အချိန်ကား ၁၉၄၂ ခုနှစ် မိုးဦးကျစ ဇွန်လအတွင်းဖြစ်၏။
ဂျပန်တပ်မကြီးများနှင့် မြန်မာ့လွတ်လပ်ရေး တပ်မတော်(ဘီအိုင်အေ)တို့
နယ်ချဲ့ဗြိတိသျှတပ်များအား မြန်မာနိုင်ငံတ၀န်းမှ
အပြီးပိုင်မောင်းထုတ်ပြီးနောက် မြို့ပြအုပ်ချုပ်ရေး
အုတ်မြစ်ချကာစအချိန်တွင် တပ်မတော်မှ ရဲဘော်သုံးကျိပ်ဝင်
အရာရှိကြီးအချို့နှင့် တို့ဗမာအစည်းအရုံးဝင်အုပ်ချုပ်ရေး
သက်ဆိုင်ရာတာဝန်ခံတို့မှာ ရွှေတောင်ကြား (ဂိုလ်ဒင်ဗယ်လီ)လမ်းအတွင်း၌
နေထိုင်ကြသည်။
ရွှေတောင်ကြား ခြံအမှတ် ၅၆ (ယခု အီတလီသံအမတ်ကြီးနေအိမ်နှင့်ကပ်လျှက်)
နေအိမ်ခြံဝ၌ ကင်းအစောင့်တာဝန်ကျနေသော ရဲဘော်သည် ထိုအိမ်၌နေထိုင်သော
ရဲဘော်သုံးကျိပ်ဝင် ဗိုလ်အောင် (နောင်အခါ ပြည့်သူ့လွတ်တော်ဥက္ကဋ္ဌ
ဗိုလ်မှူးအောင်) ထံသို့ ကိစ္စအမျိုးမျိုး အကြောင်းပြလျက်
လာရောက်သမျှဧည့်သည်များကို ၀င်ခွင့်ပေးသင့်၊ မပေးသင့် စဉ်းစားဆုံးဖြတ်နေရ၍
အတော်ဦးနှောက်ခြောက်နေရ၏။
” ဟေ့ ရဲဘော် မင်းတို့ဗိုလ်အောင်ရှိသလား၊ ငါက သူ့ဦးလေးပဲ၊ ငါလာတယ်လို့ သွားပြောလိုက် ”
ဤကဲ့သို့ အမျိုးဂုဏ်ဝင့်၍ အထက်စီးဖြင့် လာသောသူများ။
” ဒီမယ် ဒကာလေး၊ မင်းတို့ဗိုလ်မှူးကို သွားပြောချေစမ်း၊ မန္တလေးက
အာဇာနည်အသျှင်ဓမ္မိသာရကိုယ်တော် ကြွလာတယ်လို့၊သွားသွား မြန်မြန်သွား၊
ငါသူနဲ့ မတွေ့လို့မဖြစ်ဘူး”
ဤသို့ လူမြင်သမျှ ကပ္ပိယကဲ့သို့ ဆက်ဆံသော ဘုန်းကြီးများ။
” ဒါ မောင်စံလှိုင်နေတဲ့အိမ် မဟုတ်လား၊ ပြောလိုက်ပါ ကျုပ်နာမည်က့တဲ့၊ သူသိပါတယ် ”
ဤသို့ အလွန်ရင်းနှီးဟန်ဖြင့် ဘာကောင်မှန်းမသိရသောသူတို့ တစ်နေ့တစ်နေ့
နေ၀င်၍သောသွားကြပြီး ပြန်ထွက်လာသူမရှိသလောက်ဖြစ်နေ၍ ဧည့်ခန်းမဆန့်သော
အခြေအနေရောက်လာသောအခါ တာဝန်ကျကင်းဗိုလ် မနေသာတော့ဘဲ
အပေါက်စောင့်ရဲဘော်ထံပြေးလာကာ-
” ဟေ့ ရဲမောင်၊ ကြည့်လဲလုပ်ပါဦးကွ၊ မင်းဥစ္စာက တွေ့သမျှလူတွေ မလွှတ်နဲ့ကွ၊
