Tuesday, September 10, 2013

Poe Ei Phyu Zin တဲ့ မိုနာလီဇာတောင် အရုံးပေးရတယ်..

 

 

 

 








 


KIA နှင့် UWSA အပါအ၀င် လက်နက်ကိုင်အဖွဲ့များ၏ ရာဘနှင့် မူးယစ်ဆေးဝါးစက်ရုံများအား ဘင်္ဂလားဒေ့ရှ် သတင်းစာများမှ ထုတ်ဖော်ပြောကြားခဲ့











မြန်မာနိုင်ငံတွင် အမြောက်အမြားထုတ်လုပ်နေသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ မူးယစ်ဆေးဝါးစက်ရုံများအား ပိတ်သိမ်းပေးဖို့ ဖိအားပေးရန်အတွက် မြန်မာအစိုးရအား မေတ္တာရပ်ခံ တိုက်တွန်းသွားမည်ဖြစ်ကြောင်း နှင့် နှစ်နိုင်ငံအကြား မူးယစ်ဆေးဝါးနှိမ်နှင်းမှုများတွင် ပိုမိုပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း ၅.၉.၂၀၁၃ ရက်နေ့ထုတ် The Daily Star သတင်းစာ နှင့် The Independent သတင်းစာတို့တွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။


မြန်မာနိုင်ငံအတွင်းရှိ ရာဘစက်ရုံများမှတ်တမ်းများအရ KIA မှ စက်ရုံ (၁၀) ရုံအား ကွတ်ခိုင်တွင်၎င်း ၊ ဦးယော ပြည်သူ့စစ်နှင့် Holi Tract စက်ရုံ (၁) ရုံစီအား ကွမ်းလုံတွင်၎င်း ၊ ပန်းဆေးကျော်မြင့် (ခ) ရန်မော်လင်းမှ စက်ရုံ (၂) ရုံအား နမ့်ခမ်းတွင်၎င်း ၊ မိုင်းပန်ပြည်သူ့စစ်၊ မိုင်းလားပြည်သူ့စစ်နှင့် ရှမ်းပြည်မြောက်ပိုင်း RCSS ပိုင် စက်ရုံ (၃) ရုံအား တန့်ယန်းတွင်၎င်း ၊ ရှမ်းပြည် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (SNPL) နှင့် နားရိုင်းအဖွဲ့တို့၏ စက်ရုံ (၂) ရုံအား နမ့်စန် နှင့် ကောင်ဆိုင်း၊ ဟိုနမ့်ဒေသတို့တွင်၎င်း ၊ မဟာဂျာမှ စက်ရုံ (၂) ရုံအား ဟိုမိန်းတွင်လည်း၎င်း ၊ UWSA (၀အဖွဲ့) နှင့် ကိုးကန့်အဖွဲ့တို့မှ စက်ရုံ (၂) ရုံအား မိုင်းတုံတွင်လည်း၎င်း ၊ UWSA နှင့် လားဟူပြည်သူ့စစ်တို့မှ စက်ရုံ (၂) ရုံအား မိုင်းဆတ်တွင်၎င်း ၊ အခြား စက်ရုံ (၃) ရုံအား တာချီလိတ်တွင်၎င်း၊ UWSA မှ စက်ရုံ (၁) ရုံအား မိုင်းပန်တွင်၎င်း ၊ SNPLO မှ စက်ရုံ (၂) ရုံအားး မောက်မယ်တွင်၎င်း ၊ MNDAA မှ စက်ရုံ (၁) ရုံအား ကိုးကန့်တွင်၎င်း ထုတ်လုပ်လျှက် ရှိပြီး တံဆိပ် ၁၃ မျိုးဖြင့် နိုင်ငံအသီးသီးသို့ ဖြန့်ဖြူးရောင်းချလျက်ရှိသည်ဟု ဖော်ပြသွားခဲ့သည်။


မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ ရာဘနှင့် မူးယစ်ဆေးဝါးများကိုလူငယ်များအကြားရောင်းချရန်ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ မှောင်ခိုလမ်းကြောင်းဖြင့် နတ်မြစ်အားဖြတ်သန်း၍ တင်သွင်းလာကြကြောင်း ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး Dr.Mohiuddin Khan Alamgir က နိုင်ငံသူ၊ နိုင်ငံသားများအား သတိပေးပြောကြားခဲ့သည်။


မြန်မာအစိုးရအနေဖြင့် မူးယစ်ဆေးဝါးပပျောက်ရေးလုပ်ငန်းများကို မူဝါဒများ၊ စီမံချက်များဖြင့် အကောင်အထည်ဖော်၍ အောင်မြင်စွာဆောင်ရွက်လျက်ရှိသော်လည်း အဓိကကျသည့် KIA၊ UWSA အပါအ၀င် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ၄င်းတို့ အဖွဲ့အစည်းရပ်တည်ရေးအတွက် မူးယစ်ဆေးဝါးများအား ဆက်လက် ထုတ်လုပ်နေမှုခြင်းအပေါ် မြန်မာအစိုးရအနေဖြင့် ပြင်းပြင်းထန်ထန်ကိုင်တွယ်သင့်ကြောင်း အကြံပြုပြောကြားခဲ့သည်။


ယနေ့ အချိန်တွင် မြန်မာနိုင်ငံသည် ဘိန်းထွက်ရှိသည့် နေရာတခုသက်သက် မဟုတ်တော့ပါ။ ထိုင်းနိုင်ငံတွင် လူ သန်းနှင့် ချီ၍ သုံးစွဲနေကြသည့် မက်သဖက်တမင်း စိတ်ကြွဆေးအများစုကို ထုတ်လုပ်ပေးသည့် နေရာလည်း ဖြစ်နေပါသည်။ အမေရိကန် ကွန်ဂရက်လွှတ်တော် သုတေသနအဖွဲ့၏ ခန့်မှန်းမှုအရ မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်များ၏ မူးယစ်ဆေး ကုန်သွယ်မှုပမာဏသည် နှစ်စဉ် အမေရိကန်ဒေါ်လာ ၁ ဘီလီယံနှင့် ၂ ဘီလီယံကြားတွင်ရှိသည်ဟု သိရသည်။


မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင်ဘိန်းစိုက်ပျိုးမှု အများဆုံးနိုင်ငံနေရာကို အာဖဂန်နစ္စတန်သို့
ပေးအပ်လိုက်ရသည်မှာ ကြာခဲ့ပြီဖြစ်သော်လည်း ဒုတိယနေရာမှာတော့ခိုင်ခိုင်မာမာ ရပ်တည်လျှက် ရှိနေသေးပေသည်။


- ပရိုမီးသီးယပ်စ်




Source - http://www.thedailystar.net/beta2/news/mka-admits-alarming-situation/


http://www.theindependentbd.com/index.php?option=com_content&view=article&id=184590:dhaka-urges-yangon-to-shut-down-yaba-factories&catid=132:backpage&Itemid=122

Facebook တင်ရန် ဓါတ်ပုံရိုက်နည်းများ (More photo)




Facebook အလှပဂေးများကိုလိုက်လံငမ်းမောကြည့်ရှုရာမှရရှိလာသော ဓါတ်ပုံပညာရပ်ဆိုင်ရာ ဗဟုသုတများကို နောင်လာနောက်သားများအတုယူနိုင်ရန်ဖော်ပြအပ်ပါသည်။







- အသုံးအများဆုံးနည်းလေးကတော့ နှုတ်ခမ်းလေးကိုစူရင်စူ၊ ပါးလေးကိုဖောင်းရင်ဖောင်း၊
ဒါမှမဟုတ် လျှာကလေးကိုတစ်လစ်တစ်လစ်လုပ်လိုက်ပါ။
ဒါမှမဟုတ်လည်း ၃ခုလုံးပြိုင်လုပ်ချင်လဲရပါတယ်။ ပိုလှချင်သေးရင်တော့ လက်ညှိုးနဲ့
ပါး ဒါမှမဟုတ် နှုတ်ခမ်းကိုထောက်လိုက်ပါ။
ပြီးတော့ ရိုးသားသယောင်ယောင် (သို့) အံသြသယောင်ယောင် (သို့)
Feel တက်နေသယောင်ယောင်မျက်နှာပေးလုပ်ချင်လဲရပါတယ်။
စိတ်ကျေနပ်ပြီဆိုရင်တော့ Camera မီးကျွမ်းအောင်ရိုက်လို့ရပါပြီ။
ဒီရုပ်ဒီရည်နဲ့ ပုံ ၁၀၀ ရိုက်ရင် ၁ပုံတော့လှမှာပဲ။ အင်း၊ ကြိုက်တဲ့ပုံရပြီဆိုရင်တော့
မြန်မြန်သာ Upload လုပ်ပေတော့။ အစ်ကိုကာလသားတွေမြန်မြန်ငမ်းလို့ရအောင်။











- နောက်တစ်နည်းကတော့ ကိုင်းထူထူနဲ့မျက်မှန်၊ ဒါမှမဟုတ် မှန်မပါတဲ့ မျက်မှန်တပ်ပြီးရိုက်နည်းပါပဲ။ ကိုင်းကအရောင်စုံဆိုရင်ပိုတောင်ကောင်းသေး။
ဘာကြောင့်ဒီနည်းကိုသုံးသင့်လဲဆိုရင် မျက်မှန်ကိုင်းကထူတော့
မျက်နှာပေါ်က တင်းတိပ်၊ ဝက်ခြံ၊ ကြက်ခြံတွေကို ဖုံးပြီးသားဖြစ်သွားတာပေါ့ကွယ်။
ပြီးတော့ မျက်မှန်ကိုပဲ အာရုံရောက်နေကြတော့ ကိုယ်မလှတာလူသတိမထားမိဘူးပေါ့။ ဒါတောင်အဆင်မပြေသေးဘူးဆိုရင်တော့ မျက်နှာတစ်ဝက်လောက်ဖုံးတဲ့ နေကာမျက်မှန်ကြီးတွေတပ်ပြီးရိုက်လို့ရပါသေးတယ်။
အခြောက်ကြီးဆိုရင်တောင်လူသိမှာမဟုတ်ဘူး။
ပြီးတော့ ပျားလိုလို၊ ယင်ကောင်လိုလို၊ ပုတုန်းလိုလိုနဲ့ လူတောင်ရှိန်သေး။




