Showing posts with label အချစ်. Show all posts
Showing posts with label အချစ်. Show all posts

Monday, September 2, 2013

ချစ်သောသူနှင့် ကွေကွင်းရသောအခါ...




ကိုယ်ချစ်တဲ့ သူဆုံးရှုံးသွားတာကြောင့် ချစ်တဲ့သူနဲ့ သေကွဲကွဲရသောအခါမျိုးနဲ့ အကြောင်း အမျိုးမျိုးကြောင့် ချစ်တဲ့သူနဲ့ ရှင်ကွဲကွဲရတဲ့အခါမျိုးတွေမှာ ကျွန်မတို့ ပုထုစဉ်လူသားတွေ အနေနဲ့ ၀မ်းနည်းကြေကွဲမှုကို ခံစား ရတတ်တာ ဓမ္မတာပါ။ တချို့လူတွေကတော့ ပူဆွေးမှုကို ၀မ်းနည်းကြေကွဲပြီး ခံစားတတ်ကြပေမယ့် အချိန် ကာလရဲ့ကုစားမှုကြောင့် အချိန်အတိုင်းအတာတစ်ခု အတွင်းမှာ မေ့မေ့ပျောက်ပျောက်ဖြစ်သွားတတ်ကြပါ တယ်။

ကံမကောင်းစွာပဲ လူတိုင်ေးတာ့ ဒီလိုမဖြစ်တတ်ပါဘူး။ တချို့လူတွေကတော့ ပုံမှန် ၀မ်းနည်းကြေကွဲ မှုသောကကိုပဲ အပြစ်ရှိသလိုထင်မြင်ယူဆနေခြင်း၊ ဒေါသဖြစ်ခြင်းနဲ့ တုန်လှုပ်ခြောက်ခြားခြင်း စတာတွေကို ပါရောပြွမ်းခံစားကြရတတ်ပါတယ်။ တစ်ခါတစ်ရံမှာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ၀မ်းနည်းပူဆွေးမှုကတောင်
နောက်ဆက်တွဲ ပြဿနာတွေနဲ့ နာကျင်ကြေကွဲကာ ခံရခက်တဲ့ ဝေဒနာတွေကို ခံစားရစေနိုင်တာကြောင့်
ပြင်းပြင်းထန်ထန်ပူဆွေးသောက ရောက်နေတဲ့သူတွေအဖို့ စိုးရိမ်ရတဲ့ နောက်ဆက်တွဲ အခြေအနေတွေကို
ဖြစ်စေနိုင်ပါတယ်။

ချစ်သောသူနှင့် ကွေကွင်းရချိန်မှာ ဖြစ်တတ်သော ဝေဒနာများ
ချစ်တဲ့သူနဲ့ ကွေကွင်းရပြီးချိန်မှာ ခံစားရတတ်တဲ့ ဝေဒနာတွေဟာ ဆေးကုသမှုလို အပ်သလား၊ မလိုအပ်ဘူး လားဆိုတာကို စိတ်ကျန်းမာရေးဆရာဝန်တွေအနေနဲ့ လေ့လာခွဲခြမ်းစိတ်ဖြစ်နေဆဲပါပဲ။ ချစ်တဲ့သူတစ်ဦးကို ဆုံးရှုံးရပြီးတဲ့ ပထမလအနည်းငယ်အတွင်းမှာ ပူဆွေးသောကရောက်ရတဲ့ ဝေဒနာတွေ ခံစားရတာက ပုံမှန် ပါပဲ။ ဒါပေမယ့် မေ့ပျောက်သင့်တဲ့အချိန်ကာလ ကျော်လွန်တဲ့အထိ ပူဆွေးသောကခံစားနေရတာဟာ ပုံမှန်မဟုတ်တော့ပါဘူး။ တချို့လူတွေမှာ ပူဆွေးသောကဟာ လျော့ပါးသွားရမယ့်အစား ပိုတိုးလာတာ၊ ပိုပြင်းထန်တဲ့ နောက်ခံစားမှု တစ်မျိုးနဲ့ဒွန့်တွဲ ဖြစ်ပေါ်လာတာ (ဥပမာ ပြောရရင် ပူဆွေး သောကနဲ့တွဲပြီး အသက်မရှင်ချင်တော့ လောက်အောင် စိတ်ဓာတ်ကျလာတာမျိုး) တွေကို ခံစားလာရရင်တော့ ဒါဟာ နာတာရှည် စိတ်ဝေဒနာဖြစ်လာပြီး ဖြစ်တဲ့အတွက် လျစ်လျူရှုထားလို့တော့ မရတော့ပါဘူး။ ပူဆွေးသောက
ရောက်နေကြောင်း သိသာထင်ရှားတဲ့ လက္ခဏာတွေကတော့ -

ချစ်တဲ့သူသေဆုံးရတဲ့အကြောင်းနဲ့ ချစ်တဲ့သူထားရစ်ခဲ့တဲ့ အသုံးအဆောင်တွေကိုပဲ ကိုင်တွယ်ကြည့် ရှုနေတာမျိုး၊
ဆုံးရှုံးမှုကို ပြန်ရနိုင်ဖို့ ပြင်းပြင်းထန်ထန်ပြန်လည် တောင့်တနေတာမျိုး၊ ရင်ကွဲနေကျမတတ် ငိုကြွေးနေတာမျိုး၊
သေဆုံးသွားတယ်ဆိုတာကို ဘယ်လိုမှလက်မခံနိုင်တာမျိုး၊
တုန်ယင်ခြင်း ဒါမှမဟုတ် ကတုန်ကယင် ဖြစ်နေတာမျိုး၊
ဝမ်းနည်းကြေကွဲမှုကို ဘာနဲ့မှ ပြန်အစားမထိုးနိုင်တာမျိုး၊
ဆုံးရှုံးမှုကို ခါးသီးနာကျင်နေတာမျိုး၊
ပျော်ပျော်နေနိုင်ဖို့ မစွမ်းဆောင်နိုင်တာမျိုး၊
စိတ်ဓာတ်ကျခြင်းနဲ့ နက်နက်ရှိုင်းရှိုင်း ၀မ်းနည်းခြင်းတို့ကို ခံစားနေရတာမျိုး၊
ပုံမှန်လုပ်ငန်းဆောင်တာတွေကိုတောင် မလုပ်ဆောင်နိုင်တာမျိုး၊
ဘ၀မှာ နေသားတကျမဖြစ်တော့တာမျိုး၊ လေလွင့်နေတာမျိုး၊
လူမှုရေးတွေမှာ ပါဝင်ဆောင်ရွက်ခြင်း မရှိတော့တာမျိုး၊
ဘ၀မှာ ရပ်တည်နေထိုင်ရတဲ့ အဓိပ္ပာယ်နဲ့ ဦးတည်ချက်မရှိတော့တာမျိုး၊
စိတ်ကသိကအောက်ဖြစ်နေတာမျိုး၊
တခြားသူတွေအပေါ် မယုံကြည်တော့တာမျိုး ... အစရိတဲ့ခံစားချက်တွေကို ခံစားရတတ်ပါတယ်။ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေး သင့်သလား
စောစောက ပြောပြထားတဲ့ ဝေဒနာတွေကို ခံစားရတာကြောင့် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ဖို့ လိုအပ်နေ သလားဆိုတာကို ခံစားနေရသူရဲ့ မိသားစု အသိုင်းအ၀ိုင်းတွေက သိဖို့လိုအပ်ပါတယ်။ ချစ်တဲ့သူနဲ့ သေကွဲ ပဲကွဲ ကွဲ၊ ရှင်ကွဲပဲကွဲကွဲ... ၀မ်းနည်းပူဆွေးမှုကိုတော့ အနည်းနဲ့ အများခံစားတတ်တာ သဘာဝပါ။ လူအများ စုဟာ ပူဆွေးသောကခံစားရချိန်မှာ မိဘနဲ့မိတ်ဆွေသူငယ်ချင်းတွေရဲ့ ဖေးမအားပေးမှုတွေကြောင့် တဖြည်း
ဖြည်း ပုံမှန်ဘ၀ကို ရောက်ရှိလာတတ်ပါတယ်။ ချစ်တဲ့သူနဲ့ ကွေကွင်းရတဲ့ အချိန်ကာလကကြာပြီဆိုရင် ဒါမှ မဟုတ် တဖြည်းဖြည်းလျော့သွားရမယ့်အစား ဝေဒနာ ပိုပိုတိုးလာရင်တော့ ဆရာဝန်နဲ့ တွေ့ဆုံဆွေးနွေးဖို့ လိုအပ်ပါတယ်။

ချစ်တဲ့သူရဲ့ သေဆုံးမှုကိုပဲတွေးမိနေရင်
ချစ်တဲ့သူသေဆုံးရာမှာ ကြာရှည်ခံစားနေရရင်
ကိုယ့်ကိုကိုယ် အပြစ်တင်တဲ့အတွေးတွေဝင်နေရင်
ဘ၀က ဘာမှအဓိပ္ပာယ်မရှိဘူးလို့တွေးမိနေရင်
သင်ချစ်တဲ့သူနဲ့အတူ လိုက်သေဆုံးသင့်သလားဆိုတာကိုပါ တွေးမိနေရင်... စိတ်ကျန်းမာရေးဆရာ ၀န်နဲ့တွေ့ဆုံဆွေးနွေးသင့်နေပါပြီ။
နောက်ဆက်တွဲ ပူဆွေးသောကခံစားနေရသော အကြောင်းရင်းများ
ချစ်တဲ့သူနဲ့ ကွေကွင်းပြီးချိန်မှာ နောက်ဆက်တွဲပူဆွေးသောက ခံစားနေရတဲ့အကြောင်းရင်းကို တိတိကျကျ မသိကြသေးပါဘူး။ လူတစ်ယောက်ရဲ့ မျိုးရိုးဗီဇ၊ ပတ်ဝန်းကျင်၊ ခန္ဓာကိုယ်ရဲ့ သဘာဝဓာတုဖြစ်စဉ်နဲ့ ကိုယ် ရည်ကိုယ်သွေးတို့အပေါ် ပူတည်ပြီးခံစားရတဲ့ စိတ်ကျန်းမာရေးပြဿနာတွေဟာ လူတွေမှာ ပြောင်းလဲနေ ပါတယ်။
အဆင့်(၁) - ဆုံးရှုံးသွားပြီဆိုတာကို တကယ်လက်ခံလိုက်ခြင်း၊
အဆင့်(၂) - ဆုံးရှုံးတဲ့နာကျင်မှုကို ခံစားခွင့်ပြုလိုက်ခြင်း၊
အဆင့်(၃) - ဆုံးရှုံးမှုကို မေ့ပျောက်နိုင်ဖို့ လက်တွေ့အခိုက်အတန့်နဲ့ ညှိနှိုင်းခြင်း၊
အဆင့်(၄) - တခြားဆက်ဆံရေးတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် နေထိုင်ခြင်း၊
အဆင့်(၅) - ပုံမှန်အတိုင်းဖြစ်အောင်နေထိုင်ပြီး တိုက်ဆိုင်မှုရှိမှသာ လွမ်းဆွတ်တတ်ခြင်း စတဲ့အချက်တွေပဲ
ဖြစ်ကြပါတယ်။

ပူဆွေးသောကကြောင့်ဖြစ်တတ်သော နောက်ဆက်တွဲ အန္တရာယ်များ
ချစ်တဲ့သူနဲ့ ကွေကွင်းရပြီးတဲ့အချိန်မှာ ပူဆွေးသောကရောက်ရတဲ့အပြင် ဖြစ်တတ်တဲ့ နောက်ဆက်တွဲ
ပြဿနာတွေကတော့ -