ဧည့်ခန်းတောင် မဆန့်တော့ဘူး။ ဗိုလ်မှူးခုထိ ထမင်းမစားရသေးဘူး။ ကြည့်စမ်း
ဘယ်အချိန်ရှိနေပြီလဲ ဒီလိုလူတိုင်းနဲ့ လက်ခံစကားပြောနေရင်သေးတောင်
ပေါက်ရမှာမဟုတ်ဘူး ” ဟု ဆိုပါလေ၏။
ပြောမည်ဆိုလည်း ပြောစရာပင်။ လာသောဧည့်သည်များမှာ အလည်အပတ်သက်သက်၊ သားရေး
သမီးရေးကိစ္စဖြင့် အချိန်ဖြုန်းလာသူများ၊ လက်အောက်ငယ်သား
သူကြီးပုလိပ်တို့နှင့် ပြီးနိုင်သည့်ကိစ္စများကို နယ်မှ တကူးတကနှင့်
လာရောက်ပြီး
အသိပေးတိုင်ကြားသူများ၊ လာရင်းကိစ္စကို တိုတိုတုတ်တုတ်နှင့် မပြောဘဲ
စကားကြောရှည်နေသူများ စသည်ဖြင့် ဧည့်သည် အမျိုးပေါင်းစုံလှပေသည်။
ထို့ကြောင့် ဧည့်သည်များလာလျှင် အရေးကိစ္စကို အမျိုးအစားခွဲလျှက်
ရုံးကိစ္စဖြစ်လျှင် ရုံးသို့စေလွတ်ရန်၊ အိမ်ကိစ္စဖြစ်လျှင် သူ့အား
ဦးစွာအကြောင်းကြားရန် မှာထားသော ကင်းဗိုလ်၏အမိန့်ကို အတိအကျ နာခံရသည်။
ကင်းဗိုလ်၏ အမိန့်အတိုင်း လုပ်လိုက်ပြန်လျှင် ကင်းဗိုလ်ခမျာ
သက်သာလှသည်မဟုတ်။ ဧည့်သည်တစ်ယောက်လာတိုင်း ရဲဘော်က အချက်ပေးလိုက်သည့်အခါ
ကင်းဗိုလ်သည် အိမ်ပေါက်ဝမှ ခြံဝဂိတ်အထိ မီတာ ၂၀ ခန့်အကွာအဝေးကို
ပြေးသွားပြေးလာလုပ်နေရသည်။
ကြာတော့ ကင်းဗိုလ်က တစ်မျိုးစီစဉ်သည်။
” ကဲ ရဲမောင်ရေ နောက်ကို ဒီလိုလုပ်ကြမှထင်တယ်၊ အိမ်ကိစ္စနဲ့ လာတဲ့လူတိုင်းလဲ
ငါ့ကိုမခေါ်နဲ့တော့ကွာ၊ မင်းဖာသာ လူရိပ်လူကဲကြည့်ပြီး
အထဲကိုလွှတ်သင့်တယ်ထင်မှ လွှတ်တော့ကွာ၊ တော်ရုံတန်ရုံကိစ္စနဲ့လာရင်
မင်းသဘောနဲ့မင်းကြည့်ပြီး ကောင်းသလိုရှင်းလိုက် ကြားလား ”
” ဟုတ်ကဲ့ ဗိုလ်လေး စိတ်ချပါ၊ ကျွန်တော် ကြည့်လုပ်လိုက်ပါ့မယ် ” ဟု
ကင်းဗိုလ်အစီအစဉ်အတိုင်း နာခံရန် ရဲဘော်ရဲမောင် ယတိဖြတ် ဆုံးဖြတ်လိုက်သည်။
ရဲဘော်ရဲမောင်သည် ဂိတ်ဝ၌ လှံစွပ်တပ် ဂျပန်ရိုင်ဖယ်သေနတ်ကိုပိုက်လျက်
ဟိုမှသည်မှ လမ်းသလားနေရင်း စိတ်ကလည်း ဂနာမငြိမ်ဖြစ်နေခိုက် လူတစ်ယောက်သည်
