Monday, September 2, 2013

အမျိုးသားတို့၏ သွေးဖိအားအပေါ်သက်ရောက်မှု ရှိသောအရာများ


 


သွေးတိုးတာကြောင့် လေဖြတ်ဝေဒနာ ဒါမှမဟုတ် နှလုံးရောဂါထတဲ့ ဝေဒနာ ဖြစ်နိုင်ခြေကို ၂-၄ဆ မြင့် တက်စေပါတယ်။ ဒါပေမဲ့ သွေးတိုးရောဂါရှိသူ သုံးပုံတစ်ပုံကသာ သွေးဖိအားကို စနစ်တကျ ထိန်းချုပ်မှုရှိ ကြပါတယ်။ အထူးသဖြင့် အမျိုးသားအများစုဟာ သူတို့ရဲ့ကျန်းမာရေးကို ဂရုစိုက်မှု နည်းတဲ့အတွက် သွေး ဖိအားအပေါ် သက်ရောက်မှုရှိတဲ့အချက်တွေကို သတိမမူမိတတ်ပါဘူး။




(၁) အရက်

အမျိုးသားတွေအနေနဲ့ တစ်နေ့ အရက်နှစ်ပက်ထက် ကျော်ပြီး သောက်တာကြောင့် သွေးဖိအားမြင့်တက် နိုင်ခြေ ရှိပါတယ်။

♦ လုပ်ဆောင်ပါ ♦
အမေရိကန်နှလုံးကျန်းမာရေးဂျာနယ်ရဲ့ လေ့လာမှုတစ်ခုအရ ခရမ်းချဉ်သီးဖျော်ရည်ထဲမှာပါတဲ့ အင်တီ
အောက်ဆီးဒင့် လိုင်ကိုပင်းဟာ သွေးတိုးနေသူတွေမှာ သွေးဖိအား လျော့ကျအောင် ထိန်းပေးနိုင်ကြောင်း သိရပါတယ်။ အမျှင်ဓာတ် ပါဝင်မှုများတဲ့တရုတ်နံနံပင်ကလည်း သွေးဖိအားကျအောင် ကာကွယ်ပေးနိုင်ပါ တယ်။

♦ ရှောင်ပါ ♦
အစာမရှိဘဲ အရက်ကို လုံးဝမသောက်ပါနဲ့။ အရက်ကို ရှောင်တာ အကောင်းဆုံးဖြစ်ပါတယ်။ မရှောင်နိုင်ရင် တစ်ခုခုစားပြီးမှ တစ်နေ့နှစ်ပက်ပဲသောက်ပါ။


(၂) လှုပ်ရှားမှု မရှိခြင်း

ပုံမှန်လေ့ကျင့်ခန်း လုပ်တာကြောင့်သွေးတိုးနေသူတွေမှာ သွေးဖိအား ၁ဝမှတ်အထိ လျော့ကျနိုင်ပါတယ်။
လေ့ကျင့်ခန်းလုပ်တာကြောင့် သွေးလှည့်ပတ်မှု ကောင်းပြီးသွေးကြောတွေ လွယ်လင့်တကူ ချုံနိုင်၊ ချဲ့နိုင် စွမ်းရှိကာ သွေးတိုးတာကို ထိန်းချုပ်နိုင်ပါတယ်။

♦ လုပ်ဆောင်ပါ ♦
ရော်ဘာဘောလုံးတစ်လုံးကို ကိုင်ပြီး လက်နဲ့ ဆုပ်ညှစ်ပေးပါ။ အကျိုးကျေးဇူးအများကြီး ရှိပါတယ်။ လေ့ လာမှုတစ်ရပ်အရ ရှစ်ပတ်ကြာ လက်လေ့ကျင့်ခန်းလုပ်တဲ့သူတွေဟာ အပေါ်သွေးဖိအား ၁၅ မှတ်နဲ့
အောက်သွေးဖိအားငါးမှတ် လျော့ကျမှုရှိကြောင်း သိရပါတယ်။

♦ ရှောင်ပါ ♦
လှုပ်ရှားမှု မရှိဘဲ အထိုင်များတဲ့ အကျင့်ကို ရှောင်ပါ။ လေ့ကျင့်ခန်းကိုလည်းအလွန်အမင်း ပြင်းပြင်းထန်ထန် မလုပ်သင့်ပါဘူး။