- ပိုလှချင်ပါသေးတယ်ဆိုရင်တော့ ဟိုဂျပန်ကာတွန်းကားတွေထဲကလို
မျက်ဆံကြီးကြီး အရောင်တောက်တောက်တွေနဲ့ မျက်ကပ်မှန်တွေတပ်ပြီးရိုက်လို့ရပါသေးတယ်။
လန်းလွန်းလို့ ကိုယ့်ရုပ်ကိုယ်တောင်မှတ်မိမှာမဟုတ်ဘူး။ အဲဒီမျက်လုံးတွေကြိုက်တဲ့ကောင်လေးနဲ့တွေ့လို့ ရည်းစားရရင်တော့မပူပါနဲ့။
မျက်ကပ်မှန်ကို အိပ်တဲ့အချိန်ကျမှချွတ်ပေါ့။
အိပ်တဲ့အချိန်ဆိုတော့သူလည်း မျက်လုံးကိုစိတ်ဝင်စားမှာမဟုတ်ပါဘူး၊ (တစ်ခြားစိတ်ဝင်စားစရာတွေရှိတာကိုး)။




- အော်၊ ပြီးတော့ မျက်လုံးကြီးကြီးနဲ့တော့လှချင်တယ်၊ ဒါပေမယ့်
မျက်ကပ်မှန်မတပ်ချင်ဖူးဆိုလဲ တစ်နည်းရှိသေးတယ်။ အိမ်မှာသကြားရှိတယ်ဟုတ်?
အင်း၊ အဲဒီသကြားကို လက်ဘက်ရည်ဇွန်းတစ်ဇွန်းလောက်ခပ်ပြီး စားပွဲပေါ်မှာတင်၊
ပြီးရင် ဘူးအလွတ်တစ်လုံးနဲ့ စောင့်နေ။ ခဏနေ ပုရွက်ဆိတ်တွေလာလိမ့်မယ်။
သူတို့ကိုဘူးနဲ့ဖမ်းပြီး တစ်နေ့တစ်ဘူးမှီဝဲဗျ။
ဘာကောင်းလဲဆိုတော့ မသိဘူးလေ၊ လူကြီးတွေပြောတာက
ပုရွက်ဆိတ်စားရင် မျက်လုံးပြူးတယ်ဆို။







- နောက်ထပ်တစ်နည်းကတော့ အိမ်မှာ မွှေးပွရုပ်တွေရှိရုံနဲ့ အလုပ်ဖြစ်ပါတယ်။
လုပ်ရမှာက ညဝတ်အင်္ကျီကိုဝတ်၊ ပြီးတော့ဆိုဖာ၊ ဒါမှမဟုတ် ကုတင်ပေါ်မှာထိုင်၊
အရုပ်ကလေးကို ချစ်စဖွယ်ပိုက်ပြီး အိမ်ကလူတစ်ယောက်ယောက်ကို Camera ပေးလိုက်ပါ။ ဒါဆိုရင်တော့ သင်ဟာ ချစ်စရာ့ အရွယ် နို့နံ့မစင်သေးတဲ့
ကလေးမငယ် စတိုင် ဓါတ်ပုံတစ်ပုံရဲ့ ဂုဏ်ယူဖွယ်ပိုင်ရှင်ဖြစ်သွားပါပြီ။ သူများတွေလည်းဂုဏ်ယူလို့ရအောင် Facebook မှာတင်ဖို့မမေ့နဲ့အုံးနော်။









- တကယ်လို့ Cute ဖြစ်တာမကြိုက်ပဲ ပူစပ်ပူလောင်
Hot & Sexy ကိုကြိုက်ပါတယ်ဆိုရင်တော့ပထမဆုံး Stocking တစ်ထည်ရှာပါ၊
အပေါက်တွေပါရင်ပိုကောင်းပါတယ်။ ပြီးတော့အခုဝတ်နေတဲ့အင်္ကျီထက်
၎ ဆိုဒ်လောက်သေးတဲ့အင်္ကျီကိုရှာပါ။ အဲဒါတွေဝတ်ဆင်လိုက်ရင်တော့
မယ်စကြာဝဠာရှူံးလောက်တဲ့၊ ကိုယ့်မှာရှိနေမှန်းတောင်မသိငုပ်လျှိုးနေခဲ့တဲ့ ကျပ်ထုပ်တင်းရင်းနေတဲ့အလှတွေပေါ်ထွက်လာပါလိမ့်မယ်။







ဓါတ်ပုံရိုက်ရင်လည်း ဒီအလှတွေပေါ်အောင်လို့ Camera ကို အပေါ်ကနေချိန်ပြီးရိုက်ပါ။ ရှုခင်းကောင်းတာပေါ့။ ဒါမှမဟုတ်ရင်လည်းမှန်ထဲကနေတစ်ဆင့်
Angle ပေါင်းစုံကနေစမ်းပြီးရိုက်ကြည့်ပါ။ ကိုယ့်ပုံကိုယ်ပြန်ကြည့်ပြီး
ကိုယ်ကိုတိုင်တောင် မရိုးမရွဖြစ်လာပြီ ဆိုရင်တော့ သင်ဟာနောက်ထပ်ဂုဏ်ယူဖွယ်ရာ ကောက်ညှင်းထုပ်ဓါတ်ပုံ၏ပိုင်ရှင်ဖြစ်သွား ပြီဆိုတာ သိရှိလိုက်ပါတော့။










ပြီးတော့ဒီနေရာမှာယူတတ်ရင်ရမယ့်အခွင့်အရေးလေးတစ်ခုရှိပါသေးတယ်။
အဲဒါကတော့ Camera အစား Phone နဲ့ဓါတ်ပုံရိုက်တာပါပဲ။
မှန်ထဲမှာရိုက်တာဆိုတော့ ဓါတ်ပုံထဲမှာ သင့် Phone လဲပါလာမယ်လေ။
သင့်၏ တန်ဖိုးကြီးပြီး ဖန်ရှင်စုံပေသော iPhone 10Gs (သို့) HTC Superhero OMFG! (သို့)
Sony Ericsson Zeperia Z20 (သို့) Nokia N-Gazillion အစရှိသော
အမျိုးကောင်းသား/သမီး Handset တို့ကိုအသင်၏ခန္ဓာကိုယ်အလှနောက်ခံထားကာ
တစ်ကမ္ဘာလုံးမနာလိုအားကျကြောင်းငှာ ကြွားဝါပြသမည့်အရေး ဤနှယ်ကောင်းမွန်သောအခွင့်အရေးထူးကြီးအား အဘယ်မှာတွေ့ရပါညားအံ့။ ထို့ကြောင့်ဤအခွင့်အရေးထူးကြီးအား လက်မလွတ်ရလေအောင် အမိအရယူပါလေ။







- ဒီလိုအံ့မခန်းဓါတ်ပုံတွေရိုက်မယ်ဆိုရင် Setting ကောင်းကောင်းလိုပါတယ်။
Facebook မှာ popular ဖြစ်နေတဲ့နေရာတွေကတော့ Photo studio၊ ပန်းခြံပေါင်းစုံ၊ အဆောက်အဦးများ၏အပေါ်ဆုံးထပ်၊ အင်တာနက်ဆိုင်၊ hotel & restaurants တွေမှာရှိတဲ့ ကျွန်တော့်အခန်းထက်တောင်ကောင်းတဲ့ အဆင့်မှီအိမ်သာကြီးများ၊
ပြီးတော့ အိပ်ခန်း၊ရေချိုးခန်း အစရှိသဖြင့်ပါပါတယ်။ Z
ကိုယ်ဥာဏ်ရှိရင်ရှိသလောက် ဆန်းသစ်တီထွင်ရိုက်ကူးလို့ရတဲ့အတွက်
အကျယ်တဝင့် မညွှန်ကြားတော့ပါဘူး။







- နောက်ဆုံးအနေနဲ့ ဓါတ်ပုံရိုက်ပြီးလို့ Profile Picture တင်တော့မယ်ဆိုရင်တော့
photo frame၊ ဒါမှမဟုတ် စာလေးတွေ၊ အသည်းပုံလေးတွေမပါရင်မပြီးပါဘူး။


တွေ့ရတတ်တဲ့ စာလေးတွေကတော့ "ZOMG I’m sO fUCkiNg CuTE!!!!!1122@@",
"I miss you so much that I'm posting my cute/revealing photos on Facebook",
"I am so hot I'm jealous of myself",
"Your boobs are smaller than mine bwaa haa haa" အစရှိသဖြင့်ဖြစ်ပါတယ်.




အထက်ပါညွှန်ကြားချက်တွေကိုလိုက်နာခဲ့မယ်ဆိုရင်တော့ သင်ဟာ Friends
ရာ၊ ထောင်ချီပိုင်ဆိုင်တဲ့ Facebooker တစ်ယောက်အဖြစ်ကိုမကြာမီရောက်ရှိပါတော့မယ်။
အဲဒီ Friends တွေထဲမှာ ပုရိသတွေကတော့ 99.9999999999%
ဆိုတာပြောစရာလိုမယ်မထင်ပါဘူး
(အဲဒီလိုဖြစ်အောင် လုပ်ထားတာပဲ ဟာပဲ ဟာပဲ ဟာကို)။









ထပ်ပြီးဂုဏ်ယူစရာကတော့ သင်ဟာဒီပုရိသတွေရဲ့ comment တွေနဲ့
ချီးမြောက်မှုတွေကြားမှာ မျက်နှာပန်းပွင့်လန်းလာတော့မှာ မလွဲဧကန်ပါပဲ။
အဲဒီလို ချီးကျူးဂုဏ်ပြုမှုတွေကို ကြိုတင်ခံစားလို့ရအောင် comment နမူနာလေးတွေကို ကျွန်တော့်ရဲ့မှတ်ချက်လေးတွေနဲ့အတူ ဖေါ်ပြပေးပြီး ဒီ Guide ကိုနိဂုံးချုပ်အပ်ပါတယ်။




• "လန်းတယ်နော်" (“ဟုတ်၊ ကျေးဇူးနော်”)


• "so beauty" (English လိုပြောပြီးအထင်ကြီးလဲခံချင်သေး၊ Grammar ကလဲမပိုင်)




• "စားချင်စရာကြီး" (အတော်ပဲ toilet က flush လုပ်လို့မရတာနဲ့)


• “ဘယ်လိုကြည်ကြည်အမြဲလှတယ်” (မြန်မာစာလုံးတောင်မှန်အောင်မပေါင်းဘူး)


• သြော်--- သဘာဝတရားကို ပိုပြီးပြည့်စုံလှပသွားအောင် လှပနေသူပါလားနော်
(“သဘာဝတရားကို အကျည်းတန်အောင် ပေါရဲသူပါလားနော်”)


• _____ ရဲ့ပါးပေါ်က မှဲ. လေးဖြစ်ချင်လိုက်တာ (“ဟင့်အင်း၊ ကျွန်မကမှဲ့ရုပ်ဆိုးကြီးလိုချင်ဘူး”)


• ကြည့်ကောင်းလို့ ______ ရဲ့ ပုံကို desktop မှာတင်ထားလိုက်ပြီ (“ရှင့် PC က Core i7 မဟုတ်ရင်တော့ sorry ပဲ)


•BeeeeeeeeeeeeeeOoooooooooooooTeeeeeeeeeeeeeeeeeeeeFuuuuuuuuuuuuuuuuuuuLLLLLLLLLLLLLLLLLL!! ;) (“Sorry but I don’t talk to people who have trouble spelling.”)