မမျှော်လင့်ဘဲ ရုတ်တရက် သေဆုံးရခြင်း၊
ချစ်တဲ့သူက ကိုယ့်ကိုကိုယ်သတ်သေခြင်းကြောင့် ကိုယ်ပါကြံစည်ချင်စိတ်ပေါ်ခြင်း၊
အားပေးကူညီမယ့် မိတ်ဆွေ အပေါင်းအသင်းမရှိခြင်း၊
ကလေးဘ၀တုန်းက လျစ်လျူရှုခံရတာ၊ ပစ်ပယ်ခံရတာ စတဲ့နာကျင်ဖွယ်ရာ အတိတ်ဆိုးရှိခြင်း၊
ကလေးဘ၀က မိဘာတွေကွဲသွားတာနဲ့ စွန့်ပစ်ခံရတာ စတဲ့အဖြစ်အပျက်မျိုး ကြုံဖူးခြင်း၊
ဆုံးရှုံးသွားတဲ့သူအပေါ် မှီခိုအားထားနေရခြင်း၊
သေဆုံးမည်ကို ကြိုမတွေးထားမိဘဲ မမျှော်လင့်ဘဲ ကြုံတွေ့လိုက်ရခြင်း၊
ဘ၀အပြောင်းအလဲအပေါ် လိုက်လျောညီထွေနေနိုင်စွမ်း နည်းပါးခြင်းစတဲ့ အချက်တွေကို ခံစားရ တတ်ပါတယ်။
အန္တရာယ်ရှိသော အပြုအမှုများ
ချစ်တဲ့သူနဲ့ ကွေကွင်းရခြင်းကြောင့် ခံစားရတတ်တဲ့ ပူဆွေးသောကဟာ စိတ်ပိုင်း၊ ရုပ်ပိုင်းနဲ့ လူမှုရေးပိုင်း
တွေကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် သင့်တော်တဲ့ ကုသမှုကို မခံယူရင် အောက်ပါပြဿနာတွေကို ခံစားရစေနိုင်ပါတယ်။

စိတ်ကျရောဂါ၊
ကိုယ့်ကိုကိုယ်သတ်သေလိုတဲ့ အတွေးပေါ်ခြင်း၊
နှလုံးရောဂါ၊ ကင်ဆာရောဂါနဲ့ သွေးတိုးရောဂါတွေလို အန္တရာယ်ရှိတဲ့ ရောဂါတွေ ခံစားရနိုင်ခြေ မြင့်မားခြင်း၊
စိတ်ဖိစီးမှုခံစားရခြင်း၊
မူးယစ်ဆေးဝါးစွဲခြင်း၊
ဆေးလိပ်နဲ့ အရက်စွဲခြင်း။ ပူဆွေးသောကကြောင့် နောက်ဆက်တွဲဝေဒနာမရအောင် ကာကွယ်မှု
ချစ်တဲ့သူနဲ့ ကွေကွင်းပြီးချိန်မှာ နောက်ဆက်တွပြဿနာမခံစားရအောင် ပူဆွေးသောကကို ဘယ်လိုထိန်း ချုပ်သင့်တယ်ဆိုတဲ့ တိကျတဲ့ အကြံပြုချက်တော့မရှိသေးပါဘူး။ ၀မ်းနည်းပူဆွေးမှုကို စခံစားရတဲ့အခိုက်မှာ အကြံဥာဏ်တောင်းခံတာ၊ စိတ်ပိုင်းဆိုင်ရာအကြံပေးနိုင်သူနဲ့ တွေ့ဆုံဆွေးနွေးတာတွေက ကောင်းတဲ့နည်း လမ်းတွေပါပဲ။
မိသားစု၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ စုရုံးနေထိုင်တာက တစ်ယောက်တည်းနေထိုင်တာထက် ပိုမိုကောင်း မွန်တဲ့နည်းလမ်းပါ။
ဘာသာတရားကိုင်းရှိုင်းတာနဲ့ ကုသိုလ်ကောင်းမှုများများပြုလုပ်တာတွေဟာလည်း ပူဆွေးသောကကို ခံနိုင် ရည်ရှိစေပြီး လောကဓံတရားကို အံတုရင်ဆိုင်နိုင်စေပါတယ်။

ပူဆွေးသောကရောက်နေခိုက်မှာ ပြုလုပ်သင့်သော အပြုအမူများ
"သေသောသူကြာရင်မေ့" ဆိုတဲ့စကားနဲ့ မညီညွှတ်ဘဲ မမေ့နိုင်၊ ဆွေးမြည့်ခံစားနေရရင်တော့ သင်ပြုလုပ် သင့်တဲ့ နည်းလမ်းတွေရှိပါတယ်။။

ကုသမှုအစီအစဉ်ချပါ - ဆရာဝန်နဲ့ တွေ့ဆုံပြီး ဆေးကုသမှုခံယူဖို့အတွက် တိုင်ပင်ဆွေးနွေးပါ။
ပုံမှန် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပါ - ပုံမှန်ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်တာက စိတ်ဓာတ် ကျခြင်း၊ စိတ်ဖိစီးမှုနဲ့ ပူပင်သောကတို့ကို သက်သာလျော့ပါးစေပါတယ်။
ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ - ကိုယ့်ဘ၀ကို တန်းဖိုးထားပြီး ကျန်ရှိနေတဲ့အချိန်အပိုင်းအခြား အတွင်း မှာ ကျန်းမာနေအောင် နေမယ်ဆိုတဲ့စိတ်ကိုမွေးပါ။ အနားများများယူပါ၊ အာဟာရပြည့်ပြည့်၀၀ စားသောက်ပါ၊ အရက်နဲ့ မူးယစ်ဆေးဝါးကို မသုံးပါနဲ့။
လူမှုရေးလုပ်ငန်းများ လုပ်ဆောင်ပါ - သင့်ပတ်ဝန်းကျင်မှာ ရှိတဲ့ လူတွေကို တတ်နိုင်သမျှ အကျိုးပြု နိုင်ဖို့အတွေက် စေတနာ့ဝန်ထမ်းအလုပ်တွေကို ပါဝင်လုပ်ဆောင်ပေးပါ။
နှစ်ပါတ်လည်အခမ်းအနားများအတွက် ကြိုတင်ပြင်ဆင်ပါ - သင်ချစ်တဲ့သူအတွက် အလှူ ဒါန ကောင်းကောင်းပြုလုပ်နိုင်အောင် ကြိုတင် စဉ်းစားထားပြီး ပြင်ဆင်နေတာကလည်း ၀မ်းနည်း ပူဆွေးမှုကို လျော့ပါးစေပါတယ်။
ခံစားချက်ကို ဖွင့်ဟပြောပါ - သင့်စိတ်ထဲမှာ မြုံပြီး တစ်ယောက်တည်း ကျိတ်ခံစားမနေသင့်ပါဘူး။ သင်ချစ်တဲ့သတွေကို အလွန်အမင်းသတိရလွမ်းဆွတ်တဲ့အခိုက်မှာ သင့်ကို နားလည်စာနာပေးနိုင် မယ့်သူကို ဖွင့်ဟပြောပြလိုက်ပါ။

Friday, August 30, 2013

ချစ်ခြင်းမေတ္တာနှင်.ကျန်းမာရေး




လောကကြီးသာယာလှပဖို့အတွက်ချစ်ခြင်း မေတ္တာဟာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်. . လူတိုင်းအချစ်နဲ့ မကင်းနိုင်ကြပါဘူး . . . တစ်ချိန်မဟုတ် တစ်ချိန်မှာတော့ အချစ်နဲ့ကြုံတွေ့ကြမှာပါ. . .
အချစ်ဆိုတာကို လူအမျိုးမျိုးက အဓိပ္ပါယ်အမျိုးမျိုး
ဖွင့်ဆိုကြပေမယ့် တကယ်တမ်းမှာတော့ ဘယ်သူမှ ဘယ်လိုမှ ရှင်းပြလို့မရနိုင်
လောက်အောင် နက်နဲကတဲ့ ခံစားမှုမျိုးပါ . .


ချစ်ခြင်းမေတ္တာဟာ အန်မတန်ကိုမှ ဆန်းကြယ်လွန်းလှပါတယ် . . . ဆေးပညာရှုဒေါင့်က ကြည့်မယ်ဆိုရင်
တော့ တစ်စုံ တစ်ယောက်အပေါ်မှာ ချစ်မေတ္တာယိုစိမ့်တဲ့ အခါ ချစ်တဲ့သူမှာရော
အချစ်ခံရသူမှာပါ စိတ်ပျော်ရွှင်ကြည်နူးကြရုံမျှ မက ကိုယ်ကျန်းမာရေးရော ၊
စိတ်ကျန်းမာရေးအတွက်ပါ အန်မတန် အကျိုးပြုတာကို တွေ့ရပါတယ် . . . .

ချစ်ခြင်းမေတ္တာနဲ့ ကျန်းမာရေးက အံ့အားသင့်ဖွယ် နည်းလမ်းတွေနဲ့ ဆက်စပ်မှုရှိနေတာ တွေ့ရပါတယ်
ချစ်ခြင်းမေတ္တာ ဟာ လူသားတွေကို ပျော်ရွှင်စေရုံမျှမက ကိုယ်ခံအားကောင်းစေကာ
ရောဂါတွေ တိုက်ဖက်ပေးပါတယ်. . . ဒါအပြင် တခြားကျန်းမာရေးအတွက်
ကောင်းကျိုးများစွာလည်း ရှိပါတယ်. . . . ချစ်နေတဲ့သူနဲ့ အချစ်ခံရသူမှာ
ချစ်နေတဲ့သူက ကျန်းမာရေးအတွက် ကောင်းကျိုးကို ပိုခံစားရနိုင်ပါတယ်. . . .
ဒါပေမယ့် ချစ်တတ်ဖို့လည်း လိုတာပေါ့ နော်. .

ပိုင်ဆိုင်လိုစိတ်နဲ့ ချစ်ပါက သ၀န်တိုမှု၊ မနာလိုမှု နဲက တခြားသော သောကအပူမီးတွေ ပါလာနိုင်ပါတယ်.
. . ချစ်နေရရင်ပြီးရော ဆို ကာ မေတ္တာစစ်မေတ္တာမှန်နဲ့ ချစ်တတ်ပါမှ
ကျန်းမာရေးအတွက်လည်း ကောင်းမွန်ပါတယ်. . .
အချစ်က ကျန်းမာရေးကို ဘယ်လိုအကျိုးပြုသလဲဆိုရင်. . .

အချစ်က နုပျိုစေနိုင်တယ်
အချစ်က အသက်ရှည်စေနိုင်တယ်
အချစ်က ကိုယ်ခံအားကောင်းစေနိုင်တယ်
အချစ်က သွေးတိုးကာကွယ်ပေးတယ်
အချစ်က နှလုံးအတွက် ကောင်းစေတယ်
အချစ်က ကိုလက်စထရောပမာဏ လျှော့ချပေးတယ်
အချစ်က နာကျင်မှုကို သက်သာစေနိုင်တယ်.
အချစ်က ညဏ်ကောင်းစေတယ်
အချစ်က စိတ်ဖိစီးမှု လျော့နည်းစေတယ်
အချစ်က ကျန်းမာရေးအလေ့အကျင့်ကောင်းတွေ ကို ရစေနိုင်တယ်တဲ့ . . . .
အဓိကကတော့ ဘာကာလာမှ မရော အချစ်သန့်သန့်လေးနဲ့ ချစ်တတ်ဖို့ပါပဲ . . .
ပိုင်ဆိုင်လိုစိတ်တွေက အပူမီးတောက်လောင်စေကာ အချစ်ကို အရောင်ဆိုးလိုက်သလို
ကိုယ်ချစ်နေတဲ့ သူစိတ်ချမ်းသာ ပျော်ရွှင်နေတာကို မြင်ရုံနဲ့ ကျေနပ်
ပီတိစိတ်မွေးပါ. . . . မေတ္တာစစ် မေတ္တာမှန်နဲ့ ချစ်တတ်ပါက စိတ်ချမ်းသာ
ကိုယ်ကျန်းမာ ပြီး လောကကြီးက နေပျော်လာပါလိမ့်မယ် . . .