(၃) ခါးတစ်ဝိုက် အဆီပိုများ

သင် သွယ်လျနေစဉ်မှာ နှလုံးနဲ့သွေးကြောစနစ်တွေက ပုံမှန်အလုပ်လုပ်ရုံနဲ့ လုံလောက်ပါတယ်။ ဗိုက်ပူလာ တဲ့အခါ သွေးထောက်ပံ့မှုပိုလိုအပ်လာတာကြောင့် နှလုံးအပေါ် အပိုဝန်သက်ရောက်စေပြီး သွေးဖိအားတိုး လာပါတယ်။ ကိုယ်အလေးချိန်ကို ပုံမှန်အတိုင်းထိန်းနိုင်ပြီး ဝမ်းဗိုက်ချပ်ရပ်နေရင် သွေးဖိအားက ၁ဝ- ၂၉ မှတ်အထိ လျော့ကျစေနိုင်ပါတယ်။

♦ လုပ်ဆောင်ပါ ♦
အဆီနည်း အသားစားပါ။ သြစတြေးလျလေ့လာမှုတစ်ခုအရ သွေးတိုးနေသူတွေကို တစ်နေ့တာ စားသမျှ ရဲ့ရှစ်ရာခိုင်နှုန်းအား ပေါင်မုန့်၊ အာလူး၊ ခေါက်ဆွဲအစား အဆီနည်းအသားကိုအစားထိုးစားစေခဲ့ရာ ရှစ်ပတ် အကြာမှာအပေါ်သွေးဖိအား ၄ မှတ်အထိ လျော့ကျမှုရှိကြောင်း သိရပါတယ်။

♦ ရှောင်ပါ ♦
အဆီအအိမ့်များတဲ့ အစာတွေကိုရှောင်ပြီး ကောင်းတဲ့ အဆီကို စားပါ။ နှမ်းဆီမှာ ပိုလီမပြည့်ဝဆီနဲ့ စီစမင်
ဒြပ်တစ်မျိုး ပါဝင်တာကြောင့် အသည်းရဲ့ကိုလက်စထရောပြုလုပ်မှုကို ကာကွယ်ပေးနိုင်ပါတယ်။


(၄) ဆား

ဆားဟာ ခန္ဓာကိုယ်ထဲကို ရေဆွဲယူမှုဖြစ်စေပြီး သွေးထုထည်မြင့်တက်ကာသွေးတိုးစေပါတယ်။ ဆားများ များစားလေ၊ အသက်ပိုတိုလေဖြစ်တာကြောင့်ဆားကို လျှော့စားသင့်ပါတယ်။

♦ လုပ်ဆောင်ပါ ♦
ဟင်းချက်တဲ့အခါ ဆား အစားထိုးအရာတွေကို ထည့်ပါ။ ပုံမှန် ဆားကိုပိုတက်စီယမ်ဆား၊ ဆားခါးတို့နဲ့ ရော
ပြီးသုံးတာကြောင့် သွေးဖိအားကို ခြောက်မှတ်ခန့် လျော့ကျစေတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။
ပြုလုပ်နည်းကတော့ ရိုးရိုးဆား ၆၅ ရာခိုင်နှုန်း၊ပိုတက်စီယမ်ဆား ၂၅ ရာခိုင်နှုန်းနဲ့ ဆားခါး ၁ဝ ရာခိုင်နှုန်း တို့ကို ရောမွှေပြီး သုံးရမှာ ဖြစ်ပါတယ်။

♦ ရှောင်ပါ ♦
ပြင်ပြီးသား ဟင်းလျာတွေထဲ ဆားခတ်တဲ့အကျင့်ကို ပြင်ပါ။ ဆားကဲတဲ့အဆင်သင့်အစာတွေကို တတ်နိုင် သမျှလျှော့စားပါ။


(၅) စိတ်ဖိစီးမှု

စိတ်ဖိစီးကို တုံ့ပြန်တဲ့အခါ ခန္ဓာကိုယ်ကနေ အဒရီနယ်လင်ထွက်ရှိမှုများစေပြီး ရုတ်တရက် သွေးတိုးစေပါ တယ်။