ကဲတော်လောက်ပါပြီ၊ ဆက်ရေးလို့ကတော့ပြီးတော့မှာမဟုတ်ဘူး။
ဒါတောင်ဒီ comment တွေက တစ်ယောက်ထဲဆီကယူထားတာ၊
ဘယ်သူလဲဆိုရင်တော့ပြောပြဘူး :P


Disclaimer: ဤဆောင်းပါးကိုမည်သူတစ်ဦးတစ်ယောက်ကိုမျှ နာကျင်ထိခိုက်စေလိုသောရည်ရွယ်ချက်ဖြင့် ရေးသားခြင်းမဟုတ်ပါ။ အပျော်သဘောဖြင့်သာရည်ရွယ်ပါသည်။ တိုက်ဆိုင်မှုမရှိကခွင့်လွှတ်စေလိုပါသည် :P


ပုံ
Chilly Chan

မြန်မာ-ဂျပန် ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ သိမ်ဖြူ၌ ကျင်းပမည်




Tuesday, September 10, 2013

မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်မှကြီးမှူးပြီး Wazo Travels နှင့် NAING MOE ENTERTAINMENTမှ စီစဉ် ကျင်းပသည့် မြန်မာ- ဂျပန်ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲကိုလာမည့် စက်တင်ဘာ၂၁ရက်တွင် ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ သိမ်ဖြူမိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပမည်ဖြစ်သည်။

ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲတွင် မြန်မာ-ဂျပန် လက်ဝှေ့စိန်ခေါ်ပွဲအဖြစ် တွဲဆိုင်း နှစ်ဆိုင်းပါဝင်မည်ဖြစ်ပြီး ကျန်ပြည် တွင်း လက်ဝှေ့တွဲဆိုင်း ခုနစ်ဆိုင်း ထိုးသတ်ကြမည်ဖြစ်သည်။ လက်ဝှေ့ တွဲဆိုင်းများမှာ ရှမ်းလေး (၀ါဆို)နှင့် ရဲရင့်ထွန်း(မုဒုံသား) ၊ ရဲမြတ်အောင်(၀ါဆို)နှင့်မိုက်ခဲ(Top One)၊လှစ်လှစ်လေး (အဖြူရောင်သွေး သစ်)နှင့် အားမန်(T&T)၊ ရန်တိုင်းကျော် (၀ါဆို)နှင့် နေရူဘီ (အဖြူရောင်သွေးသစ်)၊ စောသဲအောင်(Twann Tay)နှင့် ဇမ္ဗူကျော်(Thakayta)၊ စောဂေါ်မူဒိုး (Thut Ti)နှင့်ရဲတံခွန်(အလင်းရောင်)၊ သပြေညို (ဘိလပ် မြေ)နှင့် ဖိုးသားကြီး (မန္တလေး)တို့ဖြစ်ကြပြီး မြန်မာ-ဂျပန်တွဲဆိုင်းနှစ်ဆိုင်းအဖြစ် နေလင်းအောင် (မြန်မာ) နှင့် ဖူဂျီဟာရာ (ဂျပန်)၊ ထွန်းထွန်းမင်း (မြန်မာ)နှင့် ဆာမူကာဝါ(ဂျပန်)တို့ ဖြစ်ကြသည်။

ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲများကို မွန်းလွဲ ၂ နာရီတွင် စတင်ကျင်းပမည်ဖြစ်ပြီး ၀င်ကြေးလက်မှတ်ခမှာ ကျပ် ၇၀၀၀၊ ၁၂၀၀၀ နှင့် ၁၅၀၀၀ တို့အဖြစ် သတ်မှတ်ထားသည်။

မဇ္ဈိမ

မလေးရှားတွင် တရားမ၀င်နေထိုင်သူများအား ၀င်ရောက်ဖမ်းဆီးရာ မြန်မာနိုင်ငံသား ၁ ဦး (၈) ထပ် တိုက်ပေါ်မှ ခုန်ချသေဆုံး






ဘာတာဝတ်ဒ်

စက်တင်ဘာလ ၇ ရက် ည ၁၁ နာရီကျော်က မလေးရှားနိုင်ငံ ပီနန်မြို့ တစ်ဖက်ကမ်း ဘာတာဝတ်ဒ် မြို့ တမန်ပလန်ငီး (TAMAN PLANGE) မြို့နယ်အတွင်းရှိ တိုက်ခန်းများတွင် တရားမ၀င် နေထိုင်ကြသူများကို ၀င်ရောက်ဖမ်းဆီးရာ အသက် ၂၀ အရွယ်ရှိ မြန်မာနိုင်ငံသားတစ်ဦးမှာ ၄င်းနေထိုင်ရာ ရှစ်ထပ်တိုက်ပေါ်မှ သွေးရူးသွေးတန်းဖြင့်ခုန်ချသဖြင့် နေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း မလေးရှားရောက် မြန်မာနိုင်ငံသားများ၏ ဆက်သွယ်ပြောပြချက်အရ သိရသည်။

ယင်းအော်ပရာစီများ ဆက်လက်ဖမ်းဆီးခြင်းများ ရှိနေပါက အေးဆေးစွာ အဖမ်းခံသင့်ကြကြောင်း၊ လွတ်လမ်းရှိကြမှသာပြေးသင့်ပါကြောင်း၊ အထပ်မြင့်တိုက်များပေါ်မှ ယင်းကဲ့သို့ ခုန်ချခြင်းများသည် မိမိတို့အတွက် အန္တရာယ်များဖြစ်စေကြောင်းဖြင့် အချင်းချင်း အသိပေးလျှက်ရှိနေကြပြီး ခုန်ချခဲ့သောဆိုပါ မြန်မာနိုင်ငံသားမှာ နေ့ဘက်တွင်ကြက်ဆီထမင်းဆိုင်တွင် အလုပ်ဆင်းပြီး ညဘက်တွင် ခေါက်ဆွဲဆိုင်တွင် အလုပ်လုပ်ကိုင်လျှက်ရှိကြောင်း၊
အလုပ်ကြိုးစားသော လူငယ်လေးတစ်ဦး ဖြစ်ကြောင်ဖြင့် မလေးရှားရောက် မြန်မာနိုင်ငံသား များ၏ ဆက်သွယ်ပြောကြားချက်အရ သိရသည်။

စိုဝင်း(MLA)

စစ်မှုမထမ်းမနေရ ဥပဒေနှင့် မြန်မာပြည်










လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေးအဖွဲ့(HRDP)မှ အမှုဆောင်ဒါရိုက်တာ ဦးမြင့်အေးက မြန်မာနိုင်ငံမှာ ကလေးစစ်သားများပပျောက်ဖို့ စစ်သားစုဆောင်းရေး စခန်းများကို ဖျက်သိမ်းရန်လိုအပ်ကြောင်း The Flower News ဂျာနယ်သို့ သုံးသပ်ပြောဆိုခဲ့သည်။


တပ်မတော်အနေနဲ့ ကတော့ ၂၀၁၂ ခုနှစ် ဧပြီ ၁၈ ရက်ကစပြီး နိုင်ငံတွင်းကလေးစစ်သားပပျောက်ရေးနဲ့ အဓမ္မလုပ်အားပေးခိုင်းစေမှုပပျောက်ရေးအတွက် သုံးနှစ်စီမံကိန်းနဲ့ ဆောင်ရွက်နေကြောင်း သိရသည်။အသက် ၁၈ နှစ်မပြည့်ဘဲ တပ်ထဲရောက်နေတဲ့ စစ်သားတွေကို မြန်မာနိုင်ငံအရပ်ရပ်က မိဘရင်ခွင်ဆီကို ၄ ကြိမ်တိတိပြန်လည်ပို့ဆောင်ပေးပြီးဖြစ်ကြောင်း သိရသည်။ ဒါ့အပြင် အသက် ၁၈ နှစ်မပြည့်ဘဲ တပ်ထဲရောက်နေတာရှိရင် အကြောင်းကြားပါက ပြန်လည်စိစစ်ပြီး တပ်ထဲကနေထုတ်ပေးပါတယ်လို့ စစ်သားစုဆောင်းရေးတပ်က တပ်ကြပ်ကြီးတစ်ဦးက ဆိုသည်။





ယခုကဲ့သို့ တပ်မတော်အနေနဲ့ ကလေးစစ်သားတွေကို လက်မခံယုံသာမက လူစည်ကားရာနေရာတွေမှာ
အသက် ၁၈ နှစ်မပြည့်ပါက တပ်မတော်မှ လက်မခံပါဆိုတဲ့ ဆိုင်းဘုတ်တွေတပ်ပြီး ကလေးစစ်သားပပျောက်ရေးကို အလေးထားဆောင်ရွက်နေတာ တွေ့ရသည်။


