့မလားဆိုတာ မသိဘူး…

“ဒါကတော့ လက်ထပ်တုန်းက မေမေပေးထားတဲ့ လက်စွပ်လေးပါ… ငါမယူသွားတော့ပါဘူး… မေမေ့ကို ငါ့အစားတောင်းပန်လေးလိုက်နော်…” အစိမ်းရောင် တောက်နေတဲ့ ကျောက်စိမ်းလက်စွပ်လေးပါ… အရောက်တောက်လွန်းလို့ ကျနော့ မျက်စိကိုတောင် စူးရှမတက်မပါဘဲ… “ငါယူသွားမဲ့ ပစ္စည်းတွေက ငါတို့ သဘောတူထားတဲ့ဟာတွေပါဘဲ…”
သူမတ်တပ်ရပ်ပြီး လေးဘက်တွေကိုတစ်ချက်ကြည့်လိုက်ပြီး မေးတယ်… “မရှင်းတာရှိလား?”

ကျနော် မရှင်းတာ ဘာရှိလဲ… ကျနော်ဘာမှမသိဘူး… ကျနော်သိတာ တစ်ခုဘဲ ရှိတယ်… ကျနော်သူ့ကို ထွက်မသွားပါနဲ့လို့ အတားချင်ဆုံးအချိန်မှာ သူကျနော့ဆီက ထွက်ခွာသွားတော့မယ်…
သူကျနော့ကို အမြဲပြောတယ်… ယောက်ျားမဟုတ်ဘူးတဲ့… သူ ကျနော့ကို သိက္ခာချနေတယ်လို့ဘဲ ထင်ခဲ့တယ်… အခုမှ ကျနော် သဘောပေါက်လိုက်တယ်… ဟုတ်ပါတယ်… ကျနော်ယောက်ျားမဟုတ်ပါဘူး… ကလေးလေး တစ်ယောက်လိုဘဲ သူ့ရဲ့ ပြုစုယုယမှုအောက်မှာ နေလာခဲ့တာပါ…

“နင်မေးစရာ မရှိတော့ဘူးဆိုရင် ငါတို့စောစော နားကြရအောင်… ဒီညတော့ နင် အခန်းထဲမှာ အိပ်လိုက် ငါ ဆိုဖာပေါ်မှာဘဲ အိပ်လိုက်မယ်… မနက်ဖန် မနက်အစောကြီး ပြောင်းရွှေ့ရေး ကလူတွေလာရင် နိုးနေဦးမယ်… အထဲမှာဘဲ အိပ်လိုက်တော့…”

ကျနော်လဲ ဘာဆက်ပြောရမလဲမသိတော့ဘူး…ခေါင်းငုံ့ပြီးတော့ အခန်းထဲဝင်ပြီး တံခါးကို ပိတ်လိုက်တယ်…

ကျနော် တညလုံး မျက်နှာကျက်ကိုဘဲ ကြည့်နေမိတယ်…

မနက် မိုးလင်းလို့ နေရောင်ခြည်ဟာ အခန်းထဲဝင်လာတယ်…
တံခါးခေါက်သံကြားလိုက်တယ်… ပစ္စည်းရွှေ့သံကြားလိုက်တယ်… သူ အလုပ်သမားတွေကို “သတိထား…” လို့ ပြောနေသံ ကြားလိုက်တယ်… ဒါပေမဲ့ ကျနော့ ရင်ခုန်သံကို ကျနော် မကြားရတော့ဘူး…

သူတံခါးခေါက်လိုက်တယ်… ကျနော်ကတော့မလှုပ်ဘူး…
“ငါသွားတော့မယ်… နင် ကိုယ့်ကိုယ်ကို ကောင်းကောင်းဂရုစိုက်နော်… ” သူအခန်းထဲ မ၀င်လာဘူး… တံခါးကိုခြားပြီးပြောလိုက်တယ်…
တံခါးပိတ်သံကြားလိုက်ရတယ်…
ဘာအသံမှ ထပ်မကြားရတော့ဘူး…
ငါတို့ဘာဖြစ်လို့ ကွာရှင်းရတာလဲ… ငါတို့ဘာဖြစ်လို့ကွာရှင်းရတာလဲ…
“အချိန်ရရင် လာလည်ဦးနော်…” အိမ်နီးနားချင်းတွေရဲ့ နှုတ်ဆက်သံကြားလိုက်ရတယ်…
“မင်းယောက်ျားကော် ဟုတ်သေးလား?” စိတ်ထဲကနေ ကျနော့ကို အော်နေတယ်…
မင်းယောကျာ်းဆိုရင် အခုပြေးထွက်သွားလိုက်… တားလို့မီသေးတယ်…
ကျနော် ကုတင်ပေါ်က ခုန်ဆင်းပြီး ပြတင်းပေါက်ကနေ အောက်ကိုအော်ပြောလိုက်တယ်… “ခဏစောင့်… မသွားသေးနဲ့ဦး…”

ကျနော် လှေခါးအောက်ကိုပြေးဆင်းသွားတယ်… ကျနော်ဟာ ယောကျာ်းတစ်ယောက်…
သူကားဘေးမှာ ရပ်နေပြီး ကျနော့ကို ပြုံးပြလိုက်တယ်… “အောက်ဆင်းလာပြီးလိုက်နှုတ်ဆက်တဲ့အတွက် ကျေးဇူးတင်ပါတယ်… ” သူ့မျက်လုံးထောင့်မှာ မျက်ရည်စက်ရှိနေတယ်…
“မင်းထွက်သွားရင် ငါဘယ်လိုလုပ်ရမှာလဲ…” ကျနော်သူ့လက်မောင်းကိုဆွဲပြီးပြောလိုက်တယ်…
“ငါတို့ ကွာရှင်းပြီးသွားပြီလေ…”
“ငါအခု နင့်ကို မသွားစေချင်ဘူး… ငါ နင်မရှိလို့မဖြစ်ဘူး…” ကျနော် ကိုယ့်ဟာကိုယ်အော်နေမိတယ်… သူ့ကို တောင်းပန်နေမိတယ်…
“ကွာရှင်းဖို့ဆိုတာ ရှင်စပြောတာလေ…”
“ငါမှားမှန်းသိတယ်… တောင်းပန်ပါတယ်ကွာ… ငါ့ကိုခွင့်လွတ်ပါနော်…”
“ရှင်က ယောက်ျားလေ… ဒီလောက်လူအများကြီးရှေ့မှာ ငိုနေရလား…” သူ့လက်နဲ့ ကျနော့ မျက်ရည်တွေကို သုတ်ပေးနေတယ်… သူလက်တွေက အေးစက်လို့…
“မင်းသာ ပြန်လာမယ်ဆိုရင် ငါယောကျာ်းမလုပ်ဘူး…”

“ငါတို့ ရှေ့ရှေ့နောက်နောက် အတူတူနေလာခဲ့တာ စုစုပေါင်း ၆ နှစ်ရှိပြီ… လက်ထပ်ပြီးနောက်ပိုင်း နင်ငါ့ကို ဂရုမစိုက်တော့ဘူး… ငါဘာလိုချင်သလဲဆိုတာ နင်မသိဘူး… ငါဘာတွေ စဉ်းစားနေလဲဆိုတာ နင် မမေးဘူး… ငါနင့်ကို ပြောပြန်ရင်လဲ လျှာရှည်တယ် ဖြစ်ဦးမယ်… ဒါပေမဲ့ ရှင်သိလာ… ဒီ ၃ နှစ်လုံးလုံး ငါ အရမ်းပင်ပန်းခဲ့တယ်… ရှင့်ကို ချစ်တယ်… ဒီအချစ်ကို ထိန်းထားဖို့အတွက် ငါတော်တော်လေးကြိုးစားခဲ့တယ်…”

“တောင်းပန်ပါတယ်… ငါ့ကို အခွင့်အရေး နောက်တစ်ကြိမ်လောက်ပေးပါနော်… ငါ အခွင့်အရေးကောင်းတွေ အများကြီးဆုံးရှုံးခဲ့တယ်… ငါဆက်ပြီး မမှားချင်တော့ဘူး…နင်ကလဲ ငါ့ကို ချစ်နေသေးတာဘဲ… ငါ့ကိုချစ်ရင် ထွက်မသွားပါနဲ့နော်…” ကျနော်စိတ်ထဲမှာ အောင့်နေတယ်… ဘာဖြစ်လို့ ဒီလိုနောက်ဆုံးအချိန်မှ ဒီလိုစကားမျိုးပြောထွက်လာရတာလဲ…

“ငါတို့ က ကွာရှင်းပြီးသွားပြီဘဲ… ရှင်နောက်တစ်ခေါက်ကျမကို လက်ထပ်ခွင့်တောင်းရမှာပေါ့… ” သူ့မျက်နှာပေါ်မှာ အံ့သြစရာကောင်းတဲ့ အမူအရာလေးပေါ်နေတယ်…

“ကောင်းပြီ… လက်ထပ်ခွင့်တောင်းမယ်… ငါတောင်းပန်ပါတယ်… နင်ငါ့ကို နောက်တစ်ကြိမ် လက်ထပ်ခွင့်ပြုပါနော်… ” ကျနော် ဒူးတစ်ဖက်ထောက်ပြီး သူ့ကို ဒုတိယ အကြိမ် လက်ထပ်ခွင့်တောင်းခဲ့တယ်…

“လက်ထပ်ခွင့်တောင်းတာ နှင်းဆီပန်းရယ် လက်စွပ်ရယ်လိုတယ်… နင့်မှာ ရှိလို့လာ?”
နှင်းဆီ… လက်စွပ်… ဘုရား ဘုရား… အခုချိန် ဘယ်မှာ သွားရှာရမှာပါလိမ့်…

“ငါတို့ အိမ်က သမီးလေး မနေ့ကမှ နှင်းဆီပန်းတစ်စည်း ရထားတယ်ဟေ့… ကောင်လေး… နင် အမြန်လာယူ…” ဘေးအိမ်က ဦးလေးကြီးက ကျနော့ကို အော်ပြောနေတယ်… ကျနော်လဲ ဟို ကျောက်စိမ်းလက်စွပ်ကို သွားသတိရလိုက်တယ်…

အိမ်ပေါ်ပြေးတက်သွားပြီး ဘေးအိမ်ထဲကို ၀င်ပြီး ပန်းစည်းယူလိုက်တယ်… ကျနော့အိမ်ထဲကို ၀င်ပြီး ဟိုလက်စွပ်ကိုရှာတယ်… ဒါပေမဲ့ ဘယ်လိုရှာရှာ ရှာမတွေ့ဘူး…

ဘာဖြစ်လို့လဲ… ဘာဖြစ်လို့ ဒီလို အရေးကြုံလာမှ လာနောက်နေရတာလဲ… လက်စွပ်က ဘယ်ရောက်နေပါလိမ့်…

ကျနော် တစ်အိမ်လုံးကို မွေနောက်ရှာနေတုန်း သူ အခန်းထဲကိုရောက်လာတယ်… သူ့နောက်မှာက အိမ်နီးနားချင်း ပွဲကြည့်ပရိသတ်တွေ…

ကျနော်သူ့လက်ကိုဆွဲလိုက်ပြီး နှင်းဆီပန်းကို သူရင်ထဲ ထည့်လိုက်တယ်… “ငါလက်စွပ်ရှာမတွေ့သေးဘူး… ငါ့ကို အရင်လက်ထပ်ခွင့်ပြုလိုက်ပါနော်…”

သူ ရုတ်တရက် ပါးစပ်လေးဟ ပြီး ရယ်သံ တစ်ချက်ထွက်လာတယ်… ပြီးတော့ သူ့အိတ်ထဲက ဗူးလေးတစ်ခုယူထုတ်လာတယ်… ဖြည်းဖြည်းချင်းဖွင့်လိုက်တော့ တောက်ပနေတဲ့ အစိမ်းရောင် လက်စွပ်လေးက အထဲမှာကိုး…

“ဆောရီးပါ… ငါအပိုပစ္စည်းတစ်ခု ယူသွားမိပြီနဲ့တူတယ်…” သူ ကျနော့ရင်ခွင်ထဲကို ခိုဝင်ပြီးတော့ ရယ်မောလိုက်တယ်…

{မပိုင်ဆိုင်လိုက်ရတဲ့အရာဟာ အမြဲကို လှပနေသလိုဘဲ…}
ဒါပေမဲ့…
ရရှိလိုက်ပြီဆိုရင်ကော် ရောင့်ရဲတင်းတိမ်ကြပြီလား…
လက်ထဲက အလုပ်ကို အကောင်းဆုံးဖြစ်အောင်လုပ်ပါ…
မျက်စိရှေ့ကလူကို တန်ဖိုးထားတတ်ကြပါစေဗျာ…

Zane

Thursday, September 19, 2013

နင်းခြေခံ လိုက်ရတဲ့ ပန်းရိုင်းလေး တစ်ပွင့်




အသက်အရွယ်အားဖြင့် ၁၃ နှစ်သာရှိသေးတဲ့ အရွယ်ငယ်ငယ်အမျိုးသမီးလေးတစ်ဦးက သူ့ကို မတော် မတရား ပြုကျင့်တဲ့အကြောင်းကို ပြောပြနိုင်ဖို့ ကြိုးစားတဲ့အခါ စကားသံတွေ ထွက်မလာဘဲ မျက် ရည်တွေ တသွင်သွင်စီးကျလာပါတယ်။ စီးကျနေတဲ့ မျက်ရည်တွေကို လက်ဖမိုးနဲ့ သုတ်ရင်းထစ်ငေါ့ငေါ့ စကားသံ လေးနဲ့ ]]သမီးစက်ရုံကပြန်တဲ့အချိန် ပြန်နေ ကျအစ်မကြီးနဲ့ပြန်တဲ့အခါ သူ့အဖော်နဲ့ အတူ နေရာတစ် နေရာကို ဆွဲခေါ်သွားတယ်။ အိမ်ပြန်မယ် လို့ပြောတော့မပို့ပေးဘဲအခန်းထဲခေါ်သွားတယ်။ သူနဲ့ ပါတဲ့ အဖော်နှစ်ယောက်ကအပြင်မှာစောင့်နေတယ်။ အိမ်ပြန်ပို့ ခိုင်းတဲ့ဟာကို နင့်ကိုမပို့ပေးဘူး လို့ပြောပြီး ကုတင်ပေါ်ဆွဲတင်ပြီး ]]သမီးကို ----}}လို့တိုးလျော့ လျော့အသံလေးနဲ့ အရာရာကို ရင်မဆိုင်ရဲဘဲ ကြောက်ရွံ့ ထိတ်လန့်စွာနဲ့ခေါင်းငုံ့ရင်းပြောရှာတယ်။

မသူဇာ(အမည်လွှဲ) အလုပ်ပြန်ချိန်ပုံမှန်ထက် နောက်ကျနေတဲ့အခါ မိဘများက လိုက်လံစုံစမ်းရင်း ပတ်ဝန်း ကျင်ရဲ့အကူအညီနဲ့ တည်းခိုခန်းကိုရောက်နေ တယ်လို့ ကြားကြားချင်း ရောက်လာခဲ့ပေမယ့် အချိန် လင့်ခဲ့ရပြီ။ အရွယ်မရောက်သေးတဲ့ အမျိုးသမီးလေး ရဲ့ဘ၀လေး အညွန့်ချိုးခံလိုက်ရတဲ့ ပန်းလေးတစ်ပွင့် နှယ်ဖြစ်ခဲ့ရပါတယ်။

ပြီးခဲ့သည့် သြဂုတ်လ ၁၃ ရက်နေ့က စက်ရုံမှ အိမ်အပြန်ယုံကြည်ရမယ်လို့ထင်ရတဲ့ အဖော်ကို အား ကိုးမိရာမှ နုနယ်ငယ်ရွယ်သေးတဲ့ဘ၀ကို မတော် မတရားဖျက်စီးခံလိုက်ရတဲ့အတွက် အင်းစိန် မြို့နယ် ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့ပါတယ်။ ရဲစခန်း မှ (ပ) ၉၉၅^၁၃ ပုဒ်မ ၃၆၃ဖြင့် အမှုဖွင့်အရေးယူ ထားပေမယ့် အာမခံနဲ့ပေးထားတယ်လို့ သိရပါတယ်။

မာယာတွေပေါ]]အန်တီတို့က မိသားစုခြောက်ယောက်မှာ သူက အကြီးဆုံးပါ။ ရွာမှာအဆင်မပြေလို့ ရန်ကုန်တက်လာ တာ။ အကြီးဆုံးဖြစ်တဲ့သူ့ကို အလုပ်လုပ်ခိုင်းပြီး သူ့ လုပ်စာကလေးကို မှီခိုနေရတာ။ သူ့ခမျာ သူငယ်တန်း ပဲတက်ခဲ့ရတာပါ။ စာမတတ်ဘူး။ မသွားတတ်မလာ တတ်ဆိုတော့ရင်းနှီးလို့ ယုံကြည်ပြီးထားခါမှ အခုလို လုပ်လိုက်တာကိုတော့ စိတ်ထဲဘယ်လိုမှ မကောင်းဖြစ်တယ်။ သမီးအတွက်ရင် ထုမနာဖြစ်ရတယ်လို့ မသူဇာ ရဲ့ မိခင်ကညှိုးငယ်စွာနဲ့ ပြောပါတယ်။

မသူဇာတို့မိသားစုက မအူပင်မြို့နယ်ထနီးကျေး ရွာအုပ်စုအလန်းကြီးကျေးရွာမှာလယ်လုပ်ရင်း စီးပွား ရေးအရ အဆင်မပြေလို့ အင်းစိန်မြို့နယ်ထဲက အခြေ ခံလူတန်းစားများ အများဆုံးစုစည်းနေထိုင်ရာကွက် သစ်မှာ ၁၂ပေပတ်လည်ဓနိမိုး ထရံကာကလေးနဲ့ နေ ထိုင်ရပြီး မိသားစုဝမ်းစာရှာဖွေရာက စာပေဗဟု သုတ နည်းပါးခြင်းကြောင့် လူ့ဘ၀ရဲ့ တစ်ဆစ်ချိုး မရောက် ခင် သူမဘ၀က အမှိုက်မှောင်ထဲ ရုတ်တရက် တွန်းချ ခံခဲ့ရပါတယ်။

]]ဒီလိုအရွယ်လေးက ဘာမှမသိသေးတဲ့အရွယ် လေးပါ။ ဒါကို သက်ဆိုင်ရာက ထိထိရောက်ရောက် အရေးယူစေချင်တယ်။ အတည်ယူတာလည်းမဟုတ် ဘူး။ ၁၈ နှစ်တောင်မပြည့်သေးဘူး။ မိဘအုပ်ထိန်း သူတွေအနေနဲ့လည်းလိုတယ်။ ပြီးတော့အရေးကြီးတာ တည်းခိုခန်းတွေကလည်း အသက်မပြည့်သေးတဲ့ တစ် နည်းအားဖြင့် မှတ်ပုံတင်မပါဘဲ အခုလို စီးပွားရေးတစ် ခုတည်းကိုကြည့်ပြီး လက်မခံသင့်ဘူး။ ဥပဒေမှာ လည်း အခုလို မတရားအဓမ္မကျင့်တဲ့အမှုကို ထိထိ ရောက်ရောက်အပြစ်ဒဏ်တွေ ဒီထက့်ပိုပြီး ချ မှတ်စေ ချင်တယ်}}ဟု အထက်တန်းရှေ့နေဒေါ်ခင်သန်းဆွေက အရွယ်မရောက်သေးသူများ အဓမ္မပြုကျင့် ခံနေရတဲ့ အပေါ် မှတ်ချက်ပြုပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများမှ ကလေးသူငယ်မုဒိမ်းမှု ကျဆင်းရေးလုပ်ငန်းများ သိသင့်သိထိုက်သည့် ဟော ပြောပွဲပြုလုပ်နေသလို မြို့နယ်အသီးသီးမှာလည်း အရွယ်မရောက်သေးသူ ကလေးသူငယ်များအဓမ္မပြု ကျင့်ခံရမှုအပေါ်ရှုတ်ချမှုတွေရှိနေသော်လည်း အရွယ် မရောက်သေးသူများ အဓမ္မပြုကျင့်ခံရမှုများက ဆက် လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။

]]အရင်တုန်းကလည်း ဒီဖြစ်စဉ်တွေရှိခဲ့တယ်။ ရဲကလည်း ပညာပေးလုပ်ငန်းတွေကိုလိုက်ပြီး ကျေးရွာ တွေမှာ ဟောပြောပွဲတွေလုပ်နေတာပဲ။ အခုနောက် ပိုင်းမှာ တိုင်ရမှန်းသိတော့ တိုင်လာကြတယ်။ ပိုဆိုး တာက တည်းခိုခန်းတွေမှာ မှတ်ပုံတင်မပါဘဲ ခိုးပြီးလက် ခံတာတွေကို မန်နေဂျာက ပိုင်ရှင်မသိပဲလက်ခံ တာတွေ ရှိတယ်။ အဲဒီအတွက် ပညာပေးအနေနဲ့ ကြော်ငြာ တွေထုတ်ပြီး အရေးယူသင့်တယ်။ ၁၄ နှစ် အောက် အသက်မပြည့်သေးတဲ့ ကလေးတွေကို လက်မခံသင့် ဘူး။ ဥပဒေအရ အသက်မပြည့်တဲ့ကလေးကို သွေး ဆောင်ဖြားယောင်းရင်း ပုဒ်မ ၃၆၃ အလိုမတူဘဲ ခိုး ယူပေါင်းသင်းရင် ပုဒ်မ ၃၇၆ အပြစ်ဒဏ် အနည်း ဆုံး ၁၀ နှစ်အထိ ရှိတယ်ဟုခရိုင်ရဲမှူးကြီးဦးမြင့်အေးက ပြောသည်။

မြို့ပြရဲ့ ရုပ်ပိုင်းဆိုင်ရာမှာ ဖွံ့ဖြိုးတိုးတက်လာပေ မယ့် လူတချို့ရဲ့ နိမ့်ကျနေတဲ့ အကျင့်စရိုက်တွေ ရှိနေ သေးတယ်ဆိုတာ မသူဇာရဲ့အဖြစ်အပျက်က မီးမောင်း ထိုးပြသလိုဖြစ်နေပါတယ်။ တစ်ဖက်ကလည်း တည်းခိုခန်းတွေအပြိုင်အဆိုင်ပေါ်ထွက်လာပြီး နိုင်ငံ ခြားသားနဲ့ ခရီးသွားဧည့်သည်တွေ ခဏတာနားခိုဖို့ ရည်ရွယ်ခဲ့ပေမယ့် တကယ့်လက်တွေ့မှာ အသက်မ ပြည့်သေးတဲ့ စုံတွဲတွေကို မှတ်ပုံတင်မပါလက်ခံနေ ခြင်းက မဖြစ်သင့်တဲ့ ပြဿနာတွေကို လက်ယပ်ခေါ် နေသလိုဖြစ်နေပါတယ်။ လတ်တလောကာလတွင် အညွန့်တလူလူတက်သစ်စအရွယ် အမျိုးသမီးငယ် လေး၏ ဘ၀မှာ ပန်းကောင်းအညွန့်ချိုးခံရတဲ့ မသူဇာ က သမီးလူတွေမြင်ရင် အရမ်းကြောက်တာပဲ။}} လို့ဆို ပါတယ်။

ကေသွယ်
Publicimage

Sunday, September 8, 2013

ဆူးနှင့်ဖက်






ဆူး နှင့် ဖက် (ဂျူး)

လူနာကို နှာခေါင်းပိုက် တည့်သည့်အချိန်မှ စ၍ ဆရာဝန် ဆရာမတွေ အံ့သြတုန်လှုပ်ကြရပါသည်။ နှာခေါင်းမှ တဆင့် အစာအိမ်ထဲရှိ အစာနှင့် အညစ်အကြေးများကို ပိုက်ဖြင့် စုပ်ယူသည့်အခါ ရလာသည့် အရာများကို ကြည့်ပြီး ကျွန်မတို့လန့်သွားသည်ပဲ ဆိုကြပါစို့။

ဘုရားရေ.. အဲဒါဘာတွေလဲ

နှာခေါင်းပိုက်ထဲက ရလာသည့် အရည်စေးပျစ်ပျစ်များသည် ညိုညစ်ညစ် အရောင်ရှိကာ ဆိုးဆိုးဝါးဝါး နံစော် လှသည်။ ထိုအနံ့သည် ပုပ်ဟောင်သည့် အနံ့နှင့် မစင်နံ့စော်လှသည်။ ထိုအနံ့သည် ပုပ်ဟောင်သည့်အနံ့နှင့် မစင်နံ့ရောထား သည့် အနံ့ဖြစ်သည်။ ဘာကြောင့်လဲ၊ လူနာ၏ အစာအိမ်မှာ သည်မစင်နံ့ရှိသည့် အညစ်အကြေး ရည်တွေဟာ ဘာကြောင့်ရှိနေရတာလဲ။ နှာခေါင်းပိုက်ဟူသည် အစာအိမ်ထဲမှတစ်ပါး အခြား မည်သည့် ကိုယ်အင်္ဂါ အစိတ်အပိုင်းဆီမှ ရောက်နိုင်ခြေမရှိတာ အထင်အရှားပဲ။ သို့ပါလျက် ရလာသည့် အညစ်အကြေးက အစာအိမ်ထဲက အညစ်အကြေးနံ့ဖြစ်နေသည်။

ဆိုတော့.. လူနာ၏ ၀မ်းဗိုက်ကို ဖွင့်လျှင် ဘယ်လိုအခြေအနေမျိုးကို တွေ့ရမှာလဲ၊ ဖြစ်နိုင်ခြေမှာ သိပ်များများစားစား စဉ်းစားရန် မလို။ လူနာကို အမြန်ဆုံး ခွဲစိတ်ကုသရန် အပြေးအလွှား ပြင်ဆင်ကြရသည်။
အဲသည်အချိန်ကစပြီး လူနာနှင့် ပတ်သတ်သည့် အကြောင်းအရာသည် ပြဿနာတစ်ရပ် အဖြစ် ကျွန်မ အာရုံထဲသို့ စတင် ၀င်ရောက်လာခဲ့ခြင်းဖြစ်နိုင်ပါသည်။

ဆရာဝန် ဘ၀တွင် လူနာ၏ ရောဂါကို သက်သာအောင် ကုသပေးသည့်အဖြစ်၊ အသက်ကယ်တင်လိုက်ရသည့် အဖြစ်တို့သည် ဤလူနာနှင့် ပတ်သတ်ပြီး အပြီးသတ် အခန်းကဏ္ဍများ ဖြစ်တတ်သည်။ပြီးပြီ။ သူ့ကို ကုသပေးပြီးပြီ။ သူအသက်မသေတော့ဘူး။ ထိုကဏ္ဍသည် တော်တော်ပီတိဖြစ်စရာကောင်းလှ၏။ အဲသည်နောက် မှာ လူနာနှင့် ပတ်သက်သည့် အတွေးဆိုတာ မကျန်ခဲ့တော့ပေ။ အများစုသော လူနာကုသမှု အတွေ့အကြုံသည် သည်အတိုင်းပဲ ဖြစ်သည်။