ချင်းချောင်း အဲဗင်းနယူး (ယနေ့ကမ္ဘောဇလမ်း) ဘက်မှ ရွှေတောင်ကြားလမ်းအတိုင်း
သူရပ်နေသည့်နေရာသို့ နှေးကွေးစွာလျှောက်လာနေ၏။
အချိန်မှာ ညနေ ၅ နာရီနှင့် ခြောက်နာရီကြား လူလုံးလှချိန်ဖြစ်ငြားလည်း
ဝဿန်ဦးကာလ မိုးကလေးဖွဲဖွဲရွှာနေသဖြင့် မည်သူမည်ဝါဖြစ်သည်ကို မသိနိုင်ပေ။
ထိုသူသည် မိုးကလေးဖွဲဖွဲရွှာနေသည့်ကြားက ထီးမဆောင်း၊ မိုးကာမ၀တ်၊
ဘယ်ကိုမှမကြည့်ဘဲ ဦးခေါင်းငုံ့ကာ တစ်စုံတစ်ခုကို စဉ်းစားပြီးလာနေသည်ကို
မြင်ရသဖြင့် သူ့အနေဖြင့် စိတ္တဇရောဂါသည်တစ်ဦးဖြစ်မည်ဟုထင်သည်။ ထိုသူသည်
တဖြည်းဖြည်းနှင့်လျှောက်လာရာမှ ခြံအမှတ် (၅၆) ကို လွန်သွားပြီး
လမ်းထိပ်သို့ရောက်သောအခါမှ ရုတ်တရက် တစ်စုံတစ်ခုကို သတိရဟန်ုဖြင့် ဖျတ်ခနဲ
ဦးခေါင်းမော့ကာ ခြံအမှတ် (၅၆) ဘက်သို့ တစ်ချက်မျှော်ကြည့်လိုက်သည်။
ကျေနပ်ပြုံးပြုံးကာ ပြန်လှည့်လာသော်လည်း ဦးခေါင်းမှာမူ
ငုံ့မြဲငုံ့နေလျှက်။
ရဲမောင်လည်း ထိုသူကိုကြည့်ရင်း ပို၍ စိတ်ဝင်စားလာသည်။ ထိုသူသည်
ခြံဝင်းထဲသို့ တန်းတန်းမတ်မတ်ဝင်လာသော်လည်း မည့်သူ့ကိုမျှ ဂရုမစိုက်၊
မေးမြန်းခြင်းလည်း မရှိ။ ထိုသူသည် ရဲမောင်ရှေ့မှ ဖြတ်တက်ရန်
ပြင်လိုက်သည်နှင့်တပြိုင်နက် ရဲမောင်၏သေနတ်သည် သူ၏ရင်ဘတ်ကို
ကန့်လန့်ဖြတ်ကာတားထားလိုက်သည်။ ထိုအခါ ထိုသူသည် သေနတ်ကို
တစ်လှည့်ရဲမောင်ကို တစ်လှည့်ကြည့်ပြီးမှ “သြော့်ရဲဘော် ခင်များကို
ကျုပ်မမြင်ဘူး ” ဟု ပြောလိုက်ရာ ကြောင်တောင်ကန်းနေသောလူပဲဟုထင်ပြီး
သူ၏ပုံပန်းသဏ္ဌာန်ကို လေ့လာအကဲခတ်လိုက်သည်။
ခေါင်းမွေးစုတ်ဖွား၊ မေးရိုးကားကား၊ မျက်စိပေါက်ကျဉ်းကျဉ်း၊
စွပ်ကျယ်လက်တို၊ တစ်ပတ်ရစ် ယောပုဆိုး၊ သဲကြိုးနီလေယာဉ်ပျံဖိနပ်နဲ့
ပိန်ကပ်ကပ် မွဲခြောက်ခြောက်လူတစ်ယောက်။
” ခင်ဗျား ဘယ်ကလဲ၊ ဘယ်သူလဲ၊ ဘယ်သွားမလို့လဲ ”