အဆိုပါကဲ့သို့ ပွင့်လင်းမြင်သာစွာ တပ်မတော်မှ လုပ်ဆောင်နေချိန်တွင် ဦးမြင့်အေး၏ ပြောကြားချက်သည်တိုင်းပြည်ကာကွယ်ဖို့အတွက် မျိုးချစ်စိတ်ဖြင့် တပ်မတော်ထဲသို့ ၀င်လာမည့် အသက် ၁၈ နှစ်ပြည့်ပြီး အနာဂတ်လူငယ်များအတွက် အခွင့်အရေးကို မလေးစားဘဲ ပြောဆိုခဲ့ခြင်းသာ ဖြစ်ကြောင်း၊စစ်သားစုဆောင်းရေးတပ်များသည်အသက် ၁၈ နှစ်မပြည့်သူများကို လိုက်လံစုဆောင်းနေခြင်းမဟုတ်၊ အသက် ၁၈ နှစ်ပြည့်ပြီး တပ်မတော်ထဲတွင် ၀င်ရောက်အမှုထမ်းလိုသူ နိုင်ငံ့သားကောင်းများအတွက် လက်ကမ်းကြိုဆိုနေခြင်းသာဖြစ်ကြောင်း စစ်သားစုဆောင်းရေးတပ်တွင် ၁၀ နှစ်ကြာတာဝန်ထမ်းဆောင်နေသူ ဗိုလ်ကြီး တစ်ဦးကဆိုသည်။


ကလေးသူငယ်များ လူ့အခွင့်အရေးကာကွယ်ပေးမှုအဖွဲ့မှ ကိုအောင်ငြိမ်းချမ်းက"ကျနော်တို့ အနေနဲ့ ကလေးတွေကို အသက် ၁၈ နှစ်မပြည့်ဘဲ တပ်မတော်ထဲမှာဝင်ရောက်အမှုထမ်းခြင်းကို ကာကွယ်ယုံတစ်ခုတည်းနဲ့ ဒီကလေးတွေရဲ့ ဘ၀အဆင့်အတန်းမြင့်စေလာနိုင်မှာ မဟုတ်ပါဘူး။ အသက် ၁၈ နှစ်မပြောနဲ့ အသက် ၁၂ နှစ်မပြည့်တဲ့ ကလေးတွေလက်ဖက်ရည်ဆိုင်၊ ထမင်းဆိုင်၊ ဘီယာဆိုင်တွေမှာ ၀င်ရောက်လုပ်ကိုင်နေတာ မြန်မာပြည်မှာအများကြီးရှိပါတယ်။


ကျနော်တို့ အနေနဲ့ ဒီကလေးတွေအတွက်ရော ဘယ်လိုစဉ်းစားပေးရမလဲ။ရှင်းရှင်းပြောရရင် တပ်မတော်ထဲမှာမှ စစ်သားတစ်ယောက်အတွက်လစာ သိန်းဂဏန်းနီးပါးရမယ်။နေစရာရမယ်။ ၀တ်စရာရမယ်။ စားစရာရမယ်။ ပညာလိုချင်ရင် တပ်မတော်ပညာရေးကျောင်းတွေမှာသင်ပေးပါတယ်။ လက်ဖက်ရည်ဆိုင်မှာ လုပ်နေတဲ့ ကလေးတစ်ယောက် ပညာမသင်ရဘူး။


တစ်လကိုလစာ နှစ်သောင်းလောက်နဲ့ အင်မတန် လူ့အခွင့်အရေး အနှိမ်ခံပြီး အသက်မပြည့်သေးတဲ့ ကလေးဆီကလုပ်အားကို လိမ်ယူခြင်းခံနေရတာပါ။ ဒါကယှဉ်ပြတာပါ။ တပ်မတော်ထဲကို အသက်၁၈ နှစ်မပြည့်မ၀င်ရမှ မဟုတ်ပါဘူး။ ကျနော်တို့ လုပ်ရမှာက ဒီလိုပြင်ပက စီးပွားရေးသမားတွေရဲ့ အသုံးချမှုကို ခံနေရတဲ့ကလေးတွေကိုလည်း ကာကွယ်ရမှာဖြစ်ပါတယ်" လို့ သူ့၏ အမြင်ကိုပြောကြားခဲ့သည်။


အသက် ၁၈ နှစ်မပြည့်၍ တပ်မတော်မှ မိဘရင်ခွင်ဆီ ပြန်ပို့ခံရသူ ရေနံချောင်းမှ မောင်အောင်နိုင်၏ ဖခင်ဖြစ်သူ ဦးလှဖေက"ကျနော်သားက ဆယ်တန်းမပြီးခင် ကိုယ့်ဝါသနာနဲ့ကို စစ်ထဲဝင်သွားခဲ့ပါတယ်။ ဒါပေမယ့် တပ်ထဲရောက်ပြီးမှ ဒုတိယအကြိမ် တပ်မတော်ကကလေးစစ်သားတွေကို မိဘတွေဆီ ပြန်ပို့တဲ့ အထဲမှာ ပါပြီး တပ်ကထွက်ခဲ့ရပါတယ်။ စုဆောင်းရေးတပ်ဆိုတာရှိသင့်ပါတယ်။ စစ်မှုမထမ်းမနေရ ဥပဒေပြဋ္ဌာန်းရင်တောင် စုဆောင်းရေးတပ်က တပ်မတော်ထဲအမြဲတမ်းတာဝန်ထမ်းဆောင်ချင်တဲ့ သူတွေအတွက်လိုအပ်ပါတယ်။ တကယ့်ကို တိုင်းပြည်ကာကွယ်ချင်တဲ့စိတ်နဲ့ ၀ါသနာပါလို့ ၀င်ချင်တဲ့သူတွေအတွက် အဆင်ပြေတာပေါ့"လို့ ပြောကြားခဲ့သည်။


ဒါ့အပြင် ကျားဖြူပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းကလည်း "မြန်မာနိုင်ငံ၌ ပြည်ထောင်စု တပ်မတော် ဖြစ်ပေါ်ရန် အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း စစ်မှုမထမ်းမနေရ ဥပဒေပြဋ္ဌာန်းသင့်ကြောင်း၊ စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်း၍ စစ်မှုထမ်းခိုင်းမှသာ ပြည်သူအားလုံးသည် နိုင်ငံအပေါ် သစ္စာစောင့်သိစိတ်၊ မျိုးချစ်စိတ်များ ဖြစ်ပေါ်လာပြီး ပြည်သူနှင့် တပ်မတော်အကြား တစ်သားတည်းဖြစ်ကာ ပြည်သူ့တပ်မတော် ဖြစ်လာမည်ဖြစ်ကြောင်း၊ သို့မှသာ တပ်မတော်မှလည်း တိုင်းရင်းသား ပြည်သူများအပေါ် ယုံကြည်မှု ရှိနေမည်ဖြစ်ပြီး အဆိုပါ အချက်အား ဖွဲ့စည်းပုံတွင် ထည့်သွင်းပြဋ္ဌာန်း သင့်ကြောင်း ဒီမိုကရက်တစ်(ကျားဖြူ) ပါတီအနေဖြင့် ကြိုးပမ်းလုပ်ဆောင် သွားမည်ဖြစ်ကြောင်း "The Daily Eleven သို့ ပြောကြားခဲ့ကြောင်း သိရှိရသည်။

တန်ဖိုးရှိသော စာစုလေး




ကုမ္မဏီ ကြီး တစ်ခုကို လူငယ်လေးတစ်ယောက်ဟာ မန်နေဂျာ ရာထူးအတွက် အလုပ်လာလျှောက်ပါတယ်။ သူဟာ အရင်ဆုံး အင်တာဗျူးတွေ ကို ဖြေဆိုအောင်မြင်ပြီး
အခု ကုမ္မဏီရဲ့  ဒါရိုက်တာနဲ့  နောက်ဆုံး အင်တာဗျုး တစ်ခုကို ဖြေရမဲ့ အချိန်ဖြစ်ပါတယ်။
ဒါရိုက်တာဟာ ထိုလူငယ်ရဲ့  CV ကို ကြည့်ပြီး သူ့ ရဲ့  ပညာရေးနောက်ခံ တွေ က တော်တော်လေး ကောင်းတာကို တွေ့ လိုက်ရတယ်။ ဒီတော့ သူက ထိုလူငယ်လေးကို

မေးလိုက်တယ်။

“ဒီလိုကျောင်းတွေမှာ ပညာသင်ဖို့  စကောလားရှစ်တွေ ဘာတွေများ ရခဲ့သေးသလား ?”

“မရခဲ့ပါဘူး”

"ဒါဆို မင်းအဖေက မင်းကို ဒီလို ကျောင်းတွေ တက်ဖို့ ထောက်ပံ့ပေးခဲ့တာပေါ့။"

“ကျနော် ငယ်ငယ် ကထဲက အဖေက ဆုံးသွားတယ်ခင်ဗျ ။ ဒီကျောင်းတက်ဖို့  စားရိတ်တွေ အားလုံးကို မေမေ ကပဲ ထောက်ပံ့ပေးတာပါ။” လို့  ပြန်ဖြေ လိုက်တယ်။

“မင်း အမေ ဘယ်မှာ အလုပ်လုပ်သလဲ ?”

“အမေက အ၀တ်လျှော်တဲ့ အလုပ်လုပ်ပါတယ်”

ဒါနဲ့ ဒါရိုက်တာက ထိုလူငယ်လက်ဖ၀ါးတွေ ကို ဖြန့် ပြဖို့  တောင်းဆိုလိုက်တယ်။
လူငယ်လေးရဲ့ လက်ဖ၀ါး တစ်စုံလုံးဟာ ချောမွေ့ ပြီး အနာအဆာ မရှိတာကို တွေ့ ရတယ်။

“အမေ့ အလုပ်ဖြစ်တဲ့ အ၀တ်လျှော်တာကို ကူလုပ်ပေး ဖူးသလား”

"မလုပ်ဖူးပါဘူး မေမေက ကျနော့်ကို စာသင်ဖို့ နဲ့ စာဖတ်ဖို့ ပဲ လုပ်ခိုင်းပါတယ်။ ဒါတင်မကပါဘူး မေမေက ကျနော့်ထက် အ၀တ်လျှော်တာလည်း မြန်တယ်ခင်ဗျ။"

“ဟုတ်ပြီ..” ဒါရိုက်တာက ပြောလိုက်တယ်..