သို့သော် အချို့ ကိစ္စများမှာတော့ အဲသည်လို မဟုတ်ပေ။ လူနာကို ကုသပြီးနောက်မှ လူနာနှင့် ပတ်သတ်သည့် အတွေးတို့က ခေါင်းထဲဝင်လာနေတတ်တာမျိုးလည်း ရှိသည်။ ထိုအခါမျိုးတွင် ကျွန်မသည် သီးသန့်မှတ်စုစာအုပ်တစ်ခုတွင် လူနာနှင့်ပတ်သက်သည့် အတွေး သို့မဟုတ် ပြဿနာကို ရေးမှတ် ရတတ်သည်။ ယခုလူနာမှာ ကိုယ်ဝန်ဖျက်ချရာမှ သွေးဆိပ်သင့်အဖျား (epticemia) ရောဂါ ခံစားနေရသည့် အမျိုးသမီးလူနာတစ်ယောက် ဖြစ်သည်။

ကိုယ်ဝန်ဖျက်ချခြင်းသည် တရားဥပဒေကို ချိုးဖောက်ခြင်းပင်ဖြစ်သည်။ ရာဇသတ်ကြီး ပုဒ်မ ၃၁၂ ဖြင့် ငြိသည်။ ထို့ကြောင့်လည်း ကိုယ်ဝန်ဖျက်ချသူ လူနာတို့သည် ပြည်သူ့ဆေးရုံနှင့် မပတ်သတ်လိုကြပေ။ အသက် အန္တရာယ် စိုးရိမ်ရလောက်အောင် နောက်ဆက်တွဲ နာမကျန်းမှု ဒုက္ခ တွေကို ကြုံတွေ့လာရမှ ဆေးရုံသို့ ရောက်လာတတ်ကြသည်။ ဒါတောင်မှ အရှက်နှင့် အသက် ဟူသည့် ဘယ်တုန်းက စြီပီးပေါ်ပေါက်ခဲ့မှန်း မသိသည် ရွေးချယ်မှုကြီးတစ်ခုကို တချို့က လက်ကိုင်ထားနေတတ်သေး၏။ "အသက်သာ အသေခံမယ်၊ အရှက် ကွဲ မခံနိုင်ဘူး" ဆိုတာမျိုးဖြင့် ခေါင်းမာသည့် ကိစ္စတွေ ရှိတတ်သေး၏။ "အရှက်" ဆိုသော အရာတွင် မိမိက ဘယ်လောက် အကျုံးဝင်နေသလဲ၊ အဲသည် "အရှက်" ၏ အလေးအပေါ့၊ အတိမ်အနက် နှင့် မိမိနှင့် သက်ဆိုင်နေသည့် တာဝန် ဘယ်လောက်ရှိနေလို့လဲ၊ အဲသည် အရှက်၏ အဓိက တရားခံမှာ မိမိ တစ်ယောက်တည်း ဖြစ်နေလို့ မိမိက လူမသိ သူမသိ အသေခံရမှာလား.. စသည် .. စသည်.. အတွေးများကို မြန်မာအိမ်ထောင်စုများ တွေးလေ့မရှိကြပေ။

အရှက်ကွဲမခံရချင်၍ အသက်အသေခံသွားရသည့် မိန်းမတွေ ဘယ်လောက်ရှိနေပြီလဲ။ ဤ ကိစ္စတွင် လူနာရှင် သို့မဟုတ် ဆွေမျိုးသားချင်းတို့၏ တတ်သိလိမ္မာစွာ ကိုင်တွယ် ဖြေရှင်း တတ်မှု အများကြီး လိုအပ် ပါသည်။
ယခုလူနာကတော့ အဲသည် အသက် နှင့် အရှက် ကိစ္စအပြင် ဆင်းရဲနွမ်းပါးသည့် ကိစ္စပါ တွဲစပ်လိုက်ခြင်းကြောင့် အသက်ငင်နေသည့် အခြေအနေရောက်မှ ကျွန်မတို့အဖွဲ့နှင့် တွေ့ရခြင်းဖြစ်ပါသည်။

ကျွန်မတို့နယ်လှည့်ဆေးကုသသည့် အစီအစဉ်တစ်ခုကို အလျဉ်းသင့်သလို မကြာခဏ ပြူလုပ်ဆောင်ရွက်လေ့ ရှိကြသည်။ ကျွန်မတို့ အဖွဲ့မှာ ဆေးရုံက ကလေးအထူးကု ဆရာဝန် ပါသည်။ သမားတော် ပါသည်။ မီးယပ် သားဖွား အထူးကု ဆရာဝန် ပါသည်။ ဆေးရုံတွင် အခါအားလျော်စွာ လုပ်အားပေးဆရာဝန် အဖြစ် တာဝန် ယူလေ့ရှိသည့် ပြင်ပဆေးကုဆရာဝန် ကျွန်မပါသည်။ မြို့နယ်စု အတွင်း ရွာသိမ် ရွာမွှားလေးတွေအထိ ခရီးစဉ် ချ၍ သွားရောက်ကုသ ပေးလျက် ရှိရာရွာသေးသေးကလေး တစ်ခုမှ အသက်အန္တရာယ် အခြေအနေ အထိ ရောက်နေပြီဖြစ်သော ယခုလူနာကို မရည်ရွယ်ဘဲ သွားကြည့်ခွင့် ရခဲ့ခြင်း ဖြစ်သည်။

လူနာရှင်က လာပင့်ခေါ်ခြင်းမဟုတ်ပါ။ လူနာ၏ အသိ မိတ်ဆွေတစ်ဦးက ကျွန်မတို့ ဆေးကုရာ စခန်းသို့ ရောက်လာပြီး သတင်းပေးခြင်းဖြစ်သည်။ ဆရာမကြီးတို့ရယ်.. ရွာတောင်ဖျားမှာ ငန်းဖမ်းပြီး ကယောင်ကတမ်း ဖြစ်နေတဲ့ ကလေးမလေးတစ်ယောက်ရှိပါတယ်တော်။ ဟိုဘက်သည်ဘက်တောင် မစောင်းနိုင်တော့ပါဘူး။ ကြုံရင် လိုက်ကြည့်ပေးပါ။ ကလေးမလေးက အသက်အငယ်လေး ရှိသေးတာ။

"ဒီခေါ်လာလို့ မဖြစ်ဘူးလား" ဟု ကျွန်မတို့က မေးကြည့်သည်။

"လှည်းဆောင့်လိုက်ရင် တစ်ချက်တည်း အသက်ထွက်မှာပဲ" ဟု သူက ထင်မြင်ချက်ပေး၏။ ဆိုလိုသည်က ဤဆေးခန်းသို့ လာရောက်ဖို့ အခြေအနေ မရှိဘူးပေါ့။ ကျွန်မတို့အတွက်က လူနာတစ်ယောက်ကို သွားကြည့်ပြီးကုသပေးဖို့ ဘာအခက်အခဲ ပြဿနာမှ မဖြစ်ပါ။ သူတို့ကို ကုသပေးလို၍ပဲ မြို့ပေါ် ဆေးရုံကြီးမှ ဝေးလံသော ဤျရွာကလေးအထိ ရောက်ခဲ့ပြီးပြီ မဟုတ်လား.. သွားကြည့်ကြတာပေါ့။

အဲသည် နည်းဖြင့် ယခုလူနာကို ကျွန်မတို့ တွေ့ခဲ့ရခြင်းဖြစ်သည်။

အိမ်သည် ရွာအိမ်တွေထဲမှာမှ ပို၍နွမ်းပါးသောအိမ်ဖြစ်သည်။ ၀ါးထရံအပေါက်အပြဲကို စက္ကူများ၊ အင်ဖက်များ ရောနှောပြီးကာကွယ်ထားရသည့် အိမ်။

လူနာရှိရာ အိမ်အတွင်းခန်းသည် ထိုအိမ်၏ တစ်ခုတည်းသော အခန်းဖြစ်၏။ လူနာသည် ဖျာကြမ်း စောင်နွမ်းနွမ်းပေါ်မှာ လဲလျောင်းလျက် ရှိသည်။ ဘ၀ကူးကောင်းစေရန် ဟူသော ရည်ရွယ်ချက်ဖြင့် အနီးမှာ အမျိုးသမီးကြီး နှစ်ယောက်က ထိုင်ပြီး ဘုရားစာများ ရွတ်ဖတ်နေကြသည်။


"ဆရာဝန်တွေလာတယ်" ဟုတစုံတယောက်က ခပ်တိုးတိုး အသိပေးသောအခါ လူနာ၏ ခေါင်းရင်းမှာ ထိုင်၍ လူနာကို ငုံ့ကြည့်ရွတ်ဖတ်နေသော အဒေါ်ကြီးက မော့ကြည့်၏။ အဒေါ်ကြီး၏ မျက်ဝန်းမှာ ခိုတွဲနေသော မျက်ရည်များနှင့် ရော ပြီး ပူပင်သောကနှင့် နာကျင်ကြေကွဲမှုတို့ကို ကျွန်မ မြင်လိုက်လျင် မြင်လိုက်ချင်း အဲဒါ လူနာ၏ မိခင်ဟု ကျွန်မသိလိုက်ပါသည်။ မိမိ၏ ရင်သွေးကို ဆုံးရှုံးရတော့မည့် မိခင်တစ်ယောက်၏ မျက်ဝန်း မျိုးသည် မျက်လုံးများစွာထဲမှ သီးသန့်လှမ်းမြင် နိုင်လောက်အောင် ထူးခြားစွာ ကွဲပြားပါသည်။ ဤမျက်ဝန်းမှာ လက်ခနဲဖြစ်သွားသည့် အားကိုးမှုနှင့် မျှော်လင့်ချက် ရိပ်ရိပ်ကလေးကိုပါ ကျွန်မ မြင်တွေ့လိုက်ရလေသလား။

ထိုမျှော်လင့်ချက်ကလေးကို အာမခံ မပေးနိုင်သည့် အခြေအနေပဲရှိသေးသည်မို့ ကျွန်မ ဖျတ်ခနဲ မျက်နှာလွဲကာ လူနာကိုပဲ သတိထား၍ ကြည့်လိုက်ရသည်။

လူနာသည် အသက် ၁၈ နှစ် နှင့် ၂၅ နှစ် အတွင်း အရွယ်ဖြစ်သည်။ အသားအရေ ဖြူဖျော့ကာ အ၀ါရောင်သန်းနေသည်။ အသက်ရှူနှုန်း မမှန်ဘဲ သတိလစ်နေပြီ။ နဖူးနှင့် နားထင်တစ်ဝိုက်မှာ ချွေးစိုရွှဲနေသည်။ သွေးခုန်နှုန်းဖျော့တော့ကာ မြန်ဆန်နေသည်။ သွေးထုထည်သည် ထိမှန်း သိရုံကလေးဖြစ်နေ၏။

ကျွန်မကပဲ ရာထူးအငယ်ဆုံးဖြစ်သည်မို့ လူနာကို စမ်းသပ်ပါသည်။ အဖျားဒီကရီ ၁၀၄။ နှုတ်ခမ်းများ ခြောက်သွေ့ကာ ရေဓာတ်နည်းပါးနေသည်။ သတိရတစ်ချက် မရတစ်ချက် ဖြစ်နေတာ ညနက်ပိုင်းမှ စပြီး ယခု တစ်မနက်လုံးဟု လူနာ၏ မိခင်က အသိပေးသည်။ လူနာ၏ ၀မ်းဗိုက်ကို ကြည့်မိတော့ ဗိုက်မှာ ဖောင်းပြီး တင်းနေသည်။ ၀မ်းဗိုက်အောက်ပိုင်းကို ကျွန်မ လက်ဖြင့် စမ်းသပ်တော့ လူနာတစ်ချက် လွန့်ခနဲ တော့ ဖြစ်သွားသည်။ ထဘီကို အောက်အထိ ဆွဲချလိုက်သောအခါ လူနာထံမှ ရသည့် သွေးနံ့ရောသည့် အနံ့အသက်တစ်ခုကို သိသိသာသာ ရလိုက်သည်။

လူနာ၏ အဖျားဒီဂရီ၊ အနံ့အသက်၊ ၀မ်းဗိုက်တင်းမာမှု စသည်တို့ကို တွက်ဆပြီး စစ်ဆေးလိုက်သောအခါ ဖြစ်နိုင်ဆုံးရောဂါ သုံးလေးခုပဲ ရှိသည်။ လူနာ၏ မိခင်ကို ကျွန်မ မျက်နှာရိပ် မျက်နှာကဲဖြင့် ခေါ်ယူကာ ကိုယ်ဝန်ဖျက်ချခဲ့သလား ဟု ခပ်တိုးတိုး တိုက်ရိုက်မေးလိုက်သည်။

ရိုးအအ ပညာမဲ့သည့် တောရွာသူ အဒေါ်ကြီးသည် ချက်ချင်းပင် ချုံးပွဲချ ငိုလိုက်လေသည်။
ကဲ.. ကျွန်မတို့ ဘာလုပ်ကြမလဲ။

လူနာကို ဆေးရုံထိ သယ်ပြီး ကုသဖို့ လမ်းခရီးဒဏ် နှင့် အချိန်ကာလဒဏ်ကို လူနာ ခံနိုင်ပါ့မလား။ လမ်းခရီးမှာ တစ်ခုခု ဖြစ်သွားလျှင် ကျွန်မတို့အပေါ်ရွာက ဘယ်လို သဘောထားမလဲ။ ဆေးရုံအထိအရောက် လူနာ အသက်ရှင်နေဦးမည် ဟု ကျွန်မတို့ကို ဘယ်တန်ခိုးရှင်က အာမခံပေးနိုင်ပါ့မလဲ။

ထိုမေးခွန်းများကို သမားတော်နှင့် မီးယပ်သားဖွား အထူးကု ဆရာဝန်မမတို့ ခေါင်းချင်းဆိုင် တိုင်ပင်ကြသည်။
တကယ်တော့လည်း လူ့လောကကြီးထဲသို့ ရောက်လာသည့်အချိန်ကစပြီး ကျွန်မတို့မှာ သေချာမှုအစစ်ဆိုတာ မရှိခဲ့။ သေချာမှု အတု တွေနှင့်သာ အသက်ရှင်နေကြရသည်။ ဘာကိုမှ သေချာစွာ မျှော်လင့်လို့ မရသည့် လူ့ဘ၀ကြီးထဲမှာ ရေးရေးမြင်ရတာလေးကို ပဲ ဖမ်းဆုပ်အားထားနေကြရသည့် အဖြစ်တွေ။ ဘယ်သူကမှ ဘယ်သူ့ကိုမှ ဘယ်ကိစ္စကိုမှ အာမခံပေးလို့မရ။ လောကကြီးမှာ အာမခံလို့ရသည့် အရာ ဘာမှ မရှိ။ ဘာဖြစ်လာမှန်းမသိရသော ဘာကြောင့်ြ့ဖစ်လာမည်မှန်းလည်း မသိသော အမှောင်ထုထဲမှာ စမ်းတ၀ါးဝါး နေရသမျှ ပျော်စရာတွေကို ရတတ်သမျှ ရှာကြံခံစားနေရသည့် လူ့ဘ၀ကြီးမဟုတ်လား။ ကျွန်မတို့ ဘာမှ မသေချာပေ။

သို့သော် အကောင်းဆုံးဖြစ်အောင် ကြိုးစားမည် ဟူသည့် စိတ်ဆန္ဒဖြင့် လုပ်လျှင်လုပ်၊ မလုပ်လျှင် သေ အခြေအနေအတွက် ဆုံးဖြတ်ချက် ချက်ချင်းချလိုက်ကြသည်။

ဤလူနာကို ဆေးရုံသို့ သယ်သွားမည်။

လိုအပ်သည့် ဆေးဝါးတို့ သွင်းပေးလျက် လူနာကို ဆေးရုံသို့ သယ်ဆောင်ခဲ့ကြပါသည်။ ဆေးရုံသို့ ရောက်ရောက်ချင်းပဲ ခွဲစိတ်မှုကို ခံနိုင်ရန် အဆင်သင့်ဟူသည့် အခြေအနေမျိုးရလာဖို့ လိုအပ်သမျှ ကုသမှု အဆင့်ဆင့် ပြုလုပ်ကြရသည်။ နှာခေါင်းပိုက်မှ ရလာသည့် အညစ်အကြေးရည်ကို မြင်ရသမျှတော့ လူနာ အခြေအနေ မကောင်းပါ။

မီးယပ်သားဖွား အထူးကု ဆရာဝန်က သူနှင့် သက်ဆိုင်သည့် လူနာအောက်ပိုင်းကို စမ်းသပ်သည့်အခါ အများစုသော ကိုယ်ဝန်ဖျက် လူနာများ အတိုင်းပဲ တစုံတခု ချွန်ထက်သော အရာဖြင့် ထိုးဆွပြီး ကိုယ်ဝန်ကို ဖျက်ထားကြောင်း တွေ့ရသည်။ ခွဲစိတ်ကုသသည့် ဒဏ်ကို လူနာခံနိုင်ပြီ ဟု ထင်ရလျှင် ထင်ရခြင်း လူနာကို ၀မ်းဗိုက်ဖွင့်၍ ခွဲစိတ် ကုသကြပါသည်။

သည်တစ်ခါ ဘုရားတ သူက မမအိုဂျီဖြစ်သည်။ မမအိုဂျီ ဘာကြောင့်ဘုရားတရသည် ဆိုတာကို ဒုတိယ ခွဲစိတ်အကူဆရာဝန်အဖြစ် တာဝန်ယူနေရသော ကျွန်မ ချက်ချင်းသိလိုက်သည်။ ၀မ်းဗိုက်တစ်ခုလုံးမှာ အညစ်အကြေးတွေ ဖုံးလွှမ်းကာ နံစော်လျက်ရှိသည်။ အညစ်အကြေးနံ့သည် နှာခေါင်းစည်းအ၀တ်ကို အလွယ်တကူပင် ဖြတ်ကျော်လျက် ၀င်ရောက်လေသည်။ အူများက အညစ်အကြေးဖြင့် ရိနေကာ တချို့ နေရာတွေမှာ ထိလိုက်လျှင် ရိရွဲကြွေကျလာသည်။ ဤ၀မ်းခေါင်းကို ဆေးရမည်။ နော်မယ်လ်ဆေလိုင်း ဟုခေါ်သော သန့်စင်စွာ ပေါင်းခံယူထားသည့် ဓာတ်ဆားရည်ဖြင့် ဆေးရမည်။

လူနာရှင်ကဖြင့် ဓာတ်ဆားရည် တစ်ပုလင်းမျှပင် ၀ယ်ပေးနိုင်မည့် အခြေအနေမဟုတ်။ ဆေးရုံမှာကလည်း ဆရာဝန်၊ ၀န်ထမ်းနှင့် ခွဲစိတ်ကု ကိရိယာပစ္စည်းတို့ ရှိနေသေးသည်မှာ ကြီးမားသည့် ကံကောင်းမှုကြီး တစ်ခု ဖြစ်နေရသည့် အခြေအနေမဟုတ်လား။

သည်တော့ ကျွန်မတို့အားလုံး အလိုအလျောက်ပင် တညီတညွတ်တည်း ဆုံးဖြတ်လိုက်ကြ၏။ ကျွန်မတို့ ဆရာဝန်အချင်းချင်း ပိုက်ဆံစုထည့်ပြီး နော်မယ်ဆေလိုင်း ပုလင်းတွေ ၀ယ်ကြမည်။ အားဖြည့် ပေါင်းခံရည် ပုလင်းပေါင်း များစွာသုံးလျက် ခပ်ဖွဖွ ဆေးယူရပါသည်။ ခပ်ဖွဖွဟုဆိုရည်က ပယ်ပယ်နယ်နယ် ကိုင်တွယ်လျှင် ရိနေသော အူအချို့ ထပ်ပြတ်လာမှာ စိုးရိမ်၍ဖြစ်သည်။

ထိပ်ပိုင်းသားအိမ်မှာ ထိုးနှက်မှုဒဏ်ကြောင့် အပေါက်နှစ်ပေါက် ဖြစ်သွားသည်ကို ယခုမှ တွေ့ကြရသည်။ သားအိမ်ပါမကဘဲ အစားဟောင်းအိမ်ကို တစ်ချက်ထိုးမိထားသည်။ အစာဟောင်းအိမ်ပေါက်ပြဲသွားသည်။ ထို့ပြင် ၀မ်းခေါင်းမြှေးပါ ပေါက်သွားသည်။ ကိုယ်ဝန်ဖျက်ပေးသူ၏ ခန္ဓာဗေဒ အသိပညာနှင့် ကျွမ်းကျင်မှု အဆင့်မှာ သုညအောက် အနုတ်လက္ခဏာပဲ ဟု ကျွန်မတို့သိနိုင်ပါသည်။

တွေ့သမျှ ဒဏ်ရာဒဏ်ချက်တွေကို တတ်နိုင်သမျှ ဖာထေးချုပ်။ အူတစ်ချို့ကို ဖြတ်ထုတ်၊ ကောင်းနိုင် သေးသည်ဟု မျှော်လင့်ရသော အစိတ်အပိုင်းတို့ကို ခပ်ဖွဖွ ရွရွလေး ပြန်ချုပ်ဆက်၊ တချို့ဟာကို သည်အတိုင်းထား၊ လက်ဖြင့် သွားမထိနဲ့။ ခွဲစိတ်နေသည့် ကာလတစ်လျှောက်လုံး ကျွန်မ သတိလက်လွတ် အသက်ရှူအောင့်ထားမိတာ ဘယ်နှစ်ကြိမ်လဲ မရေတွက်နိုင်တော့ပါ။ ၀မ်းဗိုက်ကို ပြန်ပိတ်ပြီးမှ အသက် ၀၀ ရှူနိုင်ပါသည်။

မမ အိုဂျီ က သက်ဆိုင်ရာ ကိစ္စအားလုံး ကုသ ပြီးစီးသွားသည့်အခါ သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်တာ ကျွန်မ ကြားလိုက်ရသည်.. လိုအပ်သည့် ပဋိဇီဝဆေးဝါးတို့ကို ကျွန်မတို့ပဲ ငွေစုပြီး ၀ယ်ကြ၏။ မျှော်လင့်ချက်ကတော့ ၁၀ ရာခိုင်နှုန်းလောက်ပဲရှိသည်။ လူနာမိန်းကလေး ကံကောင်းသည် ဟုပြောမလား.. ကျွန်မတို့ အိုဂျီမမ တော်သည် ဟုပြောရမလား.. ကျွန်မတို့ ဆရာဝန်အားလုံး၏ မေတ္တာ စေတနာ ထိရောက်သည် ဟုဆိုရမလား.. ဘာကြောင့်ပဲဖြစ်ဖြစ် ထိုမိန်းကလေး အသက်ရှင်ခွင့်ရနေဆဲဖြစ်သည်။
နောက်ဆုံးမှာတော့ ကျွန်မတို့ ထိုမိန်းကလေး၏ အသက်ကို ကယ်လိုက်နိုင်ခဲ့ပြီ.. ကျွန်မတို့ ၄ ယောက် ငွေအတော်များများစီ အကုန်ကျခံပြီး ကုသလိုက်ရကျိုး နပ်ပြီ..

လူနာ၏ မိခင်မှာ ကျွန်မတို့အား ကျေးဇူးတင်လွန်းလှသဖြင့် လက်အုပ်ချီ၍ ကန်တော့ရင်း ၀မ်းသာ မျက်ရည်များဖြင့် ငိုပြန်လေသည်။ သမီး၏ အသက်သခင် ကျေးဇူးရှင်တို့အား သမီးအဖြစ် ကိုမချွင်းမချန် ပြောတော့မည် ဟု စိတ်ပိုင်းဖြတ်လိုက်ပုံရသည်။ မိန်းကလေး၏ ဖြစ်စဉ်ကို ကျွန်မတို့အား ရှက်ကြောက်လျက်က ဖွင့်ပြောပြခဲ့သည်။ အကယ်၍သာ သူတို့သည် ချမ်းသာသည့် မိသားစုဖြစ်ခဲ့လျင် ရလဒ်မှာ ပြောင်းလဲ သွားနိုင်ပါသလားဟု ကျွန်မ တွေးကြည့်မိသည်။ မိန်းကလေးသာ ချမ်းသာခဲ့သည် ဆိုလျှင် ထိုယောက်ျားက မယူဘဲ ရှောင်ပြေးသွားဦးမလား..

ရှောင်ပြေးသွားသည်ပဲ ထားပါ.. ရုပ်ရှင်တွေထဲကလိုမိန်းကလေးကို လက်ထပ်ထိမ်းမြားယူလိုသည့် အခြားယောက်ျားတစ်ယောက် အဆင်သင့်မရှိနိုင်ဘူးလား.. ကလေးအဖေဖော်ဖို့ ဟူသည့် ခပ်ညံ့ညံ့ ရည်ရွယ်ချက်ဖြင့် မိဘက မိန်းကလေးကို အိမ်ထောင်ပြုပေးလို့ မရနိုင်ဘူးလား.. (မျှတတာ မမျှတတာ ဆိုသည်က လုံးလုံး အရှက်ကွဲရသည့် ကိစ္စနှင့် ယှဉ်သော် ထည့်တွက်စရာမလို အောင် သေးဖွဲပါသည် ဟု ကိုယ့်ကိုယ်ကို ခွင့်လွှတ်စိတ် မွေးကြလိမ့်မည်။ ) ထားပါတော့... အဲသည်လို အခြားယောက်ျားတစ်ယောက်ကို လိမ်လည် ပြီး မပေးစားလိုလျှင်လည်း ဤကိုယ်ဝန်ကို အသက်အန္တရာယ် မရစေဘဲ ကိုယ်ခန္ဓာမှ ဖယ်ထုတ်ဖို့ လုံခြုံစိတ်ချရသည့် ကုသမှုကို ပေးမည့် နေရာတွေ ဆိုတာ နံပါတ် စဉ်လိုက်စီတန်းပြီးရမလာနိုင်ဘူးလား..