ရဲမောင်က ထိုသူအား သိလိုသောမေးခွန်းများကို ဆက်တိုက်မေးသော်လည်း သူကမူ
မေးခွန်းများကို ပြည့်ပြည့်စုံစုံမဖြေ။ ရဲမောင်က သူ့ကိုစိတ်ဝင်စားနေသလောက်
သူကမူ ရဲမောင်ကို စိတ်ဝင်စားဟန်မတူ။ သူ့ကိုကြည့်ရသည်မှာ
ခပ်ကြောင်ကြောင်ဖြစ်နေ၏။ သူသည် ရဲမောင်ကို မကြည့်ဘဲ ဗိုလ်မှူးအောင်အိမ်ကိုသာကြည့်ပြီ့း
” ဒီကိုပါပဲ၊ ကျုပ်နေတာ ဒီနားမှာပဲ ” ပြောပုံက ငုံးတိတိ ပြည့်ပြည့်စုံစုံမရှိ။
” ဒီမှာ ဗျို့ ဆရာ့ခင်ဗျား ဒီကိုလာတဲ့ကိစ္စ ပြောစမ်းပါ ”
” ကျုပ် ဗိုလ်အောင်နဲ့တွေ့ချင်လို့ ”
” ရုံးကိစ္စလား ၊ အိမ်ကိစ္စလား ”
“ အိမ်မှာတွေ့ပြီး ပြောမှဖြစ်မယ့် ရုံးကိစ္စပဲ ”
” ဟင် ”
သူပြောလိုက်သောစကားကြောင့် ရဲမောင် ကြောင်အမ်းအမ်းဖြင့် ပါးစပ်အဟောင်းသားဖြစ်သွားသည်။ သူကဆက်ပြောပြန်သည်။
” ကျုပ်အဖို့ အိမ်ဟာလဲရုံး၊ ရုံးဟာလဲအိမ်ပဲ။ အိမ်နဲ့ ရုံးကို ခွဲခြားနေလို့ အချိန်မရဘူးရဲဘော်၊ ဒါကြောင့် အခုကျုပ့်”
စကားကို အဆုံးမသတ်ဘဲ ခြံတွင်းသို့ ပြောပြောဆိုဆို ဇွတ်အတင်းဝင်လာသည်။
ရဲမောင်လည်း စက္ကန့်ပိုင်းမျှ သူ၏အပြုအမှုကို အံ့ကားသင့်ကာ ကြည့်နေပြီးမှ
ကပျာကယာ သူ၏လက်မောင်းကို ပြေးကိုင်ပြီး ခြံပြင်သို့ဆွဲထုတ်လိုက်သည်။
သူလည်း ရဲမောင်၏လက်၌ ယက်ကန်ယက်ကန်ဖြင့်ပါလာရင်း ခြံပြင်သို့ ရောက်သည်နှင့်
ရဲမောင်၏မာန်မဲကြိမ်းမောင်းခြင်းကို ခံရတော့သည်။ ရဲမောင်က
ဆူပူကြိမ်းမောင်းသော်လည်း သူကမူအပြုံးမပျက်။ သူအပြုံး မပျက်လေ ရဲမောင်က
ဒေါပွလေဖြစ်တယ်။
“ ခင်ဗျား ဘယ်လိုလူလဲဟင်၊ ခင်ဗျား ဘာကောင်လဲ၊
ဒီလိုဗိုလ်မှူးတစ်ယောက်ရဲ့အိမ်ထဲကို ၀င်ချင်တိုင်းဝင်လို့ရမလား၊ ခင်ဗျား
တယ်ဇွတ်တရွတ်နိုင်တဲ့လူပါလား၊ ခင်ဗျားကို ဘယ်သူကခွင့်ပေးလို့လဲ ”
ရဲမောင်က ဒေါပွပွဖြင့် သူ့အားကြိမ်းမောင်းနေစဉ်မှာပင် သူသည်
ရဲမောင်ကြိမ်းမောင်းသမျှကို စိတ်ရှည်လက်ရှည်နားထောင်ပြီးမှ စကားတခွန်းကို