“ငါမင်းကို တစ်ခု လုပ်ခိုင်းစရာ ရှိတယ်။ အိမ်ပြန်ရောက်တဲ့ အခါ အမေ့ ရဲ့  လက်တွေကို
သန့် ရှင်းရေး လုပ်ပေးလိုက်ပါ။ ပြီးရင် မနက်ဖြန်ကျရင် ငါ့ကို ထပ်ပြီး လာတွေ့ ပါ ။”

လူငယ်လေးက ဒီအလုပ်ကို ရပြီလို့  ခံစားမိပြီး ပျော်သွားတယ် ။
ဒီလိုနဲ့ အိပ်ပြန်ရောက်သွားတယ်။ အမေကို တွေ့ တော့ ဒါရိုက်တာ ပြောလိုက်တဲ့ အတိုင်း
သူ့ အမေ လက်ကို သန့် ရှင်းရေးလေး လုပ်ပေးပါရစေလို့ ပြောလိုက်တယ်။ သူ့ အမေက ထူးဆန်းနေတာပေါ့။ ပြီးတော့ ပျော်လည်း ပျော်သွားတယ် ။

တခါမှ ဒီလို လုပ်ပေးပါရစေလို့ 
သူ့ သားက မပြောဖူးတာကို ။ ဒါနဲ့  သူမလက်ကို သန့် ရှင်း ပေးဖို့  ခွင့်ပြုလိုက်တယ်။

ပထမဆုံး လူငယ်လေးဟာ သူ့ အမေလက်ကို ကိုင်ပြီး ဖြေးဖြေးလေး ဆေးကြောလိုက်တယ်။
သူ့ မျက်ရည်တွေ ကျလာတယ်လို့  ခံစားမိလိုက်တယ်။ ဘာလို့ လဲ ဆိုတော့ သူ့ အမေရဲ့  လက်ဖ၀ါးတွေက ချောမွေ့ မနေပဲ အဆင်းကြောင်းတွေ ထနေတယ်လေ ။

ပြီးတော့ ကြမ်းလည်း တော်တော် ကြမ်းနေတာတွေ တွေ့ လိုက်ရတယ်။ သူ့ အမေရဲ့  လက်က အဆင်းကြောင်းတွေကို သူ့ လက်နဲ့ ထိမိတိုင်း ရင်ထဲမှာလည်း နာကျင်လာသလိုပါပဲ။



ပထမဆုံးအကြိမ်ပါပဲ ။ သူ့ ကို နေ့ တိုင်း ကျောင်းတက်နိုင်ဖို့  ထောက်ပံ့ပေးနေရတဲ့
အမေ့ လက်တွေက ဒီလို ဖြစ်နေတယ် ဆိုတာ အခုမှ သိလိုက်ရတယ်။ လက်ဖ၀ါးက အဆင်းကြောင်း တစ်ခု စီတိုင်းဟာ သူ့ ပညာရေး အတွက် ၊ သူ့ ကျောင်းတက်နိုင်ရေး

အတွက် ၊ သူ့  အနာဂတ်အတွက် ဖြစ်ပေါ်ခဲ့တဲ့ အဆင်းကြောင်းလေးတွေပဲဆိုတာ သူ သဘောပေါက်လိုက်တယ်။
သူ့ အမေရဲ့  လက်ဖ၀ါးလေးတွေကို ဆေးကြောပေးပြီးတဲ့ အခါမှ ထိုလူငယ်လေးဟာ သူ့ အမေ လျှော်ဖို့  ကျန်နေသေးတဲ့ အ၀တ်အစားတွေကို မြန်မြန်ပဲ ကောက်လျှော်

ပေးလိုက်တယ်။
အဲ့ဒီညမှ အမေဖြစ်သူနဲ့ သားဖြစ်သူ နှစ်ယောက် စကားတွေ အများကြီး ပြောဖြစ်ခဲ့ကြတယ်။


-------------------------

နောက် တစ်နေ့ မနက်ကျတော့ လူငယ်လေးဟာ ဒါရိုက်တာရဲ့  ရုံးခန်းကို ရောက်သွားတယ်။
ဒါရိုက်တာဟာ ကောင်လေးရဲ့ မျက်လုံးမှာ မျက်ရည်တွေ အနည်းငယ် စို့ နေတာကို
တွေ့ လိုက်ရတော့ ။

“မနေ့ ညက မင်းအိမ်မှာ မင်းဘာတွေ သင်ယူခဲ့သလဲ ဆိုတာ ပြောပြနိုင်မလား” ဆိုပြီး။ မေးလိုက်တယ်။

လူငယ်လေးက…

“ကျနော့် အမေလက်ကို သန့် ရှင်းရေး လုပ်ပေးခဲ့တယ် ။ ပြီးတော့ အမေလျှော်ဖို့  ကျန်နေသေးတဲ့ အ၀တ်တွေ ကိုလည်း လျှော်ပေးခဲ့တယ် ”

“ကျနော် သိလိုက်ရတယ်။ မေမေသာ မရှိရင် ကျနော် ဒီနေ့  ဒီနေရာမှာ ရှိခဲ့မှာ မဟုတ်ဘူး ။ အမေ အကူအညီသာ မရှိရင် ကျနော်ကိုယ်တိုင် ဒီရာထူးတွေ ဂုဏ်တွေဆိုတာ

ရနိုင် ပိုင်ဆိုင်နိုင်မှာ မဟုတ်ဘူး ။ဒါကြောင့် မိသားစု ရဲ့  အကူအညီဆိုတာ တန်ဖိုးရှိပြီး
အရေးကြီးတယ် ဆိုတာ ကျနော် အသိအမှတ်ပြုလိုက်ပါပြီ။”

ဒါရိုက်တာက … “ဒါပဲ ငါရှာနေတဲ့ မန်နေဂျာ ဆိုတာ …

တစ်စုံတစ်ယောက်ရဲ့ အကူအညီ အထောက်အပံ့ ကို အသိအမှတ်ပြုနိုင်ရမယ် ။
ဒီအလုပ်တွေ ပြီးမြောက်ဖို့ တခြားသူတွေ ဘယ်လိုကြိုးစားလုပ်ကိုင်ခဲ့ရသလဲ ဆိုတာ နားလည်သိမြင်နိုင်တဲ့သူဖြစ်ရမယ်။ ပြီးတော့ သူ့  ဘ၀ မှာ တစ်ခုတည်းသော

မျှော်မှန်းချက်က ငွေတစ်ခု ပဲလို့  သတ်မှတ်မထားတဲ့ သူ ဆိုတာမျိုးပါ။ ဒီတော့…

“မင်းကို အလုပ်ခန့် လိုက်ပြီ..”


လူငယ်လေးဟာ အလုပ်တွေ အရမ်းကြိုးစားခဲ့တယ် ။ ပြီးတော့ မိမိ အကြီးအကဲရဲ့ လေးစားမှု တွေကိုလည်း ရခဲ့တယ်။ ဘယ် အလုပ်သမား တိုင်း၊ လုပ်ဖော်ကိုင်ဖက်တိုင်းနဲ့ 
မဆို ဘက်ညီညီ အချိတ်အဆက် လုပ်ကိုင်ခဲ့တယ်။ ဒီလိုနဲ့ ကုမ္မဏီရဲ့  လှုပ်ရှားမှု များဟာ အရှိန်အဟုန် နဲ့  နာမည်ရ တိုးတက် လာပါတော့တယ်။

------------------------------------

ကလေးတစ်ယောက်ဟာငယ်စဉ်က မိဘက အလိုအရမ်းလိုက်ထားတယ် ။ သူဘာလိုချင်ချင် ပေးခဲ့တယ်။ သူ့ အတွက် အရာရာဟာ ဖြစ်ချင်တိုင်း ရချင်တိုင်း ရခဲ့တယ်။


သူအတွက် ပူပန်မှု ဆိုတာ မရှိဘူး ။ အချိန်တန်ရင် ရချင်တာ ရနေတော့ အဆင်ပြေနေတယ်။ ဒီတော့ သူ့  မိဘတွေရဲ့  အားထုတ်မှုကို လျစ်လျူရှုနေတော့တယ်။ ဒီလိုနဲ့ 

သူဟာ အရွယ်ရောက်လို့ အလုပ် စလုပ်တဲ့ အခါမှာ ပညာနောက်ခံ ကလည်း ကောင်းနေတော့ ။ မန်နေဂျာလို နေရာကနေ လုပ်တော့မယ် ဆိုပါတော့ ။ သူ့  ဘာပြောပြော

အလုပ်သမားတွေက သူပြောတာ နားထောင်ရမယ် လို့  ယူဆထားမယ် ။ အဲ့ဒီအခါကျရင် မိမိ လုပ်ဖော်ကိုင်ဖက် တွေဟာ ဘယ်လိုကြိုးစားလုပ်ကိုင်ခဲ့ကြတယ်ဆိုတာ

ကိုယ်တိုင် လုပ်ခဲ့တာ မဟုတ်တဲ့ အတွက်
မခံစားပေးနိုင်ဘူး ။ အမှားတွေ တွေ့ ရင် အတူတူဖြေရှင်မယ် မကြံဘူး ။

သူများကိုပဲ အပြစ်ဖို့ လာမယ်။ ဒီလို လူမျိုးတွေကျတော့ ဘယ်လောက်ပဲ ပညာနောက်ခံ အရည်အချင်းတွေ ကောင်းနေပါစေ ။ သူအောင်မြင်ရင်လည်း ခဏပဲ အောင်မြင်ပါလိမ့်မယ်။

တကယ့် အောင်မြင်မှု အစစ်အမှန်ကို မခံစားရနိုင်ပါဘူး။ ဒီလိုမျိုးဆိုရင် ကြာလာရင် ရင်ထဲမှာ အစိုင်အခဲတွေ ဖြစ်နေလိမ့်မယ်။ အမုန်းတွေပွားပြီး တစ်ေ

ယာက်နဲ့ တစ်ယောက် တိုက်ခိုက်ဖို့ ပဲ ဖြစ်လာနိုင်ပါတယ်။

@ ဒီလို မဖြစ်စေဖို့ 

အကယ်လို့  သင်ကိုယ်တိုင်ကလည်း မိဘတစ်ဦး ဖြစ်ခဲ့မယ် ဆိုရင် ကလေးတွေကို ချစ်ခင်ကြင်နာယုယမှု မပြတာ ဒါမှမဟုတ် ကလေးတွေကို လျစ်လျုရှု တာတွေကို
ရှောင်ရမှာ ဖြစ်ပါတယ်။