ကိုးကား

နုမြတ် (ဆေး -၁) (အာရောဂျံ)

သစ္စာ ရှိတဲ့လူ


(ရင်ထဲကိုနင့်နေအောင် ခံစားမှုပေးစွမ်းနိုင်တဲ့ ပို့စ်ကောင်းတစ်ခုပါပဲ )
စားသောက်ဆိုင်စားပွဲဝိုင်းတခုမှာ ယောက်ျားတယောက်နဲ့မိန်းကလေး တယောက် ထိုင်နေကြတယ်။
မိန်းကလေးက ဝိုင်ခွက်ကို လှုပ်ကစားရင်းနဲ့ စကားစပြောလိုက်တယ်။


"ကျွန်မ ရှင့်ကိုကြိုက်တယ်"
"ငါမှာမိန်းမရှိတယ်လေ"

ယောကျာ်းက လက်မှာဝတ်ထားတဲ့လက်စွပ်ကို ပွတ်သပ်ရင်ပြန်ပြောလိုက်တယ်။
"ကျွန်မ ဒါတွေဂရုမစိုက်ဘူး။ ရှင့်စိတ်ကိုပဲကျွန်မသိချင်တယ်။

ရှင် ကျွန်မကိုကြိုက်လား"

ဒီအဖြေကို ကြိုတွေးမိကြမှာပါ။ ယောကျာ်းက ခေါင်းမော့ပြီးကောင်မလေးကိုသေ ချာကြည့်လိုက်တယ်။
မိန်းကလေးက အသက် (၂၄)နှစ်။ ငယ်ရွယ်နုပျိုတယ်။ အရွယ်ကောင်းတဲ့အသက်အရွယ်ပါ။
အသားအရေဖြူစွတ်တယ်။ ဖျတ်လတ်သန်စွမ်းတယ်။ အရောင်တောက်ပြီးစွဲဆောင်မှုရှိတဲ့မျက်ဝန်းတစုံ
ပိုင်ဆိုင်ထားတဲ့ မိန်းကလေးတယောက်ပါပဲ။
ဒါပေမဲ့

"တကယ်လို့ ရှင်လည်းကျွန်မက သဘောကျတယ်ဆိုရင် ကျွန်မရှင်နဲ့ချစ်သူဖြစ်ချင်တယ်"

စိတ်မရှည်တဲ့အဆုံးမှာကောင်မလေးက ဒီစကားကို ထပ်ပြောလိုက်တယ်။
"ငါ့မိန်းမကိုငါချစ်တယ်" ယောကျာ်းက ပြတ်ပြတ်သားသားဖြေလိုက်တယ်။

"ရှင် သူ့ ကိုချစ်တယ်? သူ့ ကိုဘယ်လိုချစ်တာလဲ? အခုလက်ရှိ သူ့အသက်အရွယ်က အိုနေပြီ အရင်လိုကြည့်မကောင်းတော့ဘူးမလား? အဲဒါကြောင့်ကုမ္ပဏီက ပါတီပွဲကို ရှင်တခါမှ မခေါ်လာရဲတာမလား ••••"

ကောင်မလေးက ဆက်ပြောသွားချင်တယ်။ ဒါပေမဲ့ ယောကျာ်းရဲ့ အေးစက်စက်အကြည့် တွေကြောင့် စကားကိုရပ်တန့် လိုက်တယ်။ နှစ်ယောက်စလုံး အနည်းငယ် နှုတ်ဆိတ်သွားကြတယ်။

"မင်း ငါ့ကို ဘာတွေသဘောကျတာလဲ" ယောကျာ်းကမေးလိုက်တယ်။
"ရင့်ကျက်တယ်။ တည်ငြိမ်တယ်။ အပြုအမူတွေက ယောကျာ်းပီသတယ်။ ဂရုစိုက်တတ်တယ်။ အများကြီးရှိသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မတွေ့ ခဲ့ဖူးတဲ့ ယောကျာ်းတွေ့နဲ့ မတူဘူး။ ရှင်ကထူးခြားတယ် "

ယောက်ျားက ဆေးလိပ်မီးညှိရင်းမေးလိုက်တယ်။
"လွန်ခဲ့တဲ့ (၃)နှစ်တုန်းက ငါဘယ်လိုပုံစံလဲဆိုတာ မင်းသိလား? "

"ကျွန်မ မသိပါဘူး။ ဒါပေမဲ့ ကျွန်မဂရုမစိုက်ဘူး။ ရှင် ထောင်ကျဖူးလည်း အရေးမကြီးဘူး။"

"လွန်ခဲ့တဲ့ (၃)နှစ်က ငါလည်း မင်းတွေ့ခဲ့ဖူးတဲ့ယောက်ျားတွေလိုပါပဲ"
ကောင်မလေးကို ဂရုမစိုက်ပဲ ယောကျာ်းကဆက်ပြောတယ်။
"သာမန် တက္ကသိုလ်ဘွဲ့ ရ။ အလုပ်လုပ်တာ အဆင်မပြေဘူး။ တနေကုန် အရက်တွေသောက် ဒေါသတွေခဏခဏထွက်။
ကိုယ့်ချစ်သူကိုလည်း ဂရုစိုက်ချင်မှစိုက်တယ် "

"ဒါဆို ဘယ်လိုပြောင်းလဲသွားတာလဲ" ကောင်မလေးစိတ်ဝင်စားသွားတယ်။
ဘယ်အရာက ဒီယောကျာ်းကိုပြောင်းလဲသွားစေတာလဲဆိုတာ သူသိချင်လာတယ်။

"သူကြောင့်လား?"
"အင်း"

"သူက အမြဲတမ်းကိစ္စတိုင်းကို အတွင်းကျကျ သိထားတဲ့အတိုင်းပဲ။ ငါ့ကိုအများကြီးသင်ပြပေးခဲ့တယ်။ အရှုံးအမြတ်ကိုသိပ်အလေးမထားဖို့။ မျက်စိရှေ့ က ပြသာနာကိုအရမ်းအလေးမထားဖို့ ။

လူတွေကိုကောင်းကောင်းဆက်ဆံတတ်ဖို့ ငါကိုသင်ပေးတယ်။
အဲဒီအချိန်တုန်းက ငါကသူရှေ့မှာဆို ဘာမှ နားမလည် မသိတတ်သေးတဲ့ကလေးတယောက်လိုပဲ။ပြောရရင် အဲဒီအချိန်တုန်းကမင်းငါကိုမြင်သလိုမျိုးနဲ့ သိပ်မကွာဘူးလို့ ပြောရမယ်။

အဲတုန်းကတော်တော် ထူးဆန်းတာက စိတ်ဆတ် ခေါင်းမာတတ်တဲ့ငါက သူပြောတာပဲနားထောင်တယ်။
သူပြောတဲ့အတိုင်း အဖြစ်မှန်ကိုလက်ခံနိုင်ခဲ့တယ်။ ကိုယ့်ကိုကိုယ် အသုံးမကျတာသိတော့ အလုပ်ကိုကြိုးကြိုးစားစားလုပ်ခဲ့တယ်။ အဲဒီ့နှစ် နှစ်ကုန်မှာ အလုပ်က နည်းနည်း အဆင်ပြေလာခဲ့တယ်။

ငါတို့လည်း လက်ထပ်လိုက်ကြတယ်"
ဆေးလိပ်ပြာချွေရင်း ယောကျာ်းကဆက်ပြောတယ်။

"အဲဒီအချိန်တုန်းက တော်တော် ဒုက္ခရောက်ခဲ့တာ။ နှစ်ယောက်ကို ကုတင်တစ်လုံးတည်းနဲ့အိပ်ခဲ့ရတယ်။
အိမ်ကပစ္စည်းဆိုတာ နည်းလိုက်တာမှ သနားဖို့ တောင်ကောင်းတယ်။ ပြီးတော့မင်္ဂလာဆောင်ပြီး တစ်နှစ်ကြာမှငါ သူ့ကို ပထမဆုံးစိန်လက်စွပ် (၁)ကွင်းဝယ်ပေးနိုင်တာ။ နှစ်ဝက်ကျော်လောက် ပိုက်ဆံစုလိုက်ရတယ်။
ဒါတောင် သူမသိအောင်ခိုးစုရတာ။ သူသိရင် ပေးဝယ်မှာ မဟုတ်ဘူး။ အဲ့တုန်းကလည်း ဆေးလိပ် အရက်ကြောင့်
ကျန်းမာရေးက ဆိုးလာသေးတယ်။ ဆောင်းတွင်းဖက်ကြီးမှာလည်း ညမအိပ်ပဲ ငါ့အတွက် သူစွပ်ပြုတ် လုပ်ပေးတယ်။ အဲဒီ့အရသာမျိုးကို သူပဲလုပ်တတ်မယ် ထင်တယ်"

ယောကျာ်းက အရင်ကအကြောင်းတွေကို ပြောရင်းအချိန်ကိုသတိမထားမိလိုက်ဘူး။ အတိတ်ကအကြောင်းတွေကိုမနားတမ်းပြောနေမိတယ်။

မိန်းကလေးကလည်း စကားဖြတ်ချင်ပုံမရဘူး။ ပြောသမျှကို ငြိမ်နားထောင်နေတယ်။
ယောက်ျားက နာရီကို သတိထားမိတဲ့အချိန်မှာ ည(၁၀)နာရီထိုးနေပြီ။

"ဟား•• တောင်းပန်ပါတယ်ဗျာ။ ဒီလောက်မိုးချုပ်သွားတာ သတိမထားမိလိုက်ဘူး"
ယောကျာ်းက အားနာနာနဲ့ ပြုံးလိုက်တယ်။

"အခုမင်းနားလည်နိုင်ပြီလား?။ သူ့ အပေါ်သစ္စာဖောက်တဲ့လုပ်ရပ်မျိုး ငါလုပ်ဖို့ မဖြစ်နိုင်ဘူး။ လုပ်မှာလည်းမဟုတ်ပါဘူး"

"သိပါပြီ။ ဒီလိုလူတယောက်ကိအရှုံးပေးလိုက်ရတာ ကျွန်မကျေနပ်ပါတယ်"
မိန်းကလေးက လက်လျှော့လိုက်တဲ့ပုံစံနဲ့ ခေါင်းခါရင်း ပြောလိုက်တယ်။
"ကျွန်မလည်း သူလို အရွယ်ရောက်ရင် သူ့ထက်ပိုသာမှာပါ"

"အင်းပေါ့ အဲဒါဆို ဒီထက်ကောင်းတဲ့ ယောကျာ်းမျိုးရှာတွေ့ မှာပေါ့။ မဟုတ်ဘူးလား? အရမ်းမိုးချုပ်နေပြီ။ ငါလိုက်ပို့ပေးမယ်။" မိန်းကလေးကိုလိုက်ပို့ ပေးဖို့ သူထလိုက်တယ်။
"ရပါတယ် ကျွန်မဖာသာပြန်လိုက်ပါမယ်" ကောင်မလေးက လက်ဟန်ပြပြီးတော့
" ပြန်သွားတော့လေ သူစိတ်ပူနေလိမ့်မယ်" လို့ ဆက်ပြောလိုက်တယ်။
ယောကျာ်းက တချက်ပြုံးပြီး လှည့်ထွက်လာခဲ့တယ်။