ဒါက ကိုယ်ဝန် ဆိုသည့် အမှုကိစ္စကြီး ပေါ်လာပြီးသည့်နောက် မှာတောင် ရွေးချယ်စရာတွေ များပြားလှသည့် လူချမ်းသာတွေ၏ အခြေအနေများဖြစ်သည်။ လိင်ဆိုင်ရာ ပညာပေးဗဟုသုတ ရှိသည့် လူချမ်းသာ သားသမီးဆိုလျှင် ဖြင့် ကိုယ်ဝန်ဟူသည့် အမှုကိစ္စပင် ပေါ်ပေါက်လာစရာ အကြောင်းမရှိပေ။ ယခုတော့ မိန်းကလေးမှာ ပညာမရှိ.. ဗဟုသုတမရှိ.. ရည်းစားကတော့ ရခဲ့ပြီ.. မိမိစိတ်အလိုကိုလိုက်မိတာလား.. ရည်းစား၏ စိတ်အလိုကိုလိုက်မိတာလား.. တစ်ခုခု အလိုကို လိုက်မိသဖြင့် လွန်ကျူးခဲ့ကြပြီ..

ကိုယ်ဝန်ရခဲ့ပြီ.. ပိုက်ဆံက များများမရှိ..

သည်တော့ ကုန်ကျစရိတ် အနည်းဆုံးနည်းကိုရှာသည့်အခါ.. အညံ့ဆုံးနည်းကို သုံးပြီး ဖြေရှင်းပေးသူထံ ရောက်သွားသည်။ ဘာမှ မတတ်သည့် လူတစ်ယောက်၏ လက်ထဲသို့ မိမိအသက်ကို ပုံအပ်ပေးလိုက်ရသည်။
ဤကဲ့သို့ အလားတူ အဖြစ်မျိုးတွေ နောက်ထပ် ဘယ်နှစ်ခု လာဦးမည်နည်း.. ဘယ်လို ကာကွယ်ပေး နိုင်မည်နည်း.. အရွယ်ရောက်လာသည့် မိန်းကလေးတွေကို ရည်းစားလုံးဝ မထားရဟု လူကြီးများက အာဏာသုံးပြီး ထိန်းချုပ်စောင့်ကြပ်ထားခြင်းသည် ဤပြဿနာ၏ ဖြေရှင်း ကာကွယ်နည်း ဖြစ်မလား....
ရည်းစားထားလိုက ထားပါ။ နှစ်ယောက်တည်း ဘယ်တော့မှ အတွေ့မခံနှင့် ဟု ဆုံးမခြင်းသည် ဤပြဿနာ၏ ကာကွယ်နည်း ဖြစ်မလား..

ရည်းစားနှင့် တွေ့လိုလျှင် ကိုယ်ဝန်မရှိအောင် ဘယ်လိုနေ.. ဘယ်လိုရှောင်.. ဘာဆေးသုံး စသည်ဖြင့် ညွှန်ကြားပြီး အသိပညာပေးခြင်းသည်.. သင့်တော်သော ကာကွယ်နည်း. ဖြေရှင်းနည်း ဖြစ်နိုင်ပါ့မလား..

ကျွန်မကတော့ ကျွန်မဆေးခန်းသို့ ရောက်လာသည့် အလားတူ ပြဿနာတွေကို စကားတစ်ခွန်းဖြင့် အမြဲရှောင်လေ့ရှိသည်..


"ကိုယ်ဝန်ဖျက်တယ် ဆိုတာ လုသတ်မှုတော်ရေ့.. ကျုပ်တော့ ကိုယ်ဝန်ဖျက်မပေးနိုင်ဘူး..ကိုယ်ဝန်မရအောင် ဘယ်လိုတားရမလဲ လို့ အသိပညာပဲ ပေးနိုင်တယ်.. အဲဒီအတွက်တော့ အချိန်မရွေး လာခဲ့ပါ။"

ဆေးခန်းမှာ ကြုံတွေ့ရသည့် မိန်းကလေးတွေအတွက် ကျွန်မက ဒါ့ထက်ပိုပြီး ဘာတွေ များ လုပ်ပေးနိုင်မှာလဲ..


ကဲ.. ဆိုကြပါစို့.. ဤအဆင့် ဤကာကွယ်မှုတွေ ကို မရခဲ့လို့.. ကိုယ်ဝန်ရလာပြီ ဆိုပါစို့.. ယောက်ျားကလေး ကလည်း တာဝန်မယူ လက်မထပ်လိုဘူး ဆိုပါစို့ (ဤနိုင်ငံမှာ ကိုယ်ဝန်အတွက် အကောင်းဆုံး ဖြေရှင်းနည်းက တစ်ခုပဲ ရှိသည်။ ထိုရည်းစားနှင့် အချိန်မတန်မီ လက်ထပ် ပစ်လိုက်ခြင်းဖြစ်သည်။)


ကျွန်မတို့ ဘယ်လိုဖြေရှင်းပေးကြမလဲ.. နင်လုပ်တဲ့ အပြစ် နင်ခံရမှာပဲ.. ဒါတရားတယ်.. ခံပေါ့ ဟု ပြောရမလား..


သည်လိုဆိုလျှင် ဤမိန်းကလေးနှင့် (အနည်းဆုံး) ထပ်တူထပ်မျှ သို့မဟုတ်.. ပို၍ ပင် အပြစ်ကြီးသာ.. တာဝန်ရှိသော... ဦးဆောင်သူယောက်ျား ကို တော့ ဘယ်လို သဘောထားရမလဲ...


သူကယောက်ျားပဲလေ.. သူ့မှာက ပြစ်မှုအတွက် ခြေရာ လက်ရာ ဘာမှ မကျန်နိုင်သည့် အားသာချက်ကြီး ရှိနေမှပဲ.. ပြစ်မှုမှ ကွင်းလုံးကျွတ်လွတ်ရုံမက ဘယ်သူကမှ ဘာသံသယအမြင်နဲ့မှ အကြည့်မခံရသည်အထိ ဤအမှုမှ ကင်းရှင်းစေ ဟု လွှတ်ပေးထားရတာ.. သဘာဝတဲ့လား..

ယောက်ျားနဲ့ မိန်းမ သဘာဝမှ မတူဘဲ ဟု အဲသည် သဘာဝဆိုတာချည်းကို လွှဲချပြီး အဖြစ်မှန်ကို မျိုသိပ်နေရတာ ခွင့်လွှတ်နည်း အစစ်ဟုတ်ရဲ့လား.. ဆူးပေါ်ဖက်ကျခြင်းနှင့် ဖက်ပေါ်ဆူးကျခြင်းဟုသည့် ရှေးရိုးစကားပုံတစ်ခုကို ယခုတိုင် အသက်သွင်းနေရဆဲလား.. အဲသည် စကားပုံဟာ ယခုအထိ အသုံးတည့်နေတုန်းပဲလား.. မိန်းမတွေ ဒါထက် သတ္တိရှိဖို့က လိုနေပြီလား..


ကိုယ့်ရင်သွေး၏ ဖခင်ရင်းဖြစ်သော ကလေးအဖေနာမည်ကို ရိုးသားစွာ အမှန်အတိုင်း ဖော်ထုတ်ပေးရမည့် ကိစ္စမှာ ဘာတွေများ ကြောက်စရာ ရှက်စရာ ရှိမှာမို့လဲ... တစ်ယောက်တည်းမွေးပြီး တစ်ယောက်တည်း ပြုစုစောင့်ရှောက်ဖို့ မဖြစ်နိုင်ဘူးလား.. အမှန်တရားတစ်ခုကို ရိုးသားစွာ ရင်ဆိုင်ဖို့ သတ္တိမရှိသင့်ဘူး လား..

ကိုယ်ဝန်မရှိအောင်တော့ ကြိုတင်ကာကွယ်ပေါ့.. ရှိပြီ ဆိုလျှင်လည်း ကလေး၏ အသက်ကို မသတ်ဘဲ ပတ်ဝန်းကျင် ကို သတ္တိရှိရှိ ရင်ဆိုင်မှပေါ့.. အဲသလို ဖြေရှင်းပေးရမလား..

မိန်းကလေးက မိမိဖြစ်ခဲ့သည့် အမှုကိစ္စကို ပတ်ဝန်းကျင်အား ဖော်ထုတ်ရင်ဆိုင်ရာတွင် "မျက်နှာပြောင်တိုက်လှသည်" ဟု ကဲ့ရဲ့ခြင်းကို ခံနိုင်သည်အထိ သတ္တိရှိရှိ ရင်ဆိုင်သင့်သည်ပဲထား.. ကလေးကြီးပြင်းလာသည့် အခါ ကလေးခံစားရမည့် စိတ်ထိခိုက်မှု ဒဏ်ရာ.. စိတ်နာကြည်းမှု ဒဏ်ရာကို ကျွန်မတို့ ဘယ်လို လုပ်ပြီး ကြိုတင် မှန်းဆကြည့်နိုင်မလဲ.. ဤကလေးသည် သန္ဓေသားဘ၀မှာ သေဆုံးပစ်ရခြင်းကို နှစ်သက်သလား.. မွေးဖွားကြီးပြင်းလာပြီး ပတ်ဝန်းကျင်ကြောင့် ရလာမည့် ထိခိုက်နာကျင်မှုကိုပဲ နှစ်သက်သလား.. ရွေးချယ်ပိုင်ခွင့်ရှိခဲ့ရင် ကလေးက ဘာကို ရွေးချယ်ချင်မလဲ.. ကျွန်မတို့ ဘယ်လိုမှ မသိနိုင်.. မိခင်၏ လင်မရှိဘဲ မွေးရဲသည့် သတ္တိကို ကြီးပြင်းလာမည့် ကလေးက ရဲရင့်မှု ဟုမယူဆဘဲ.. မိမိအား အရှက်ခွဲ နှက်စက်မှု ဟု ယူဆလာစရာ အကြောင်းရော.. မရှိဘူးလား..

ဘုရားရေ..

တွေးရင်းတွေးရင်းနှင့် ဤပြဿနာသည် ဖြေရှင်းလို့ ရတော့မှာမဟုတ် ဟု အားလျော့ချင်သလိုလို ဖြစ်လာသည်။
လောကရှိ မိန်းကလေး အားလုံးအတွက် အကောင်းဆုံး ဖြေရှင်းနည်းတစ်ခုတော့ ရှိ ရမှာပေါ့.. ဘာနည်းဖြစ်မလဲ.. ကျွန်မတို့ ဘာကူညီပေးနိုင်မလဲ.. တခုခုတော့ ရှိရမည်.. အဲသည်လိုနှင့် ကျွန်မ၏ မှတ်စုတွေ .. တစ်မျက်နှာပြီး တစ်မျက်နှာ ပွားလာခဲ့တော့၏..

ဂျူး
ဆရာဝန်တစ်ယောက်၏ မှတ်စုများ

Friday, September 6, 2013

ဆက်ရက် တောင်ပံကျိုးမလေး ၏ လွမ်းဆွတ်ဖွယ် ပုံပြင် .....





လွန်ခဲ့တဲ့ ( ၈ ) နှစ်ကျော် ( ၉ ) နှစ် ခန့်အချိန် က .... ဖြစ်ပါတယ်... သူမလေး ရဲ့ နာမည် က ( ....... ) ပါတဲ့ .... အသားညိုညို ၊ မျက်လုံး လှလှ ၊ မျက်ခုံးကောင်းကောင်းလေး နဲ့ ... စံပယ်တင် မှဲ့နက်လေး တစ်လုံး နဲ့ အသက် ( ၁၂ ) နှစ် အရွယ် ချစ်စရာကောင်း တဲ့ သွက်သွက်လက်လက် ကလေး မလေး ပါ .... ကျွန်မ မှာ အဖော်မရှိတဲ့ အတွက် ... အိမ်အကူ ပွဲစားထံကနေ .... ကလေး တစ်ယောက် လောက် လိုချင်တယ်... တောက်တိုမရလောက်ဘဲ ခိုင်းချင်တာ ... အများကြီး လုပ်စရာမလိုဘူး ... ရုပ် သန့်သန့်လေး ရှာပေးပါ .... ဆိုပြီး ၊ ရှာခိုင်းခဲ့တဲ့ ပွဲစား က ကျွန်မ အလှမက်တာ သိတာမို့ အသားမည်းတာ ကြိုက်မှာ မဟုတ်မှန်းသိပေမယ့် သွက်သွက်လေး .... မို့ ... ကျွန်မ မြင်ရင် သဘောကျမှာပါ ... ဆိုပြီး ခေါ်လာပေးတာ.... ဖြစ်ပါတယ် ....

သူရောက်လို့ ဧည့်စာရင်း တိုင်ဖို့ .... အဖေ နာမည် မေးတော့ ... ဆန်းကျယ်စွာဘဲ .... လူ သုံးယောက် ရဲ့ နာမည် ကို ရွတ်ပြပါတယ် .... မဟုတ်ဘူး ... သမီး အဖေ နာမည် ကို မေးတာ ဆို မှ ....သမီး မှာ အဖေ ( ၃ ) ယောက် ရှိပါတယ် တဲ့ .... အဖေ အရင်း က ဘယ်သူလဲ ဆိုတော့ .... ( ၃ ) ယောက် စလုံး က အရင်းဘဲ တဲ့ .... ကျွန်မ လည်း စိတ်ရှုပ်လာရတာ မို့ .... သူ ပြောတဲ့ အဖေ သုံးယောက် ထဲ က တစ်ယောက်သော အဖေ ရဲ့ နာမည် ကို ဘဲ ယူပြီး ဧည့်စာရင်း တိုင်လိုက်ရပါတယ် .....နောက်ကြုံမှ သူ့ရွာ ပွဲစား ကို မေးကြည့်တော့ .... သူ့အမေ က အဖေ အပေါ်ဘဲ ကလေးမွေးထားတာ ဖြစ်သလို ... တစ်အိမ်ထဲ မှာ လည်း နောက် ယောကျာ်း ( ၃ ) ယောက် အပြိုင် ယူထားတာ ဖြစ်ပြီး ... အကျင့် စာရိတ္တ မကောင်းတဲ့ အမေ နဲ့ ... မလုံခြုံ တဲ့ ပထွေးတွေကြား မှာ သူ့ဘ၀လေး မလုံခြုံ ရှာတာမို့ ဖြစ်နိုင်ရင် အပြီး ခေါ်ထားလိုက်ပါလား ... တဲ့ .... အစက သာ ကြိုသိခဲ့ရင် ဇာတ်ရှုပ် ဆို အိမ်ပေါ်တင်မိမှာ မဟုတ်ပေမယ့် .... ရက်ကြာတာ နဲ့ အမျှ အဖော်မရှိတဲ့ ကျွန်မ လည်း သူ့ ကို ခင်နေပြီ မို့ ... သနားသွားတာနဲ့ဘဲ ... ကြည့်သေးတာပေါ့ .... ဆိုပြီး ဆက် လက်ခံထားခဲ့ပါတယ်....

ခေါ်စဉ်တုန်းက ကူဖော်လောင်ဘက် ပြောခဲ့ပေမယ့် တကယ်တမ်း မှာ ကျွန်မ နဲ့ တစ်ခန်း ထဲနေ ၊ တစ်ခန်း ထဲအိပ် ၊ တစ်စားပွဲ ထဲ စားပြီး .... ယုတ်ဆွ အဆုံး ရေချိုးခန်း ၊ အိမ်သာ က အစ ... ကျွန်မ အခန်းမှာ ဘဲ သွားခိုင်းခဲ့မိပါတယ် .... အဖော် မရှိခဲ့တဲ့ ကျွန်မ အတွက် ကလိစရာ အရုပ် တစ်ရုပ် ရတာမို့ ... အ၀တ်အစားတွေ ၀ယ်ပေး ၊ ကလစ်လေး တွေ တပ်ပေး နဲ့ ... မနက်တိုင်း သူ နဲ့ အတူ ပခုံးဖက် ပြီး လမ်းထလျှောက် ၊ ကျွန်မ ပျင်းရင် သူ နဲ့ထိုင်ပြီး သူ ဟာသ လုပ်ပြသမျှ ထိုင်ရယ် ရသလို ၊ သနားစရာကောင်းတဲ့ သူ့ဘ၀ အကြောင်းတွေ ကြားရရင် စိတ်မကောင်း ဖြစ်လိုက် နဲ့ဘဲ အဖော် လုပ်မိခဲ့ပြီး ..... သူ က လည်း ကျွန်မ ဆီ ဧည့်သည် လာရင် မကြိုက် ၊ တခြား ကလေးတွေ ကို လက်ဆောင်တွေ ဘာတွေ ၀ယ်ပေးရင် က အစ ... ကျွန်မ ကို မနာလိုစွာ နဲ့ စိတ်ဆိုး စိတ်ကောက် ဖြစ်တဲ့ အထိ ရင်းနှီးလာသလို ... TV ကြည့်ရင် က အစ ကျွန်မ ကို လာမှီ ၊ ကျွန်မ ပေါင်ပေါ် လာအိပ်တဲ့ အထိ တရင်းတနှီး နေခဲ့မိပါတယ် .....

အဖော် မရှိတဲ့ ကျွန်မ ရဲ့ မျှော်လင့်ချက် က သူ့မှာ ခိုကိုးစရာ မရှိတဲ့ အတွက် ၊ ကျွန်မ နဲ့တစ်သက်လုံး နေသွားရင် ကျွန်မ အတွက် အဖော်ကလေး ရသလို .... ကိုယ် နဲ့ တန်းတူစား ၊ တန်းတူ သွားလာတာ ကို အကျင့်လုပ်ထားမိတဲ့ အတွက် ... တဖြည်းဖြည်း ဆင်းရဲမှာ ကို ကြောက်လာတဲ့ သူ့ စိတ် ကို သိသူမို့ .... ကိုယ် နဲ့ အမြဲနေစေချင်တဲ့ အတွက် .... ကောင်းကောင်းစား ၊ ကောင်းကောင်း နေချင်ရင် ကိုယ် နဲ့အမြဲနေ ... ဆိုတဲ့ စကား ကို အမြဲပြောဖြစ်ခဲ့ပေမယ့် .... ဟိုး အောက်ခြေ က လူတစ်ယောက် ရဲ့ ဘ၀ ကို ဘာမှန်း မသိ ၊ ညာမှန်း မသိ ၊ ဗြုန်းခနဲ .... အမြင့် ကို ဆွဲမြှောက်ခဲ့တဲ့ အတွက် ... အဲဒီ ကလေးမလေး ခမျာ .... တဖြည်းဖြည်း ချင်း အောင်ခြေလွတ်လာပြီး ဟိုလူ နဲ့ ဆို စကားမပြောချင် ၊ ဟိုအိမ် ဆို မသွားချင် ၊ နောက်ဆုံး အလှူတွေ ဘာတွေ သွားရင် က အစ ဘိုထိုင် မဟုတ်ရင် အိမ်သာ မတတ်ချင်ပါဘူး ... ဆိုတဲ့ အထိ ဖြစ်လာသလို .... အဲဒီ အချိန်မှာ ကျွန် မလည်း အခုလို အလုပ် မလုပ်သေးလို့ ... ဘ၀ အကြောင်း နားမလည်ခဲ့ပေမယ့် ... တစ်ခုခုတော့ လွဲသွားပြီ ဆိုတာ ကို သိမြင်တဲ့ ကျွန်မ သူ့ကို အချိန်မှီ ဆုံးမ လို့ အသည်းအသန် ပုံပြန်သွင်းခဲ့ပေမယ့် ... ကျွန်မ ဖန်တီးထားမိတဲ့ ဘ၀ မှာ နေသား ကျနေတာကနေ ...တစ်ရက် တခြားသော အလုပ်သမားတွေ ကို မောက်မောက်မာမာ မတူမတန် ပြောဆို ဆက်ဆံနေတာ ကို တွေ့လို့ ကျွန်မ ပြင်းပြင်း ထန်ထန် ဆူ လိုက်မိတာ က စပြီး မဆူစဖူး အရမ်း ဆူမိတဲ့ ကျွန်မ ကို စိတ်ကောက်ပြီး သူ့ ပွဲစား ကို လာပြန်ခေါ်ခိုင်းရင်း... အလုပ် ပါ အပြီး ထွက်သွား ခဲ့ပါတယ် ..... ခိုကိုးရာ မရှိတဲ့ သူ့ဘ၀ နောက်ကြောင်း သိတဲ့ ကျွန်မ သူ မထွက်ခင်မှာ အကျိုးသင့် အကြောင်းသင့် ရှင်းပြခဲ့ပေမယ့် .... သူ တောင် နားမ၀င်တာ ဘာအရေးလဲ .... ဆိုပြီး ..... ကျွန်မ လည်း ခေါင်းထဲ က အပြီး ထုတ်ထားခဲ့လိုက်ပါတယ် .....

အဲဒီလို နဲ့ လတော်တော်ကြာသွားတဲ့ တစ်ရက်မှာ ကြည့်မြင်တိုင် ဘူတာ ရဲစခန်း က ဆိုပြီး ကျွန်မ နာမည် နဲ့ ဖုံးတစ်ခု လာပါ တယ်.... အကြောင်း က ကျွန်မ အိမ်မှာ နေသွားတဲ့ ( ....... ) ဆိုတဲ့ ကလေးမလေး က ဘူတာ မှာ နာရီ အလစ်သုတ်မှု နဲ့ ဖမ်း ထားတာမို့ ... ကျွန်မ နဲ့နေတုန်း က သူ့ အကျင့် စာရိတ္တလေး သိချင်ပါတယ် .... ဆိုပြီး ဆက်လာတာ မှာ ... ကျွန်မ နဲ့ နေတုန်း ကတော့ အကျင့် စာရိတ္တ ချို့ယွင်းတာ မရှိခဲ့ကြောင်းသာ ဖြေပေးခဲ့ပြီး သူ့ အကြောင်းကြားရတာ စိတ်မကောင်းပေမယ့် .... ကိုယ့် မှာ လည်း ကိုယ့် အကြောင်း နဲ့ ကိုယ် မို့ ဘာမှ မတတ်နိုင်ခဲ့ပါဘူး ...... အဲဒီ က နေ ( ၂ ) နှစ်လောက်နေပြီး ကျွန်မ GINGER ဖွင့်တဲ့ အချိန်ကျမှ ကျွန်မ ဖခင် ကို နှလုံးဆေးခန်း တစ်ခု သွားပြရင်းနဲ့ ဖြစ်ချင်တော့ ....ထို ဆေးခန်း နဘေး က တည်းခိုခန်း ပေါ် ကနေ ... မိန်းကလေး တစ်ယောက် ဆင်းလာပြီး ကျွန်မ ကို ဗြုန်းခနဲ လာဖက်ပါတယ် .... ကျွန်မ နဲ့ နေစဉ် က သူ့ အသက် ( ၁၂ ) က နေ ... ပြန်တွေ့တဲ့ အချိန်မှာ အပျိုကြီးဖားဖား ဖြစ်နေပြီ မို့ .... ရုတ်တရက် ကျွန်မ သူ့ကို ဘယ်လိုမှ မမှတ်မိခဲ့ပါဘူး .... ဆင်းလာတာ က တည်းခိုခန်း ဖြစ်နေတာမို့ .... စိတ်မကောင်းခြင်း နဲ့ သမီး ဒီ မှာ ဘာလုပ်ရလဲ ဆိုတော့ .... သန့်ရှင်းရေး လုပ်ရသလို .... လာ တည်းခို တဲ့ ဧည့်သည်ပေါင်းစုံ ရဲ့ အ၀တ်အစားတွေ လျှော်ရ ၊ သူတို့ စားချင်တာ ၀ယ်ခိုင်းရင် ထွက်ဝယ်ပေးရ နဲ့ ဒီလောက်ပါဘဲ ....

သူ့ နဲ့ ကျွန်မ ရဲ့ သံယောဇဉ် ကို သိတဲ့ ကျွန်မ အဖေ က သားသမီးချင်း စာနာစွာ နဲ့ ရှေ့လျှောက် ဒီလောကထဲ မှာ ဆက်နေနေရင် ဘ၀ပျက် သွားမှာ စိုးရိမ်တာမို့ .... အလုပ် ရှိနေပြီ ဖြစ်တဲ့ ကျွန်မ ကို သနားပါတယ် သမီးရယ် ... ကယ်ထားလိုက်ပါ ... ဆိုတာ နဲ့ဘဲ .... နဂိုထဲ က သံယောဇဉ် ရှိတဲ့ ကျွန်မ ဒုတိယ အကြိမ် အိမ် ကို ပြန်ခေါ်လာမိပါတော့တယ် .... ဒီတစ်ခါ မှာတော့ အလုပ်လုပ်နေပြီ ဖြစ်တာမို့ ... စ၀င် ကထဲ က ကျွန်မ ဆီ မှာ ဘာတွေ မလုပ်ရဘူး ... ဘာအလုပ် လုပ်ပေးရမယ် ... ဘယ်သူတွေ နဲ့ ဘယ်လို ဆက်ဆံရမယ် ... က အစ သွန်သင်ပြီး ခေါ်လာတာ မှာ တခဏတော့ ငြိမ်ပေမယ့် ..... သမရိုးကျ လစာသာ ပေးနိုင်တဲ့ ကျွန်မ ဆီ မှာ သူ့တည်းခိုခန်းမှာ နေတုန်းကလို ... အပို အောက်ဆိုက်လည်း မရတဲ့ အတွက် ပိုက်ဆံများများ သုံးနေကျ လူတွေ ရဲ့ ထုံးစံ အတိုင်း ပိုက်ဆံ မမြင်ရရင် မပျော်နိုင်တော့တာ .... ကို သိပေမယ့် .... သူ ဒီ တစ်ခါ ကျွန်မ ဆီ က နေ အပြင်ပြန်ရောက် သွားရင် မဟုတ်မဟတ် တဲ့ နေရာတွေ ရောက်ပြီး ကျိန်းသေ ဘ၀ ပျက်ရမှာ ကို သိတာမို့ ... အတတ်နိုင်ဆုံးလေး ကျွန်မ ချော့မော့ပြီး သူ့မှာ မိဘ နဲ့လည်း နေစရာ မရှိ၊ အားကိုးစရာ မရှိတာမို့ ... ကိုယ့်ဘ၀ ကိုယ် နားလည်ဖို့ ၊ လိမ္မာဖို့ ၊ အပြင်မှာ မကောင်းတဲ့ သူတွေ နဲ့တွေ့ရင် စာ မတတ်တဲ့ အတွက် အမှားအမှန် မခွဲခြားနိုင်တာမို့ ... မကောင်းတဲ့ နေရာ တွန်းပို့သွားတဲ့ သူတွေ နဲ့ တွေ့ရင် ဒုက္ခရောက်ရမယ် က အစ .... သူ နားလည်အောင် ရှင်းပြပြီး သွန်သင် ဆုံးမ တွဲခေါ်ပေးခဲ့ပေမယ့် .... ခွေးမြှီးကောက် ကျည်တောက်စွပ် လို့ ...တခဏတာဘဲ ရခဲ့ပြီး .... အတန်း ပညာ လုံးလုံး မရှိရှာတဲ့ သူမ ကျွန်မ ဆီမှာ သန့်ရှင်းရေးသမား သက်သက် ဘ၀ နဲ့ ရေရှည် ဆက်မနေနိုင်တော့တဲ့ အဆုံး ...... တစ်ရက်သော မိုးမလင်းခင် မနက် အစောကြီး အချိန်မှာ ထွက်ပြေးသွားပါတော့ တယ် ..... ကဲ ဒုတိယ အကြိမ်တော့ သွားပြန် ပြီပေါ့ ... သတ္တ၀ါ တစ်ခု ကံ တစ်ခုဘဲ ... ဆိုပြီး ..... အလုပ် တစ်ဘက် နဲ့ ကျွန်မ လည်း စိတ်မကောင်းဖြစ်တာ က လွဲလို့ ... ဘာမှ မတတ်နိုင်တော့ပါဘူး .......