လေးတွဲ့စွာ ပြောလိုက်သည်။
” မဟုတ်ဘူး ရဲဘော်၊ ကျုပ်ဟာ အောင်ဆန်းပဲ။ ရဲဘော် ကျုပ်ကို မသိလို့
ဖြစ်ပါလိမ့်မယ်၊ ရဲဘော်တို့ ကင်းဗိုလ်ကို ခေါ်လိုက်ပါလေ၊
ကျုပ်သူနဲ့တွေ့ပါ့မယ် ”
ထိုအခါမှ ရဲမောင်ခေါင်းထဲ အကြောင်းတစ်ရပ် ဖျတ်ခနဲဝင်လာသည်။
(ဗိုလ်တေဇခေါ် သခင်အောင်ဆန်း)
ရဲမောင်လည်း သခင်အောင်ဆန်းဟူသော နာမည်ကိုကြားလိုက်သည်နှင့်
ပါးစပ်အဟောင်းသားပွင့်ကာ သူ့အားခြေဆုံးခေါင်းဆုံး စေ့စေ့ကြည့်ရင်း
ယုံရခက်မယုံရခက်ဖြစ်နေတာ့၏။ ဝေခွဲမရသော မျက်လုံးများဖြင့် သူ့အား တဒင်္ဂ
တွေဝေငေးငိုင်၍
ကြည့်နေမိသည်။ သူသည် ရဲမောင်၏ အတွင်းစိတ်ဓာတ်ကို ရိပ်စားမိသည်ထင်ရဲ့။
” ကဲပါလေ ကင်းဗိုလ်ကိုသာ ခေါ်လိုက်ပါရဲဘော်၊ ကျုပ် ချမ်းလှပြီ ” ဟု ဆိုရှာသည်။
သူက ဤသို့ပြောလိုက်မှ ရဲမောင်အနေဖြင့် ဘုမသိဘမသိ ဆုံးဖြတ်လိုက်ခြင်းထက်
ကင်းဗိုလ်၏အကူအညီကိုယူပြီးဆုံးဖြတ်ခြင်းက အကောင်းဆုံးဖြစ်မည်ဟု
တွေးမိသဖြင့် ကင်းဗိုလ်ထံသို့ ခွန်းဆင့်၍ခေါ်လိုက်ရသည်။ အဘယ်ကြောင့်ဆိုသော်
ကင်းဗိုလ်တာဝန်ယူထားသူ ဗိုလ်ကျော်ဒင်မှာ အရာရှိတစ်ဦးဖြစ်သဖြင့် တပ်မတော်မှ အရာရှိကြီး အတော်များများကို သိထားသူဖြစ်သောကြောင့်ပင်။
ဗိုလ်ကျော်ဒင်လည်း ခေါ်သံကြောင့် ကင်းဂိတ်သို့ ဒရောသောပါးပြေးလာကာသူ့ကိုယ်သူ
” အောင်ဆန်း ” ပါဟုပြောနေသူကို မြင်လိုက်သည်နှင့်တစ်ပြိုင်နက် ဖျတ်ခနဲ
အလေးပြုလိုက်ရင့်း
” ဟာ ဗိုလ်ချုပ်၊ ရေတွေစိုလို့ပါလား၊ ကြွပါဗိုလ်ချုပ် အထဲကိုကြွပါ ” ဟု ပြောပြောဆိုဆို ခရီးဦးကြိုပြုလိုက်လေသည်။
ရဲမောင်လည်း စောစောက ကြမ်းကြမ်းရမ်းရမ်း ဆက်ဆံလိုက်မိသော အပြုအမှုကြောင့်
ငါမှားလေခြင်း၊ ငါမိုက်လေခြင်းဟု မိမိကိုယ်မိမိ အပြစ်တင်ကာ
နောင်တရလို့မဆုံးဖြစ်နေတော့၏။
သူတို့ထွက်သွားကြပြီး မကြာမီမှာပင် ဗိုလ်ကျော်ဒင် သုတ်သီးသုတ်ပျာနှင့် ပြေးလာ၏။ သူ့နောက်မှာလည်း ရဲဘော်တစ်ယောက် အပိုပါလာ၏။