"သူကလှလား?"
"အင်းအရမ်းလှတယ်"
ညအမှောင်ထဲမှာ ယောကျာ်းရဲ့ အရိပ်အယောင်တွေ တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့တယ်။
မိန်းကလေးတယောက်တည်း စားပွဲဝိုင်းမှာ ကျန်ရစ်ခဲ့တယ်။

ယောကျာ်းအိမ်ပြန်ရောက်တော့ တံခါးဖွင့်ပြီး အိပ်ခန်းဆီကို တန်းသွားလိုက်တယ်။ မီးဖွင့်လိုက်တယ်။
ကုတင်နားကို လျှောက်သွားပြီး ထိုင်လိုက်တယ်။

"မိန်းမရေ ဒါ(၄)ယောက်မြောက်ရှိပြီ။ ဘာဖြစ်လို့ ငါကို ဒီလောက်ကောင်းအောင်လုပ်ပေးခဲ့တာလဲ?
အခု ငါ့ကို ကြိုက်နေတဲ့သူတွေ အများကြီးရှိနေပြီ။ တော်ကြာငါစိတ်ပြောင်းသွားနိုင်တယ်နော်။ ဘာဖြစ်လို့ ငါကို ဒီလောက်ကောင်းအောင် လုပ်ပေးပြီးတော့ တစ်ယောက်တည်း အရင်ထွက်သွားရတာလဲ?
ငါ တစ်ယောက်တည်း ကျန်နေခဲ့တာ အရမ်း အထီးကျန်နေပြီကွာ"
သူ မျက်ရည်တွေကို မျိုသိပ်ရင်းပြောနေတယ်။ ဒါပေမဲ့ နောက်ဆုံးတော့ မျက်ရည်တွေ မထိန်းနိုင်ပဲစီးကျလာတယ်။
တစက်ပြီး တစက် ပါးပြင်ပေါ်က စီးကျလာပြီး လက်ထဲမှာကိုင်ထားတဲ့ ဓာတ်ပုံဘောင်ပေါ် ကျသွားခဲ့တယ်။
အလင်းရောင်မပြည့် ဝတဲ့ မီးရောင်အောက်မှာ ဓာတ်ပုံထဲမှာဆုံးသွားတဲ့ အမျိုးသမီးရဲ့ကြင်နာမှုတွေ ပြန့်နှံ့နေခဲ့တယ်။

Translated by Ko AungYar Zar...

Monday, August 26, 2013

ဘဝဆိုတာ ပျော်ရွှင်မှု ရှိသလို နာကျင်စရာနောင်တတွေလည်း ရှိမှာပါဘဲ


နောင်တ
ကိုယ်ကျေကျေနပ်နပ် နောင်တရသည်ဖြစ်စေ
ကိုယ် မတော်တဆ နောင်တရသည်ဖြစ်စေ
ကိုယ် ဒေါသကြောင့် နောင်တရသည်ဖြစ်စေ

အရင်ဆုံး ကိုယ့်စိတ်ကိုစမ်းစစ်ကြည့်ပါ
ကိုယ့်နောင်ရေးအတွက် လှေကားအဖြစ်တတ်လို့ ရမယ့် သင်ခန်းစာနောင်တဆိုရင် အမြဲ အမှတ်ရပေးပါ

ဒါမှမဟုတ်ဘူးဆိုရင်တော့ တတ်နိုင်ရင် အားလုံးကိုခဝါချပြီးထားခဲ့ပါ

ဘဝ ဆိုတာ Facebook နဲ့  တူတယ်ဆိုရင်
နောင်တ ဆိုတာ ကိုယ့်Facebook ရဲ့ status လေးတခုပါဘဲ

လူတိုင်းကတော့ ကိုယ့်ဘဝ Facebook Timeline လေးကို
သူတို့ သဘောကျ စိတ်ကြိုက် လာလေ့လာကြမှာဘဲလေ...

နောင်တဆိုတဲ့ Status ကို မမေ့မလျော့ဘဲကိုယ့်ဘဝ Page ရဲ့  Pin to Top ထားတယ်ဆိုရင်တော့ လူတိုင်း ကိုယ့်ရဲ့ နောင်တကို မြင်နေရမှာပါ

နောင်တကို ဖြစ်တဲ့နေရာမှာဘဲထားပြီး အမှားပြင်ဆင်မယ်ဆိုရင်တော့
အဲဒီနောင်တ status လေးက တဖြည်းဖြည်းနဲ့ ကိုယ့်ဘဝရဲ့ အောက်ခြေကိုအလိုအလျောက်ရောက်သွားမှာပါ

အောက်ခြေကို ရောက်နေတဲ့ သင့် status နောင်တကို ပြန်ဖော်မယ့်သူဆိုလို့  လူ ၃ယောက်ဘဲ ရှိပါတယ်

(၁) သင့်ကို မလိုမုန်းတီးတဲ့သူ
(၂) သင့်ကိုအရင်ချစ်ပြီး သင့်ဘဝမှာ သူဖြေသိမ့်စရာ ဘာများရှိမလဲဆိုပြီး အမြဲစိတ်ပူတတ်သူ နဲ့ 
(၃) သင် ကိုယ်တိုင်ပါဘဲ

ပြင်ပြန်လို့ မရတဲ့နောင်တမှာ စိတ်ညစ်ဝမ်းနည်းနေမယ့်အစား ရှေ့ လာမယ့်အနာဂတ်ကို ဘယ်လိုကြိုးစားရမယ်ဆိုတာ ပိုအဓိပ္ပာယ်ရှိပါတယ်~~~


( ဇင် နှင်း )

Friday, August 23, 2013

အချစ်ကဗျာလေးများ






မိန်းကလေးများ နှစ်သက်သော ယောက်ျားများ။


၁။မိန်းကလေးတွေတော်တော်များများကြိုက်တာ အပြောချိုတဲ့ ယောက်ျားမျိုးကိုကြိုက်ကြတယ်။

၂။စိတ်ကောက်ရင်လည်း အလိုက်သိချော့တဲ့ ယောက်ျးမျိုးကိုကြိုက်တယ်။

၃။သစ္စာရှိပြီးခွင့်လွှတ်နားလည်တတ်တဲ့ယောက်ျားမျိုးကို ကြိုက်တယ်။

၎။မိန်းမအလုပ်ယောက်ျားအလုပ် မခွဲခြားပဲ အားရင်အသလိုမတွက်မကပ်လုပ်တတ်တဲ့ယောက်ျားမျိုးကိုကြိုက်တယ်။

၅။ချစ်ခင်ကြင်နာ သနားယုယကိုယ်ချင်းစာ
စိတ်ရှိတဲ့ယောက်ျားမျိုးကိုကြိုက်တယ်။

၆။သူတို့ကိုချစ်ပြီးသူတို့ရဲ့မိဘအတိုင်းအဝိုင်းနဲ့ ခင်မင်ရင်းနီးအောင်နေတတ်တဲ့ ယောကျာ်းမျိုးကိုကြိုက်တယ်။

၇။လျှို့ ဝှက်ချက်မရှိအကောင်းအဆိုး သူတို့ နဲ့ အတူတူမျှဝေခံစားတတ်တဲ့ ယောက်ျားမျိုးကို ကြိုက်တယ်။

၈။လက်ကျောတင်းပြီးမပျင်းရိတဲ့
ယောက်ျားမျိုးကိုကြိုက်တယ်။

၉။ဆင်ခြေနည်းတဲ့ ယောက်ျားမျိုးကို ကြိုက်တယ်။

၁၀။မိသားစုနဲ့ သားသမီးတွေရဲ့ အနာဂတ်လှပရေး အိမ်ထောင်ဦးစီးပီသတဲ့ ယောက်ျားမျိုးကို ကြိုက်တယ်။

၁၁။ပွစိပွစိတစ်ချိန်လုံးမပြောတတ်ပဲ ၁၀ခွန်း ၁ ခွန်းပြောတတ်တဲ့ ယောက်ျားမျိုးကိုကြိုက်တယ်။

၁၂။အလိုလိုက်သင့်တဲ့နေရာမှာ အလိုက်သိ အလိုလိုက်တဲ့ ယောက်ျားမျိုးကို ကြိုက်တယ်။

၁၃။မွေးနေ့၊့ချစ်သူများနေ့၊လက်ထပ်သောနေ့ကိုမမေ့သောယောကျာ်းမျိုးကို ကြိုက်တယ်။

၁၄။ ဦးစားပေးတတ်တဲ့ယောက်ျားမျိုးကို ကြိုက်တယ်။

၁၅။တကိုယ်ကောင်းမဆန်ပဲ့ အနင့်နာ ခံသင့်တဲ့ နေရာမှာ အနစ်နာခံတဲ့ ယောက်က်ျားမျိုးကို ကြိုက်တယ်။

၁၆။စည်းကမ်းရှိတဲ့ယောက်ျားမျိုးက်ိုကြိုက်တယ်။

၁၇။ကုန်သင့်တဲ့နေရာမှကုန်မဖြုန်းတတ်တဲ့ယောက်ျားမျိုးကို ကြိုက်တယ်။

၁၈။မတွန့်တိုပဲပေးကမ်းစွန့်ကြဲတတ်တဲ့ယောကျာ်းမျိုးကို ကြိုက်တယ်။

၁၉။ယဉ်ကျေးသိမ်မွေ့တဲ့ယောက်ျာမျိုးကို ကြိုက်တယ်။

၂၀။ပညာတတ်ပြီးမမောက်မာတဲ့ယောက်ျားမျိုးကို ကြိုက်တယ်။

၂၁။ပညာမတတ်ရင်တောင် အသိဥာဏ်ရှိတဲ့ ယောက်ျားမျိုးကို ကြိုက်တယ်။

၂၂။ဒေါသကိုရှေ့ တန်းမတင်တဲ့ ယောက်ျားမျိုးကို ကြိုက်တယ်။

၂၃။ကိုယ့်ကိုယ်ကိုယ် နှိမ့်ချသင့်တဲ့နေရာမှာ နှိမ်ချတဲ့ ယောက်ျားမျိုးကိုကြိုက်တယ်။

၂၄။ဇနီးနဲ့ သားသမီးတွေအတွက် ဖခင်ကောင်းပီသတဲ့ ယောက်ျားမျိုးကို ကြိုက်တယ်။

၂၅။သူတို့ သေရင် နောက်အိမ်ထောင်မပြုပဲ သားသမီးတွေကိုစောင့်ရှောက်မဲ့ ယောက်ျားမျိုးကို ကြိက်ြတယ် ။

၂၆။ကိုးကွယ်သည့်ဘာသာအပေါ် အလေးအနက် ယုံကြည်ပြီးအမျိုးဘာသာသာသနညအတွက် တာဝန်ထမ်းဆောင်နိုင်တဲ့ ယောက်ျားမျိုးကို ကြိုက်တယ်။

''မှတ်ချက်'' အဓိကပြောချင်တာကတော့ မိန်ကလေးတွေဟာ ချမ်းသာတိုင်း မကြိုက်ကြဘူး ဆိုတာကိုပြောချင်တာပါ။


Credit - ကောင်ကလေး နဲ့ကောင်မလေး ရဲ့
့အွန်လိုင်းပေါ်က ချစ်ပုံပြင်။

အခမဲ့ ကြော်ငြာ။

credit to Hello.