နောက် သိပ် မကြာပါဘူး ... သူ ကျွန်မ ဆီ မှာ မပျော်ပေမယ့် သူ့ အပေါ်ကောင်းတာ ကျွန်မ ဘဲ ရှိတာ ကို သိတာမို့... အိမ်မှာ နေစဉ် ကျွန်မ နဲ့ ဘယ်လောက် စိတ်ကောက်ကောက် အပြင်ရောက်တိုင်း တော့ ကျွန်မ ဆီ ကို မကြာမကြာ ဖုံး ဆက်လာတတ် သလို .... သူ ဘယ်ရောက်လို့ ဘယ်မှာနေနေတယ် ကို က အစပြောပြတတ်ပြီး ကျွန်မ လည်း ရင်တမမ နဲ့ နားထောင်တတ်ခဲ့ ပါတယ် .... အဲဒီလို နဲ့ တစ်ရက် ကျတော့ ကျွန်မ ဆီ သူ ပြန်လာနေချင်တယ် ... ဆိုပြီး ဖြစ်ပြန်ပါရော ... ဒီတစ်ခါ မှာတော့ ကျွန်မ ဆိုတာ အများနဲ့ အလုပ်လုပ်ရသူမို့ .... စိတ် ဂဏာမငြိမ် ၀င်လိုက်ထွက်လိုက် လုပ်နေတဲ့ သူ့ တစ်ယောက် ကြောင့် အေးအေးဆေးဆေး နေရှာတဲ့ ကျွန်မ သင်တန်း က ကလေး တွေ အကျင့်ပျက်မှာ စိုးတာ နဲ့ ထပ် လက်မခံတော့ဘူး .... လို့ ပြောတာမှာ ... ကျွန်မ စိတ်ပူတတ်မှန်း သိတဲ့ သူ က ကျွန်မ ပြန်မခေါ်ရင် သူ အနှိပ်ခန်း တစ်ခု မှာ အလုပ် သွားလုပ်တော့မယ် တဲ့ ... သူ့ကို ပွဲစားတစ်ယောက် က.... ရိုးရိုးဘဲ နှိပ်ရမှာ... ရှုပ်ရှုပ်ယှက်ယှက်တွေ လည်း မရှိဘူး .... ပိုက်ဆံလည်း လုပ်နိုင်ရင် လုပ်နိုင်သလောက် ရနိုင်မယ် .... ဆိုတဲ့ နေရာ တစ်နေရာ ပို့ပေးပါမယ် ... တဲ့ ... ကျွန်မ ပြန်မခေါ်နိုင်ပေ မယ့် ... မသွားဖို့.... ရိုးရိုးကောင်းကောင်း မွန်မွန် အိမ်မျိုး မှာ ဘဲ အလုပ်လုပ်ဖို့ .... ပြောပေမယ့် .... အဲဒီ အိမ်တွေ က ပေးတဲ့ လစာ က နည်းလို့ များများရမယ့်နေရာ ကို ဘဲ စွန့်ပြီး လုပ်ကြည့်ချင်ပါတယ် တဲ့ .... သမီး ကိုယ် သမီး ထိန်းနိုင်ပါ တယ် ...... အမ ရယ် တဲ့ ... အမ မခေါ်ချင်လည်း နေပါ ဆိုပြီး .... ဖုံးချသွားပါတယ် .....

အဲဒီနောက်ပိုင်းမှာတော့ ... ကျွန်မ လည်း ဆိုင် နှစ်ဆိုင် ၊ အလုပ် ( ၂ ) မျိုး နဲ့ ရှုပ်ယှက်ခတ်နေတာမို့ .... သူ့ကို လုံးဝ သတိ မရတော့ဘဲ နေရင်းမှ ..... လုံးဝ မမျှော်လင့်တဲ့ တစ်ရက်မှာ .... ငိုကြီးချက်မ ၊ ကယ်ပါ ယူပါ တစာစာ နဲ့ ကျွန်မ ဓာတ်ပုံဆိုင် ကို ၀ရုန်း သုံးကား နဲ့ရောက်ချလာပါတော့တယ် ... သူ့ ၀တ်စားလာပုံ နဲ့ သူ့ အမူအရာ ကို မြင်လိုက်ကထဲ က သူ့အနေအထား ကို ကျွန်မ သဘောပေါက်လိုက်ပါတယ် ..... ကျွန်မ အတန်တန် တားခဲ့ ၊ သတိပေးခဲ့တဲ့ ကြားက ဖြစ်ရလေခြင်း ဆိုပြီး လည်း စိတ်မကောင်း ဖြစ်ရ ပါတယ် .... သူ ပြောချင်ရာ ပြောပါစေ ဆိုပြီး နားထောင်ပေးမိတော့ .... ကျွန်မ နဲ့ နောက်ဆုံး ဖုံးပြောပြီးတဲ့ နောက်မှာ အနှိပ်ခန်း တစ်ခု မှာ အလုပ် ရတဲ့ အကြောင်း ... အဲဒီမှာတော့ သမားရိုးကျဘဲ မို့ .... သူ့ထက် ပိုရမယ် ... နင့် အိမ် ကို လည်း အချီကြီး ပြန်ထောက် ပံ့နိုင်မယ် ဆိုတဲ့ ပွဲစား စကား ကို ယုံစားမိတဲ့ အတွက် .....တခြား ပိုက်ဆံ ပိုရမယ့် နေရာ ကို ကူးရင်း သူ့ဘ၀ ပျက်ခဲ့ရပြီ ဖြစ်ကြောင်း ၊ အဲဒီနေရာမှာ လာတဲ့ ဧည့်သည် ကို ငြင်းဆန်ရင် သူတို့ခေါ်တဲ့ သူဌေး ဆိုသူ က ဧည့်သည် ပြန် တာ နဲ့ အရှိုး အပြိုင်းပြိုင်းထအောင် ရိုက် တဲ့ အကြောင်း ၊ သူ့ အိမ် ကို ကောင်းကောင်းထောက်ပံ့နိုင်မယ် ဆိုတဲ့ ပို့ပေးတဲ့ ပွဲစား ကလည်း ရောင်းစားသွားတာ မို့ .... ထွက်ပြေး တာ နဲ့ အသတ်ခံရမှာ ဆိုတဲ့ အကြောင်း .... နဲ့ စပ်စပ် စုစု ကျွန်မ က နင် ရောဂါ ကူးမှာ မကြောက်ဖူးလား ... လို့ မေးတော့ ... စာ မတတ်တဲ့ မိန်းကလေးငယ်တွေ ကို ရိုက်သွင်းထားပုံ က သုံးလဆေး မှန်မှန်ထိုးတာ ... ကာကွယ်ပြီးသား ဖြစ်ကြောင်း ... ဘာရောဂါ မှ မရနိုင်ကြောင်း နဲ့ ... သူ နဲ့ ဘ၀တူ မိန်းကလေး တွေ အများကြီးလည်း ဤသို့ဘဲ လုပ်ကြကြောင်း ပြောပြသွားသလို .... ပိုက်ဆံ က ဧည့်သည်ပေါ် မူတည်ပြီး တစ်လ ကို ငါးသိန်းလည်း ဟုတ် ၊ ခြောက်သိန်းလည်း ဟုတ် .... ရတယ်..... ဆိုတဲ့ အကြောင်း ကြားရတဲ့ ကျွန်မ က ..... အမ အတန်တန် သတိပေးခဲ့တဲ့ ကြားထဲက မှ ဖြစ်မှဖြစ်ရလေ ... သမီးရယ် ...... နင့် မှာ ဘ၀ ပျက်တယ်ဆိုတာ ဘာမှန်း ညာမှန်း မသိဘဲနဲ့ ပျက်ရတာ ... ယောကျာ်းဆိုတာ လည်း ဘာမှ မသိ ၊ ရည်းစားထားတယ် ဆိုတာ လည်း မကြားခဲ့ရ ဖူးဘဲ နဲ့ ... ဆိုးရွားလိုက်တဲ့ ဘ၀ .... ကြည့်စမ်း ... အမ ဆိုင် က ကလေး တွေ လစာ က သမီး ရတဲ့ ပိုက်ဆံရဲ့ ဆယ်ပုံ တစ်ပုံတောင် မရှိကြဘူး .... ဒါပေမယ့် သူတို့ မျက်နှာလေးတွေ နဲ့ သူတို့ ဘ၀လေးတွေ သမီး ကြည့်စမ်း ... ညည်းလို ပူလောင် နေရသလား .... အဲဒါ ဘဲ ... သမီး ကို အမ မမှားခင် ၊ မဖြစ်ခင် ၊ အမုန်းခံပြီး ခဏခဏ ပြောခဲ့ရတာ .... ဆိုတော့ ..... သူ့ ကို ကယ်ပါ ... ဒီတစ်ခါ တကယ် ကျွန်မ စကား နားထောင်ပါတော့မယ် တဲ့ ..... ဒီ အလုပ်ကြီး သမီး လုံးဝ ဆက်မလုပ်ချင်တော့ လို့ပါ ဆိုပြီး .... ငိုငိုပြီး ပြောနေပါတော့တယ် .....

ကျွန်မ လည်း စိတ်မကောင်းဖြစ်လှပေမယ့် .... ဘယ်လို မှ ကယ်လို့မရတော့သလို ..... နာမည်ပျက် လို့ မရတဲ့ ကျွန်မ အလုပ် ထဲ .... ကျွန်မ ပုံစံ သွင်းထားတဲ့ ကျိုးကျိုးနွံနွံ ကလေးတွေ ကြားထဲ ဘယ်လိုမှ ဆက်စပ်လို့ မရတော့တာ မို့ .... သမီး ...အမ ပြောတာ နားထောင်စမ်း .... သမီး အခု အမ ဆီ လာနေလို့ လည်း ဘယ်လို မှ မဖြစ်ဘူး ... အမ ယောကျာ်း ကလည်း ရှုပ်ရှုပ် ယှက်ယှက် လုံးဝ မကြိုက်ဘူး .... အဲဒီတော့ သမီး ဘ၀ ကို အမ နောက်ဆုံး အကြိမ် အကြံပေးလိုက်မယ် ..... သမီး အခု လုပ်ချင်ချင် ၊ မလုပ်ချင်ချင် ၊ အခိုက်အတန့်  ခဏမှေးနေပြီး .... အရင်းအနှီး ပိုက်ဆံ တစ်ခု ရအောင် ကြိတ်မှိတ်ပြီး စုလိုက် .... ပြီးရင် သမီး .... အသုတ်ဖြစ်ဖြစ် ၊ မုန့်ဟင်းခါး ဖြစ်ဖြစ် ၊ ဈေးဆိုင် ကလေး တစ်ခု ဖွင့်ပြီး ..... ငါ ကျန်တဲ့ ဘ၀ တလျှောက်လုံးကောင်းအောင် ကြိုးစား ပြီးနေမယ် ...... စားရသောက်ရမဲ့လို့.... ငတ်ပြတ်ပြီး သေချင်သေပါစေ .... ဒီ မကောင်းတဲ့ အလုပ် နဲ့ မကောင်းတဲ့ ဘ၀ ဆိုး ကို ဘယ်တော့ မှ ပြန် မသွားတော့ဘူး .... လို့ စိတ်ဒုံးဒုံးချပြီး ... အပြတ်ဖြတ်ခဲ့ ..... တကယ် စ လုပ်တဲ့ အလုပ် ကို အကောင်းဆုံး ကြိုးစားပြီး လုပ် ... မကောင်းခဲ့တဲ့ ဘ၀တွေ အားလုံး ကို ပြန်ပြန် မခံစားဘဲ .... ငါ ဘာ မှ မဖြစ်ခဲ့ဘူး လို့ .... မသိစိတ်ထဲ ပို့ပြီး မေ့လိုက် ... သမီး ကောင်းကောင်း မွန်မွန် အလုပ်လေး လုပ်ရင်း ... နဲ့ တစ်ချိန်မှာ ကိုယ့် အပေါ် အတည်အတံ့ ချစ်ကြိုက်ပြီး လက်ထပ်ချင်တဲ့ သူ ပေါ်လာရင် .... မလိမ်နဲ့ ... မညာနဲ့ ...သူ မယူချင် နေပါစေ ... အရိုးသားဆုံး ၀န်ခံပြီး သူကျေနပ်ရင် ယူလိုက် .... သမီး ဘ၀ မှာ အဲဒီလို နေ့လေး ရောက်ပြီး အမြန်ဆုံး အေးချမ်းနိုင် ဖို့ ... အမ ဆုတောင်းပေးနေမယ် .... လို့ .... ကျွန်မ အဖြစ်သင့်ဆုံးလေး စဉ်းစား ပြီး အကြံလေး ပေးလိုက်ရပါတယ် .....

အခုနောက်ဆုံးမှာတော့ .... ပြီးခဲ့တဲ့ ..... ခြောက်လ လောက် က ဖုံးဆက် လာပြန်ပါတယ် ..... အမ စေတနာ နဲ့ သမီးဘ၀ အတွက် ပြောပေးတာ ..... ကျေးဇူးတင်ပါတယ် .... တဲ့ .... ဒီ ဘ၀ မှာတော့ မရတော့ပါဘူး....အမ ရယ် ...သမီး ဘ၀ နဲ့ သမီး သာ ရှိပါစေတော့ .... ဆိုပြီး ကြေကြေကွဲကွဲ နာနာကျည်းကျည်း ပြောသွားပြန်တာ မို့ ... သူ့အပေါ် ဘယ်လောက် စိတ်ဆိုးဆိုး ရေစက် မကုန်ခဲ့တဲ့ ကျွန်မ အကျိုးသင့် အကြောင်းသင့် မေးမြန်းလိုက်တော့ ..... အဲဒီ အနှိပ်ခန်း မှာ အလုပ်လုပ်ရင်း .... သူ့ ဘ၀ ကို နားလည်ပေးနိုင်မယ် ထင်တဲ့ ယောက်ျား တစ်ယောက် ကို တွေ့ခဲ့ရပါတယ်.... တဲ့ .... သူ့ အပေါ် ကို လည်း တော်တော်လေး ချစ်ချစ် ခင်ခင် ကြင်ကြင်နာနာ နဲ့ပါဘဲ....တဲ့ .... အမ စကားနားထောင်ပြီး သမီး ဒီ ဘ၀ ကို မပျော်တဲ့ အကြောင်း ၊ မိသားစု ဘ၀ လေး နဲ့ ငြိမ်းငြိမ်း ချမ်းချမ်း နေချင်မိတဲ့ အကြောင်းတွေ ပြောပြရင်း နဲ့ ..... သမီး ကို ဒီဘ၀ ထဲ က ဆွဲထုတ်ပေးမယ် ဆိုတဲ့ သူ့ စကား ကို ယုံကြည်ပြီး .... ဘာလုပ်လို့ဘယ်မှာ နေတယ်မှန်း မသိတဲ့ သူ့နောက် ... ကောက်ကောက်ပါအောင် ... လိုက်ခဲ့မိသလို .... ဒုက္ခ အမျိုးမျိုး နဲ့ သမီး ဘ၀ ကို ကယ်တင်ပြီး အတည်တကျ ပေါင်းသင်းပါ့မယ် .... ဆိုပြီး တကယ်တမ်း လည်း ကျရော ... အိမ် တစ်လုံး နဲ့ အငှား ထားပေးထားတာ က လွဲလို့ တရားဝင် ယူဖို့နေနေသာသာ .... သူ့ မှာ တရားဝင် သားကြီး ၊ မယားကြီး နဲ့ .... မယားငယ်တွေ က လည်း အများကြီး အပြင် ... သူ က အလုပ် မလုပ်ဘဲ အဲဒီ မိန်းမတွေ အားလုံး ကို ပါ မကောင်းတဲ့ ဘ၀ နဲ့ ပိုက်ဆံ ရှာခိုင်းပြီး ထိုင်စားနေတဲ့ ..... လုံးဝ ထင်ရက် စရာမရှိတဲ့ ယောကျာ်း တစ်ယောက် ဖြစ်နေမှန်း အခုမှ သိရပါတယ် ...... အမ ရေ တဲ့ .....

ကျွန်မ Notes ကို ဖတ်မိတဲ့ သူများ ... ဘယ်လို ခံစားရမလဲ မသိပေမယ့် .... ဒီ ဖြစ်ရပ်မှန် ဇာတ်လမ်း ကို အစအဆုံး စမြုံ့ ပြန်ပြီး ပြန်ပြောရတဲ့ ကျွန်မ တောင် ..... တလှပ်လှပ် နဲ့ အခါခါ ရင်မောခဲ့ရပါတယ် ..... ရေးရတာ စိတ်မောရစရာ ကောင်းလှသလို ၊ ဖတ်သူတိုင်း စိတ်မချမ်းသာ ရတဲ့ ဒီ Notes လေး ကို ရေးဖြစ်တဲ့ အကြောင်း က ဒီလိုပါ ...... ကျွန်မ Face Book မှာ ရေးခဲ့သမျှ Notes လေးတွေ ပေါင်းစည်းပြီး တင်ထားခဲ့တဲ့ ... http://www.gingerbeautyland.com/notes_13.html

တွဲမိတဲ့ လက်နှစ်စုံ သက်ဆုံးတိုင်စေတော့ ..... ဆိုတဲ့ Notes .... မှာ .... မိဘတွေ မသင့်မြတ်ရင် အပြစ်မရှိတဲ့ ကလေးတွေ စိတ်ဆင်းရဲကြရတာ မို့ ... ကိုယ် မွေးထားတဲ့ ကလေးတွေ ကို ဘယ်လို အကြောင်း နဲ့ မှ စိတ်မဆင်းရဲစေချင်တဲ့ အတွက် ယူပြီး မှတော့ သူ့ ထက် ပိုဆိုးမယ့် သူ နဲ့ သာ နှိုင်းယှဉ်ပြီး အတတ်နိုင်ဆုံး သီးခံ ပေါင်းဖက်ကြစေဖို့ ရေးခဲ့ဖူးသလို .... ပြီးခဲ့တဲ့ လ က ရေးဖြစ်ခဲ့တဲ့ http://www.gingerbeautyland.com/notes_29.html

သင်းကွဲငှက်ငယ်များ ၏ အဆိပ်သင့် ဒဏ္ဍာရီ မှာ ကျတော့ ... အဆင်မပြေတဲ့ မိဘတွေ ရဲ့ မသင့်မြတ်ကြတဲ့ ရန်ပွဲတွေ အမျိုးမျိုးကြားမှာ ကြီးပြင်းလာရတဲ့ အပြစ် မရှိတဲ့ ကလေးငယ်တွေ ခမျာ ဘယ်သို့ ဘယ်ပုံ စိတ်ဒဏ်ရာ ရကြပြီး ဘ၀ ပျက်ကြရတယ် ... ဆိုတဲ့ အကြောင်းတရား တွေ ရေးဖြစ်ခဲ့ပြီး .... အခု စိတ်မောစရာ ဒီ Notes လေး မှာတော့ ကျွန်မ အဓိက ပြောချင်တာ ... မိဘတွေ ရဲ့ အိမ်ထောင်ရေး အဆင်မပြေတဲ့ ခါးသီးတဲ့ ဘ၀ဆိုးတွေ ကြား က စိတ်ဒဏ်ရာ ဒဏ်ချက် အမျိုးမျိုး နဲ့ ကြီးပြင်းလာရတဲ့ လူငယ်လေးတွေ အပေါ် ကိုယ်ချင်းစာစွာ နဲ့ နားလည် ခံစားမိတဲ့ စိတ်ကလေး ကနေ ..... စေတနာ ၊ မေတ္တာစိတ် ကလေး ထပ်တိုးပြီး သူတို့ ဘ၀ ရပ်တည်မှု အတွက် စိတ်ဓာတ် ခွန်အားလေး ပေးချင်မိတဲ့ အတွက် ဘဲ .... ဖြစ်ပါတယ် .....

သင်ဟာ အကယ်၍များ ပုံစံ အမျိုးမျိုး နဲ့ ဘ၀ နောက်ကြောင်း မလှခဲ့ရတဲ့ .....ဆက်ရက် ငှက်ငယ်လေး တစ်ကောင် ဖြစ်ခဲ့ပါက .... လတ်တလော မှာ ... သင့် အပေါ် တဒင်္ဂတာ နားလည် ခံစားပေးမယ့်သူ ကို လိုက်မရှာပါနဲ့ .... အခိုက်အတန့်တွေ့တဲ့ သူ တစ်ယောက် ရဲ့ စကားတွေ ကို အယုံ မလွယ်ပါနဲ့ ..... သင် နိမ့်ကျ သိမ်ငယ်နေတဲ့ အချိန်မှာ တွေ့ရတဲ့သူ ဆိုတာ သင့် ကို တွဲခေါ်နိုင်မယ့်သူ ဖြစ်ဖို့ထက် သင့် စိတ် ကို အခိုက်အတန့်မျောလွင့်ပေးပြီး ပိုပြီး နစ်သထက် နစ်စေတဲ့ ဘ၀များစွာ ကို ဆွဲချ သွားတတ်ပါတယ် ...... ထို့ အတွက် လိုက် မခံစား ၊ စိတ်အား မငယ်ဘဲ ၊ ကိုယ့် ဘ၀ အမှန်တရား ကို အရှိအတိုင်း လက်ခံ လိုက် ပြီး လောကဓံ ဘယ်လို ဆိုးဆိုး .... ဆိုးရွားလိုက်တဲ့ ကံကြမ္မာ ကို စိန်ခေါ် အံတုပြီး အောင်မြင်တဲ့ မိသားစု ဘ၀ များစွာ က လာတဲ့ ရွယ်တူ တန်းတူတွေ ထက် ပိုပြီး အောင်မြင်အောင် ကြိုးစားပြလိုက်ပါ .... ကိုယ် လျှောက်ရမယ့် လမ်းကို ကိုယ်တိုင်ဖောက်ပြီး ခါးသီး တဲ့ ကိုယ့် ဘ၀ ကို သူများတွေ မျှော်လင့်ထားသလို ရေစုန် မမျှောဘဲ .... ကိုယ့် ဘ၀ ကိုယ် ကျောင်း လို့ ရေဆန် တက် ပြီး အောင်မြင်လာ ရတဲ့ အရသာ ဆိုတာ ... ဘာ နဲ့မှ မတူနိုင်စွာ ..... ပိုလို့ ချိုမြိန်သလို ပိုပြီးတော့လည်း ဂုဏ် ရှိပါတယ် ....

ဘယ်လိုမှ မခံစားနိုင်လောက်အောင် သင် စိတ်ထိခိုက် ခံစားလာရတဲ့အခါတိုင်း ..... လူ မမြင်တဲ့ နေရာ တစ်ခု မှာ စိတ်ကို အတိုင်းအဆ မရှိ လွှတ်ပေးလိုက်ပြီး ..... အားရအောင် ရင်ဖွင့်ပြီး ငိုကြွေးလိုက်ပါ ..... ငိုလို့ ၀ ရင် ... စာနာမယ့် သူ မရှိ / ကူကယ်ရာ မရှိတဲ့ ဘ၀ကြီး မှာ ဘယ်လောက်ကျနိုင်မလဲ .... ကြိုက်သလောက်ကျ ၊ အကြိမ်ကြိမ် ပြုတ်ကျစမ်းကွာ ... လို့ ကြုံးဝါးပြီး ဆယ်ကြိမ်လဲ ရင် ဆယ့်တစ်ကြိမ် အားတင်းပြီး ကြိုးစား ပြန်ထပါ ..... အကြိမ် တစ်ရာ လဲဖူးရင် တစ်ရာ့ တစ်ကြိမ် မှာ သင် ဟာ အောင်မြင်အောင် ပြန်ထနိုင်တဲ့သူ သာ ဖြစ်ပါစေ ... လောက ကြီး ကို အရွဲ့မတိုက်ပါနဲ့ ... အရွဲ့တိုက်မိခဲ့လျှင် .... သူ့ ဟာသူ နေတဲ့ လောကကြီး က မရွဲ့ဘဲ .... ကံဆိုးချိန်များ မှာ ဘယ်လိုလူ လာလာ မကယ်တင်ပေးနိုင်တာမို့ .... ယုံစားမိတဲ့ သင့် ဘ၀သာ ပိုပြီး ဆိုးရွားသွားပါလိမ့်မယ် ...... ထို့အတွက် ဘယ်လောက်ဘဲ ဒုက္ခရောက်ရောက် ... ဆိုးရွားလိုက်တဲ့ လောကဓံ ဆိုတာကြီး ကို သတ္တိရှိရှိ နောက်မဆုတ်တမ်း စိန်ခေါ် ပြီး ..... သင့် ရဲ့ အရှုံး မပေးတဲ့ စိတ်ဓာတ် နဲ့ မဆုတ်မနစ် ကြိုးစားပြီး ရဲရဲဝံ့ဝံ့ အောင်ပွဲခံနိုင်ကြပါစေ .... လို့ .....