သင့် ကလေးကို အိမ်အကြီးကြီးမှာ ထားနိုင်တယ်။ အစားကောင်းကောင်းတွေ ကျွေးနိုင်တယ်။ ဇိမ်ခံပစည်းတွေ ထောက်ပံ့ပေးနိုင်တယ် ။ ဒါပေမဲ့ သင်မြက်ကို ရိတ်တဲ့အခါဆိုရင်
သူတို့ ကို အတွေ့ အကြုံရအောင် ပြသတာ ဖြစ်ဖြစ်၊ အစားစားပြီးတဲ့ အခါ ကိုယ့် ပန်းကန်
ကိုယ် ဆေးခိုင်းတာ ဖြစ်ဖြစ် ။ အိမ်ဖော်မလိုပါဘူး ကိုယ်တိုင် ထိန်းကျောင်းခြင်းဖြင့် မှန်ကန်တဲ့ ချစ်ခြင်းကို ပြသရမှာပါ။

ဘယ်လောက်ပဲ ချမ်းသာတဲ့ သူ ဖြစ်ပါစေ တစ်ချိန်ချိန်မှာ အားလုံးက အရောင် မှေးမှိန်သွားမှာ ဖြစ်ပါတယ်။ အမေဆိုတာကလည်း တစ်ချိန်က ငယ်ရွယ်ခဲ့ ဖူးတဲ့ သူဆိုသလိုပါပဲ ။
ပိုပြီး အရေးကြီးတာကတော့ သင့်ကလေးကို ကိုယ်တိုင် ကြိုးစားပြီး အတွေ့ အကြုံ
တွေ ယူစေမယ်။ မိဘများဘက်က ဖြစ်သင့်တာမျိုးကို ဆိုပါတယ်။


@ တကယ့်အောင်မြင်မှု အတွက်

Teamwork စိတ်နဲ့ အလုပ်လုပ်ခြင်းတွေပဲ ဖြစ်ပါတယ်။ အလုပ်တွေ အတူတူ လုပ်ရင်း အရည်အသွေးတက်အောင် သင်ကြားကြမယ်။ အောက်ခြေကနေ ညီတူမျှတူ စသွားရင်
ကျနော်တို့ တကယ့် အောင်မြင်မှု ဆိုတာ တကယ် ရရှိမှာ ဖြစ်ပါတယ်။


---------------
အင်တာနက်မှ ရရှိသော ပို့ စ်တစ်ခုကို ဆီလျှော်အောင် ဘာသာပြန်ထားပါသည်။

Credit To Freddy ( MM Social Sky)

ပေးကမ်းခြင်း ( ဆရာတော် ဦးဇောတိက )






“ဒါနဉ္စ ဓမ္မစရိယာစ “တဲ့။ ပေးကမ်းခြင်းသည် အောင်မြင်ကြောင်း။ ပေးကမ်းခြင်းသည် ပြည့်စုံကြောင်း။ ပေးကမ်းခြင်းသည် တိုးတက်ကြောင်း၊ ကြီးပွားကြောင်း။

ပထမတစ်ခု စဉ်းစားကြည့်မယ်။ ကိုယ့်မှာပိုနေတယ်။ အများကြီးရှိနေတယ်။ တခြားတစ်ယောက်မှာ လိုနေတယ်။ ချို့တဲ့နေတယ်။ ဒီပစွှည်းက ကိုယ်မသုံးလည်း ရတယ်။ တစ်ခါတစ်လေ သုံးလည်းမသုံးပါဘူး။ အဲ့ဒါကို ပေးတာကောင်းသလား ။ မပေးပဲထား တာကောင်းသလား။

ကိုယ့်အိမ်မှာ ကိုယ်မသုံးဘဲထားတဲ့ပစွှည်းတွေ ဘယ်လောက်များနေမလဲ။ မြန်မြန်သာပေးလိုက်တော့။ တော်တော်တော့ ခက်သားပဲနော်။ ပေးချင်ရက်နဲ့ ယူမယ့်လူမရှိလို့ တော်တော်ခက်နေတယ်။ ဒါကတော့ ပစ္စည်းအနေနဲ့ ပြောပြတာပါ။ ဘာဖြစ်ဖြစ် ကိုယ်ပေးနိုင်တာကို ပေးဖို့လိုတယ်။ ပေးနိုင်တဲ့စိတ်နဲ့ မပေးနိုင်တဲ့စိတ် ဒီလိုစိတ်ထားနှစ်ခုကို ယှဉ်ကြည့်လိုက်စမ်းပါ…. ဘယ်စိတ်က အဆင့်အတန်း မြင့်သလဲ။ ပေးနိုင်တဲ့စိတ်က အဆင့်အတန်းမြင့်တယ်နော်။

အောင်မြင်ရေးနဲ့ပက်သက်တဲ့စာအုပ်တွေ အများကြီး ဖတ်ဖူးတယ်။ အောင်မြင်တဲ့ပုဂ္ဂိုလ်တွေ အကြောင်း လည်း အများကြီဒဖတ်ဖူးတယ်။ တချို့ပညာရှင်တွေက ဘယ်လိုပြောသလဲ ဆိုတော့…

ကိုယ်ဘယ်လောက်ရတယ်ဆိုတာထက် ကိုယ်ဘယ်လောက်ပေးနိုင်တယ်ဆိုတာက ကိုယ့်အောင်မြင်မှုကို ပိုပြီးတော့ဖော်ပြပါတယ်။ ဘယ်လောက်အောင်မြင်တယ်ဆိုတာ လူသားတွေအတွက် ကိုယ်ဘယ်လောက်အကျိုးဆောင်ရွက်နိုင်လဲဆိုတာ ကြည့်ပြီးတော့ တိုင်းတာရမှာ။ ကိုယ်ဘယ်လောက်ရတယ်ဆိုတာကို ကြည့်ပြီးတော့ တိုင်းတာလို့မဖြစ်ဘူး။

ကိုယ့်ကြောင့် သူများစိတ်ချမ်းသာသွားတယ်

လူတစ်ယောက်က အလုပ်လုပ်တယ်။ ပိုက်ဆံတွေ အများကြီးရတယ်။ Million နဲ့ချီပြီးရတယ် ဆိုပါတော့။ တစ်ပြားတစ်ချပ်မှ ဘယ်သူ့ကိုမှ မပေးဘူး။ သူများလည်း မပေးဘူး။ သူလည်းမစားဘူး။ သိမ်းထားတယ်ဆိုပါတော့။ အဲ့ဒီလူဟာ အောင်မြင်တဲ့သူလို့ ဆိုနိုင်မလား ။ မဆိုနိုင်ဘူးနော်။

ကိုယ်ရှာဖွေလို့ရတာကို ကိုယ့်အတွက်လည်းပဲသုံးစွဲဖို့ထားရမှာပဲ။ တစ်ခြား ပေးသင့်ပေးထိုက်တဲ့သူတွေကိုလည်းပဲ ပေးရမှာပဲ။ အဲ့ဒီလိုပေးနိုင်တဲ့စိတ်ထားဟာ တကယ်အဆင့်အတန်းမြင့်တဲ့ စိတ်ထားဖြစ်တယ်။

တွေ့ကရာလူအကုန်လုံးကို လျှောက်ပေးရမယ်လို့ ပြောတာမဟုတ်ဘူး။ ရှိသမျှ အကုန်လုံးပေးလိုက်ရမယ်လို့ ပြောတာလည်းမဟုတ်ဘူး။ ထိုက်သင့်သလောက်ပေးရမယ် ။ ပေးသင့်တဲသူကိုပေးရမယ်။ ပေးတာလည်း ဉာဏ်လေးနည်းနည်းတော့ သုံးရသေးတာပေါ့။

အဲဒီလို ကိုယ်မှာလည်း ပိုနေတယ်။ တစ်ဖက်သားမှာလည်း တကယ်လိုနေတယ်ဆိုရင် ကိုယ်က ပေးလိုက်ရ လို့ တစ်ဖက်သားမှာ အဆင်ပြေသွားတာကို စိတ်ချမ်းသာကိုယ်ချမ်းသာ ဖြစ်သွားတာကို မြင်တွေ့ရတာ သိပ်ပျော်စရာကောင်းပါတယ်။ လောကမှာ ပျော်စရာကောင်းတဲ့အထဲမှာ ကိုယ်ကြောင့် သူများ စိတ်ချမ်းသာ သွားတာ တစ်ခုလည်း ပါတယ်နော်။


သီလစောင့်ထိန်းခြင်းသည်ပင်လျှင် ကြီးမားသောဒါန

ပေးနိုင်တဲ့စိတ်ဟာ တော်တော်စိတ်ချမ်းသာတဲ့စိတ်ပဲ။ မပေးနိုင်တဲ့စိတ်ဟာ မွဲနေတဲ့စိတ်ပဲ။ လူချမ်းသာသော စိတ်နဲ့ လူမွဲစိတ် ဒီနှစ်ခု စဉ်းစား ကြည့်နော်။

ဘယ်လောက်ပဲရှိရှိ မပေးနိုင်ဘူးဆိုရင် အဲဒီစိတ်ဟာ မွဲနေတဲ့စိတ် ဆင်းရဲတဲ့စိတ် ချို့တဲ့စိတ်။ နည်းသည် ဖြစ်စေ များသည်ဖြစ်စေ ကိုယ့်မှာရှိတာကို သူတစ်ပါးကို ပေးနိုင်တယ် မျှနိုင်တယ်ဆိုရင် အဲ့ဒီစိတ်က ချမ်းသာတဲ့စိတ်။

ဒီလိုပေးခြင်းဟာ ကိုယ်ရဲ့စိတ်ထားကို မြှင့်ပေးတာဖြစ်တယ်။ တစ်နည်းအားဖြင့် ပေးခြင်းဟာ စွန့်လွှတ်ခြင်းပဲနော်။ ဥပမာ သံဃာတော်တွေကို တစ်ခုခုလှူတယ်၊ ကပ်တယ်ဆိုရင် ကိုယ်တန်ဖိုးထားတဲ့အရာ အကောင်းဆုံး အရာကို လှူလိုက်တာပဲနော်။ ဆွမ်းဆိုလည်းပဲ အကောင်းဆုံးကို စီစဉ်ပြီးမှ သွားလှူလိုက်တာပဲနော်။ ကိုယ်ပိုင်ဆိုင်တဲ့အရာတစ်ခုကို ပေးလိုက်တယ်။ လှူလိုက်တယ်၊ စွန့်လိုက်တယ်။ ကိုယ့်ရဲ့ပိုင်ဆိုင်မှု့ကို စွန့်လွှတ်လိုက်တာနော်။