” ဟေ့ ရဲမောင်၊ မင်း ဗိုလ်ချုပ်ကို ဘာလုပ်လိုက်သလဲ ဟင် ”
” ဟာ ဗိုလ်ချုပ်မှန်း ဘယ်သိမလဲဗျ။ ယူနီးဖောင်းမပါ ဘာမပါနဲ့၊ သူ့ကိုလဲ
ကျွန်တော်သိတာမှ မဟုတ်ဘဲ။ နောက်ပြီး သူကလဲ ဘာမှပြောတာမဟုတ်ဘူး၊ အပြင်ကို
ဆွဲထုတ်ပြီး သူကပြောတာ၊ အဲဒီတော့မှ ကျွန်တော်လဲ ဗိုလ်လေးကို ခေါ်လိုက်ရတာ ”
” အဲဒါမှ စောက်ဂွပဲကွာ၊ အစကဘာလို့ ငါ့ကိုမပြောတလဲ ဟကောင်ရ ”
” နို့ ဗိုလ်လေးက လူကဲခတ်ပြီး ကြည့်လုပ်ရမယ်ဆို ”
” အားပါး ကျွတ် ကျွတ် ကျွတ် ကျွတ် ”
ကင်းဗိုလ်သည် သူ့နဖူးကို လက်ဝါးဖြင့်ရိုက်လျှက် ငရုတ်သီးစပ်သလို ညည်းညူလိုက်ပြီ့း
” ကဲ ဒါဖြင့် ငါနဲ့လိုက်ခဲ့၊ ဗိုလ်ချုပ်က မင်းကို ခေါ်ခိုင်းလိုက်လို့၊ ငါတော့ သေသာသေချင်လိုက်တော့တာပဲ ရဲမောင်ရာ ”
နောက်မှပါလာသော ရဲဘော်အား ရဲမောင်နေရာ၌ ခေတ္တအစားထားပြီး ဗိုလ်ချုပ်ရှိရာ
ဧည့်ခန်းသို့ သူတို့နှစ်ယောက်အတွေးကိုယ်စီဖြင့် ရောက်သွားကြသည်။
ဧည့်ခန်းအတွင်း စန္ဒရားခုံကို ဖင်တစ်ဝက်မှေးကာ မတ်တပ်ရပ် လက်ပိုက်လျက်
ခေါင်းငုံ့ရင်း တစ်စုံတစ်ရာကို စဉ်းစားနေသော သခင်အောင်ဆန်းအနီး၌
ဗိုလ်မှူးအောင်သည် တည်ငြိမ်သောအပြုံးဖြင့် ဆိုဖာတစ်လုံးပေါ်တွင် ထိုင်နေသည်။
ရဲဘော်ရဲမောင်သည် ဧည့်ခန်းဝသို့ရောက်နေသော်လည်း အတွင်းသို့ဝင်ရန် မ၀ံ့မရဲဖြစ်နေသည်။ ခြေနှစ်ဖက်က နောက်သို့ ဆွဲနေသည်။
ဗိုလ်ကျော်ဒင်၏ စစ်သံပါပါ အော်ဟစ်ကာ သတင်းပို့လိုက်သောအသံကြောင့်
ကျောက်ရုပ်ပမာ ငြိမ်ချက်သားကောင်းနေသာ ဗိုလချုပ်သည် တဖြည်းဖြည်း
ခေါင်းမော့လာကာ စောစောက သူ့ကို ရဲမောင်ကြည့်ခဲ့သော အကြည့်မျိုးဖြင့်
ရဲမောင်ကို ပြန်ကြည့်၏။ ၀ဋ်ဆိုသည်မှာ မသေမီကပင် လိုက်တတ်သည်ကို ရဲမောင် ကောင်းကောင်းကြီး နားလည်လိုက်သည်။
ထို့နောက် ဗိုလ်ချုပ်သည် သူ၏ မေးဖျားကို လက်ဖြင့်ပွတ်သပ်နေရင့်း
” အင်း ရဲဘော်နာမည် ”
” ရဲမောင် ”