( အဆင်မပြေ နိမ့်ကျ သိမ်ငယ်ရတဲ့ မိသားစု ဘ၀ အမျိုးမျိုးက စိတ်ဒဏ်ရာ ဗလပွ နဲ့ ကြီးပြင်းခဲ့ရတဲ့ ကလေးတွေ လောကဓံ ဆိုတာကြီး ကို ယှဉ်ပြိုင်ကာ အနိုင်ရလို့ ဘ၀ မှာ ထူးချွန် အောင်မြင်သော လူငယ် ကလေးများ ဖြစ်နိုင်ကြပါစေကြောင်း .... ဆန္ဒများစွာဖြင့် )




သမီး ကို ဒီဘ၀ ထဲ က ဆွဲထုတ်ပေးမယ် ဆိုတဲ့ သူ့ စကား ကို ယုံကြည်ပြီး .... ဘာလုပ်လို့ဘယ်မှာ နေတယ်မှန်း မသိတဲ့ သူ့နောက် ... ကောက်ကောက်ပါအောင် ... လိုက်ခဲ့မိသလို .... ဒုက္ခ အမျိုးမျိုး နဲ့ သမီး ဘ၀ ကို ကယ်တင်ပြီး အတည်တကျ ပေါင်းသင်းပါ့မယ် .... ဆိုပြီး တကယ်တမ်း လည်း ကျရော ... အိမ် တစ်လုံး နဲ့ အငှား ထားပေးထားတာ က လွဲလို့ တရားဝင် ယူဖို့နေနေသာသာ .... သူ့ မှာ တရားဝင် သားကြီး ၊ မယားကြီး နဲ့ .... မယားငယ်တွေ က လည်း အများကြီး အပြင် ... သူ က အလုပ် မလုပ်ဘဲ အဲဒီ မိန်းမတွေ အားလုံး ကို ပါ မကောင်းတဲ့ ဘ၀ နဲ့ ပိုက်ဆံ ရှာခိုင်းပြီး ထိုင်စားနေတဲ့ ..... လုံးဝ ထင်ရက် စရာမရှိတဲ့ ယောကျာ်း တစ်ယောက် ဖြစ်နေမှန်း အခုမှ သိရပါတယ် .....

Wednesday, September 4, 2013

ဘ၀နှင့် ရင်း၍ ... (အာကာခေတ်ပိုင်)






“ဘာ … ဘာရယ် … ပြန်ပြောစမ်းပါအုံး …"

မျှော်လင့်မထားသော စကားကြောင့် အံအားသင့်ကာ ခပ်သွက်သွက်လေး ပြန်မေးမိသည်။

“ဟုတ်တယ်ဆရာ … ကုတင်နံပါတ်(၃)က မွေးလူနာက ကလေးကို ထားခဲ့ပြီး လစ်ပြေးသွားပြီ"

သူနာပြုဆရာမ မနီ၏စကားကို ထပ်မံကြားလိုက်ရချိန်တွင် ဒေါက်တာပြည့်စုံ မျက်လုံးပြူး ပါးစပ်အဟောင်း သား ဖြစ်သွားရပြန်သည်။ ထို့နောက် ထိုင်ခုံပေါ်တွင် ပြန်ထိုင်လိုက်ပြီး သက်ပြင်းရှည်ချကာ


“ဟာဗျာ … ခက်တာပဲ၊ အဲဒီတော့ ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ … “ဟု ယောင်ယမ်းစွာ လွှတ်ခနဲ ပြောလိုက်မိချေသည်။ ဆရာမ မနီက သူ၏လက်အောက်ဝန်ထမ်း။ သူ ဆရာမရှေ့တွင် ဟန်မဆောင်နိုင်လောက်အောင် မျက်စိမျက်နှာ ပျက်ယွင်းနေသော်လည်း မတတ်နိုင်ပေ။ ထိုကိစ္စအတွက် ဘာလုပ်လို့ ဘာကိုင်ရမည်မှန်း စဉ်းစားမရအောင် ဖြစ်နေရသည်။

“ကျွန်မတို့လည်း … သူပေးထားတဲ့ လိပ်စာအတိုင်း လိုက်စုံစမ်းပါတယ်၊ ဒါပေမယ့် လိပ်စာက အမှားကြီး"

သူ စိတ်မောသွားရကာ ခြေပစ်လက်ပစ် ထိုင်ချမိလေသည်။ ဆေးရုံတက်စာရင်းတွင် နေရပ်လိပ်စာကို အမြဲတောင်းသည်။ တစ်ယောက်မှ လိမ်လည်ပြီး လိပ်စာမပေးကြ။ အခုဒီတစ်ယောက်က..

“အခုကလေးကော …"

“ကျွန်မတို့အခန်းထဲမှာ …. ၀၀ကစ်ကစ်နဲ့ယောက်ျားလေး … ပြီးတော့ ချစ်စရာလေး၊ အခု ကလေးက နို့ဆာလို့ထင်တယ် ငိုနေတယ် …"

ဆရာမ မနီ၏စကားအဆုံးတွင် သူ သက်ပြင်းရှည်ကြီး လေးပင်စွာ ချမိသည်။ လွန်ခဲ့သော လေးရက် က မွေးလူနာဗိုက်ကြီးသည် တစ်ယောက် သူတို့ တောင်ညောင်ဦးတိုက်နယ်ဆေးရုံသို့ ရောက်ရှိခဲ့ပါသည်။ ဗိုက်မှာ နာကျင်သော ဝေဒနာကြောင့် လူးလဲစွာ ခံစားရင်း ရုန်းရင်းဆန်ခတ် အော်ဟစ်နေ သည်။ မွေးလမ်းကြောင်းနှင့် ဗိုက်ကို သေချာစမ်းကြည့်လိုက်တော့ မကြာမီ မွေးဖွားပေတော့မည်။ ထို့ကြောင့် မွေးခန်းထဲ ချက်ချင်းထည့်ကာ ကလေးကို ရှောရှောရှူရှူ မွေးဖွားပေးနိုင်ခဲ့ပါသည်။ မီးမဖွားခင် တွင်အလုပ်ရှုပ်နေသောကြောင့် မွေးဖွားပြီးမှာသာ ဆေးရုံတက်မှတ်တမ်းတွင် ရေးမှတ်ရလေသည်။ ခင်ပွန်းနာမည်ဆိုတော့ ခင်ပွန်းမရှိဟု ခပ်ပြတ်ပြတ်ပြောပြီး ကလေးကို နို့တိုက်ကာ မှိန်းနေလေသည်။ မမှိန်းနိုင်တာက သူတို့ဖြစ်ရလေသည်။ သူနှင့် ဆေးရုံဝန်ထမ်းအားလုံး အလုပ်ရှုပ်သွားရကာ မွေးလူနာ လာပို့သွားသော လူများကို ပြန်ခေါ်ခဲ့ရလေသည်။ ထိုလူများ ချက်ချင်း လိုက်လာကြပြီး …

“ကျွန်မတို့လည်း ဒီကလေးမကို တစ်ခါမှ မမြင်ဖူးပါဘူး၊သိဘို့ဆိုတာ ဝေးပါသေးတယ်၊ ဒီနေ့ ကျွန်မတို့ ထမင်းဆိုင်ကို သူတစ်ယောက်တည်း ထမင်းလာစားတယ်၊မပေါ့မပါးကြီးနဲ့ဆိုတော့ သတိထားမိတယ်၊ အဲ ခဏနေတော့ ဗိုက်နာတယ်လို့ပြောတယ်၊ အဲဒါနဲ့ ဒီကလေးမ မျက်နှာမြင်ချင်တာပဲနေမှာဆိုပြီး ဒီဆေးရုံ ကို ခေါ်လာခဲ့တာပါ"

ရှိစေတော့ဟု ဆုံးဖြတ်ကာ ထိုမွေးလူနာအား လိုအပ်သောဆေးမှအစ အစားအသောက်ကိုပါ ဆေးရုံမှ တာဝန်ယူပေးရလေသည်။ ဟော … အခုတော့ ထိုအမျိုးသမီးက ကလေးငယ်ကို စွန့်ပစ်ပြီး ထွက်ပြေး သွားပြီဆိုပါလား …

“ကဲ … ဆရာမ ကလေးကို ကျွန်တော် လိုက်ကြည့်မယ်"

သူနှင့် ဆရာမ ကလေးရှိရာအခန်းထဲသို့ လျှောက်လာခဲ့ကြသည်။ တံခါးကို ဖွင့်လိုက်တယ်ဆိုရင်ပဲ ပိတ်ဖြူဖြင့် ထွေးထားသော ကလေးနီတာရဲလေးက လှုပ်ရှားကန်လန်ကျောက်နေလေသည်။ စူးစူးဝါးဝါး ငိုယိုနေသော ကလေးငယ်လေးကို ကြည့်ရင်း သူ့စိတ်ထဲတွင် နင့်ခနဲ ခံစားလိုက်ရသည်။ လောကကြီး အကြောင်းမသိနားမလည် မိခင်က စွန့်ပစ်သွားသော အပြစ်မရှိ တစ်ကောင်ကြွက် ကလေးလေးနှယ်။ ဖခင်ဆိုတာမရှိ။ ဆွေးရိပ်မျိုးရိပ်ဆိုတာ ဝေးစွ။ သူ စိတ်မသက်သာစွာနှင့် သက်ပြင်းရှည်ချမိသည်။

“ဆရာမ … ကလေးအတွက် နို့မှုန့် နဲ့လိုအပ်တဲ့ ပစ္စည်းတွေ ၀ယ်ပေးလိုက်ပါ"

“ဟို … ဆရာ … ဟို ဘယ်ပိုက်ဆံနဲ့ …"

ဆရာမ မနီက စကားတစ်ပိုင်းတစ်စနှင့် ရပ်တန့်သွားကာ သူ့အား အကဲခတ်ကြည့်နေသည်။ ဆေးရုံရန်ပုံငွေ အလုံအလောက်မရှိသော တိုက်နယ်ဆေးရုံလေးမှာ မည်သည့်ပိုက်ဆံနှင့် ၀ယ်ရမည်နည်း။ ဆရာမ၏စကား က သဘာဝကျသဖြင့် သူ ခေါင်းတဆတ်ဆတ်ညိတ်ကာ …

“ဆရာမ … ခဏနေရင် ကျွန်တော့်အခန်းထဲကို လာခဲ့ပါ"

ဟု ပြောပြီးပြီးချင်း သူ့အခန်းထဲသို့ ၀င်လာခဲ့သည်။ ကုလားထိုင်တွင် အချိန်မည်မျှကြာအောင် ထိုင်နေမိ သည်မသိ။ ဆရာမ၀င်လာမှ အတွေးစတို့ ပြတ်တောက်သွားရကာ …

“ကဲ … ဆရာမ လိုအပ်တာ အကုန်ဝယ်ပေးလိုက်၊ ရော့ … ဒါ ကျွန်တော့်လစာလေးတွေ စုထားတဲ့ပိုက်ဆံ"

ဆရာမရှေ့သို့ ပိုက်ဆံထပ်ကို ချပေးလိုက်သည်။ ဆရာမက သူ့အားမျက်လုံးအ၀ိုင်းသားနှင့် ကြည့်နေရင်း …

“ဆရာ …"

“ပြောပါ … ဆရာမ၊ နည်းသေးလို့လား … ကျွန်တော့်မှာလည်း အဲဒါပဲရှိတယ် …"

“အို … မဟုတ်ပါဘူးဆရာ … ဟို … ကလေးကို မိဘမဲ့ကလေးများကျောင်းကို ပို့လိုက်ရမလား …"

ဆရာမ၏ မ၀ံ့မရဲစကားကြောင့် သူတွေဝေသွားရသည်။ ကလေးက အခုမှ လေးရက်သားပဲ ရှိသေးသည်။ မိခင်ရင်ခွင်ထဲမှာ နွေးနွေးထွေးထွေးထားရှိရမည့် နုနယ်သောအရွယ်လေးတွင် ရောဂါပေါင်းစုံ ၀င်လာ နိုင်သည်။ ခိုကိုးရာမဲ့ ကလေးငယ်အတွက် ဆေးရုံသည်သာ အသင့်တော်ဆုံး နေရာဖြစ်သည်။

“မပို့နဲ့အုံး ဆရာမ … သူ့မိခင် ပြန်လာခေါ်ရင် ခေါ်လိမ့်မယ် …"

“ပြန်မခေါ်လောက်ဘူးထင်တယ် ဆရာ …"

ဟု ဆရာမ၏ချက်ချင်းတုံ့ပြန်စကားကြောင့် သူမျက်မှောင်ကျုံ့သွားရကာ …

“ဆရာမက ဘာအကြောင်းပြချက်ကြောင့် အဲဒီလို ပြောနိုင်ရတာလဲ"

“ဒီလိုပါဆရာ … ဟိုတစ်နေ့က ကျွန်မက သူ့ခင်ပွန်းအကြောင်း မေးပါတယ်ဆရာ၊ အဲဒီအချိန်မှာ သူ့မျက်နှာ က သိသိသာသာ ပျက်နေတယ်၊ နောက်မှ ဖြည်းဖြည်းချင်း ပြောပါတယ်၊ သူက စားသောက်ဆိုင်တစ်ဆိုင် မှာ သီချင်းဆိုပါတယ်တဲ့၊ သူသီချင်းဆိုရင် အမြဲအားပေးတဲ့ လူတစ်ယောက်ရှိတယ်၊ အဲဒီလူက ညတိုင်းလိုလို လာပြီး ပန်းကုံးတွေ အမြဲစွပ်တယ်၊ နောက် ရင်းနှီးပြီး …"

အပျိုကြီးဆရာမမှာ စကားမဆက်နိုင်ဘဲ ခေါင်းငုံ့ထားလေသည်။ ရှက်ရွံ့မှုကြောင့် ပါးမို့မို့လေးနှစ်ဘက်မှာ ရဲတက်လာသည်။

“ထားပါတော့ သူတို့အချင်းချင်း အဆင်ပြေသွားကြတယ်ဆိုပါတော့ …"

“ဟုတ်တယ်ဆရာ … အဲဒီလူက လက်ထပ်ယူမယ်လို့ပြောတယ်တဲ့၊ အဲဒါနဲ့ သူလည်း တားဆေးတွေ မထိုး မသောက်ဘူးတဲ့၊ သူလည်း ကိုယ်ဝန်ရှိရော အဲဒီလူက ပေါ်မလာတော့ဘူး၊ စားသောက်ဆိုင်ကလည်း နာမည်ပျက်တယ်ဆိုပြီး အလုပ်ထုတ်လိုက်တယ်တဲ့ …"

သြော် … တစ်လုံးတည်းက လွဲပြီး သူဘာမျှမပြောနိုင်။ စားဝတ်နေရေးကြောင့် အမျိုးကောင်းသမီးပျိုလေး များ စားသောက်ဆိုင်မှာ သီချင်းဆို။ ငွေရရင် ဘာမဆိုလုပ်မည်ဆိုသည့် ပိုင်ရှင်များ၏လောဘကြားဝယ် ဓားစားခံဖြစ်။ ငွေကို ရေလိုဖြုန်းနိုင်သည့် တဏှာဘီလူးကြီးများက ငွေနှင့်မက်လုံးပေး။ မိန်းကလေးများ က ငွေမျက်နှာကိုကြည့်ပြီး ပင်လယ်ထဲမှာ မဆင်မခြင် လက်ပစ်ကူးခတ်။ ရေနစ်မည်ဆိုတာ မစဉ်းစား မိ။ နောက်ဆုံး ဒုက္ခပင်လယ်ထဲမှာစုံးစုံးနစ်မြုပ်ကြရသည့် ဇာတ်လမ်းများက မရိုးနိုင်။

“နောက်ပြီးဆရာ … သူနာမည်ကို ပန်းနုဝေလို့ လူနာမှတ်တမ်းမှာ ပေးထားပေမယ့် ကျွန်မဆေးထိုးတော့ သူ့လက်မောင်းမှာ စန်းစန်းအေးလို့ တက်တူးထိုးထားတာ တွေ့တယ်ဆရာ …"

ဒါကတော့ သိပ်တော့မဆန်း။ ရွာမှာတုန်းက မိဘများပေးခဲ့သည်က စန်းစန်းအေး။ စားသောက် ဆိုင်ရောက်တော့ ပန်းနုဝေဟု အမည်ပြောင်းလိုက်တာပဲဖြစ်ပေလိမ့်မည်။
“နောက်ပြီး … အဖွားကြီးတစ်ယောက်ဆီမှာ ဗိုက်ဖျက်ချဖူးသေးတယ်တဲ့၊ မပျက်ကျဘဲ အခုလို ကလေးမွေးလာတာတဲ့ …"

ဘုရား … ဘုရား … သူဘုရားတမိသည်။ ကိုယ်မှားတုန်းက မှားကြပြီး အပြစ်မဲ့ရင်သွေးလေးကို သတ်ပစ်မည်ဆိုပါလား။ မိခင်စိတ်မရှိကြပါလား။ ငရဲမကြောက်ဘဲ ဖျက်ချပေးခဲ့သည့် သူကလည်း အံ့ပါ့။ သူ ဒေါသဖြစ်ကာ တက်တစ်ချက်ခပ်ပြင်းပြင်း ခေါက်လိုက်သည်။

“ကဲ ကဲ … ဆရာမ ကလေးအတွက် နောက်မှပဲ တစ်မျိုးကြည့်စီစဉ်ကြတာပေါ့၊ အခုတော့ လိုအပ်တာတွေ ၀ယ်ပေးလိုက်ပါ"

ဆရာမ အခန်းထဲမှ ထွက်သွားချိန်ထိ သူ ငေးငိုင်နေမိသည်။ လူ့လောကအကြောင်း ဘာမျှမသိရှာ ပဲ ရောက်လာခဲ့သော အပြစ်မရှိ ကလေးငယ်လေး။ မိဘမဲ့ကလေးကျောင်းကိုလည်း မပို့ချင်သေး။ အပျိုကြီး ဆရာမ မနီကလည်း ထိုကလေးကို မွေးစားချင်သည့်ပုံမပေါ်။ အလုပ်သမားများ၏ လက်ထဲကိုလည်း ကလေး၏နောက်ရေး စိတ်မအေးရသဖြင့် မပေးပစ်နိုင်။ ထိုကလေးငယ်သည် နောင်တစ်ချိန်မှာ နိုင်ငံတော်အတွက် အရေးပါသည့် လူတစ်ယောက်ဖြစ်လာနိုင်သည်။ သူ တွေးရင်း သက်ပြင်းကိုသာ အခါခါ ချနေရလေသည်။

@@@

“ဟော … ဆရာမ မနီ .. လာ … လာ ဘာတွေ ထူးခြားသေးလဲ"

ဆရာမ မနီက သူညွှန်ပြရာ ခုံတွင် ၀င်ထိုင်ရင်း ဖိုင်အထပ်ထပ်ကို ချကာ …

“ဘာမှတော့ ထူးထူးထွေထွေ မရှိပါဘူးဆရာ … မွေးလူနာ မမြမှုံက ဒီနေ့ဆင်းခွင့်ပေးရတော့မှာလေ … အဲဒါ ဆေးရုံဆင်းခွင့်စာအုပ်မှာ ဆရာလက်မှတ်ထိုးပေးဘို့ပါ …"

“သြော် … အေးအေး သူက ခွဲမွေးထားတာပဲ၊ နေအုံး ကျွန်တော် တစ်ချက်ကြည့်လိုက်အုံးမယ် …"

“အဲဒါထက် အရေးကြီးတာ ရှိသေးတယ်ဆရာ … ဟို ကလေးလေးကို လိုက်ကြည့်ပေးပါအုံး …"

“ဟုတ်သားပဲ … မေ့နေလိုက်တာ … ဘာဖြစ်လို့လဲ …"

“ဖျားနေလို့ဆရာ …"

ထိုကလေးငယ်ကို လိုက်ကြည့်ပေးလိုက်သည်။ ကလေးငယ်မှာ တစ်ကိုယ်လုံး ပူနွေးနေသဖြင့် အနှီး ကို မြန်မြန်ဖယ်ရှားကာ စမ်းသပ်စစ်ဆေးလိုက်သည်။ ကလေးငယ်၏ချက်မှာ ရဲနေပြီး ပြည်နည်းနည်း စို့ နေလေသည်။ အနံ့အသက်ကလည်း သိပ်မကောင်းလှ။

“ကလေးရဲ့ချက်က ပိုးဝင်နေတာပဲ၊ ဆရာမ ကလေးကို ဆေးထိုးပေးလိုက်ပါ"

လိုအပ်သောဆေးများကို ညွှန်ကြားပေးလိုက်သည်။ ကိုယ်ပူတက်ကာ မှိန်းနေသော ကလေးငယ်ကို ကြည့်ရင်း သူ သက်ပြင်းရှည်ချမိသည်။

“၁၀ ရက်တောင် ရှိပြီနော်၊ ကလေးအမေလည်း အခုချိန်ထိ ပေါ်မလာတော့ဘူး၊ လာမခေါ် ရင်တော့ ဆေးရုံကပဲ မွေးစားရတော့မှာပဲ၊ ဆရာကလည်း မိဘမဲ့ကျောင်းကို မပို့ချင်ဘူးမဟုတ်လား"

ဆရာမက ကလေးငယ်၏အကြောထဲ အပ်ထိုးနေရင်းဆိုလေသည်။ ကလေးငယ်မှာ အပ်ထိုးလိုက်ခြင်းကြောင့် နာကျင်လွန်းသဖြင့် ခပ်သဲ့သဲ့လေး ငိုညည်းနေရှာသည်။ သူ့ရင်ထဲတွင်လည်း ဆို့နစ်ကြေကွဲသွားရလေသည်။ ကလေးငယ်၏ဘ၀သည် သူ့ဘ၀ကို ပုံတူကူးထားသော ဇာတ်လမ်းတစ်ပုဒ် လိုပါပဲလား …

@@@

ဒေါက်တာပြည့်စုံကို ကိုယ်ဝန်ဆောင်စဉ်က သူ့အဖေ သေဆုံးသွားခဲ့သည်။ အဖေဆိုတာ ဘယ်လိုအရာမျိုး လည်း သူမသိခဲ့။ မိခင်မုဆိုးမကြီးမှာ ဘ၀ကို အရှုံးမပေးဘဲ ဈေးတောင်းခေါင်းပေါ်ရွက်ကာ သူ ဆေးကျောင်းရောက်အောင် ကျောင်းထားပေးခဲ့သည်။ ကံတရား၏လှံဖျားက မျက်နှာသာမပေးဘဲ ထိုးနှက်ခြင်းကို ခံခဲ့ရပြန်သည်။ သူဆေးကျောင်းတက်သည့်နှစ်မှာပဲ မိခင်က ဆုံးပါးသွားခဲ့ပြန်သည်။ ခိုကိုး ရာမဲ့ ဆွေမရှိ မျိုးမရှိ တစ်ကောင်ကြွက်ဘ၀တွင် ရွာမှထောက်ပံ့ပေးခဲ့သဖြင့် ဆရာဝန်ဖြစ်ခဲ့ရလေသည်။ ဘ၀ဇာတ်ခုံပေါ်တွင် ငိုချင်းချည်းသာ ကခဲ့ရသော သူ့နှလုံးသားထဲတွင် ဘ၀တူကလေးငယ်အတွက် အကြင်နာတရားတို့ ကိန်းဝပ်နေသည်မှာ အဆန်းတကျယ်တော့ မဟုတ်။

“ဆရာ … ကလေးလေးတစ်လပြည့်ပြီနော် … ကလေးကို မွေးစားမယ့် သူဌေးတစ်ယောက်လောက် ပေါ် လာရင်ကောင်းမှာ …"

ဆရာမ မနီ၏ညည်းညူစကားကြောင့် သူ ရင်ထဲတွင် ဟာခနဲဖြစ်သွားရကာ …

“မကောင်းဘူး … ကလေးကို ကျွန်တော်မွေးစားမှာ"

ဟု လွှတ်ခနဲ ပြောမိသွားသည်။ သူ့စကားသူပင် မယုံနိုင်လောက်အောင် အံ့သြမိလေသည်။ ဆရာမက လည်း သူ့အား မျက်လုံးအ၀ိုင်းသားနှင့် ကြောင်ကြည့်နေလေသည်။

“ဆရာရယ် … ဆရာက တစ်ယောက်တည်းသမားဆိုတော့ ဖြစ်ပါ့မလား …"

သူ ဖြည်းဖြည်းချင်း ခေါင်းညိတ်ပြလိုက်သည်။ ထို့သို့ဖြင့် လုံးဝမျှောင်လင့်မထားသော သံယောဇဉ် အမျှင်လေးသည် သူ့ဘ၀ထဲသို့ လာရောက်ရစ်ပတ်တွယ်မိလေသည်။

@@@

“ဆရာ … ဒီမှာ ဆရာ့အတွက် စာတဲ့၊ ဆေးရုံပေါက်မှာ စာပို့သမားတစ်ယောက်လာပို့သွားလို့ ကျွန်မ ယူလာတာ … ပေးပေး ကျွန်မကို ကလေးပေး … “

အလုပ်သမား ဒေါ်စိန်ဆီမှ စာကိုလှမ်းယူရင်း ကလေးကို ပေးလိုက်သည်။ ထို့နောက် နို့ဘူးကို စားပွဲပေါ်တင် ကာ စာအိတ်ပေါ်မှ လက်ရေးကို ကြည့်လိုက်သည်။ သူ အကျွမ်းတ၀င်ရှိလှသော ချစ်သူလက်ရေး … စိတ်လှုပ်ရှားစွာနှင့် စာအိတ်ကို မြန်မြန်ဖွင့် ဖတ်လိုက်သည်။

သို့/
ကိုပြည့် ...
ဝေ သတိရခြင်း များစွာဖြင့် စာရေးလိုက်ပါတယ် … ဝေ ဆေးပညာ ဘွဲ့လွန်ဝင်ခွင့် စာမေးပွဲအောင်တယ် … ဝေ အရမ်းပျော်နေတယ် … ကိုပြည့်လည်း ပျော်နေမယ်မဟုတ်လား … အခု မန္တလေးဆေးရုံကြီးမှာ ဘွဲ့လွန်တက်ရတော့မှာ … ကိုပြည့်နဲ့ဝေပျော်ခဲ့တဲ့ နေရာလေးတွေကို ပြန်ရောက်အုံးမှာပေါ့ … အလွမ်းပြေသွားလိုက်အုံးမယ် … ကိုပြည့်က အခု ကလေးတစ်ယောက်ကို မွေးစားလိုက်တယ်ဆို … အဲဒါတော့ ဝေ သဘောမကျဘူး … ဝေ မိဘတွေကလည်း သဘောကျမှာမဟုတ်ဘူး… ဝေ့မှာ ကိုယ်ချင်းစာတရားရှိပါတယ် … ဒါပေမယ့် ကိုပြည့်ရယ် … ကိုပြည့်နဲ့ဝေတို့ ရှေ့ဆက်ရမယ့် ခရီးလမ်းမှာ ဒီကလေးက အနှောက်အယှက်ဖြစ်စေနိုင် တယ်ဆိုတာ ကိုပြည့်မစဉ်းစားမိဘူးလား … အစကတည်းက ကိုပြည့်နဲ့ဝေကို ဝေ့မိဘတွေက သဘောမတူ ပါဘူးဆို အခု ကလေးတစ်ယောက်ကို မွေးစားလိုက်ပြီဆိုတော့ မေမေကို ဘယ်လိုပြောရမယ်မှန်းမသိတော့ ဘူး … ဖြစ်နိုင်ရင် အဲဒီကလေးကို နောက်မွေးစားမယ့် လူလက်ထဲကို ပေးလိုက်ပါလား … ဒါပဲနော် …
ကိုပြည့်ကို အသက်မက ချစ်တဲ့ဝေ