Wednesday, August 21, 2013

တစ်စုံတစ်ယောက်ကြောင့်


တစ်စုံတစ်ယောက်ကြောင့် သင်မျက်ရည်တွေ
ကျနေတတ်ပီဆိုရင်…………

တစ်စုံတစ်ယောက်ကို ပေးဆပ်နေရဖို့အတွက်
သင် ဝန်မလေးဘူးဆိုရင်………

တစ်စုံတစ်ယောက် ပျော်ရွှင်ဖို့အတွက် သင့်
ပျော်ရွှင်မှုကိုမေ့နေတတ်ပီဆိုရင်………

တစ်စုံတစ်ယောက်ရဲ့ ဂရုစိုက်မှုကသင့်အတွက်
အရေးပါနေခဲ့ပီဆိုရင်………

တစ်စုံတစ်ယောက်နဲ့ပါတ်သက်တဲ့ စိတ်ကူး
အိမ်မက်တွေ သင် ပိုင်ဆိုင်နေပီဆိုရင်………

တစ်စုံတစ်ယောက်အတွက်ဆိုတဲ့မျှော်လင့်ချက်
နဲ့အကောင်းဆုံးကြိုးစားနေတတ်ပီဆိုရင်……

အဲ့ဒီ့ တစ်စုံတစ်ယောက်က သင့်အတွက်
ဘယ်လောက်ထိအရေးပါနေခဲ့လဲဆိုရင် သင့်
ရဲ့ ဘဝတစ်ခုလိုပါပဲ…………



Khin Myo Aye

Tuesday, August 20, 2013

အလွန်ကောင်းမွန်တဲ့ ဘဝနေထိုင်နည်း (အပိုင်း -၂)


ကလေးသူငယ်တွေကို စည်းကမ်းတကျ သင်ပြောဆိုဆုံးမပြီးနောက် သူတို့ကို စိတ်ပါလက်ပါ ပွေ့ဖက်ပါ။ သူတို့ကို သင်ဘယ်လောက်ချစ်တယ်၊ ဂရုစိုက်တယ်ဆိုတာကို သူတို့သိပါစေ။



များပြားလှတဲ့ အလုပ်ကြောင့် သင့်ရဲ့နှစ်ပတ်လည်နေ့ကို ဘယ်တော့မှ မမေ့လိုက်နဲ့။ ဘဝမှာရှိတဲ့
နေ့ထူးနေ့မြတ်တိုင်းက သင့်ဘဝမှာစုဆောင်းမိတဲ့ အကောင်းဆုံး စည်းစိမ်ချမ်းသာတွေဖြစ်တယ်။



မသိတတ်၊ နားမလည်တတ်သူတွေအတွက် ကောင်းတာတွေ လုပ်ပေးပါ။ သူတစ်ပါးကို ကူညီတာ တုန့်ပြန်မှုတွေ မလိုပါဘူး။



သင့်မျက်စိရှေ့က မြင်ကွင်းကို အမြဲလှပအောင် ထိန်းသိမ်းပါ။ ပုလင်းထဲထိုးထားတဲ့ ပန်းတစ်ပွင့်ဆိုရင်လည်း လှပနေပါစေ။

သင့်နာရီကို ငါးမိနစ်မြန်ထားပါ။ ဘာပဲလုပ်လုပ် တခြားသူထက် သင်ခြေတစ်လှမ်း မြန်နေပါစေ။ ကြိုတင်ပြင်ဆင်ဖို့ အချိန်ရှိပါစေ။



စွန့်စားခြင်းဆိုတာ ရဲဝံ့ခြင်းပဲ။ တကယ်လို့ သင်မစွန့်စားရင် အောင်မြင်ခြင်းရဲ့ ရဲဝံ့မှုကို သင်မသိဘူး။ စွန့်စားခြင်းထဲကနေ အောင်မြင်တဲ့လူ့ဘဝကို ရှာယူပါ။


သင့်အကြိုက်ဆုံး တေးဂီတနဲ့ နေ့ရက်တိုင်းကို ဖွင့်ပါ။ ဂီတဆိုတာ စိတ်ဝိညာဉ်ရဲ့သီချင်းဖြစ်တယ်။ မနက်ခင်းတိုင်းမှာ စိတ်ဝိညာဉ်ကို ကြည်လင်လန်းဆန်းပြီး နေ့ရက်ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းပါ။



လင်မယားအချင်းချင်း တစ်ယောက်ကိုတစ်ယောက် စိတ်ထိခိုက်စေတဲ့အခါ ဘယ်သူ့အမှားပဲဖြစ်ဖြစ် အရင်ဆုံးတောင်းပန်တတ်ဖို့ သင်ယူပါ။ "ဆောရီးပဲ.. နင့်ကို ဒေါသထွက်စေခဲ့ပြီ။ ငါ့ကိုခွင့်လွတ်ပါ"။ ဒါဟာ စိတ်ထိခိုက်တာကို ကုသတဲ့ အကောင်းဆုံးဆေးဖြစ်တယ်။



တစ်ယောက်ယောက်က သင့်ကိုပွေ့ဖက်တဲ့အခါ သင့်ရင်ခွင်ထဲကနေ သူအရင် ခွာပါစေ။ သင့်ဝေးရာကို အချစ်မထွက်သွားမချင်း အချစ်ကို သင့်ဖက်ကစပြီး အရင်လက်မလွတ်ပါနဲ့။



သိလိုစိတ်တွေ အမြဲပြင်းပြနေပါစေ။ "ဘာကြောင့်" ဆိုတာကို များများမေးပါ။ ဒါဟာထိုးထွင်းဖန်တီးနိုင်စွမ်းကို
ဖြစ်စေပြီး ဘဝကို မညှိုးနွမ်း မခြောက်သွေ့စေတဲ့ ရင်းမြစ်ဖြစ်တယ်။



အချစ်မှာ ထူးခြားဆန်းကြယ်တဲ့ ဆွဲဆောင်မှုတွေရှိတယ်။
အချစ်က လေကို တိုက်ခိုက်စေနိုင်သလို မိုးကိုလည်း ရွာသန်းစေတယ်။
လူကို သေရာက ရှင်သန်လာစေတယ်။ လူကို အမြဲနုပျိုစေတယ်။
ဒါကြောင့် အချစ်ရဲ့အင်အားကို ဘယ်တော့မှ အထင်မသေးပါနဲ့။



အနာဂတ်မှာ ဖြစ်ပျက်လာမယ့်အကြောင်းကို စိုးရိမ်ပူပန်လွန်ပြီး မျက်စိရှေ့က လှပတဲ့အရာတွေကို လက်မလွတ်မိစေနဲ့။ ပစ္စုပန်မှာ နေပျော်တတ်ဖို့ သင်ယူပါ။ အနာဂတ်ကို ကြိုတင်တွေးကြောက်သူဟာ လက်ရှိတန်ဖိုးရှိတဲ့အရာတွေနဲ့ ပိုပိုဝေးသွားပါလိမ့်မယ်။


အိမ်၊ အမေကို မကြာခဏ ဖုန်းဆက်ပါ။ အချစ်ရှိရင် လွမ်းဆွတ်မှုက ရှိစမြဲပါ။ တခြားလူကို လွမ်းဆွတ်ခြင်းရဲ့ ညှင်းပန်းမှုဒဏ်တွေ မခံပါရစေနဲ့။ ဖုန်းဆက်တာဟာလည်း ချစ်ကြောင်းကိုတခြားနည်းနဲ့ ထုတ်ဖော်ပြသခြင်းပါပဲ။



အချစ်အတွက်နဲ့ လက်ထပ်ပါ။ အချစ်စစ်မှာ ဘာအကြောင်းပြချက်မှ မလိုဘူး။ လက်ထပ်ခြင်းမှာ အချစ်ဆိုတာ လိုအပ်သလို ဒါဟာလည်း ခိုလှုံခြင်းဖြစ်တယ်။



အခွင့်အရေးကို အေးဆေးသက်သာ ရှာလို့မရဘူး။ အေးဆေးသက်သာဆိုတာ ကမ်းစပ်မှာရပ်နေတဲ့
လှေငယ်လေးလိုဖြစ်တယ်။ အေးဆေးသက်သာရပ်နေပြီး မလှုပ်ရှားလို့ လှေအောက်ပိုင်းဟာ မကြာခင်မှာ ဆွေးသွားတော့မယ်။




နေ့ရက်တွေကို ရိုးရိုးရှင်းရှင်းဖြတ်ကျော်ပါ။ ရိုးရှင်းတာက ဘဝကို ပိုလက်တွေ့ကျစေသလိုတန်ဖိုးအရှိဆုံး
လည်းဖြစ်တယ်။



ခွေးတစ်ကောင်ဖြစ်ဖြစ်၊ အခြားတိရစ္ဆာန်ပဲဖြစ်ဖြစ် မွေးမြူကြည့်ပါ။ သက်ရှိတစ်ခုကို ဘယ်လို တန်ဖိုးထား ဂရုစိုက်ရမယ်ဆိုတာကို သင်နားလည်လာလိမ့်မယ်။

အလွန်ကောင်းမွန်တဲ့ ဘဝနေထိုင်နည်း (အပိုင်း - ၁)



အခန်းကို ဘာအရောင်သုတ်မလဲလို့ မဆုံးဖြတ်ရသေးခင် ရိုးရှင်းပြီး ရှေးကျတဲ့ အဖြူရောင်ကို အရင်စမ်းသုတ်
ကြည့်ပါ။ တစ်ခါတလေ ရိုးရှင်းပြီး ရှေးကျတဲ့နည်းလမ်းတွေက ဘေးကင်းလုံခြုံတဲ့ နည်းလမ်းဖြစ်တယ်။



တစ်ပတ်မှာ တစ်နပ်လောက် ချွေတာပါ။ စားမယ်လို့ ရည်ရွယ်ထားတဲ့အစာကို ချို့တဲ့သူတွေအတွက်
ပေးကမ်းစွန့်ကြဲပါ။ အစာကိုစွန့်နေချိန်အတွင်းမှာ တပြိုင်နက် မေတ္တာကိုလည်း သင်စွန့်နေပါတယ်။




တကယ်လို့ ဖြစ်နိုင်ရင် ကလေးတွေကို (၁၆)နှစ်ပြည့်တာနဲ့ အလုပ်တစ်ခုရှိဖို့ အားပေးကူညီပါ။ ဒါဟာ လူ့ဘဝ
အရသာကို အချိန်စောပြီး သူတို့ ခံစားသိမြင်စေသလို အရာရာ ခက်ခဲကြောင်း သူတို့နားလည်စေပါတယ်။



ရိုမန်တစ်ဆန်တဲ့ ခံစားချက်ကို လက်ကိုင်ထားပါ။ ဒါဟာ အချစ်ကို ထာဝရလတ်ဆတ်စေသလို လူ့ဘဝကို ကြာရှည်ခံစေတဲ့အရာဖြစ်တယ်။



သားသမီးတွေကို အကောင်းဆုံးအရာမပေးနိုင်မှာကို စိတ်မပူပါနဲ့။ သူတို့အတွက် အကောင်းဆုံး"သင်"ကိုပဲ
ပေးပါ။ ဒါဟာ သူတို့အလိုချင်ဆုံးအရာဖြစ်သလို သူတို့ရဲ့ အလိုအပ်ဆုံးလည်းဖြစ်ပါတယ်။




အမုန်းဆိုတာ အလွယ်တကူ ကူးစက်တတ်တဲ့ ခံစားချက်ဖြစ်တယ်။ ဒါကြောင့် အမုန်းကို စိတ်ထဲ အဝင်မခံပါနဲ့။ ဒီနေ့အထိ လူတွေ တိုးပွားလာရတာဟာ အမုန်းကြောင့်မဟုတ်ဘဲ အချစ်ကြောင့်ဖြစ်ပါတယ်။



သက်ရှိတိုင်းက လေးစားထိုက်သူတွေပါ။ လေးစားမှုတွေ ရင်ဝယ်ပိုက်ပြီး သက်ရှိတိုင်း ပျော်ပျော်ရွှင်ရွှင်နဲ့ ရှင်သန်ကြီးပြင်းဖို့ ကျွန်တော်တို့ ဆန္ဒပြုရအောင်...