♦ လုပ်ဆောင်ပါ ♦
စိတ်ဖိစီးမှုများတဲ့အခါ အိမ်သန့်ရှင်းရေးလုပ်ပါ။ အိမ်သန့်ရှင်းရေးကို နှစ်ရက်ခန့်လုပ်ထားသူတွေကို သွေး
ပေါင်ချိန်ကြည့်ရာ သွေးဖိအားထိန်းနိုင်တဲ့အပြင် စိတ်ဖိစီးမှု လျော့နည်းကြောင်းလေ့လာတွေ့ရှိရပါတယ်။

♦ ရှောင်ပါ ♦
စိတ်ဖိစီးမှုဖြစ်စေတဲ့ အကြောင်းရင်းကို မကြာခဏ မတွေးပါနဲ့။


(၆) မျိုးရိုးဗီဇ

သွေးတိုးရောဂါ မျိုးရိုးရှိရင် သွေးဖိအားထိန်းနိုင်မယ့် နေထိုင်စားသောက်မှုပုံစံကို လိုက်နာရပါမယ်။

♦ လုပ်ဆောင်ပါ ♦
သွေးတိုးရောဂါဖြစ်မလာအောင်ဆရာဝန်နဲ့တိုင်ပင်ပြီး ဆေးကုသမှုခံယူကာ ကာကွယ်ပါ။

♦ ရှောင်ပါ ♦
အကိုက်အခဲပျောက်ဆေးတွေကိုကိုယ့်သဘောနဲ့ကိုယ် မသောက်ပါနဲ့။ လေ့လာမှုတစ်ခုအရ ပုံမှန်အကိုက် အခဲပျောက်ဆေး မှီဝဲတဲ့ အမျိုးသားတွေဟာသွေးဖိအားမြင့်တက်နိုင်ခြေ ၃၈ ရာခိုင်နှုန်းရှိကြောင်း သိရပါ တယ်။

ကေအမ်

အသက် ၆ဝ ကျော်အမျိုးသမီးတို့ ကျန်းမာနုပျိုစေရန်





အသက် ၆ဝကျော်အရွယ် အမျိုးသမီးတွေအတွက် ဘဝဆိုတာ နေပျော်ဖို့ကောင်းတဲ့အချိန်ပါ။ အသက် ၆ဝ
ကျော်ချိန်ဟာ မိတ်ဆွေအပေါင်းအသင်း၊ မိသားစု၊ သားသမီး၊ မြေးမြစ်တွေနဲ့ ပျော်ပျော်ရွှင်ရွှင် နုပျိုကျန်းမာ စွာနေသင့်တဲ့ အချိန်ကာလပါပဲ။ ဒီအချိန်မှာ အသက်အရွယ်ကို မေ့ထားပြီး နုပျိုတဲ့စိတ်နဲ့ နေထိုင်တတ်ဖို့ အ
ရေးကြီးပါတယ်။

၆ဝ ကျော်ချိန်
အာဟာရပြည့်ဝစေရန် အစာစားနည်း
ငယ်ရွယ်နုပျိုစဉ်အချိန်မှာကလို ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်ကို စားသောက်ဖို့ အထူးအရေး ကြီးပါတယ်။ လူတွေ အသက်အရွယ်ကြီးရင့်လာချိန်မှာ အရင်ကလို အစာများများ မစားနိုင်တော့ပါဘူး။ အ စားအသောက်ကို များများမစားသောက်နိုင်တဲ့အတွက် စားသမျှ အစားအသောက်က အာဟာရပြည့်ဝနေဖို့ လိုပါတယ်။ အသက် ၆ဝ ကျော်အရွယ်မှာ အဆီနည်း ပရိုတင်း၊ အခွံချွတ်မထားတဲ့ ကောက်နှံစာနဲ့ သစ်သီး ဝလံ၊ ဟင်းသီးဟင်းရွက်စတာတွေကို ရွေးချယ်စားသုံးမှသာ မျှတတဲ့ စားသောက်မှုစနစ်ကို တည်ဆောက် နိုင်မှာပါ။ အသက် ၆ဝ ကျော်ချိန်မှာ အရိုးပါးရောဂါဖြစ်နိုင်ခြေကို လျှော့ချနိုင်ဖို့အတွက် ကယ်လ်စီယမ်အလုံ အလောက်လိုအပ်ပါတယ်။