စာဖတ်ပြီးချိန်တွင် သူခေါင်းငိုက်စိုက်ကျသွားရသည်။ သူသိပ်ချစ်ရသော ချစ်သူလေး။ သူဆေးကျောင်းသား ဘ၀တွင် ရည်းစားဆိုလို့ ဝေတစ်ယောက်ကိုသာ ထားခဲ့ဖူးသည်။ ပြည့်စုံဆိုသော နာမည်မှလွဲ၍ ဘာမှမပြည့် စုံသော သူ့ဘ၀နှင့် ရွှေပုံပေါ်က မင်းသမီးလေး ဝေ့ဘ၀ကို တစ်ထပ်တည်းဖြစ်အောင် ဘ၀ဇာတ်ဆရာက ဖန်တီးပေးခဲ့သည်။ အခုတော့ …

ချစ်သူနှင့် အပြစ်မဲ့သားငယ်လေးတို့၏ လွန်ဆွဲပွဲတွင် သူသည် မည်သည့်ဘက်တွင် ရပ်တည်ရမည်နည်း။ အသက်မက ချစ်ပါတယ်ဆိုသည့် ဝေ့ကိုပဲ တစ်သက်တာ လက်တွဲသွားရမည်လား … စွန့်ပစ်ခံသား ငယ်လေးကို ဘ၀နှင့်ရင်းပြီး ထွေးပွေ့ရမည်လား … သားငယ်လေး၏စူးစူးဝါးဝါးငိုသံကြောင့် သူ့အတွေးစ တို့ ပြတ်တောက်သွားရကာ …

“ဒေါ်စိန် … သားလေး ဘာဖြစ်လို့လဲ … " ဟု ကပျာကယာ လှမ်းမေးလိုက်သည်။

“ဘာမှ မဖြစ်ပါဘူးဆရာ … အလေးတွေ သွားနေလို့ ငိုတာပါ … “ဟု ဒေါ်စိန်ကလှမ်းပြောမှ သူမှာ စိတ်အေး သွားရကာ သက်ပြင်းချနိုင်လေသည်။

တရေးရေးသတိရ၍ တစိမ့်စိမ့် လွမ်းဆွတ်ပြီး တနွေးနွေးချစ်နေရုံမှလွဲ၍ ဘာမှမတတ်နိုင်တော့ပါ လား ဝေရယ် …

အာကာခေတ်ပိုင်

လရောင်မျှားသော နွေညများ (နွေလ)






ညသည် အတော်လေးကို လှပလွန်းနေ၏။

ဘယ်လိုကို လှပနေမှန်းမသိ။ လရောင်ဖြင့် ကဗျာဆန်နေလိုက်သည့်ဖြစ်ခြင်း။ ကောင်းကင်တလင်းပြင်တွင် လည်း ညိုမှောင်သော တိမ်လိပ်တိမ်စိုင်များ ကင်းစင်နေသည်။ အနက်ရောင် ကတ္တီပါစပေါ်တွင် ဒင်္ဂါးပြားကြီးတစ်ခုနှင့် စိန်မှုန်စိန်ပွင့်ကလေးတွေ ကြဲပက်ထားသည့်နှယ် ကောင်းကင်သည် ဝင်းဝါထိန် ပနေသော ရွှေရောင်လမင်းကြီး ၊ ပြိုးပြိုးပြက်ပြက် ဝင်းလဲ့နေသော ကြယ်တာရာတို့နှင့် လှချင်တိုင်း လှနေပေသည်။

သည်လိုညမျိုးတွေကို ကျွန်တော် ချစ်၏။ သည်လိုညမျိုးတွေမှာ ပြတင်းပေါက်အနား ထိုင်ပြီး ကောင်းကင် ကြီးကို တခုတ်တရ ငေးကြည့်နေရသည့်အရသာကို ကျွန်တော် အထူးပင်နှစ်သက်မိသည်။ ကြုံကြိုက် ၍ ငေးကြည့်ခွင့်ရသည့်အခါတိုင်း ညဥ့်နက်သွားသည့်တိုင်အောင် ကျွန်တော် မအိပ်ခဲ့။ သည်လိုညလေး ကုန်ဆုံးသွားမှာကိုပင် စိုးကြောက်မိကာ မအိပ်ချင်သရွေ့တော့ ကောင်းကင်ကို ငေးကြည့်နေမိသည်။ တစ်ခါတလေ ကောင်းကင်ကို ငေးကြည့်ရင်း အတွေးအာရုံတွေရကာ သီချင်းတစ်ပုဒ် ရေးစပ်ပြီးဆုံးလိုက် သည်များလည်း သည်လိုညမျိုးတွေမှာ ရှိခဲ့ဖူးသည်။ ထိုကြောင့် အနုပညာသည်ပီပီ သည်လိုညမျိုးတွေကို ကျွန်တော် ချစ်ခြင်း ဖြစ်သည်။


ရန်ကုန်လို နေရာမျိုးမှာတော့ သည်လိုလှပလွန်းသည့် လပြည့်ညတွေကို ရံဖန်ရံခါမှပင် ကြုံရတတ်ပါသည်။ သို့သော် ကြုံခဲလှ၏။ မြို့ကြီးပြကြီးဆိုသည့်ဂုဏ်ပုဒ်အောက်မှာ လသည် သာချင်တိုင်း သာခွင့်မရခဲ့ပေ။ မျက်စိစူးအောင် လင်းလွန်းလှသော နီယွန်ယွန်မီးသီးတွေသည် လ၏အလင်းရောင်ကို တိမ်မြုပ်စေခဲ့ပြီ။

အခုတောင် သီချင်းဆိုဖို့ကိစ္စနှင့် နယ်မြို့လေးတစ်မြို့ကို ရောက်နေသောကြောင့်သာ။ သည်မြို့လေး မှာ နှစ်စဉ်ကျင်းပမြဲဖြစ်သော ကထိန်ပွဲတော်အတွက် ကျွန်တော်နှင့်အတူ နာမည်ကြီးအဆိုတော် (၆)ယောက် လာရောက်သီဆိုဖျော်ဖြေပေးကြခြင်း ဖြစ်သည်။ နို့မို့သာဆို သည်လိုညမျိုး သည်လိုအလှမျိုးကို ကြုံကြိုက်ဖို့ရာ မလွယ်ရေးချ မလွယ်ပေ။ သည်နေ့က ကျွန်တော်တို့ အဆိုတော်တွေ တည်းကြသည့် အိမ်ရှိရာ ရပ်ကွက်၏ မီးပျက်ရက် ဖြစ်နေ၏။ မီးပျက်နေပေမဲ့လည်း ပတ်ဝန်းကျင်သည် ပိတ်ပိတ် ပိန်းအောင် မှောင်ကျမသွား … မပြည့်ရုံတမယ် ထိန်ထိန်သာနေသော လ၏အရောင်ကြောင့် အနည်းငယ် လင်းရှင်းနေသည်။

အစကတော့ အိမ်ရှင်ဦးလေးက ဘက်ထရီအိုးဖြင့် မီးထွန်းပေးဖို့ လုပ်သေးသည်။ ကျွန်တော်တို့ အဆိုတော်တွေက အနုပညာသည်တွေပီပီ သဘာဝအလှကို ခံစားတတ်ပေရာ လရောင်နှင့် လှနေသော ညလေးကို သည်အတိုင်းပဲ ထိုင်ကြည့်ချင်သည်ဟု ဆိုကြသောကြောင့် အိမ်ရှင်ဦးလေးမှာ ဘာမှမစွမ်း သာတော့။ ကျွန်တော်တို့ အဆိုတော်တွေနှင့် အိမ်ရှေ့က မြေကွက်လပ်ကလေးမှာ အတူထိုင်ရင်း ဟိုအကြောင်း သည်အကြောင်းတွေ ပြောကာ မီးပြန်လာမည့်အချိန်ကိုပဲ ထိုင်စောင့်နေခဲ့သည်။

ထိုအချိန်တွင် ရေဒီယိုမှ ကျွန်တော်၏ နာမည်ကြီးသီချင်း ထွက်ပေါ်လာသည်။ ရေဒီယိုကို ဘယ်သူ ဖွင့်လိုက် သည် မသိ။ အသံလာရာကို လှမ်းကြည့်လိုက်တော့ ရေဒီယိုက အိမ်ရှင်ဦးလေးအနားမှာ။ လသာသော ညလေးတစ်ညမှာ ရေဒီယိုလေးတစ်လုံးနှင့် အရာရာသည် ကဗျာဆန်နေသည်ဟု ကျွန်တော် ခံစားမိသည်။
အကုန်လုံး ငြိမ်ပြီး နားထောင်နေကြသည်။

သည်သီချင်းသည် ကျွန်တော့် Masterpiece ဟုဆိုလို့ရပြီး သည်သီချင်းဖြင့် စီးတီးအက်ဖ်အမ် ရွှေ အက်ဖ်အမ် တို့မှ ဆုပေါင်းများစွာ ရရှိခဲ့သည်။ ကျွန်တော် အောင်မြင်သော အဆိုတော်တစ်ယောက် ဖြစ်ခဲ့ ရခြင်းမှာလည်း သည်သီချင်းကြောင့်ဟု ဆိုနိုင်၏။ လွန်ခဲ့သော(၃)နှစ်က နာကျင်ကြေကွဲနေသောနှလုံး သားနှင့် ကျွန်တော်ကိုယ်တိုင် ရေးစပ်သီကုံးခဲ့သော သီချင်းတစ်ပုဒ် ဖြစ်သည်။

အခုချိန်ထိ သည်သီချင်းကို ဆိုသည့်အခါတိုင်း ကျွန်တော့်အသံတွေ တိမ်ဝင်သွားရစမြဲ ၊ ကျွန်တော့်မျက်ဝန်း မှာလည်း မျက်ရည်တွေ ရစ်ဝိုင်းလာရစမြဲ ၊ တစ်ချိန်က ‘ မ ’ ဆိုပြီး ကျွန်တော် မြတ်မြတ်နိုးနိုး ခေါ်ခဲ့ဖူးသော မိန်းကလေးတစ်ယောက်ကို ကျွန်တော့်အမြင်အာရုံတွင် မြင်ယောင်မိနေဆဲ။

ကျွန်တော် သည်အကြောင်းတွေကို ပြန်မတွေးချင်ပါ။ ပုံပြင်တစ်ပုဒ်အနေနှင့်သာ ကြွင်းကျန်ထားပစ် လိုက်ချင်သည်။ သို့သော် (၃)နှစ်ဆိုသော အချိန်ကာလသည် ကျွန်တော့် အတွက် အကောင်းဆုံး သမားတော် မဖြစ်ခဲ့ပေ။ ယနေ့တိုင် ထိုအကြောင်းတွေသည် ကျွန်တော့်ရင်ထဲတွင် ခမ်းနားနေဆဲ ဖြစ်သည်။ အကြောင်းတွေ တိုက်ဆိုင်တိုင်းလည်း ကျွန်တော့် နှလုံးသားမှာ အခုချိန်ထိ ငိုကြွေးနေရဆဲပင်။

၂ဝဝ၅ ဝန်းကျင်လောက်တုန်းက ကျွန်တော်သည် ဘာဆိုဘာမှ မဟုတ်သေးသော ကောင်လေး တစ်ယောက်သာ ဖြစ်သည်။ အခုလို အောင်မြင်ဖို့ပင်ဝေးစွ ကိုယ်ဖြစ်ချင်သော အိပ်မက်တွေကို စိတ်ကူးယဉ် ရုံသာ တတ်နိုင်ခဲ့သည်။ ဘာပဲဖြစ်ဖြစ်ပါ ထိုအချိန်တုန်းကတော့ ဆယ်တန်းအောင်ပြီးစ လူငယ်လေး တစ်ယောက်၏ စိတ်ကူးတွေသည် အကြီးကျယ်ဆုံး ခမ်းနားနေခဲ့တာပဲ ဖြစ်သည်။

ဂစ်တာတီးခတ်ပြီး သီချင်းဆိုရသည့် အလုပ်ကို ကျွန်တော် အရမ်းကို မက်မောတွယ်တာမိသည်။ သီချင်း ဆိုခြင်းသည် ကျွန်တော့်ဝါသနာ ၊ အဆိုတော်ဘဝသည် ကျွန်တော် အရူးမူးဆုံးသော စိတ်ကူးအိပ်မက် ပင်။ ဖြစ်နိုင်သလား မဖြစ်နိုင်ဘူးလား ကျွန်တော် မသိ။ ဖြစ်ချင်နေသော ဆန္ဒတစ်ခုတည်းဖြင့် ထိုစိတ်ကူးတွေကို ရွက်လွင့်ရင်း ကျွန်တော် နေထိုင်ရာ နယ်မြို့ကလေးကနေ ရန်ကုန်မြို့ကြီးကို အရဲစွန့်ပြီး ချီတက်လာခဲ့လေသည်။

ထိုအချိန်တုန်းက လက်ထဲတွင် ဂစ်တာလေးတစ်လုံးနှင့် ရန်ကုန်သွားမည်ဆိုပြီး အလုပ်လုပ်ကာ မစားရက် မသောက်ရက် စုဆောင်းထားသော ငွေလေးငါးသောင်းကလွဲပြီး ဘာဆိုဘာမှ ပါမလာခဲ့။ အဝတ်တစ်စုံ ကိုယ်တစ်ခုဖြင့်သာ စိတ်ကူးအိပ်မက်တွေကို လွယ်ပိုးရင်း ဂစ်တာကို မလွှတ်တမ်းကိုင်ကာ ချီတက် လာခဲ့ခြင်း ဖြစ်သည်။ ရန်ကုန်ကိုရောက်တော့ မျက်စိသူငယ် နားသူငယ်နှင့် ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိပေမဲ့ ရန်ကုန်ရောက်ရင် ကိုယ် ဖြစ်ချင်တာ ဖြစ်ခွင့်ရလိမ့်မည် ဆိုသော အသိနှင့် အကျေနပ် ကြီး ကျေနပ်နေမိခဲ့သည်။

ကျွန်တော့်မှာ မိဘတွေ မရှိတော့ပါ။ အဖေက ကျွန်တော် လူမှန်းသိတတ်စကတည်းက ကုန်ကားလိုက်ရင်း ကုန်ကားမှောက်ပြီး ဆုံးပါးသွားခဲ့တာ ဖြစ်ပြီး မေမေကတော့ ကျွန်တော် ကိုးတန်းဖြေပြီးသည့်နှစ်မှာပင် လူကြီးရောဂါနှင့် ဆုံးပါးသွားခဲ့လေသည်။ ညီအစ်ကို မောင်နှမကလည်း မရှိ ၊ တစ်ကောင်ကြွက်သမား ကျွန်တော့်ကို ဆွေမျိုးမကင်းသော ဦးလေးရွှေညိုက ခေါ်ယူမွေးစားခဲ့သည်။ ဦးလေးရွှေညိုက တစ်ကိုယ်တည်းသမား လူပျိုကြီး ၊ ဂစ်တာတီးတတ်အောင်လည်း ဦးလေးရွှေညိုက သင်ပေးခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်တွင် အခြေချဖို့ မခက်ခဲခဲ့သည်မှာလည်း ဦးလေးရွှေညိုကြောင့်ပါပင်။ နေရမည့်နေရာ အလွယ်တကူ ရရှိခဲ့သည်။ ချောင်ကျကျ နေရာလေးတစ်ခုမှာ အခန်းတစ်ခန်းကို ဈေပေါပေါနှင့် ငှားနေနိုင်ခဲ့သည်။ အခန်း ပိုင်ရှင်မှာ ဦးလေးရွှေညို၏ သူငယ်ချင်းဖြစ်သည်။ ရန်ကုန်မှာက စားရိတ်စားခတွေက ကြီးလေးသည့် အတွက် အလုပ်လုပ်ကိုလုပ်ရမည်ဆိုသော ဦးလေးရွှေညို့စကားကြောင့် အလုပ်အကြောင်း မေးမြန်း စုံစမ်းကြည့်ရာ လမ်းထိပ်က စားသောက်ဆိုင်တွင် စားပွဲထိုးတစ်ယောက် အလိုရှိကြောင်း သိခဲ့ရသည်။

ကျွန်တော် မလုပ်ချင်။ ဂစ်တာတီးပြီး သီချင်းဆိုရသည့် နေရာမျိုး ၊ ကျွန်တော့်အရည်အချင်းတွေ ချပြလို့ရ မည့် နေရာမျိုးမှာသာ ကျွန်တော် အလုပ်လုပ်ခွင့်ရချင်သည်။ သို့သော် မတတ်နိုင်ခဲ့။ စားဝတ်နေရေး အတွက် အလုပ်လုပ်ကိုလုပ်ရမည်ဖြစ်ရာ စားပွဲအလုပ်ကိုပဲ လုပ်ခဲ့ရသည်။ ဒါတောင် ကျွန်တော် ကံကောင်း သည်ဟု ဆိုရမည်။ ရန်ကုန်လို နေရာမျိုးမှာက အလုပ်တစ်ခုရဖို့ဆိုတာ အတော်လေးကို ခက်ခဲ့သည်တဲ့။ ဦးလေးရွှေညို ကျွန်တော့်ကို ပြောပြဖူးပါသည်။

စားပွဲထိုး လုပ်နေပေမဲ့လည်း ကျွန်တော် လိုချင်သောအလုပ်ကို အမြဲမပြတ် ရှာဖွေနေခဲ့သည်။ လက်ရည် မကျသွားအောင်လည်း ဂစ်တာကို နေ့စဉ် တီး၏။ စားသောက်ဆိုင်မှာ တစ်နေကုန် တစ်နေခန်း ပြေးလွှား လှုပ်ရှားခဲ့သမျှ ခြေကုန်လက်ပန်းကျအောင် မောပန်းနေပေမဲ့လည်း တစ်နေ့ကို တစ်ပုဒ်တော့ မှန်မှန် တီးနေခဲ့ပါသည်။

ဇွဲကောင်းကောင်းနှင့် စုံစမ်းမေးမြန်းနေခဲ့ရာ တစ်ခုသော နေခြည်တောက်တောက် မနက်ခင်းတွင်တော့ ကျွန်တော် လိုချင်နေသာ အလုပ်ကို တွေ့ရှိခဲ့ပါသည်။ စားသောက်ဆိုင် အတွက် လိုအပ်သော ပစ္စည်းတွေ သွားဝယ်ရာလိုက်သွားရာမှ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ကော်ဖီဆိုင်လေးတစ်ခု၏ရှေ့တွင် ကြေညာဘုတ်လေး တစ်ခု ၊ ဂစ်တာတီးပြီး သီချင်းဆိုတတ်သူ အလိုရှိသည်တဲ့။ကျွန်တော့်မှာ ပျော်လိုက်သည့်ဖြစ်ခြင်း။ ကျွန်တော် စားသောက်ဆိုင်ကနေ အလုပ်ထွက်လိုက်တော့သည်။

လုံးဝ မထင်မှတ်ထားခဲ့ပါ။ အချစ်သောအရာကို သည်ကော်ဖီဆိုင်မှာ တွေ့ရလိမ့်မည်ဟု။ ဟုတ်သည် … ကျွန်တော် ‘ မ ’ ကို ထိုနေရာလေးမှာ စတင်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ မ,သည် ကျွန်တော် အလုပ်လုပ် ချင်နေသော ကော်ဖီဆိုင်လေး၏ ပိုင်ရှင် ဖြစ်နေ၏။

ကျွန်တော် အလုပ်ရခဲ့ပါသည်။ ထိုနေ့က မ,ကို ငေးကြည့်ရင်း အချစ်သီချင်းချိုချိုလေးတွေ ကောင်းစွာ တီးပြ ဆိုပြနိုင်ခဲ့သည်။ မ,ကတော့ မသိခဲ့။ မ,သည် ကျွန်တော့်အသံကို နားလေးစွင့်ရုံ နားထောင်နေခဲ့ပြီး မျက်ဝန်းတွေကတော့ ဂစ်တာကြိုးလေးတွေပေါ်မှာ ပြေးလွှားဆော့ကစားနေသော ကျွန်တော့် လက်ချောင်းလေးတွေကိုသာ ငေးကြည့်နေခဲ့သည်။ ထို ငေးကြည့်နေသော ပုံစံလေးကိုပင် ကျွန်တော် စွဲလမ်းသွားရခြင်း ဖြစ်သည်။

မ,ရှိရာ ကော်ဖီဆိုင်လေးသည် ကျွန်တော်နေသော ရပ်ကွက်နှင့် နည်းနည်းတော့ လှမ်းပါသည်။ မိနစ်နှစ် ဆယ်လောက် လမ်းလျှောက်သွားရသည်။ ကျွန်တော်တို့ရပ်ကွက်က လမ်ကြိုလမ်းကြားထဲမှာ ရှိနေပေရာ စီးသွားစရာ ကားလည်း မပေါက်ပေ။ စက်ဘီး ဆိုင်ကယ်ရှိလျှင်တော့ အတော်လေးကို အဆင်ပြေမည်။ ကျွန်တော် မမှုပါပေ။ မ,ရှိနေသည်ဆိုသောအသိလေးနှင့် ကော်ဖီဆိုင်သို့ ချီတက်နေသော ကျွန်တော့် ခြေလှမ်းတွေသည် သွက်ပြီးရင်း သွက်မြဲ။ ညောင်းလို့ညာလို့များ မညည်းညူမိခဲ့။ မ,၏ မျက်နှာလေးကို မြင်ယောင်မိလေတိုင်း ပန်းခဲ့သမျှ အမောပြေရသည်။ မ,ကို ကျွန်တော် အရမ်းချစ်မိနေပြီ။

မ,က အလိုက်သိတတ်ရှာ၏။ သူ့ဆိုင်က ဝန်ထမ်းတစ်ယောက် ဆိုင်သွားဆိုင်ပြန် လမ်းလျှောက်နေရသည့် အဖြစ်ကို ကြာရှည်စွာ မကြည့်ရက်ခဲ့နိုင်ပါ။ ကျွန်တော့်အတွက် သူ လေ့ကျင်ခန်းလုပ်သည့် ပြိုင်ဘီးလေးကို သူ့အိမ်ကနေ ယူလာပေးလေသည်။ ထိုနေ့က ကမ္ဘာပေါ်တွင် အပျော်ဆုံးလူသား ကျွန်တော်သာ ဖြစ်ပါ လိမ့်မည်။ မ,သည် အချို့ဆိုင်ရှင်တွေလို မဟုတ်။ ဝန်ထမ်းတွေ လိုအပ်တာရှိလျှင် ဖြည့်ဆည်းပေးတတ် သည်မှာ မ,၏ အကျင့်ကောင်းလေးတစ်ခု ဖြစ်သည်။ ထိုကြောင့် မ,ကို ဝန်ထမ်းတွေအားလုံးက လေးစား ချစ်ခင်ကြပြီး အလုပ်ကိုလည်း ကြိုးစားလုပ်ကိုင်ပေးကြသည်။ ထိုသူများထဲတွင် ကျွန်တော်လည်း တစ်ယောက်အပါအဝင် ဖြစ်၏။

မ,နှင့် ရင်းနှီးလာသည့်နောက်ပိုင်းတွင် မ,အကြောင်း တစေ့တစောင်း သိလာရသည်။ မ,၏ မိဘတွေသည် ချမ်းသာကြသည်တဲ့။ အခု ကော်ဖီဆိုင်ကိုတောင် မ,မိဘတွေက မ,ကို မွေးနေ့လက်ဆောင် ပေးခဲ့သည်တဲ့။ သည်အတိုင်းဆိုလျှင် မ,နှင့် ကျွန်တော့်ဘဝသည် မိုးနှင့်မြေလို။ မ,သည် ချမ်းသာသလောက် ဟန်ဆောင် ပဲများခြင်းလည်း မရှိ။ လှလည်း လှပေသည်။ လှသလောက် ရိုးသားပွင့်လင်းသည်။ တစ်ခါတုန်းက ကျွန်တော် သီချင်းဆိုနေကျ စတိတ်စင်ပေါ်တက်ပြီး ကျွန်တော်နှင့်အတူ စုံတွဲသီချင်းတစ်ပုဒ်ကို ဟန်ဆောင် မှုကင်းစွာ သီဆိုဖျော်ဖြေခဲ့သည်ပင်။ ထိုအခါမှ မ,လည်း သီချင်းတွေကို ချစ်တတ်မှန်း ၊ သီချင်းတွေ ကို ကောင်းကောင်း ဆိုတတ်မှန်း သိခဲ့ရသည်။

မ,နှင့်ရင်းနှီးပတ်သက်မိလေလေ မ,ကို ကျွန်တော် ချစ်မြတ်နိုးလေလေ ဖြစ်သည်။ တစ်ခါတလေ မ,၏ ချမ်းသာမှုတွေအကြောင်း စဉ်းစားမိတိုင်း ကျွန်တော် ရူးသွားချင်မိသည်။ ကျွန်တော့်မှာ တန်ခိုးသာ ရှိမည်ဆိုလျှင် မ,ကို ရိုးရိုးသာမန် မိန်းကလေးတစ်ယောက်အဖြစ် ဖန်ဆင်းပစ်လိုက်ချင်သည်။ အခုတော့ မ,ကို ချစ်ရသည်မှာ ရင်မောလှပါ၏။ ခံစားချက်တွေ သိုဝှက်ထားရခြင်းက ဘယ်လောက်တောင် ခက်ခဲ လိုက်သလဲ ခံစားဖူးသူတိုင်း သိကြပါလိမ့်မည်။ မ,ရေ … ကျွန်တော့်ရင်ဘတ်ကြီး ပေါက်ကွဲတော့မည်။

မ,ကတော့ ကျွန်တော့်ကို ပြောသည်။ ကြိုးစားပါတဲ့ … ထင်ညို့မှာ တဲလင့်ရှိသည်တဲ့။ ကျွန်တော့်ကို သီချင်းအဆိုပြိုင်ပွဲတွင် ဝင်ပြိုင်ခိုင်းသည်။ ကျွန်တော်သည် မ, ကြိုးဆွဲရာ ကမည့် မ,၏ ကရုပ်ကလေးပါ။ မ,သာ အားပေးမည်ဆိုလျှင် အမေရိကန်အင်ဒေါလ်တောင် သွားပြိုင်လိုက်ချင်သည်။ မ,၏ အကြံပေး မှုကြောင့်ပါပင် ကျွန်တော် သီချင်းအဆိုပြိုင်ပွဲတွေ ဝင်ရောက်ယှဉ်ပြိုင်ဖြစ်ခဲ့ပါသည်။ ယှဉ်ပြိုင် သည့် ပြိုင်ပွဲတိုင်းတွင်လည်း ပထမ ဒုတိယ တတိယ တစ်ဆုမဟုတ် တစ်ဆုတော့ ရရှိခဲ့သည်။