သူငယ်ချင်းကောင်းဆိုတာ သင်ရဲ့ကိုယ်ခွဲလေးပါ။ အဖော်ကောင်းတစ်ယောက် ပိုင်ဆိုင်တာဟာ လူ့ဘဝ
ခရီးလမ်းမှာ သင့်ကို အထီးမကျန်စေပါဘူး။



ကတိဆိုတာ နှလုံးသားတစ်ခုက အခြားနှလုံးသားတစ်ခုကို သစ္စာပြုတာဖြစ်တယ်။ ဒါကြောင့်ကတိတည်ပါစေ။



အေးဆေးတည်ငြိမ်တဲ့ ညချမ်းတစ်ခုမှာ တစ်ယောက်တည်း မြက်ခင်းပေါ်လဲပြီး ကောင်းကင်က ကြယ်ကလေးတွေကို ရေတွက်ပါ။ စိတ်လည်း အပန်းဖြေဖို့လိုပါတယ်။




အောင်မြင်တဲ့ အိမ်ထောင်ရေးတစ်ခုမှာ အချက်နှစ်ချက်လိုအပ်တယ်။ တစ်..အသင့်တော်ဆုံးလူကို ရှာယူပါ။ နှစ်.. အသင့်တော်ဆုံးလူဖြစ်အောင် ကြိုးစားပါ။ ဒီနှစ်ချက်မှာ တစ်ချက်ချက် မရှိလို့ မဖြစ်ဘူးဆိုတာ မြဲမြဲမှတ်ပါ။



လျှပ်တစ်ပြက်အောင်မြင်ဖို့ အချိန်(၁၅)နှစ် လိုအပ်တယ်။ အောင်မြင်ခြင်းရဲ့ တောက်ပမူကိုသာမြင်ပြီး မအောင်မြင်ခင် ကြုံတွေ့ရတဲ့ အခက်ခဲတွေကို လျစ်လျူမရှူလိုက်နဲ့။ တစ်ကြိမ်အောင်မြင်ဖို့ ကျဆုံးခြင်းတွေ အများကြီး စုပုံရပါတယ်။



အားလပ်ရက်မှာ နေ့တစ်ဝက်လောက် အချိန်ခိုးပြီး အနားယူ အိပ်စက်ပါ။ နိုးလာတဲ့အခါ သင့်စိတ်ဟာ မွန်းလွဲနေရောင်ခြည်လို ကြည်လင်တောက်ပနေလိမ့်မယ်။



သင့်မွေးနေ့မှာ သင်ကိုယ်တိုင် သစ်ပင်တစ်ပင်စိုက်ပါ။ သစ်ပင်ကို သင်နဲ့အတူ ရှင်သန်ကြီးထွားပါစေ။



ငယ်ရွယ်နုပျိုစဉ်မှာ ဓာတ်ပုံများများရိုက်ပါ။ အကောင်းဆုံးကာလကို ဘဝမှာ အမှတ်တရချန်ခဲ့ပါစေ။

Monday, August 19, 2013

♥♥♥နှင်းစက်♥♥♥


."အင်တာနက်ကို မုန်းတယ်.... မိန်းမတွေကို မုန်းတယ်... ကိုယ့်ကိုယ်ကို
အမုန်းဆုံးပဲ"

သန်းခေါင်ယံ ည(၁၂)နာရီတွင် အင်တာနက်ပေါ်သို့ သူတက်အလာကို စောင့်နေတတ်သည်မှာ
ကျွန်မအတွက် အကျင့်တစ်ခုလို ဖြစ်နေသည်။ အခန်းထဲတွင် မီးများကို ပိတ်ပြီး
ကျွန်မတစ်ယောက်တည်း ထိုင်နေမိသည်။ ကွန်ပျူတာ screen ပေါ်မှ ဖြာကျလာသော ပြာလဲ့လဲ့
မီးရောင်မှလွဲ၍ အခန်းတစ်ခုလုံး မှောင်အတိကျနေသည်။ သူ၏ screen name မှာ
(midnight)ဖြစ်ပြီး သန်းခေါင်ယံည(၁၂)နာရီတိတိတွင် online ပေါ်သို့ တက်လာတတ်သည်။
ကျွန်မမှာ ညတွင်မအိပ်ဘဲ အင်တာနက်ပေါ်တွင် ခြေဆန့်နေတတ်သော
ဇီးကွက်တစ်ကောင်ဖြစ်သည်။ ပထမဆုံးအကြိမ် ကျွန်မဆီပို့သော သူ၏ message မှာ
ထိုစာကြောင်းလေးဖြစ်သည်။

"အင်တာနက်ကို မုန်းတယ်.... မိန်းမတွေကို မုန်းတယ်... ကိုယ့်ကိုယ်ကို
အမုန်းဆုံးပဲ"
ထိုစာကြောင်းကို ဖတ်ပြီး ကျွန်မစိတ်ဝင်စားသွားမိသည်။ ကျွန်မလည်း
ဘာလုပ်ရမှန်းမသိ ပျင်းနေသည့် အချိန်မို့ စာတစ်ကြောင်းရိုက်ပြီး ပို့လိုက်မိသည်။
ကျွန်မပို့သော စာကိုဖတ်ပြီး သူပေါက်ကရထပ်ပြောတော့မည် မဟုတ်ဟု ကျွန်မတွေးမိသည်။

"ကိုယ့်ကိုယ်ဒီလောက်မုန်းနေရင် သွားသေလိုက်ပါလား"
သို့သော် တစ်မိနစ်မျှပင် မကြာလိုက်....
"ဟုတ်တယ်.. ကျွန်တော်က အခုသရဲလေ"
"ဟား....သရဲဖြစ်ရတာပျော်လား"
"ကျွန်တော် မပျော်ပါဘူး။ ကိုယ့်ကိုအဆုံးစီရင်မိတဲ့အတွက် ကျွန်တော်မကျွတ်ဘူး"
"ဟား...ဟား.. အချစ်အတွက်ကြောင့်လား"

ဒီလိုနှင့် စာတွေ အပြန်အလှန်ပို့ကြရင်း သူနှင့် ကျွန်မ online သူငယ်ချင်း
ဖြစ်သွားကြသည်။ သူသည် သူ့ကိုယ်သူ တစ္ဆေတစ်ကောင်အဖြင့် သတ်မှတ်ထားသော
ယောကျာ်းလေးတစ်ယောက် ဖြစ်သည်။ သူသည် ညတိုင်း သန်းခေါင်ယံအချိန်တွင် တိကျစွာonline
ပေါ်သို့ ရောက်လာတတ်သည်။ ထိုအပြုအမှုများကြောင့် သူ့ကို အံ့သြထိန့်လန့်စွာ
ကျွန်မပိုစိတ်ဝင်စားမိသည်။ တစ္ဆေသရဲ အင်တာနက် သုံးပါ့မလား... ဒါဟာ တိုက်ဆိုင်တဲ့
နောင်ပြောင်မှု တစ်ခုပဲဖြစ်မည်ဟု ကျွန်မ ဖြေသိမ့်မိသည်။ သူသည် အရင်ကတည်းက
ကျွန်မ၏ရုပ်ရည်ကို မြင်ဖူးထားသည့်အလား ဘယ်တော့မှ ကျွန်မ၏ ပုံပန်းသဏ္ဍာန်ကို
မမေးဖူးခဲ့။ တစ်ခါတရံ သူသည် ကျွန်မဘေးတွင်ရှိနေခဲ့ပြီး ကျွန်မကို
ထိုင်ကြည့်နေသည်ဟု ခြောက်တတ်သေးသည်။

"ကျွန်မ အခုဘာလုပ်နေလဲ"
တစ်ခါတရံ နောက်ပြောင်ပြီး သူ့ကို ကျွန်မမေးဖူးသည်။ ခဏမျှ သူနှုတ်ဆိတ်
နေတတ်ပြီး...
"တော်ပါပြီ... ကျွန်တော်မပြောချင်ဘူး.. ပြောလိုက်ရင် လန့်သွားဦးမယ်"
"ကော်ဖီတွေ သိပ်မသောက်နဲ့လေ"
"ပုံဆိုးပန်းဆိုး ထိုင်မနေနဲ့လေ"
တစ်ခါတရံ ကျွန်မ မျှော်လင့်မထားသော စကားများကို သူပြောတတ်သည်။ ထိုစာရသော
အချိန်တွင် တိုက်ဆိုင်စွာ ကျွန်မမှာ ကော်ဖီသောက်နေသည့်အချိန် (သို့)
ထိုင်ခုံပေါ်တွင် ခြေအစုံကို စုတင်ပြီး ငုတ်တုတ်ထိုင်ကာ ကျွန်ပျူတာကို
စိုက်ကြည့်နေသည့် အချိန်ဖြစ်သည်။

ကျွန်မနှင့် chatting လုပ်နေသော အချိန်များတွင် သူ့ဘ၀နောက်ကြောင်းကို
ပြောပြတတ်သည်။ သူသည် အသက်(၂၃)နှစ်ဖြစ်ပြီး chat room ထဲမှ မေ"ဟုခေါ်သော
မိန်းကလေးတစ်ယောက်ကို အစွဲအလမ်းကြီးစွာ ချစ်မိခဲ့ကြောင်း၊ မေ"ကြောင့်
သူ့ကိုယ်သူ အဆုံးစီရင်မိကြောင်း၊ အင်တာနက်ကို ပထမဦးဆုံး ထိတွေ့မိသည့် သူ့အဖို့
chatting ဟုခေါ်သော အင်တာနက် စကားဝိုင်း၏ လှည့်စားမှုကို နားမလည်ခဲ့ကြောင်း၊
မေ"၏ဖော်ရွေသော အပြောအဆိုများပေါ်တွင် သူသာယာမိကြောင်း ကျွန်မကို ပြောပြတတ်သည်။
အင်တာနက်တွက် ဆရာတစ်ဆူလို ဖြစ်နေသော မေ"မှာ သူ မသိနားမလည်သည်များကို
သင်ပြတတ်သည်။ မေ"၏ နွေးထွေးသော အပြောများကြောင့် chatroomထဲ
သူအမြဲဝင်ဖြစ်ခဲ့သည်။ chatroom ထဲဝင်တိုင်း မေ"မှလွဲ၍ မည်သူနှင့်မျှ
သူစကားမပြောပေ။

"ကျွန်တော် မေ့ကို ချစ်တယ်.... ကျွန်တော်ရဲ့ အင်တာနက်ချစ်သူ လုပ်နိုင်မလား"
"အင်တာနက် ချစ်သူအတွက် ဘာကောင်းကျိုးရှိလဲ"
"ကျွန်တော့်မှာ မေကိုပေးဖို့အတွက် အချစ်တွေ အပြည့်ရှိပါတယ်"
"အချစ်... အဟား... မေမှာ ပေါလွန်းလို့ကွယ်"
"ဒါဆို မေလိုချင်တာ ကျွန်တော်အကုန်ပေးမယ်"
"အသက် ယူမယ်ဆိုရင် ပေးနိုင်မလား"
"ကောင်းပြီလေ"

မေ"၏အချစ်ကို ရဖို့အတွက် အရာရာကို သူစွန့်လွတ်ရဲခဲ့သည်။ မေ"၏ စကားလုံး
ချိုချိုလေးများကြား သူမိန်းမော သာယာနေခဲ့မိသည်။ ကြာတော့ အင်တာနက်ထဲတွင်
ပြောရသည်ကို သူ အားမရတော့။ မေ"ကို အပြင်လောကတွင် သူတွေ့ချင်လာသည်။
လူကိုယ်တိုင်တွေ့ပြီး မေ"ကို ပွေ့ဖက်နမ်းရှုပ်ချင်မိသည်။ မေ" ကိုအပြင်တွင်
တွေ့ရန်၊ ဖုန်းဆက်ခွင့် ပေးရန် သူတောင်းဆိုမိသည်။ မေ"က တောင်းဆိုမှုတွေ
များလွန်းနေပြီဖြစ်ကြောင်း၊ တွေ့ခွင့်မပေးနိုင်ကြောင်း အပြင်းအထန်
ငြင်းဆန်ခဲ့သည်။ နောက်ပိုင်းတွင် သူ့အပေါ် မေ"၏ဆက်ဆံမှုများက အေးစက်လာခဲ့သည်။
မေ"ပို့လာသော စာကြောင်းများကို ဖတ်ခြင်းဖြင့် သူ့အပေါ်တွင်
မေ"စိတ်ကုန်လာပြီဖြစ်ကြောင်း သိသာနေသည်။