ဘုန်းကြီးက စဉ်စားကြည့်တယ်။ ကုသိုလ်တရားမှန်သမျှ နောက်ဆုံးကျတော့ အဓိပ္ပာယ်ကောက်လိုက်ရင် စွန့်လွှတ်ခြင်းပါပဲ။ ဒါနဆိုလည်း စွန့်လွှတ်ခြင်းပဲ၊ သီလဆိုလည်းပဲ စွန့်လွှတ်ခြင်းပါပဲ။ သူ့အသတ်ကိုသတ်မဲ့ အစား မသတ်တော့ဘူး။ သူ့ကို ဘေးမဲ့ပေးလိုက်တယ်။ အဲလိုအဓိပ္ပာယ် ကောက်ကြည့်စမ်းပါ။ သူများပစ္စည်းကို ခိုးယူချင်တာ မယူဘူး။ မယူခြင်းသည်ပင်လျှင် တစ်ဖက်သားကို စိတ်မဆင်းရဲအောင် လုပ်လိုက်တာနော်။ ကိုယ်ကြောင့် သူတစ်ပါး စိတ်မဆင်းရဲတော့ဘူး။ ဒါကြောင့် ငါးပါးသီလကို မဟာဒါန လို့တောင် သုံးထားတာ။ ပါဋ္ဌိစာပေမှာ ရှိတယ်။

သီလစောင့်ထိန်းခြင်းသည်ပင်လျှင် ကြီးမားသောဒါန ဖြစ်တယ်။ သူတစ်ပါးကို ဘေးကင်းခြင်း၊ စိုးရိမ်ကင်းခြင်းကို ပေးတာနော်။ အကယ်၍ လူတိုင်း ငါးပါးသီလမြဲနေရင် ဘယ်နှယ့်နေမလဲ။ လူတွေအားလုံး ဘေးရန်ကင်းနေမှာ။


ဒါနကလည်း ပေးခြင်းဆိုတဲ့အဓိပ္ပာယ်ပါသလို သီလတောင်မှ ပေးခြင်းဆိုတဲ့ အဓိပ္ပါယ်ပါနေတယ်။ ဘေးရန်ကင်းခြင်း ။ ကြောင့်ကြမှု့ ကင်းခြင်း၊ စိုးရိမ်မှုကင်းခြင်းကို ပေးလိုက်တာ ။ အဲ့ဒါ ပိုတောင် မြင့်မြတ်တဲ့ ပေးခြင်းဖြစ်သွားတယ်။

ဘုန်းကြီးဆိုရင် တပည့်တွေကို ဘယ်လောက်ထိအောင် ဆုံးမသလဲ၊ ဘယ်လောက်ထိအောင် သင်ပေးလဲ ဆိုရင် ကားမောင်းသွားနေရင်းနဲ့ နောက်ကားက ကျော်တတ်ချင်ရင် လမ်းပေးလိုက်ပါ။ အဲ့ဒါလည်း ငါသူ့ကို ဒါန တစ်ခုပေးလိုက်တာလို့ ယူဆလိုက်ပါ။ ဒါလည်းပဲ ပေးခြင်းတစ်မျိုးပါပဲ။ လမ်းပေးလိုက်တာ ဘယ်သူမှ လမ်းကိုမပိုင်ပါဘူး။ သွားခွင့်ပေးလိုက်တာ။ သူသွားပါစေ။ လမ်းပိတ်ပြီးတော့ မမောင်းပါနဲ့။ နောက်က ကျော်တတ် ချင်တဲ့သူတွေကို လမ်းပေးလိုက်ပါ။ အဲဒီလို တစ်နေတာအတောအတွင်းမှာ သွားရင်းလာရင်းနဲ့ ကိုယ်လုပ်လို့ရတဲ့ ပေးကမ်းခြင်းတွေက အများကြီးရှိတယ်။

အသိအမှတ်ပြုလိုက်တာလည်း ပေးခြင်းတစ်မျိုးပါပဲ။

တစ်ယောက်ကိုတစ်ယောက် အသိအမှတ်ပြုလိုက်တာလည်း ပေးခြင်းတစ်မျိုးပါပဲ။ ပစ္စည်းပေးမှ ပေးတယ်လို့ မယူဆဘူး။ လမ်းမှာ လူတစ်ယောက်ကိုတွေ့တဲ့အခါ အပြုံးပေးလိုက်တာကိုက ဒါ တော်တော်တန်ဖိုးရှိ တယ်နော်။

တစ်နေ့တာအတွင်းမှာ သွားရင်းလာရင်းနဲ့ကိုယ် ပေးနိုင်တာတွေ ဘယ်လောက်များလဲဆိုတာ စဉ်းစားကြည့်။ လမ်းလျှောက်သွားရင်းနဲ့ လမ်းကျပ်နေတယ်ဆိုရင် လမ်းဖယ်ပေးလိုက်ပါ။ သူသွားပါစေ။

ပေးနိုင်တဲ့စိတ် များများမွေးပါ။ အဲဒီလိုမွေးနိုင်တဲ့လူဟာ သူ့စိတ်ထားမြင့်လာမယ်။ စိတ်ထားမြင့်လာရင် စိတ်ထားနဲ့တန်တဲ့ဘဝကို ရမယ်။ ဒီစကားကို ဘုန်းကြီးကပြောတာ အကြိမ်ပေါင်း တော်တော်များပြီ။ ကိုယ်စိတ်ထားနဲ့တန်တဲ့ဘဝကို ရမှာပါ။ မတန်တဲ့ဘဝကိုတော့ ရမှာ မဟုတ်ဘူး။

စိတ်ထားနိမ့်ရင် မြင့်မြတ်တဲ့ဘဝကို မရဘူး.။ စိတ်ထားမြင်မြတ်ရင် မြင့်မြတ်တဲ့ အသိဉာဏ်မျိုးကို ရမယ်။ စိတ်ထားနိမ့်ရင် မြင့်မြတ်တဲ့ အသိဉာဏ်ကို မရနိုင်ဘူး။

(ဆရာတော်ဦးဇောတိက ၏ မင်္ဂလာတရားတော် စာအုပ် မှ)

ပြည့်တန်ဆာကို ဘယ်လို အဓိပ္ပာယ် ဖွင့်ဆိုမလဲ?



<""" ပြောသူကလဲ ဝေဝေဝါးဝါး ငြင်းသူကလဲ ဝေဝေဝါးဝါးနဲ့ ဆိုရင်တော့ ဆဲကြရုံကလွဲလို့ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူးထင်တယ်။ """

တရားဝင် Legal၊ တရားမဝင်မဟုတ် Not Illegal၊ တရားမဝင် Illegal ဘယ်ဟာဖြစ်နေလို့ ဘယ်ဟာဖြစ်ချင်တာလဲ 
   