ကျွန်တော် အရမ်းပျော်သည်။ နှလုံးသားတစ်ခုလုံး ရင်ဘတ်ထဲက ခုန်ထွက်သွားမလားတောင် ထင်ရသည်။ ထိုနေ့လေးကို ကျွန်တော် ဘယ်တော့မှ မေ့တော့မည် မဟုတ်။ ထိုနေ့က ချစ်သူများနေ့ စုံတွဲသီချင်း ဆိုပြိုင်ပွဲတွင် မ,နှင့်ကျွန်တော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပထမဆု ရရှိခဲ့သောနေ့ … ထိုပြိုင်ပွဲအပြီးတွင် ကျွန်တော် မ,ကို ရဲဝံ့စွာ ဖွင့်ပြောဖြစ်ခဲ့သော နေ့ပင်။ မ,မှာ ချစ်သူရှိနေသလား မရှိဘူးသလား ကျွန်တော် မသိ။

“ ကျွန်တော် မ,ကို ချစ်နေမိတယ် ”

ပြောပြီးပြီးချင်း ကျွန်တော် မျက်လုံးကိုမှိတ်ကာ ပါးပြင်ကို စောင်းပေးလိုက်သည်။ အခွင့်ကောင်းယူသည် ထင်ပြီး မ ကျွန်တော့်ကို အထင်သေးသွားမည်လား။ မျက်လုံး မှိတ်ထားရင်းက “ အခွင့်ကောင်းယူတာ မဟုတ်ပါဘူး မရယ် ” ဟု ဆက်ပြောမိသည်။ မ ကျွန်တော့်ပါးကို မရိုက်ခဲ့ပါ။ ကျွန်တော့်ကို လေထဲမြောက် သွားစေမည့်စကားတစ်ခွန်းသာ မ,၏ နှုတ်ခမ်းဖျားက ထွက်ကျလာသည်။

“ တို့ မင်းကို မချစ်ဘူးဆိုပြီး ဟန်ဆောင်လိုက်ရင် ကောင်းမလား ဟင် ၊ ဆိုးတာက တို့ ဟန်မဆောင် တတ်ဘူး ဖြစ်နေတယ် ”

အို … အိုးမိုင်ဂေါ့ဒ် ၊ ကျွန်တော့်မျက်လုံးတွေ ပြန်ပွင့်လာပြီး ကျွန်တော် ကိုယ့်ကိုယ်ကို ဆွဲဆိတ်ကြည့်မိသည်။ နာ၏။ မည်သို့ ဖြစ်သွားသည် မသိပေ … သတိထားမိလိုက်သည့် အချိန်မှာတော့ မ,ထံမှ “ သွား ” ဆိုသော စကားသံလေးနှင့် ကျွန်တော့်ရင်ဘတ်ပေါ်သို့ မ,၏ လက်သီးဆုပ်လေး ကျရောက်လို့လာပါတော့သည်။ မ,ပါးပြင်တွင်လည်း နှင်းဆီတစ်ခင်း … ကျွန်တော် မ,ကို ကြည့်ပြီး ကြည်နူးစွာ ပြုံးမိ၏။ တစ်သက်မှာ တစ်ခါ ၊ တစ်ခါမှာ တစ်ယောက်ဆိုသော အချစ်မျိုးနှင့် ဘဝကြီး ပုံပေးပြီးတော့တောင် မ,ကို ကျွန်တော် ချစ်ရပါ သည်။

အချစ်သည် အရာရာကို ပြောင်းလဲစေတတ်သည်ဆိုလျှင် ပြောင်းလဲသူများထဲတွင် ကျွန်တော်သည် ထိပ်ဆုံး က ဖြစ်ပါလိမ့်မည်။ မ,၏ အချစ်တွေသည် ကျွန်တော့်ကို အရာရာ ပြောင်းလဲစေခဲ့ပြီ။ မ,က ဘွဲ့လေးတစ်ခု ရအောင် ယူပါဆိုသောကြောင့် ကျွန်တော် ကျောင်းပြန်တက်ခဲ့ရပြီ။ စာတွေက နှစ်နှစ်သုံးနှစ်လောက် ကွာနေပြီဖြစ်သောကြောင့် မတက်ပါဘူးဟု ဆိုမိပေမဲ့လည်း မက “ မောင် မင်း တို့ကို လက်မထပ်ချင်ဘူး လား ” ဆိုသော စကားကြောင့် ကျွန်တော် မ,ကို ဒူးထောက်လိုက်ရသည်။ မ,က ကျွန်တော့်ကို လက်ထပ်ဖို့ အထိတောင် ရည်ရွယ်ပြီး ချစ်ခဲ့တာပါလားဟု သိလိုက်ရချိန်မှာ မ,ကို ကျွန်တော် ကျွန်တော့်အသက် ထက်အောင် ပိုချစ်သွားမိပါသည်။

မ,သည်သာ ကျွန်တော့်အသက် ၊ မ,သည်သာ ကျွန်တော့်ဘဝ ဖြစ်သည်။ မ,သာ ကျွန်တော့်လက်ကို တွဲထားမည်ဆိုလျှင် အရာရာကို ရင်ဆိုင်ရဲပါသည်။ မီးတောင်ကိုလည်း ကျော်ရဲသလို ဓါးတောင်ကို လည်း ဖြတ်ရဲသည်။ ဘယ်က သတ္တိတွေ ဝင်လာမှန်းမသိ။ မ,ကို ကျွန်တော် ချစ်သည်။ ထိုအချစ်တွေကြောင့်သာ ဖြစ်မည် ထင်၏။

သို့သော် တစ်ခုသော ညနေခင်းတွင်တော့ အရာအားလုံးကို ကျွန်တော် ဒူးထောက်အရှုံးပေးလိုက်ရသည်။ ကျွန်တော့်လက်ကို တွဲထားသော မ,၏ လက်ကို မ,ကိုယ်တိုင် ဖြုတ်ချသွားခဲ့သည်ပင်။ မ,၏ နှုတ်ခမ်း ပါးလေးမှ ကျွန်တော့်နှလုံးသားတစ်ခုလုံး အက်ကွဲသွားစေမည့် ရက်စက်စွာသော စကားတစ်ခွန်းကို ဆိုလာ၏။ “ တို့ လက်ထပ်ရတော့မယ် ” တဲ့။ သည့်ထက် ရက်စက်သည့် စကားတစ်ခွန်း သည်ကမ္ဘာမှာ ရှိသေးလျှင် ပြောလိုက်ပါလို့တောင် ကျွန်တော် ပြောလိုက်ချင်သည်။

ကျွန်တော် ရည်မှန်းထားသော ကမ္ဘာငယ်လေး အစိတ်စိတ်အမွှာမွှာ ပျက်သုဉ်းသွားပြီ။ အစစ အရာရာ စီစဉ်ပြီးသွားပြီတဲ့။ မ,၏ မင်္ဂလာဆောင်ဖိတ်စာလေးသည် ကျွန်တော့်ကို ကောင်းကောင်းကြီး ဟား တိုက်နေပေသည်။ မ,နှင့်လက်ထပ်မည့်သူက ကျွန်တော့်ထက် အပုံကြီးမက အပုံကြီး သာလွန် လွန်းနေသောသူတစ်ယောက်။ ဘွဲ့တွေမှ သူ့နောက်မှာ တသီ တတန်းကြီး။ ကျွန်တော့်မျက်ဝန်းမှာ မျက်ရည်တွေ မြစ်တစ်စင်းလို စီးဆင်းနေသည်။

“ မ ဘာလို့ ဒီလိုလုပ်ရက်ရတာလဲ ၊ မ ပြောတော့မောင်က မ,ကို လက်မထပ်ချင်ဘူးလားဆို ၊ မ ကျွန်တော့်ကို လက်ထပ်ဖို့အထိ ရည်ရွယ်ပြီး ချစ်ခဲ့တာ မဟုတ်ဘူးလား ”

မ ဘာမှမပြော။ မ,မျက်ဝန်းတွင်လည်း မျက်ရည်တွေ စမ်းချောင်းတွေလို စီးဆင်းနေသည်။ မငိုပါနှင့်။ ကျွန်တော်က “ ပြောပါ မ,ရယ် ၊ ပြောပါ ” ဆိုပြီး ပခုံးကို လှုပ်ကာ မေးတော့မှ …

“ ဟုတ်တယ် … မ မင်းကို လက်ထပ်ဖို့အထိ ရည်ရွယ်ပြီး ချစ်ခဲ့တာပါ ၊ ချစ်ခဲ့လို့ပဲ မ မင်းကို ပြောင်းလဲပေးခဲ့ တယ်လေ ၊ မင်း ဘာပြောင်းလဲခဲ့သလဲ ၊ ဘွဲ့ရပြီးတော့လည်း ဂစ်တာကြီးနဲ့ပဲ နှစ်ပါးသွားနေတယ် ၊ ပြောမှ လုပ်တာမျိုး မ မကြိုက်ဘူး မောင် ၊ ဒီတော့ မ ဘာလုပ်ရမလဲ ၊ မ မင်းကို ချစ်ရုံပဲ တတ်နိုင်တော့တယ် ”

မ ငို၏။ မျက်နှာကို လက်နှင့်အုပ်ပြီး ကျူကျူပါအောင် ငိုသည်။ ကျွန်တော် ဘာမှမဆိုသာတော့ပါ။ ကျွန်တော် မ,ရှေ့ ဒူးထောက်လိုက်ပါတော့သည်။

ထိုနေ့ညက အရာအားလုံး ပူလောင်နေခဲ့သည်။ ရင်ထဲက အပူ ၊ နွေည၏ အပူများ ၊ မသောက်စဖူး သောက် သည့် အရက်၏ အပူများဖြင့် ရင်တစ်ခုလုံး လောင်ကျွမ်းနေခဲ့ပြီ။ ကျွန်တော် အခန်းဖော်သူငယ်ချင်း ကတော့ ပြောသည်။ မ, မမှားဘူးတဲ့။ သူ့ဘဝအတွက် သူ ရွေးချယ်သွားတာ မှန်သည် တဲ့။ နောက်ပြီး ပြောသေးသည်။ “ ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်ကို သေလောက်အောင် ချစ်နေပါစေ ၊ မိန်းမတစ်ယောက်ရဲ့ဘဝကိုတောင် အရောင်တောက်အောင် စွမ်းဆောင်ပေးနိုင်တဲ့ အစွမ်းအစမရှိသေးရင် အဲ့ဒီယောက်ျားဟာ ကိုယ် ချစ်နေတဲ့ မိန်းမကို ဘယ်လိုလုပ်ပြီး လက်ထပ်နေမှာလဲ ” တဲ့။

ဘုရားရေ … ငိုနေသော မ,၏ မျက်နှာလေးကို မြင်ယောင်မိလေသည်။

ပါးပြင်ပေါ်သို့ စီးကျလာသော မျက်ရည်ကို လက်ဖမိုးဖြင့် မသိမသာ သုတ်လိုက်သည်။ အတိတ်သည် သုတ်ချလိုက်သော မျက်ရည်စက်နှင့်အတူ ပါသွားချေပြီ။ မောင့်ကို ခွင့်လွှတ်ပါ မရယ်။ တစ်ချိန်က မိန်းမ တစ်ယောက်ရဲ့ဘဝကိုတောင်မှ အရောင်တောက်အာင် စွမ်းဆောင်ပေးနိုင်တဲ့ အစွမ်းအစတွေ မရှိခဲ့ တဲ့ ယောက်ျားတစ်ယောက်ကို ခွင့်လွှတ်ပေးပါ။

မီးကတော့ အခုချိန်ထိ ပြန်မလာသေး။ ကောင်းကင်ကို မော့ကြည့်မိသည်။ လမင်းကြီးသည် ဂုဏ်ယူ ဝင်ကြွားစွာဖြင့် ထိန်ထိန်သာလင်းလျက် ရှိသည်။

ငယ်ငယ်တုန်းကဆိုရင် အခုလို မီးပျက်နေသော လသာသာညတွေမှာ အိမ်နားက သူငယ်ချင်းတွေခေါ်ပြီး ဆော့ကစားလေ့ရှိခဲ့တာကို မှတ်မိသေးသည်။ ညဉ့်နက်တဲ့အထိကို ကစားနည်းတွေ မျိုးစုံအောင် တစ်ခုပြီးတစ်ခု ကစားခဲ့ကြသည်။ မိဘတွေက ညဉ့်နက်လို့ အိမ်ထဲ အတင်းဝင်ခိုင်းတာတောင် မဝင်ချင်ခဲ့။ ထိန်ထိန်သာနေသော လမင်းကြီးအောက်မှာ ဆော့ကစားနေရသည်ကို အထူးပင် မက်မော ခဲ့လေသည်။ နွေည၏ အပူတွေကြောင့်ရော ၊ ပြေးလွှားဆော့ကစားရလို့ မောပန်းနေ တာကြောင့်ရော ချွေး တလုံးလုံးနှင့် ပူအိုက်နေခဲ့ပေမဲ့ရင်ထဲမှာတော့ ပျော်ရွှင်နေခဲ့သည်။ ထိုပျော်ရွှင်မှုတွေနှင့် ပူလို့ပူမှန်းလည်း မသိ။ ကစားရမည်ဆိုလျှင် တစ်ညလုံး မမောနိုင်မပန်းနိုင် ကစားပစ်လိုက်ချင်ခဲ့သည်။

အခု ကျွန်တော်လည်း လရောင်အောက်မှာ ဆော့ကစားနေသော ကလေးလေးတစ်ယောက်လိုပင်။ တစ်ချိန်က နောင်တတွေနှင့်အတူ ခံစားခဲ့ရသော နာကျင်မှုဝေဒနာတွေက ဘယ်လောက်ပဲ ပြင်းထန် လွန်းလှပါစေ ၊ အဆိုတော်ဘဝ၏ အောင်မြင်မှုတွေကတော့ ကျွန်တော့်ကို ပြုံးစေနိုင်ခဲ့ပြီ။ ကျွန်တော် မိန်းမတစ်ယောက်၏ ဘဝကို အရောက်တောက်အောင် မစွမ်းဆောင်ပေးနိုင်သေးသော ယောက်ျား တစ်ယောက် မဟုတ်တော့ပါ။

ကျွန်တော့်မှာ အောင်မြင်မှုတွေ ရှိနေပြီ။ ကျွန်တော့်ကို အောင်မြင်မှုတွေက မျှားခေါ်နေပေပြီ။ မကြာတော့သော အချိန်အတွင်းမှာ မ,ကို ကျွန်တော် လုံးဝ မေ့ပျောက်သွားနိုင်တော့မှာပါ။ ကျွန်တော့် လုံးသား အငိုတိတ်ခါနီးပါပြီ။

လရောင်က နွေညတွေကို ပူလောင်မှုတွေကနေ မျှားခေါ်နေသလိုမျိုးပဲ ယခု ကျွန်တော် ရရှိထား သည့် အောင်မြင်မှုတွေကလည်း ကျွန်တော့်ကို မျှားခေါ်နေပြီလေ။ အဆိုတော်ဘဝဖြင့် ဒီထက် မက အောင်မြင်အောင် ကျွန်တော် ကြိုးစားရဦးမည်ပင်။

** ………………………………………………………………………………………. **

နွေလ

Tuesday, September 3, 2013

မေတ္တာတရားဟူသည်




(က)



 နေရောင်ခြည်ဖျော့ဖျော့အောက်ရှိ တစ်ညနေတွင် ဘီးတပ်ကုလားထိုင်ပေါ် ထိုင်ပြီးသစ်ပင်ရိပ်မှာ စာဖတ်နေသော ဖေဖေ့ကို ငေးကြည့်ရင်း ကျွန်မ၏ အတွေးများ အတိတ်ဆီသို့ ပြန်ရောက်သွားကြသည်။ ထိုစဉ်တုန်းက ဖေဖေ သည် အခုလို ကုလားထိုင်ပေါ်မှာ သက်သောင့်သက်သာထိုင်နေနိုင်သည့် အခြေအနေမျိုး မဟုတ်။ အိပ်ရာပြင်ပေါ်တွင် ညည်းညူအော်ဟစ်ရင်း ရောဂါ
ဝေဒနာကို ခံစားနေရသည့် ရောဂါသည် ပုံစံမျိုး။ ထိုစဉ်တုန်းက ကျွန်မ တို့ မောင်နှမများသည်လည်း အခုလို ပူပင်သောကလျော့ပါးနေသည့် အနေ အထားမျိုး မဟုတ်ပြန်။

ဖေဖေ့ကိုလည်း အခုလို ခပ်လှမ်းလှမ်းမှ ချစ်ခင်ကြည်ညို စွာငေးမော ကြည့်နေနိုင်သည့် အခြေအနေမျိုးမှာမရှိ။ အခုတော့ ကျွန်မတို့ ဘယ်လောက် စိတ်အေးချမ်းရသလဲ။ လမ်းမလျှောက်နိုင်သေးသော်လည်း ရောဂါဝေဒနာ ကင်းစင်ပြီး ငြိမ်ငြိမ်သက်သက်နှင့်ငြိမ်းအေးစွာ နေနိုင်သော ဖခင်ရယ်၊ ကျန်းမာဖျတ်လတ်ပြီး ချစ်ခင်ရသောမိခင်ရယ်၊ ပြီးတော့ ကျွန်မတို့ မောင်နှမများနှင့် အရာရာကို ရောင့်ရဲစွာ
နေတတ်သော မိသားစုတို့၏ထုံးစံအတိုင်း အေးအေးဆေးဆေးရှိလှသည်။ ကျွန်မတို့ကို လွှမ်းခြုံထွေး ပိုက်ထားသော အိမ်ငယ်လေးသည်လည်း သစ်ပင်၊ပန်းပင်များ၏ အလယ်တွင် တိတ်ဆိတ်ငြိမ် သက်လျက်။
သြော် . . ဒီလိုဆိုတော့လည်း လောကကြီးက နေထိုင်ချင်စရာ ကောင်းပါရဲ့နော်..။
သို့ပေမယ့် အရင်တုန်းကတော့ ဒီလိုအေးချမ်းမနေခဲ့ပါလေ။ ဟိုစဉ်ကတော့ ကျွန်မတို့ မိသားစုကို ပူဆွေး ဝမ်းနည်းစရာ တစ်ခုက လွှမ်းခြုံထားခဲ့ဖူးသည်။ သို့ဆိုတော့ ကျွန်မတို့ကလည်း ပုထုစဉ်လူသားများပီပီ ပူပင်သောက ဟူသမျှကို ရင်နှင့်မဆန့်အောင် လူးလှိမ့်ပူဆွေးမိခဲ့တာပါပဲ။


(ခ)
ထိုစဉ်က ကျွန်မအသက် ဆယ့်နှစ်နှစ်၊မောင်လေးအသက်က ဆယ်နှစ်၊ အကြီးဆုံးမမကမှ ဆယ့်ငါးနှစ်ဆို
တော့ ဆယ်ကျော်သက်အရွယ် ကလေးတွေပဲ ရှိသေးသည်။ သို့ရာတွင် ကျွန်မတို့သည် တခြားကလေးတွေ လို ပျော်ပျော်ရွှင်ရွှင် ဆော့ပြီး မကစားနိုင်ကြချေ။ အေးအေးချမ်းချမ်းလည်း စာမကျက်နိုင်ကြပါ။ စိတ်ကို တင်းထားသော်လည်း ပြင်းထန်နာကျင်လှသော ဝေဒနာကို မခံရပ်နိုင်စွာတစ်ချက် တစ်ချက် အံကြိတ်ရင်း လွင့်ထွက်လာသော ဖေဖေ၏ ညည်းတွားသံကို ကြားရင်း မျက်စိမျက်နှာပျက်ခဲ့ရသည်။ ဖေဖေ့ခြေသလုံး များ၊ လက်များ၊ ပခုံးများကို နှိပ်ပေးရင်းရောဂါဒဏ်ကြောင့် ယခင်နှင့်မတူ ပိန်ခြုံးကျလာသော ဖေဖေ့ကို ကြည့်ရင်း သနားကရုဏာသက်စွာ မျက်ရည်ရစ်ဝဲနေကြသည်။ ဝဲလာသမျှ မျက်ရည်စတို့ကို ဖေဖေမမြင်
အောင်ပုတ်ခတ် ပုတ်ခတ်လုပ်ရင်း ၊ ထိန်းမနိုင်သိမ်းမရဖြစ်လာသည့်အခါ ကျအံ့ဆဲဆဲ မျက်ရည်စတို့ကို အဝေးတစ်နေရာတွင်းရှိုက်ငင်ငိုကြွေးရင်း ပူဆွေးဝမ်းနည်းရမှုဒုက္ခဆိုတာကို ထိုစဉ်ကတည်းက ခံစားနေ တတ်ကြပြီလေ။ကိုယ်လိုချင်တာ မရလို့၊ ကိုယ်ပူဆာတာမရလို့ ဆိုပြီး စိတ်ဆင်းရဲရသည်ဆိုသည့် ကလေး အတွေးမှ ကိုယ်မှီခို အားကိုးနေရသောမိဘတို့၏ ဝေဒနာကြောင့်၊ ကိုယ်ချစ်ခင်မြတ်နိုးရသော မိဘတို့ကို ဆုံးရှုံးမှာ စိုးသောကြောင့်၊မိဘဆိုသည့် အားထားရာ၊ နားခိုရာ အရိပ်ကြီးတစ်ခုခု ပဲ့ကျပြိုပျက်သွားမှာ စိုး
သောကြောင့်. . ထို့အပြင် ကိုယ့်မိဘခံစားနေရသော ဝေဒနာ ယုတ်လျော့နည်းပါးပြီး ပျက်ပြားစေချင်သော
ကြောင့် စိတ်ဆင်းရဲရသည်ဆိုသည့်တည်ငြိမ်သော အတွေးဝင်လာခဲ့ရသည်မှာဖေဖေ နေမကောင်း စဖြစ် လာသည့် အချိန်မှာပေါ့။ ဖေဖေ အရိုးကြည်းပေါင်းတက်ရောဂါ (ဆရာဝန်တို့ ပြောသည်ဟု ကျွန်မမိခင်က ရှင်းပြသည့်ရောဂါ) ဖြစ်မည်လို့ မသိသေးခင်အချိန်က ကျွန်မတို့ မောင်နှမသုံးယောက် စိတ်လက်ပေါ့ပါး
ပျော်ရွှင်ခဲ့ဖူးသည်။ ရောဂါစဖြစ်တော့ လက်တွေ၊ ခြေထောက်တွေ ထုံကျင်ပြီး၊လေးလံပြီး မလှုပ်ရှားနိုင်ရာမှ စသည်။ကျွန်မတို့ကတော့ ဖေဖေ ထိုင်ပြီး စာဖတ်တာများလို့ . . လမ်းလျှောက်တာ နည်းလို့ ..ကိုယ်အလေး ချိန်များလို့ ဖြစ်တာပါဟု ထင်ကာ ထုံကျင်ကိုက်ခဲနေသော လက်နှင့်ခြေထောက်များကို နင်းပေး၊ နှိပ်ပေး
ကြသည်။ စာဖတ်ချိန်လျှော့ဖို့ ဖေဖေ့ကို ပြောဖြစ်သည်။ ကိုယ်ကာယလေ့ကျင့်ခန်းများလုပ်ဖို့ တိုက်တွန်း မိသည်။ သို့ရာတွင် ရောဂါက သက်သာမလာ၊ ပို၍သာ ဆိုးလာသည်။ နီးစပ်ရာ ဆေးမြီးတိုများသုံးသော် လည်း အိပ်ရာပေါ်တွင် လှဲပြီး နေနေရသည့်အခြေအနေသို့သာ ရောက်လာသည်။ မြို့မှဆရာဝန်များ ကလည်း ''လေဖြတ်တာလည်း မဟုတ်ဘူး။ လက်တွေ . . ခြေထောက်တွေ ထိတော့လည်း သိတယ် . . ဒီလိုဆိုရင် မန္တလေးသွားပြီး Medical Checkup(ကျန်းမာရေးစစ်ဆေးမှု)လုပ်ပြီး အဖြေရှာသင့်တယ်'' ဟု
ပြောကြသည်။ ထိုစဉ်ကကျွန်မတို့ နယ်မြို့လေးမှာ ကျန်းမာရေးစစ်ဆေးမှုလုပ်ရန် ကိရိယာအစုံအလင် မရှိ
သေးပါ။ ဒီလိုနှင့် ဖေဖေ့ကို မန္တလေးတွင်ဆေးကုသဖြစ်သည်။ ထိုစဉ်က ဖေဖေနှင့်အတူ မေမေလည်း လိုက် ပါပြုစုရန်လိုသည်မို့ ကျောင်းတက်နေရဆဲ ကျွန်မတို့မှာ ဦးလေး၏ အုပ်ထိန်းမှု အောက်တွင်နေခဲ့ရသည်။ ထိုအချိန်က ကျွန်မတို့ မောင်နှမသုံးယောက်သည် ညအခါ ဘုရားစင်ရှေ့တွင် မျက်နှာငယ်လေးများနှင့် ''ကျေးဇူးရှင်ဖခင်ကြီးကျန်းမာစေဖို့'' ဆုတောင်းကြသည်။ ပြီးတော့ အိပ်ရာမဝင်ခင် တိတ်တိတ်လေး ငိုကြ
ပြန်သည်။ တစ်ယောက်ငိုတော့ တစ်ယောက်က လိုက်ငိုနှင့် မောင်နှမသုံးယောက် တစ်ယောက်နှင့် တစ်
ယောက်ဖက်ကာ ငိုရှိုက်ရင်း အိပ်ပျော်ခဲ့ရသည်။ ကြောက်စရာကောင်းသော အိပ်မက်ဆိုးတို့၏ ခြောက်လှန့် မှုကြောင့် လန့်နိုးရင်းအိပ်ရေးပျက်ခဲ့ရသော ညများသာ ကြီးစိုးခဲ့ရသည်။ နှစ်လခန့်ဆေးကုသပြီး ဖေဖေ ပြန် လာတော့ ရောဂါက သက်သာပျောက်ကင်းပြီလို့မဟုတ်ပြန်။ ဖေဖေ့မှာ နှလုံး၊ သွေးတိုး၊ ဆီးချို စသည့် ဝမ်းတွင်းရောဂါ ဘာမှမရှိ။ သို့ရာတွင် နာတာရှည်ဆန်ဆန် စိတ်ရှည်လက်ရှည်ပြုစု ကုသရမည့် ရောဂါ (အရိုးကြည်းပေါင်းတက်ရောဂါဟုသာ ဆေးပညာနားမလည်သော ကျွန်မမိခင်က ပြောနိုင်သည်။ ကျွန်မတို့ ကြီးပြင်းလာချိန်ရောက်မှ အထူးကုဆရာဝန်များက အဆစ်ရောင်နာနှင့် နာမကျန်းမှုတွဲဖြစ်ခဲ့ပြီး ထိုအနေ အထားအတိုင်း နေချိန်ကြာသွားသဖြင့် အဆစ်များ ခိုင်သွားခြင်း ဖြစ်ကြောင်း သိရှိခဲ့ရသည်။) ကတော့ အကြီးအကျယ်စွဲကပ်ခဲ့လေပြီ။ ထိုရောဂါသည် ဖေဖေ့အား အိပ်ရာပေါ်မှ မထနိုင်အောင်၊ ကွေးနေသော ဒူးကိုဖြောင့်တန်းစွာ ချမထားနိုင်အောင်ချုပ်ကိုင်ထားခဲ့ပြီ။ ကွေးနေသော လက်ချောင်း၊ ခြေချောင်းတို့ကို သွက်လက်စွာ မလှုပ်ရှားနိုင်အောင် ချုပ်နှောင်ထားခဲ့ပြီ။