ညတိုင်း သန်းခေါင်ယံအချိန်တွင် သူသည် အချိန်တိကျစွာ onlineပေါ်သို့ ရောက်လာပြီး
သူနှင့်မေ"၏ ပုံပြင်ကို ကျွန်မအား ပြောပြတတ်သည်။ တစ်ခါတရံ သူ၏လုပ်ရပ်များကို
ကျွန်မ မထောက်ခံမိသော်လည်း ညတိုင်း online တက်ပြီး သူပြောသော ပုံပြင်ကို
နားထောင်သည့်အလုပ်မှာ ကျွန်မအတွက် မလုပ်မဖြစ် အလုပ်တစ်ခု ဖြစ်လာခဲ့သည်။

"ဘာဖြစ်လို့ မီးမဖွင့်တာလဲ... အလင်းပြန်နေတာ မျက်စိပျက်မယ်နော်"
"ဘာပြောချင်တာလဲ.. ကျွန်မကို ထိုင်ကြည့်နေပြန်ပြီလို့ ခြောက်လှန့်ချင်တာလား"
"ကျွန်တော် တကယ်ထိုင်ကြည့်နေတယ်လေ... ဘာလဲ မယုံသေးဘူးလား"

ကျွန်မ ဘာပြန်ပြောရမှန်း မသိတော့။ တစ်ခါတလေ ကျွန်မကိုယ်တိုင်ပင် အနားတွင်
သူရှိနေသည်ဟု ယုံမှား သံသယ၀င်မိတတ်သည်။ ၀ိညာဉ်၏ သံလိုက်ဓာတ်နှင့် အင်တာနက်၏
သံလိုက်လှိုင်းများ တစ်ခါတရံ ဆွဲငင်တတ်သည်ဟု သူငယ်ချင်းများက ပြောဖူးသော်လည်း
ကျွန်မ အယုံအကြည် မရှိခဲ့။ ထူးဆန်းသည်မှာ သူ့ကို ကျွန်မနည်းနည်းမှ
ကြောက်မနေခြင်းပင်ဖြစ်သည်။

"ခင်ဗျားက ထူးခြားတယ်"
"ဘာဖြစ်လို့လဲ"
"ခင်ဗျား ကျွန်တော့်ကို မကြောက်လို့ ကျွန်တော်က သရဲဆိုတာ တကယ်မယုံလို့လား"
"ကျွန်မ တစ္ဆေသရဲတွေ အယုံအကြည် မရှိဘူး"
သူပြောသမျှကို နားထောင်ပြီး မနက်မိုးလင်းမှ ကျွန်မအိပ်ယာဝင်ဖြစ်သည်။
မနက်ပိုင်းတွင် နေမြင့်မှ ထတတ်သော အကျင့်ကြောင့် ကျွန်မ၏ အတန်းချိန်များကို
ညနေပိုင်းတွင်သာ ရွေးထားသည်။ ဒီနေ့အတန်းဆင်းချိန်တွင် ကျွန်မခေါင်းတွေ
လေးလံပြီး ကိုယ်လက်မအီမသာ ဖြစ်နေသည်။ အိမ်အရောက် ဆေးသောက်ပြီး midnight online
ပေါ်သို့ တက်လာချိန်မှ ထတော့မည်ဟု စိတ်ကူးနှင့် ကျွန်မအိပ်လိုက်သည်။

အိပ်ပျော်ပြီး သိပ်မကြာလိုက် စိတ်ထဲတွင် တကယ့်အဖြစ်လိုလို အိပ်မက်လိုလို
ယောက်ျားလေးတစ်ယောက် ကျွန်မအခန်းထဲသို့ ၀င်လာသည်ဟု ခံစားမိသည်။
ကျွန်မထထိုင်ဖို့ ကြိုးစားသော်လည်း ဘယ်လိုမှ ထမရခဲ့။ ထိုယောက်ျားလေးမှာ
အပြာနုရောင် ည၀တ်အင်္ကျီကို ၀တ်ဆင်ထားသည်။ ရုပ်ရည်မှာ သန့်ပြန့်နေသော်လည်း
မျက်နှာမှာ သွေးဆုတ်ပြီး ဖြူရော်နေသည်။ အကြည့်မှာ နူးညံ့သိမ်မွေ့သည်။ ကျွန်မ
ကုတင်နားသို့ ချည်းကပ်လာပြီး ကျွန်မ၏ဆံပင်များကို ပွတ်သပ်နေသည်။ ထို့နောက်
ကျွန်မမျက်နှာကို ညင်သာစွာ ပတ်သပ်ပေးပြီး "ကိုယ့်ကိုယ်ကောင်းကောင်း ဂရုစိုက်လေ"
ဟုပြောပြီး ပျောက်ကွယ်သွားသည်။ ကျွန်မမျက်စိကို အားယူဖွင့်လိုက်မိသည်။ နာရီကို
ကြည့်လိုက်တော့ ည ၁၂နာရီ ၁၀မိနစ်။ ကျွန်မ ကုတင်ပေါ်မှ ခုန်ဆင်းပြီး ကွန်ပျူတာကို
အလျှင်အမြန်ဖွင့်လိုက်သည်။ လိုင်းချိတ်နေချိန်တွင် ထိုအဖြစ်အပျက်မှာ တကယ်လား၊
အိပ်မက်လား ဆိုသည်ကို ကျွန်မ တွေးနေမိသည်။ အိပ်မက်ဖြစ်သည်ထားဦး.. ဘာကြောင့်
ထိုလူ့ ရုပ်ရှည်ကို ကျွန်မကောင်းကောင်း မှတ်မိနေပါလိမ့်။ ကျွန်မ
ဝေခွဲမရဖြစ်နေချိန်တွင် ဖန်သားပြင်ပေါ်တွင် စာတစ်ကြောင်းပေါ်လာသည်။

"ကိုယ့်ကိုယ်ကောင်းကောင်း ဂရုစိုက်လေ"
ကျွန်မ တစ်ကိုယ်လုံး တောင့်တင်းသွားသည်။ အိပ်မက်ထဲက စကားနှင့်
တစ်ထပ်တည်းပါလား...
စာကြောင်းရေးပို့လိုက်သူမှာ ကျွန်မနှင့် ညတိုင်း chatting လုပ်နေသော သူ့ကိုယ်သူ
တစ္ဆေသရဲပါဟု ပြောသော midnight.... ကျွန်မ အသက်ရှူဖို့ ခေတ္တမေ့နေခဲ့ပြီး
ကွန်ပျူတာ ဖန်သားပေါ်က စာကိုသာ မျက်တောင်မခတ် ကြည့်နေမိသည်။ သူဟာ ကျွန်မလို
လူစင်စစ်တစ်ယောက်ဖြစ်ကြောင်း ကျွန်မကိုယ်ကျွန်မ အသိပေးနေမိသည်။

"တစ်ယောက်ထဲနေရင် အစာတွေကို ပုံမှန်စားရမယ်လေ"
ကျွန်မ ပြန်မပြောသည်ကို သူသတိထားမိပုံ မရ။ သူပြောချင်တာကို ပြောနေသည်။
"ရှင်အခု ဘယ်မှာလဲ... ကျွန်မ အခန်းထဲမှာပဲလား.. ဟုတ်တယ် မဟုတ်လား" ကျွန်မ
ထိန့်လန့်စွာ မေးလိုက်သည်။
"ခင်ဗျား ဘယ်လို အဖြေမျိုးကို လိုချင်လဲ"
"တိကျတဲ့ အဖြေမှန်ကို ကျွန်မလိုချင်တယ်"
"ခင်ဗျား ခရမ်းနုရောင် ည၀တ်အင်္ကျီကို ၀တ်ထားတယ်။ အင်္ကျီအောက်မှာ
အိတ်ကပ်လေးနှစ်ခုပါတယ်။ အိတ်ကပ်ပေါ်မှာ လိပ်ပြာပုံဖဲပြားလေးပါတယ်။
စားပွဲခုံပေါ်မှာ ခင်ဗျားသောက်နေကျ ကော်ဖီခွက်လေး တင်ထားတယ်။ ဒီညတော့ ခွက်ထဲမှာ
ကော်ဖီ ရှိမနေဘူး။ ခင်ဗျား အိပ်ပျော်သွားလို့ ကော်ဖီမဖျော်ရသေးဘူး။
ဖြစ်နိုင်ရင် ကော်ဖီ မသောက်ပါနဲ့လား.... ခင်ဗျား ဖျားနေပြီ"

ဖန်သားပေါ်က ဆက်တိုက်ပေါ်လာသော စာများကို ဖတ်ရင်း ကျွန်မနှလုံးသွေးများပင်
ရပ်တန့်သွားပြီလားဟု ထင်မိသည်။ ကျွန်မဘာမှ ပြန်မပြောနိုင်တော့... ကွန်ပျူတာ
ပါဝါခလုတ်ကို အမြန်ဆုံးပိတ်ပြီး ကုတင်ပေါ်သို့ ခုန်တက်ကာ စောင်ကို
ခေါင်းမြီးခြုံထားလိုက်သည်။ ကျွန်မဘေးတွင် သူရှိနေသည်။ ကျွန်မ အခန်းထဲတွင်
တကယ်ရှိနေခဲ့လို့လည်း ကျွန်မ၏ ၀တ်စားဆင်ယင်မှုတွေ၊ ကျွန်မ၏အကျင့်တွေကို
သူသိနေခဲ့ခြင်းဖြစ်သည်။ ညတိုင်း online ပေါ်သို့ ပုံမှန်တက်ပြီး
သူ့ကိုစောင့်နေတတ်သော ကျွန်မ၏ တုံးအအ အပြုအမှုများကို သူအရင်ကတည်းက
စောင့်ကြည့်နေပုံရသည်။ သူစောင့်ကြည့်နေသည် ဆိုသည့်အတွေးနှင့် ကြောက်စိတ်ကြောင့်
ကျွန်မတစ်ကိုယ်လုံး စောင်ထဲတွင် တုန်နေမိသည်။ မည်မျှကြာကြာ တုန်လှုပ်နေမိသည်
မသိ။ ညနေက သောက်ထားသော ဆေးအရှိန်ကြောင့် ကျွန်မ တဖြေးဖြေး အိပ်ပျော်သွားသည်။
မှုန်ဝါးဝါး ကျွန်မ၏ မသိစိတ်ထဲတွင် သူသည် ကုတင်ဘေးတွင် ထိုင်ရင်း ကျွန်မအား
ကရုဏာသက်စွာ ကြည့်နေသည်။ နောက်တွင် ကျွန်မ နှစ်နှစ်ခြိုက်ခြိုက်
အိပ်ပျော်သွားတော့သည်။

မနက်နိုးလာသည့် အချိန်တွင် ကျွန်မ အပူချိန်တက်နေသည်။ တစ်ကိုယ်လုံး
ပျော့ခွေနေပြီး လမ်းလျှောက်ဖို့ရန် အင်အားပင် မရှိတော့။ ညတုန်းက အဖြစ်အပျက်ကို
ပြန်စဉ်းစားမိသည်။ သူသည် နေ့ခင်းတွင် ကျွန်မဘေးတွင် ရှိနေမည် မဟုတ်ဟု ထင်မိသည်။
တစ္ဆေသရဲများသည် အလင်းရောင်ကို ကြောက်ကြသည် မဟုတ်ပါလား..။ ကျွန်မ ကုတင်ပေါ်မှ
အားယူထလိုက်သည်။ ကော်ဖီဖျော်ရန် ရေနွေးတည်နေရင်း ညက သူပြောခဲ့သော စကားကို
ပြန်သတိရမိသည်။

"ဖြစ်နိုင်ရင် ကော်ဖီ မသောက်ပါနဲ့လား.. ခင်ဗျား ဖျားနေပြီ"
ကော်ဖီကို ကျွန်မ ဆက်မဖျော်မိတော့။ ညတုန်းက မြင်ခဲ့ဖူးသော သူ့ပုံရိပ်ကို
ကျွန်မမြင်ယောင်မိသည်။ သူသာ တစ္ဆေမဟုတ်ခဲ့လျှင် မိန်းကလေးများ
ဝိုင်းဝိုင်းလည်နေသော ရုပ်ရှည်ရှိသူဖြစ်သည်။ သူ၏ခံစားချက်များကို နားထောင်ပြီး
သူ့အပေါ် ကျွန်မ သနားမှုတွေ ပိုသွားပြီလား...သူ့ကို ကျွန်မ ချစ်မိသွားပြီမလား..
တစ္ဆေတစ်ကောင်ကို ကျွန်မချစ်မိသွားပြီလား... ဘယ်လောက် စိတ္တဇဆန်တဲ့
အပြုအမှုလဲနော်...