” တပ်ထဲဝင်တာ မကြာသေးဘူးထင်တယ် ”
” ဟုတ်ကဲ့ ”
” အင်း ”
စကားမဆက်သေးဘဲ စဉ်းစားနေရာက့
” အေးပေါ့ကွာ၊ ရဲဘော်ရဲ့တာဝန်ကျေပွန်မှုကို ချီးကျူးပါတယ် ဟုတ်လား၊
စောစောကကိစ္စကို ဘာမှခေါင်းထဲထည့်ပြီး စဉ်းစားမနေနဲ့ ဟုတ်လား။ ဒီအချိန်မှာ
ဒီလိုလုပ်ရမှာပဲ၊ အဲဒါ ရဲဘော်မှန်ကန်တယ်ဟုတ်လား၊ ကဲကဲ သွားနိုင်ပြီ ”
ဗိုလ်ချုပ်၏နှုတ်ဖျားမှထွက်လာသော စကားကို ရဲဘော်ရဲမောင် သံသယဖြစ်နေရှာသည်။ ဟုတ်မှဟုတ်ပါ့မလားဟု ၀မ်းမသာရဲအောင် ဖြစ်နေလေသည်။
ထို့ကြေင့် ” ခင်ဗျာ ” ဟု နားမရှင်းဟန်ဖြင့် ထပ်မေးတော့မှ ” သြော်
ရဲဘော်မမှားဘူး။ အဲဒါကိုပြောတာ၊ ဒီတော့ လုပ်စရာရှိတာ ဆက်လုပ် ဟုတ်လား။ အေး
တစ်ခုသတိထား၊ စိတ်လိုက်မာန်ပါ မလုပ်နဲ့ အဲဒါပဲ ”
ရဲဘော်ရဲမောင်လည်း ဗိုလ်ချုပ်စကားဆုံးသည်နှင့်တစ်ပြိုင်နက် မူလတာဝန်ကျရာ
ဂိတ်ဝသို့ ကလေးငယ်ပမာ ခုန်ပေါက်မြူးထူးကာ အပြေးအလွှားရောက်လာသည်။ စောစောက
ရင်းတွင်း၌ ပူလောင်လှသော ဝေဒနာလည်း
ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်လေပြီ။
ရဲဘော်ရဲမောင်သည် ဗိုလ်ချုပ်၏ လူကြီးဆန်ဆန် လက်အောက်ငယ်သားအပေါ် ခွင့်လွတ်တတ်သော အပြုအမှုကို ကြည်ညိုလေးစားမဆုံး ရှိနေတော့၏။
သူ့လို တပ်ထဲဝင်စ အညတရ ရဲဘော်လေးအား ဗိုလ်ချုပ်၏
လူကြီးဆန်ဆန်ခွင့်လွတ်တတ်သော စိတ်ဓာတ်ကိုကြည့်၍ ဗိုလ်ချုပ်အား
သေတစ်ပန်သက်တစ်ဆုံး လေးစားမဆုံး၊ ကြည်ညိုမဆုံးဖြစ်နေပါတော့သည်။
နယ်ချဲ့စစ်တပ်များမှ ကြေးစား အရာရှိကြီးများနှင့် မြန်မာ့လွတ်လပ်ရေး
တပ်မတော်မှ မျိုးချစ်အရာရှိကြီးများ၏ ခြားနားမှုကိုလည်း စံပြုရန်
နှိုင်းယှဉ်မိတော့သည်။
ရေးသားသူ – တက္ကသိုလ်ခင်မောင်ဇော်
News Watch Weekly ( စောင့်ကြည့်သတင်းဂျာနယ် ) အတွဲ (၅) အမှတ် (၄၃) ဗုဒ္ဓဟူး ၂၆-၅-၂၀၁၀ နေ့ထုတ် ပြည်တွင်းဆောင်းပါးကဏ္ဍမှ တဆင့်ပြန်လည်ဖော်ပြသည်။ -- အိုအေစစ် --