၆ဝ ကျော်ချိန်
သန်စွမ်းကျန်းမာစေရန် နေထိုင်နည်း
အသက်အရွယ်ကြီးလာလေလေ၊ ပြတ်ရှရာ၊ ပွန်းပဲ့ရာတို့လို အသေးအမွှားအနာဒဏ်ရာတွေတောင် အနာ ကျက်ဖို့အချိန်ယူရလေလေပါ။ လမ်းလျှောက်တာ၊ ထိုက်ချိကစားတာနဲ့ ရေကူးတာတွေဟာအသက် ၆ဝ
ကျော် အမျိုးသမီးတွေပြုလုပ်သင့်တဲ့၊ သက်ရောက်မှုနည်းပါးတဲ့ လေ့ကျင့်ခန်းတွေ ဖြစ်ကြပြီး နှလုံးကိုကျန်း
မာ စေပါတယ်၊ ကြွက်သားတွေကိုသန်စွမ်းစေပါတယ်၊ အဆစ်တွေကို ပျော့ပျောင်းစေပါတယ်။ အသက် ၆ဝ
ကျော်အရွယ်မှာ လေ့ကျင့်ခန်း လုပ်တာကြောင့် ခန္ဓာကိုယ်ကိုဟန်ချက်ညီမျှစေပြီး လဲမကျအောင် ကာကွယ်
ပေးနိုင်ပါတယ်။ လေ့ကျင့်ခန်း လုပ်ချိန်မှာ ဖြည်းဖြည်းနဲ့ မှန်မှန်လုပ်ဆောင်ရင်း ထိခိုက်ဒဏ်ရာမရအောင် ကာကွယ်ပါ။

၆ဝ ကျော်ချိန်
ပျိုစေရန် နေထိုင်နည်း
ငယ်ရွယ်နုပျိုတဲ့ ခံစားချက်ကို ထိန်းသိမ်းထားနိုင်ဖို့နဲ့ ဦးနှောက်က တက်ကြွလန်းဆန်းနေစေဖို့ စာဖတ်တာ၊ ပဟေဠိအဖြေညှိတာ၊ စာရေးတာ စတဲ့ နည်းတွေကို လိုက်နာသင့်ပါတယ်။ ဦးနှောက်ကို လေ့ကျင့်ခန်းလုပ် နိုင်စေဖို့အတွက် လူမှုရေးအလုပ်တွေကို လုပ်ဆောင်သင့်ပြီး လူမှုရေးအလုပ်တွေမှာ ပါဝင်ကူညီတဲ့ အသက် ကြီးသူ အများစုဟာ ပါဝင်ကူညီမှုမရှိသူတွေထက် ပိုမို ပျော်ရွှင်မှု ရှိတာကိုတွေ့ရပါတယ်။

၆ဝ ကျော်ချိန်
ပျော်ရွှင်အောင် နေထိုင်နည်း
အသက် ၆ဝ ကျော်ချိန်မှာ ပျော်ပျော်ရွှင်ရွှင် နေထိုင်နိုင်တယ်ဆိုရင် သက်ရှည်ကျန်းမာတဲ့ ဘဝမျိုးကို ပိုင် ဆိုင်နိုင်ပါလိမ့်မယ်။ ပျော်ရွှင်စေဖို့ရာအတွက် လုပ်ဆောင်နိုင်တဲ့ နည်းတွေအများကြီး ရှိပါတယ်။ လေ့ကျင့် ခန်းလုပ်တာ၊ လူမှုရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်တာ၊ အများအကျိုး သယ်ပိုးတာ၊ တရားထိုင်တာ၊ ခရီးသွားတာတွေ အားလုံးဟာစိတ်ပျော်ရွှင်မှု ရရှိစေတဲ့ အချက်တွေဖြစ်ကြပါတယ်။


★ ကြယ်စင် ★

Related Posts Plugin for WordPress, Blogger...