သူများနိုင်ငံက အနေအထားတွေကို အချိန်ယူပြီး အေးအေးဆေးဆေး ဖတ်ကြည့်ပါ။ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း ဆိုတာတွေ လိုလာမယ်။ ဘယ်လို လုပ်ကြမလဲ။ သူများ တိုင်းပြည်တွေမှာ ဘယ်လိုရှိလဲ။ အမေရိကန် New York မြို့ လူအများနဲ့ သက်ဆိုင်တဲ့နေရာမှာ မိန်းမတစ်ယောက်ဆီက Condom တွေ့ရင် ပြည့်တန်ဆာ ဥပဒေနဲ့ ရဲက ဖမ်းလို့ရသတဲ့၊ ဖမ်းလဲ ဖမ်းသတဲ့။ 
 ကျွန်တော့် သဘောကတော့ ဒီကိစ္စဟာ အလျှင်စလို ဆွေးနွေးသုံးသပ်ရမယ့် ကိစ္စမဟုတ်ပါဘူး။ လိုင်စင် လုပ်ပေးလိုက် ရုံနဲ့ အခုဖြစ်နေတဲ့ ပြဿနာတွေ ရှင်းသွားမှာလား။     ပြဿနာရဲ့ အရင်းအမြစ်က ဘာလဲ။ ကျန်းမာရေး    စောင့်ရှောက်မှု မရတာဟာ လိုင်စင်မရှိလို့လား။ နောက်တစ်ခုက အလုပ်အကိုင် ( ပြည့်တန်ဆာ)   လို့ သူတို့တွေ ပြောရဲကြပြီလား။ လိုင်စင်ဆိုတာ ဘာလဲ။
တရားဝင် အလုပ်လုပ်ခွင့်။ တရားဝင် လုပ်ငန်းဖြစ်လာရင် ကိုယ့်လုပ်ငန်း အောင်မြင်ဖို့အတွက် တရားဝင် ကြော်ငြာခွင့်ဆိုတာ ရှိလာမယ်။ ဆိုင်းဘုတ်ထောင်ခွင့် ရှိလာမယ်။ ကျွန်တော် တခြားနေရာ မှာရေးထားတဲ့ Comment တွေ ဆက်တင်ပါဦးမယ်။ Social stigmata ဆိုတာ ရှိတယ်။ မြန်မာ လူမျိုးများအဖို့ ပြည့်တန်ဆာဆိုတာ ရှက်စရာ အလုပ်လို့ သတ်မှတ်ထားတယ်။ ဒီပြည့်တန်ဆာတွေ အနေနဲ့ သူတို့ကို တရားဝင် တံဆိပ်အကပ်ခံရမှာကို လက်ခံဖို့ အဆင်သင့် ဖြစ်ပြီလား။
 မှတ်ပုံတင်တယ်ဆိုတာ ရော့ကဒ်ပြား ယူသွားဆိုပြီး ပေးလိုက်ဖို့တော့ မဟုတ်ဘူး။ ကာယကံရှင်များဖက်က ကျွန်မတို့ ဖာပါလို့ ရုံးဌာနမှာ မှတ်တမ်းတင် ခံရဲပြီဆိုရင်တော့ ဘေးလူတွေက အနေသာကြီးပါဗျာ။ သူတို့ကိုယ်နှိုက်က "ပြည့်တန်ဆာ လိုင်စင်" ဆိုတာကြီးမှာ နာမည်၊ မှတ်ပုံတင်အမှတ်၊ ဓာတ်ပုံနဲ့ မှတ်တမ်းတင် ခံရဲရင် စားသုံးသူက "ဟဲ့ နင့်မှာ လိုင်စင်ရှိရဲ့လား၊ ပြစမ်း။ မတော် လိုင်စင် မရှိတဲ့သူ ကို ခေါ်မိလို့ ငါ့ပါ အမှုပတ်နေဦးမယ်" လို့ ပြောလာရင် အခုလို "ကျွန်မနာမည်က ......." ဆိုပြီး တွေ့ ကရာ ပြော လို့ မရပြန်ဘူး။ ကျွန်တော်ကတော့ မြန်မာ့လူနေမှု ပတ်ဝန်းကျင်မှာ ပြည့်တန်ဆာ တံဆိပ် အကပ်ခံဖို့ အဆင်သင့်ဖြစ်ကြပြီလား ဆိုတာကိုပဲ တွေးမိတယ်။
 မြန်မာပြည်မှာက ပြောင်းလဲဖို့ဆိုတာ တော်တော်လေး အရှိန်ယူရတယ်။ မြန်မာလူမျိုးရဲ့ စရိုက်ကြောင့်လဲ ပါတာပေါ့ဗျာ။ အမေခေါင်းချတဲ့ နေရာမှာပဲ နေမယ် ဆိုတာမျိုးပေါ့။ ပြောချင်တာက ဒီ Social Value အပြောင်းအလဲကြီးကို မြန်မာတွေ လက်ခံဖို့ တော်တော် အားမွေးယူရမယ်။ ဒါက တစ်ချက်။ နောက် တစ်ချက်က တရားဥပဒေစိုးမိုးမှု။ ဒီလိုင်စင်ကိစ္စကို ဘယ်လို အကောင် အထည် ဖော်မယ် လို့ အဲဒီ လွှတ်တော်အမတ် စဉ်းစားထားလဲ။
သူများ တိုင်းပြည်မှာ ဆိုရင်တော့ ဒီလို စကားပြောလာရင် ပြန်မေးခွန်း ထုတ်ခံရမှာပဲ။ ခင်ဗျားရဲ့ Plan ကို ပြောပြပါလို့ မေးမှာပဲ။ အဟန့်အတား ဖြစ်နေတဲ့ တချို့ကိစ္စတွေကို ဖျက်ပေးလိုက်။ ပြည့်တန်ဆာ တရား ဝင်ပြုရေးထက် ပြည့်တန်ဆာ နှိပ်ကွပ်ရေးမလုပ်ပဲ ပြည့်တန်ဆာ မသိချင်ယော င်ဆော င်ရေး လောက် ဆိုရင် အဆင်ပြေမလားပေါ့။ ကွန်ဒုံးတွေ့လို့ အဖမ်းခံရတာမျိုးတွေ မဖြစ်စေနဲ့။ အခုဟာက ပြည့်တန်ဆာ မသိချင်ယောင်ဆောင်ရေးကို အရင်မလုပ်ပဲ လိုင်စင်လုပ်ရေးဆိုတော့ မြန်မာလူမျိုး အမြင်မှာ လက်ခံဖို့ ခက်ခဲနေတာ ဖြစ်ကောင်းဖြစ်နိုင်တယ်။ တချို့ကိစ္စက သိသာသိစေ မမြင်စေနဲ့လို့ ဆိုတယ် မဟုတ်လား။ ဒီအကြောင်းကို ပြောတဲ့ လွှတ်တော်ကိုယ်စားလှယ် ၂ ယောက်ဟာ Sex Worker နဲ့ ပက်သက် တဲ့ နိုင်ငံတကာ ဗဟုသုတ ကြွယ်ဝလို့ ပြောတာလဲ ဖြစ်ကောင်းဖြစ်နိုင်သလို နားစွန်နားဖျား ကြားဖူးတာတွေ ကို သုံးသပ်ပြီး ပြန်ပြောတာလဲ ဖြစ်နိုင်တယ်။
 Sex Worker တွေရဲ့ အလုပ်ကို Legal ဖြစ်အောင် လုပ်တယ်ဆိုတာ ဘယ်လောက် အတိုင်းအတာအထိ လုပ်မှာလဲ။ ကိုယ့်လူမျိုး ကိုယ့်စရိုက်နဲ့ ဘယ်လောက်အထိ လိုက်လျှောညီထွေး   ဖြစ်အောင်လုပ်နိုင် မလဲဆိုတာ စဉ်းစားရမယ်။ တရားဝင် - တရားမဝင်မဟုတ် - တရားမဝင် ဒီ ၃ မျိုးထဲမှာ ဘယ်ဟာကို သုံးမလဲဆိုတာ ကြိုစဉ်းစားရမယ်။ အခု ပြောတာက တရားဝင် ဖြစ်အောင်လုပ်မယ်ဆိုတာ ဖြစ်နေတယ်။ အရမ်းခက်တယ်။
 - အရှေ့တောင်အာရှမှာ ဖာခန်း တရားဝင် ပေးထောင်တဲ့ တိုင်းပြည် မရှိဘူး။ အင်ဒိုနီးရှား က တရားမဝင် မဟုတ်လို့ပြောတယ်။ - ကိုယ်ဖာသာကိုယ် ဖာလုပ်စားတာကို တရားဝင်ခွင့်ပြုတာ ကမ္ဘောဒီးယား၊ စင်္ကာပူနဲ့ တီမောပဲ ရှိတယ်။ မလေးရှားနဲ့ ဘရူနိုင်းနဲ့က တရားမဝင် မဟုတ်လို့ပဲ သဘောထားတယ်။ ဒါဆိုရင် ကျန်တဲ့တိုင်းပြည်တွေမှာ အကုန် တရားမဝင် Illegal အလုပ်လို့ သတ်မှတ်တယ်။
 Sex work is illegal in Lao PDR, Myanmar, Philippines, Thailand and Viet Nam. Sharia law, which is applied to Muslim citizens in Brunei, Malaysia and parts of Indonesia, also criminalizes sex work. In other jurisdictions of South East Asia, although there is no specific prohibition on the act of sex work, sex workers may be arrested for other offences relating to soliciting or public disorder. 
ကျွန်တော် ကိုးကားတာ UNAIDS UNFPA - SEX WORK AND THE LAW IN ASIA AND THE PACIFIC, 2012 စာအုပ်ထဲကဟာနဲ့ ပြောနေတာ။ 
 ဒီတော့ကာ ပြောသူကလဲ ဝေဝေဝါးဝါး ငြင်းသူကလဲ ဝေဝေဝါးဝါးနဲ့ ဆိုရင်တော့ ဆဲကြရုံကလွဲလို့ ဘာမှ   ဖြစ်လာ  မှာ မဟုတ်ဘူးထင်တယ်။ 
Charlatans Toubib စင်္ကာပူမှာ Sex work in private - Legal Soliciting - Illegal Brothels - Illegal ဖြစ်တယ် Sex work is legal but the Women’s Charter criminalizes procuring (Section 140), living on the earnings of sex work (Section 146) and managing a brothel (Section 148). Soliciting in public for the purpose of sex work is an offence under the Miscellaneous Offences (Public Order and Nuisance) Act (Section 19). In practice, police allow a limited number of brothels to operate in well-defined redlight districts (Designated Red-light Areas, or ‘DRAs’). There are no officially ‘licensed’ brothels; however police have an approval process for brothels in the six Designated Redlight Areas. Sex workers in these premises are issued a yellow health card for recording regular medical examinations. All clients are required to use condoms. 
 နိုင်ငံတကာ နိုင်ငံတကာ ဆိုတဲ့အခါမှာ သူတို့တွေ လှုပ်သာရှားသာ ရှိအောင် ဘယ်လို လုပ်ထားတယ် ဆိုတာမျိုးကို ကြည့်ရမယ်။ ဥပဒေစိုးမိုးမှု မရှိပဲနဲ့လဲ Not Illegal လုပ်ဖို့က ခက်တယ်။ ပြည့်တန်ဆာကို တရားဝင်လုပ်ဖို့ထက် ပြည့်တန်ဆာကို ခေါင်းပုံဖြတ်နေတာတွေကို တခြားနည်းနဲ့ ရှင်းရင်   လောလော ဆယ်အဖို့ ပိုအဆင်ပြေမယ်ထင်တယ်။
 
 

လင်မယားနှစ်ဦး သေနတ်ဒဏ်ရာများဖြင့် သေဆုံး



ကရင်ပြည်နယ် ၊ ကော့ကရိတ် မြို့နယ် ၊ နောင်ကိုင် ကျေးရွာ အုပ်စု မိဖာလဲ ကျေးရွာနေ ဦးမြလွင် ၄၈ နှစ် (ဘ) ဦးထွန်းကြည် နှင့် ဇနီးဖြစ်သူ ဒေါ်ရင်တင် ၅၂ နှစ် (ဘ) ဦးစံဟန် တို့နှစ်ဦးသည် စက်တင်ဘာလ ၆ ရက်နေ့ ည ၈ နာရီခွဲ ခန့်က နေအိမ် အရှေ့လှေကား အနီး ခြေဆေးကန် ဘေး၌ သေနတ် ဒဏ်ရာများဖြင့် သေဆုံး နေကြောင်း သိရှိရသဖြင့် တာဝန်ရှိ သူများက သွားရောက် စစ်ဆေးရာ အလောင်းများ အနီးတွင် ပွိုင့် - ၃၀ ကာဘိုင် ကျည်ခွံ ၁၅ ခုခန့် တွေ့ရှိရပြီး ဖြစ်စဉ်နှင့် ပတ်သက်၍ ဆက်လက် စိစစ်ရာ ၄င်းတို့ နှစ်ဦးသည် ကျေးရွာအတွင်း အောက်လမ်း အတတ်ပညာ များဖြင့် ပြုစား လုပ်ကြံ နေသူများ အဖြစ် သတင်းထွက် နေခြင်းကြောင့် ကျေးရွာသူ ကျေးရွာသား များမှ ကျေနပ်မှု မရှိကြောင်း နှင့် အဆိုပါ လင်မယား နှစ်ဦး သေဆုံးသည့် ဖြစ်စဉ်အား ကော့ကရိတ် မြို့နယ် မြို့မရဲစခန်း မှ အသေးစိတ် စုံစမ်း စစ်ဆေးလျက် ရှိကြောင်း သိရှိရသည်။(၁၀၀)




Related Posts Plugin for WordPress, Blogger...