(ဂ)
တကျွတ်ကျွတ်ညည်းညူရင်း ဝေဒနာကို တရားရှုမှတ်ကာ အိပ်ပျော်သွားသော ဖေဖေ့ကို စောင်အသာခြုံပေး
ပြီး ခြင်ထောင်ချပေးခဲ့ရင်း ဖေဖေ့အပါးမှ ကျွန်မတို့ ခွာခဲ့ကြသည်။ ဖေဖေ့ကွယ်ရာမှာ ဖေဖေမသိအောင်၊ မမြင်အောင်၊ မကြားအောင် ရှိုက်ငင်ငိုကြွေးခဲ့ရသော မျက်ရည်များလည်း ရှိခဲ့ပြီ။ ဖေဖေစိတ်မထိခိုက်
အောင်တိုးတိတ်စွာ ပြောရမည့်စကားတို့လည်း ရှိလာခဲ့ပြီ။ ဥပုသ်နေ့မှတပါး မေမေက အိမ်မှာ အနားမနေ ရပေ။ ဈေးမှာ ဖွင့်ထားသော မုန့်ဆိုင်တွင် ဈေးရောင်းရင်း ဝင်ငွေရှာနေရသည်။ ဖေဖေ့ကို အနီးကပ်ပြုစုရန် ဦးလေးနှင့်ကျွန်မတို့သာ အိမ်မှာရှိတာများသည်။ ဖေဖေမကြားနိုင်သော နေရာတွင် ကျွန်မတို့စကားပြော ကြသည်။ ကျွန်မတို့ ထုတ်ဖော်မပြောသော်လည်း ဖေဖေ၏ အသက်အန္တရာယ်ကိုပင် စိုးရိမ်နေကြကြောင်း အချင်းချင်းသိနေကြသည်။ ကျွန်မတို့၏ စိုးရိမ်ရေမှတ်သည်ကျွန်မတို့၏ မျက်ဝန်းများ၊ မျက်နှာများတွင် ထင် ဟပ်ပေါ်လွင်နေသည်ကိုး။
ကျွန်မ၏ စကားသံသည် ခပ်တိမ်တိမ်၊ ခပ်အက်အက် ...
ကိုယ့်အသံကိုပင်ပြန်မမှတ်မိနိုင်လောက်အောင် တုန်နေသည်။ ''ဖေဖေက အရင်လို ဝဝဖြိုးဖြိုးလည်း မဟုတ်တော့ဘူး။ တစ်နေ့တခြား ပိန်လာလိုက်တာ . . မနက်က ထမင်းကျွေးတော့လည်းကောင်းကောင်း မစားနိုင်ဘူး။ ဖျော်ရည်ပဲနည်းနည်းသောက်တယ် ''ဘယ်သူ့ကို ဘယ်သူကမှ မနှစ်သိမ့်နိုင်လောက်အောင် ဝမ်းနည်းမှုကကြီးစိုးနေသည်။ မမကတော့ တိတ်တဆိတ် မျက်ရည်ဝဲရင်းမျက်နှာလွှဲထားသည်။ မောင်လေး ကတော့ယောက်ျားလေးမို့လားမသိ ၊ အေးဆေးသောပုံစံနှင့် တတ်သလောက် နှစ်သိမ့်ရှာသည်။ ''အဲဒီ
လောက် စိုးရိမ်မနေပါနဲ့ . . ဖေဖေက အသက်ရှည်မှာပါ ။ ဒါပေမဲ့ အရင်လိုလမ်းပြန်လျှောက်နိုင်ပါ့မလား မသိဘူးနော်'' ထိုစဉ်တုန်းကတော့ ကျွန်မတို့၏ စိုးရိမ်ပူပင်မှုသည် ဖေဖေ ခံစားနေရသော ဝေဒနာများ၊ ညည်းညူနေရသော ကိုက်ခဲမှုများ ကင်းလွတ်သွားလျှင်ပင် ကျေနပ်ပြီ။ ဖေဖေ၏ ဝေဒနာသာ သက်သာ
လျော့ပါးပါစေဟု ဆန္ဒပြုမိခဲ့သည်။ ကျန်တာက တဖြည်းဖြည်းကောင်းလာလိမ့်မယ်.. လောလောဆယ်
ဖေဖေကောင်းကောင်း စားနိုင်၊ သောက်နိုင်ပြီး စိတ်ချမ်းသာစွာ အိပ်နိုင်၊ အေးအေးဆေးဆေး စာဖတ်နိုင် လျှင် ကျေနပ်ပါပြီ။ မောင်လေး ပြောသည့် ပူပင်မှုမျိုးကတော့ လအနည်းငယ်ကြာမှ ကျွန်မ၏ ရင်ထဲသို့
ရောက်ရှိလာသည်။ ထိုအချိန်ကျတော့ဖေဖေသည် အိပ်ရာနှင့်ကျောချင်းကပ်နေရသည့် အခြေအနေမှ ဟိုဘက်၊ သည်ဘက်လှည့်နိုင်၊ စောင်းနိုင်သည့် အနေအထားသို့ရောက်လာပြီ။ ပက်လက်ကုလားထိုင်ပေါ် ခဏတဖြုတ်ထိုင်နိုင်သည့် အခြေအနေသို့ရောက်နေပြီ။ ပက်လက်အိပ်နေသည့်ဖေဖေကို ကျွန်မတို့က ထမင်းခွံ့ကျွေး၊ မုန့်ကို ခွံ့ကျွေး၊ ရေကို တေ့ကာ တိုက်ရသည့်အနေအထားမှ ထိုင်နေသည့် ဖေဖေကို
ကောင်းစွာကျွေးမွေးပြုစုလာနိုင်ပြီ။ ပြီးတော့ စာဖတ်ဝါသနာကြီးပါရက်နှင့် စာမဖတ်နိုင်သည့်ဖေဖေကို ဘေး မှ ဖတ်ပြရသည့် အခြေအနေမှ ထိုင်နေသည့် ဖေဖေ့ ပေါင်ပေါ်ကို စာအုပ်တင်ပေးပြီး စာကြည့်မျက်မှန် တပ်ပေးကာ ကိုယ်တိုင် စာဖတ်နိုင်သော အခြေအနေသို့ တိုးတက်လာပေပြီ။ သို့သော် ဖေဖေ လမ်းမ
လျှောက်နိုင်သေးပါ။ ထိုအခါကျမှ ကျွန်မ၏ရင်ထဲသို့ မောင်လေး၏ ပူပင်မှုမျိုး ဝင်လာခဲ့ခြင်း ဖြစ်သည်။


(ဃ)
''ငါတော့ ဒီလို လုပ်မယ်စိတ်ကူးတယ်''ကျွန်မရော မောင်လေးပါ စကားစလာသည့် မမကို ကြည့်မိသည်။ ပိန်ပိန်ပါးပါးမမ၏ မျက်ဝန်းမှ စိုးရိမ်ပူပင်မှုအရိပ်တချို့ကို မှန်းဆပြီး ဖေဖေ့အကြောင်း ပြောမှာပဲဟု သိ လိုက်ပြီ။ ဖေဖေ လမ်းမလျှောက်နိုင်သေးသည့် ကိစ္စကို မမလည်း စိတ်ပူနေပြီလေ။ ''ဘယ်လိုလုပ်မှာလဲ'' ဆယ်တန်းကျောင်းသူ မမရယ်၊ ခုနစ်တန်းကျောင်းသူ ကျွန်မရယ်၊ ခြောက်တန်းကျောင်းသားမောင်လေး ရယ်က ကျောင်းပိတ်ရက်မှာ တခြားကျောင်းသားတွေလို မပျော်နိုင်ဘဲ ဖေဖေ့ အကြောင်း ဆွေးနွေးနေကြ
ပြန်သည်။ ''ဒီလိုလေဟာ... မီးမလောင်ပေမယ့်မီးလောင်လို့ဗျို့ မီး မီး ဆိုပြီး အော်ရအောင်။ မီးလောင်လို့.. မီးလောင်လို့.. ဆိုပြီး ငါတို့က ဖေဖေနဲ့ ခပ်လှမ်းလှမ်းမှာ ပျာယာခတ်ပြီးတအားအော်ကြရအောင်၊ ဘယ်သူမှ
ဖေဖေ့ကိုပြေးမပွေ့နဲ့၊ ငါတို့ဘာသာ ခြေမကိုင်မိလက်မကိုင်မိ ဖြစ်နေသလိုမျိုး နေကြမယ်.. ဖေဖေခေါ် လည်း မကြားချင်ယောင်ဆောင်နေ'' ''အင်း . .အဲဒါကောင်းတယ် . .ဒါမှ ဖေဖေ အထိတ်တလန့်နဲ့ လမ်းထ
လျှောက်လာမှာ ''တက်ကြွစွာ ထောက်ခံပြီး ကျွန်မကဇဝေဇဝါ ဖြစ်လာသည်။ ''ဒါပေမဲ့ ငါတို့အိမ်နဲ့ တခြား အိမ်တွေကဒီလောက်နီးနေတာ... သူများတွေက မအော်ဘဲငါတို့ချည်းပဲ အော်နေရင် ဖေဖေယုံပါ့မလား၊
အောင်မြင်ရင်တော့ ကောင်းပါရဲ့ . .မအောင်မြင်ရင် ဖေဖေ နှလုံးရောဂါရနေဦးမယ်။ ဖေဖေက အစိုးရိမ်က ကြီးက ကြီးနဲ့'' ကျွန်မ စကားဆုံးတော့ အားလုံးငြိမ်သွားပြန်သည်။ မောင်လေးက စိတ်ဓာတ်မကျဘဲထပ်
ပြောသည်။ ''ဒါဖြင့် အိမ်နီးချင်းတွေကို တိုင်ပင်ထားရအောင်လေ'' ''ဒါတော့ မဖြစ်နိုင်ဘူး၊ သူတို့က အလိုလို မှာ ဖေဖေ့ကို သနားနေတာ.. အရက်မသောက်၊ ဆေးလိပ်မသောက်.. မကောင်းမှုမှန်သမျှ ဘာမှမလုပ်တဲ့ သူမှ ဒီလိုဖြစ်ရလားဆိုပြီး စုပ်တသပ်သပ်ဖြစ်နေတာ၊ သွားပြောရင်လည်း ဖေဖေ စိတ်ဆင်းရဲအောင် မလုပ် ပါနဲ့လို့ တားမှာပဲ'' မမ စကားဆုံးတော့ အားလုံးလက်မှိုင်ချရပေပြီ။ သက်ပြင်းကိုယ်စီချပြီး ငိုင်နေမိကြသည်။ ကျွန်မ စိတ်ထဲမှာတော့ တစ်ခုတွေးမိသေးသည်။ ကားတစ်စီးနှင့် ဖေဖေကို မြို့ပြင်တစ်နေရာသို့ ခေါ်သွား မည်။ လူတချို့က တိုင်ပင်ထားပြီး ကျွန်မတို့ကို ဆွဲလား၊ ရမ်းလားလုပ်ခိုင်းမည်။ သည်တော့ ဖေဖေက သားသမီးဇောနှင့် လမ်းလျှောက်ပြီး ကယ်ဖို့ ကြိုးစားမည်ပေါ့လေ..။ ကျွန်မရဲ့ စိတ်ကူးက အဲဒီလို.. သို့သော် ကျွန်မတို့ကလေးတွေနှင့် အလှမ်းကွာဝေးနေသည်က ကားက ဘယ်ကရမလဲ၊ ကျွန်မတို့လို လူသာမန်မှာ ကားက မရှိ၊ ပြီးတော့ ကားရှိသည်ပဲ ထားဦး၊ ဘယ်သူကကားမောင်းမလဲ၊ ရန်ဖြစ်နေခိုက် ကားမောင်းသမား က ဘယ်သွားနေမလဲ၊ အိပ်ရာထဲလှဲနေတာသာ များသည့် ဖေဖေကရော ဘာကိစ္စအတွက် ကားနှင့်မြို့ပြင် လိုက်မလဲ။ အမေးသာရှိပြီး အဖြေမဲ့သည့် ပုစ္ဆာတစ်ပုဒ်သည် ရုပ်ရှင်ဆန်လွန်းလှသည်ဟုတွေးမိပြီး ထို အတွေးကို ကိုယ့်ဘာသာပင် မျိုသိပ်ပစ်လိုက်မိပါတော့သည်။ ထို့အပြင် ထိုနေ့က ကြံစည်သမျှ၊ တွေးတော သမျှ၊ တိုင်ပင်သမျှသည်လည်း ဘာမှအကောင်အထည် မဖော်ဖြစ်ခဲ့ပါ။


(င)
ဖေဖေနေမကောင်းဖြစ်စဉ်က အသက်၁၂နှစ်သာ ရှိသေးသော ကျွန်မသည် အခုဆိုလျှင် ၂၁နှစ်ပင် ပြည့် ခဲ့ပြီ။ ဖေဖေသည် လမ်းမလျှောက်နိုင်သေးသည်က လွဲလျှင် ကျန်အနေအထားအားလုံးသည် သာမန် ကျန်း မာရေးကောင်းသော လူအတိုင်းပဲ ဖြစ်သည်။ အရင်တုန်းက လှုပ်ပင်မလှုပ်နိုင်သော၊ ကွေးညွတ်နေသော လက်ချောင်းများသည် ကျွန်မတို့လိုပင် ကောင်းစွာ အလုပ်လုပ်နိုင်ပါပြီ။ အခုဆိုလျှင် ထမင်းကို ကိုယ့်ဟာ ကိုယ် စားနိုင်ပြီ။ ရေသောက်နိုင်ပြီ။ စာရေးစာဖတ်လုပ်နိုင်ပြီ။ ရေချိုး၊ အဝတ်လဲ အားလုံးလုပ်နိုင်ပြီ။ အရင် က မောင်နှမသုံးယောက်စလုံးဖေဖေ့ကို နှစ်ယောက်က ချိုင်းတစ်ဖက် တစ်ချက်ဆီမှကိုင်၊ တစ်ယောက် က ခြေထောက်နှစ်ချောင်းကို ကိုင်ပြီး ဖေဖေ ရွှေ့လိုသည့်နေရာသို့ ခက်ခက်ခဲခဲရွှေ့ပေးနေရာမှ အခုဆို လျှင် ဖေဖေက လမ်းလျှောက်ရင်း တစ်ယောက်တည်းက ဖေးမကိုင်၍ပင် ရွှေ့နိုင်သည့် အခြေအနေသို့
ရောက်လာပြီ။ ခြံထဲသို့ ဆင်းလိုလျှင်၊ လေကောင်းလေသန့် ရှူလိုလျှင် ဘီးတပ်ကုလားထိုင်ပေါ် ဖေးမကာ တင်ပေးလိုက်ရုံနှင့် ဖေဖေ့ဘာသာသွားလို့ ရနေပြီ။အခုဆိုလျှင် အိမ်လာလည်သည့် ဧည့်သည်တိုင်းဖေဖေ့ ကိုမြင်လျှင် အံ့အားသင့်သွားကြသည်။''အိုး . . အံ့သြစရာပဲနော်၊ အရင်တုန်းက ပိန်သွားလိုက်တာ.. နေ့ လား၊ညလားလို့တောင် ထင်မိတယ်၊ အခုဆိုကြည့်ပါဦး.. သားသမီးတွေနဲ့ အပြိုင် နုပျိုပြီး ဝဖြိုးနေတာပဲ၊ လမ်းမလျှောက်နိုင်သေးတာ တစ်ခုပါပဲ၊ ကျန်တာကတော့ တကယ်လူကောင်းအတိုင်းပဲ''ဧည့်သည်၏ စကား ကို ပြုံးရွှင်စွာ နားထောင်နေသည့် ဖေ့ဖေ့ကို ကြည့်ရင်း ကျွန်မတို့ ပီတိဖြစ်ကြရသည်။ ''ကလေးတို့အဖေ အခုလိုပြန်ပြီး နေကောင်းလာတာ ကလေးတို့ အပြုအစုကောင်းလို့လည်း ပါတယ်နော်'' ထိုစကားကိုလည်း ကျွန်မတို့ ပြုံး၍သာနားထောင်နေပါသည်။ ထိုစကား မှန်သည်လော မပြောတတ်ပါ။ သို့ပေမယ့် ကျွန်မတို့ သည် ဖေဖေ ခံစားနေရသည့် ရောဂါဝေဒနာများ လျော့ပါးသက်သာစေချင်သဖြင့် ဖေဖေ့ရောဂါပျောက်
ကင်း မည်ဆိုလျှင် နေရာချင်းပင် လဲပေးလို့ရပါက လဲပေးချင်ခဲ့သည်။ ထို့ကြောင့် ကျွန်မတို့ တတ်နိုင်သမျှ
တော့ ဖေဖေ့ကို ပြုစုစောင့် ရှောက်ခဲ့ကြတာပဲ ဖြစ်သည်။ တစ်ခါတုန်းက ဖေဖေ့ကို ကုသပေးသော ဗိန္ဓော ဆရာတစ်ယောက်ရှိခဲ့သည်။ ထိုဆရာ၏ ကုသပေးမှုကြောင့် အခန့်မသင့်၍ဖေဖေ သတိလစ်သွားခဲ့သည်။ ထိုမြင်ကွင်းကိုမြင်လိုက်ရသည့် ကျွန်မတို့မှာ ဆောက်တည်ရာမရ ဖြစ်ခဲ့ရသည်။ အားကိုးရာမရ စိတ်ထိခိုက် ခဲ့ရသည်။ ခဏတာဖြစ်ပျက်သွားသည့်ထိုမြင်ကွင်းကြောင့် ကျောင်းတက်ရသည်ကိုပင် စိတ်မဖြောင့်ဖြစ်ခဲ့ရ သည်။ ကျောင်းပိတ်ရက်ဆိုလျှင် အိမ်မှမခွာနိုင်တော့၊ ဖေဖေအပါးမှ မခွာနိုင်တော့။ သို့အတွက် ကျွန်မတို့၏ ငယ်ဘဝများသည် ကလေးတို့သဘာဝအတိုင်း ဆော့ကစားခြင်းဖြင့် ပျော်ရွှင်ကြည်နူးစရာများနှင့် ပြည့်နှက် မနေခဲ့။ အိမ်၏ အမေရှာသော တစ်ခုတည်းသော ဝင်ငွေနှင့် ဖခင်၏ကျန်းမာရေးအကြောင်းတို့ကို သိတတ် နားလည်ကာ လူကြီးဆန်ဆန်ကြီးပြင်းခဲ့ရသည်။ သို့ပေမယ့် ကျွန်မသည် ထို့အတွက်တော့ ဘယ်သောအခါ ကမှဝမ်းမနည်းခဲ့ဖူးပါ။အဘယ်ကြောင့်ဆိုသော် အချိန်များ ကျော်လွန်လာခဲ့သည်နှင့်အမျှ ပြန်၍ တွေးတော ကြည့်လိုက်လျှင် ကျွန်မတို့သည် လွန်ခဲ့သောအချိန်များကို တန်ဖိုးရှိစွာ ဖြတ်သန်းနိုင်ခဲ့သည်ဟု ယူဆသော
ကြောင့်ပင်။ ပြီးတော့ ထိုအရာများထက် ကျွန်မတို့ပိုမိုရရှိခဲ့သည် ကဖခင်တစ်ဦး၏ မေတ္တာနှင့်စေတနာဖြစ် သည်။ ဖေဖေသည် သူနေကောင်းလာသည်နှင့်အမျှတတ်ထားသမျှ အသိပညာများကို ဖြန့်ဖြူလေ့ရှိသည်။
ကျောင်းဆရာဟောင်းပီပီ ဆိုဆုံးမရာတွင် တစ်ဖက်ကမ်းခတ် ကျွမ်းကျင်လှသည်။ ပြီးတော့ စာအုပ်များနှင့် ကြီးပြင်းမွေ့လျော်တတ်အောင်၊ စာဖတ်ဝါသနာပါအောင်ဖန်တီးပေးခြင်းဖြင့် အဖိုးတန်မျိုးစေ့တစ်ခုကိုချပေး ခဲ့သည်။ ထို့ပြင် ကောင်းနိုးရာရာ စာအုပ်များ ရွေးချယ်ပေးပြီး ကျွန်မတို့ဘာသာ စိစစ်ရွေးချယ်နိုင်သည် အထိ သင်ကြားပေးသည်။ ထိုအရာများထက် ကျွန်မတို့ ရခဲ့သည်ကဖေဖေ၏ အရိပ်ပင်ဖြစ်သည်။ ဖေဖေ၏ အရိပ်သည် ကျွန်မတို့ကို ခြုံမိုး၍ နွေးစေသည့်အတွက် နွေ၊ မိုး၊ ဆောင်း သုံးရာသီစလုံး ကျွန်မတို့ ရာသီဒဏ် မခံခဲ့ရပါ။ သူငယ်ချင်းများအကြားမှာ ''ငါတို့အဖေကလေ'' ဆိုပြီး ပြောခွင့်ရှိသည်ကပင် အားတစ်ရပ်ပဲ မဟုတ်လား။ပြီးတော့ တစ်ယောက်တည်း အိပ်မပျော်သည့်ညများမှာ ဖေဖေ့ဟောက်သံကြားနေရလျှင်ပင်
ကြောက်စိတ်များ လွင့်ပြယ်ကာ လုံခြုံချမ်းမြေ့စေသည် မဟုတ်လား။ ထို.. ထိုအရာများထက် ကျွန်မတို့ရခဲ့ သည်ကတော့ ဖေဖေ့ကို အခွင့်သာခိုက်ကျေးဇူးဆပ်နိုင်ခွင့် ဖြစ်ပါလိမ့်မည်။


(စ)
တစ်နေ့ ဖေဖေက ကျွန်မကို အရင်ဝေဒနာခံစားနေခဲ့ရစဉ်က အကြောင်းများကို ပြန်ပြောပြရင်း စကားတစ် ခွန်း ပြောပါသည်။ ''သမီးရေ.. ဖေဖေကတော့ အဲဒီတုန်းက ကိုယ့်ကိုယ်ကိုယ် သေပြီလို့မှတ်တာ၊ ရောဂါက လည်း မလှုပ်နိုင်အောင် တုပ်ထားပြီး ဝေဒနာကလည်း ဆိုးရွားလှတော့ မသက်သာတော့ဘူး။ ဒီအခြေ အနေကနေ ဘယ်လိုမှတက်မလာနိုင်တော့ဘူးဆိုပြီး စိတ်ဓာတ်တွေတအားကျသွားလိုက်တာ၊ လူက လဲ၊ စိတ်က လဲ ဆိုတော့ဖေဖေလုံးပါးပါးပြီး ပိန်လာလိုက်တာ၊ သမီးတို့အားလုံးကတောင် ဖေဖေ့ကိုသေပြီမှတ် ကြတာလေ၊ ဖေဖေကလည်းဆေးကုစရိတ်က ကုန်၊ ပြုစုဖို့လည်း လူတွေလိုနဲ့ ကိုယ့်ကိုယ်ကိုယ် လူပိုတစ်
ယောက်လို့သဘောထားမိတော့ သေလည်း မထူးတော့ပါဘူးလို့ တွက်တယ်လေ.. ဒါပေမဲ့ အဲဒီအချိန်မှာ သမီးတို့ သားတို့က ဝိုင်းဝန်းပြီး ပြုစုကြတော့ ဖေဖေ့စိတ်တစ်မျိုးပြောင်းသွားတယ်.. သမီးက ဖေဖေ့ကို ထမင်းကျွေးနေတော့ ဖေဖေက မစားနိုင်ဘူးလေ . . အဲဒီအချိန်မှာ သမီးက 'တစ်လုတ်လောက်တော့စား လိုက်ပါဦး ဖေဖေရယ်.. ဒါလေးတော့ ကုန်အောင် စားလိုက်ပါဦး' ဆိုပြီး ကလေးထမင်းကျွေးသလို အမျိုး မျိုး ချော့ကျွေးတယ်လေ၊ အဲဒီတော့မှ အတွေးဝင်လာတယ်.. ငါသေသွားရင် ဒီကလေးလေးတွေ မျက်နှာ ငယ်ပြီးကျန်ရစ်ကြမှာပဲ ဆိုတဲ့အတွေး၊ငါက သေသွားလို့ ဝေဒနာလွန်မြောက်သွားပြီလို့ မှတ်နိုင်ပေမယ့် သား သမီးလေးတွေကျတော့ လောကအလယ်မှာ ဖတဆိုးလေးတွေအဖြစ်နဲ့ စိတ်ထိခိုက်ရှာမှာပဲ ဆိုတဲ့အတွေး.. အဲဒီတော့မှ ဒီရောဂါကို ငါ့ကလေးတွေအတွက် တိုက်ရဦးမယ်၊ ဒီရောဂါသက်သာမှငါ့သားသမီးတွေ အားရှိ မယ်ဆိုပြီး စိတ်ဓာတ်ကို ပြန်ပြီး အားတင်းခဲ့ရတာ သမီးရဲ့၊ စိတ်ဓာတ်ကြံ့ခိုင်မှုဆိုတာ သမီးတို့ကိုကြည့်ပြီးမှ
ဖေဖေ ဖန်တီးရယူခဲ့ရတာပေါ့ သမီးရယ်''ဖေဖေ့စကားအဆုံးတွင် အမျိုးအမည်မသိ ပီတိတစ်ခုက ကျွန်မ တစ်ကိုယ်လုံးကိုနွေးသွားအောင် လွှမ်းခြုံသွားစေပါသည်။

ငွေစုစံ

Related Posts Plugin for WordPress, Blogger...