သူပြောပြဖူးသော သူ့အကြောင်းများကို ကျွန်မပြန်စဉ်းစားမိသည်။ သူ့အပေါ် မေ"
ဆက်ဆံရေးကျဲလာခဲ့သည် ဆိုသည့်အထိပဲ ကျွန်မသိခဲ့သည်။ သူ့လို ရုပ်ရည်ချောမောသည့်
လူကို မေ" ဘာကြောင့်များ ငြင်းဆန်ခဲ့သလဲ.. ကျွန်မသိချင်လာမိသည်။ သူဘာကြောင့်
ကိုယ့်ကိုယ် အဆုံးစီရင်ခဲ့လဲ... "အင်တာနက်ကို မုန်းတယ်.. မိန်းမတွေကိုမုန်းတယ်"
ဟုပြောပြီး ဘာကြောင့် ထိုအကြောင်းများကို အင်တာနက်ပေါ်က ကျွန်မအား ပြောပြနေသလဲ..
ကျွန်မသိချင်စိတ် ပိုပြင်းပြလာခဲ့သည်။

ညအမှောင်ထု၏ တဖြေးဖြေး ၀င်ရောက်လာမှုက ကျွန်မစိတ်ကို ပိုလှုပ်ရှားစေခဲ့သည်။
သိချင်စိတ်များကြောင့် ည ၁၁နာရီ မိနစ် ၅၀တွင် ကျွန်မ အခန်းမီးများကို ဖွင့်ပြီး
ကွန်ပျူတာရှေ့တွင် ထိုင်နေမိသည်။ မည်မျှပင် သတ္တိရှိသည်ထားဦး တစ္ဆေတစ်ကောင်နှင့်
အမှောင်ထဲတွင် ကျွန်မ ထိုင်ရဲမည်မဟုတ်။ ကိုယ်ရောင်ဖျောက်ထားသော တစ္ဆေတစ်ကောင်ကို
ကျွန်မ မမြင်မတွေ့နိုင်မှန်း သိနေသော်လည်း တံခါးပေါက်ဘက်သို့ ကျွန်မ မကြာခဏ
လှည့်ကြည့်နေမိသည်။ သူ့ကို ကျွန်မစောင့်နေကြောင်း သူ့အား သိစေချင်သေးသည်။

ည ၁၂ နာရီ ၀၁ မိနစ်... နံရံပေါ်တွင် ချိတ်ဆွဲထားသော နာရီလက်တံ၏ တစ်ချောက်ချောက်
အသံမှလွဲ၍ တစ်ခန်းလုံး တိတ်ဆိတ်နေသည်။ ဒီည သူလာပါဦးမလား...။မနေ့ညက ကျွန်မ
အပြုအမှုကြောင့် ဒီည သူထပ်လာပါ ဦးမလား...

"တစ်ခန်းလုံး မီးတွေ ထိန်နေအောင် ဖွင့်ထားတာ ကျွန်တော့်ကို ကြောက်သွားပြီလား"
သူလာပါပြီ.... ကျွန်မ ၀မ်းသာသွားမိသည်။ သူ့ကိုမေးဖို့ မေးခွန်းတွေ ကျွန်မမှာ
အများကြီးရှိသေးသည် မဟုတ်ပါလား..။

"နည်းနည်းတော့ ကြောက်မိပါတယ်"
ကျွန်မ စာပြန်မရိုက်ဘဲ ပါးစပ်က တိုးတိုးလေး ရေရွတ်လိုက်မိသည်။ သူသာ
ကျွန်မအခန်းထဲတွင် ရှိနေခဲ့လျှင် ကျွန်မပြောသမျှ သူကြားနိုင်လိမ့်မည်ဟု
ကျွန်မထင်သည်။ ယခု အဖြစ်အပျက်မှာ တစ်ယောက်ယောက်က နောက်ပြောင်နေသည်ဟု ကျွန်မ
မျှော်လင့်ချင်သေးသည်။

"ခင်ဗျား အရင်က ကျွန်တော့်ကို မကြောက်ပါဘူး။ ကျွန်တော် စိတ်မကောင်းဘူးဗျာ"
"အရင်တုန်းက တစ်ယောက်ယောက်က နောက်ပြောင်နေတယ်လို့ ကျွန်မထင်ခဲ့တယ်လေ။
တကယ့်သရဲဖြစ်မယ်မှန်း တွေးမထားမိဘူး"
"အခု ခင်ဗျား သိပြီလေ။ ကျွန်တော်နဲ့ ဆက်စကားပြောနေဦးမလား"
"အင်း... ပြောမယ်။ ကျွန်မသိချင်တာတွေ မေးရဦးမယ်" ကျွန်မ အသက်ကို ပြင်းပြင်းလေး
ရှူသွင်းလိုက်မိသည်။
"မေနဲ့ ရှင့်အကြောင်းကို အစအဆုံး ပြောပြနိုင်မလား"

"မေဟာ ကဝေမတစ်ယောက်ပါ။ လှည့်စားတတ်တဲ့ ကဝေမ... ကျွန်တော်နဲ့ချစ်သူတွေ
မဖြစ်ခင်ကတည်းက သူ့မှာ လက်ထပ်ရမဲ့သူရှိပြီးသား.. အင်တာနက်မှာ ကျွန်တော်နဲ့
ချစ်တယ်ဆိုတာကလည်း သူ့အတွက် အပျင်းပြေဖို့ သက်သက်ပဲ။ ကျွန်တော့်ကို
အရုပ်တစ်ရုပ်လို သူသဘောထားခဲ့တယ်။ ကျွန်တော့်ရဲ့ ခံစားချက်ကို သူအမျိုးမျိုး
လှည့်စားခဲ့တယ်"

"ရှင် ဘယ်လိုလုပ်သိလိုက်တာလဲ"

"သူနဲ့တွေ့နိုင်ဖို့ ကျွန်တော် အမျိုးမျိုး ကြိုးစားခဲ့တယ်။ အကြိမ်ကြိမ်လည်း
တောင်းဆိုခဲ့တယ်။ သူ့ကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ကျွန်တော်တွေ့နိုင်အောင်
ကြိုးစားမယ်လို့လည်း ပြောခဲ့တယ်။ ထူးထူးဆန်းဆန်းပဲ ကျွန်တော့်ကို သူတွေ့မယ်လို့
ခွင့်ပြုခဲ့တယ်။ သူနဲ့တွေ့ရမဲ့ရက်မှာ ကျွန်တော်စိတ်အရမ်းလှုပ်ရှားခဲ့တယ်။ သူ့ကို
တွေ့တာနဲ့ သူမှန်း ကျွန်တော်မှတ်မိနေခဲ့တယ်။ သူအရမ်းလှတယ်။ ဓာတ်ပုံထဲကထက်တောင်
လှတယ်"

ကွန်ပျူတာ ဖန်သားပြင်ပေါ်မှ တက်လာသော စာများကို ဖတ်ရင်း ကျွန်မမျက်တောင်ခတ်ဖို့
မေ့နေခဲ့သည်။

"ခင်ဗျားကြည့်ရတာ သက်သာသေးပုံ မပေါ်ဘူး သွားအိပ်လိုက်ပါလား"

"ဟင့်အင်း... ကျွန်မ မေးဖို့ မေးခွန်းတွေ ကျန်နေသေးတယ်" ကျွန်မ ခေါင်းရမ်းရင်း
ပြောလိုက်မိသည်။

"ခင်ဗျားရဲ့ လက်ကို ကျွန်တော် ကိုင်နေတယ်... ခံစားလို့ရလား"
မမျှော်လင့်သော စာကြောင်းကြောင့် ကျွန်မယောင်ရမ်းပြီး လက်ကို ကြည့်လိုက်မိသည်။
ကျွန်မ ခံစားလို့ မရခဲ့...သို့သော် နွေးထွေးသော လက်တစ်စုံက ကျွန်မလက်ကို
ဆုတ်ကိုင်းထားသည်ဟု ကျွန်မမြင်ယောင်ကြည့်မိသည်။

"ခင်ဗျား ကြည့်ရတာ အားမရှိဘူးဗျာ။ ကျွန်တော် စိုးရိမ်တယ်။ မေးချင်တဲ့
မေးခွန်းတွေ နောက်ညမှ မေးပါလား... အနားယူလိုက်နော်"

စာကြောင်းလေး တစ်ကြောင်းသာဖြစ်ခဲ့သော်လည်း ကြင်နာသော သူ့စကားများကို
ကျွန်မခံစားမိသည်။

"ကျွန်မ တစ်ခုမေးပြီးရင် သွားအိပ်မှာပါ"
ကျွန်မ အရဲစွန့်ပြီး ကျွန်မ အသိချင်ဆုံး မေးခွန်းတစ်ခုကို မေးလိုက်မိသည်။
"ဘာဖြစ်လို့ ကျွန်မကိုမှ ရွေးချယ်ခဲ့ရတာလဲ"

"... ကျွန်တော် စောင့်ကြည့်နေတာ ကြာပြီ။ ခင်ဗျားနဲ့ chatting မလုပ်ခင်ကတည်းက
ခင်ဗျားအခန်းထဲမှာ ကျွန်တော်ရှိနေခဲ့တယ်"

တစ္ဆေတစ်ကောင် ကျွန်မ အခန်းထဲတွင် အစောကြီးကတည်းက ရှိနေသည်ကို ကျွန်မ
မသိခဲ့ပါလား.. ကျွန်မ၏ နေ့စဉ် အပြုအမှုများကို သူစောင့်ကြည့်နေခဲ့ပါလား...။
ထိုသို့ တွေးမိလိုက်စဉ် ကျွန်မပါးနှစ်ဘက် အပူကြောင့် ရှိန်းခနဲ ဖြစ်သွားသည်။

"ဟား...ဟား.. ခင်ဗျား ဘာတွေးနေလဲ ကျွန်တော်သိတယ်။ ကျွန်တော် အဲဒီလောက်
အောက်တန်း မကျပါဘူးဗျာ"

ကျွန်မပါးနှစ်ဘက် နီမြန်းသွားသည်ကို ကြည့်ပြီး ကျွန်မ၏အတွေးကို သူသိနေခဲ့သည်။
"တစ်ခြားလူမသိအောင် စောင့်ကြည့်တဲ့ အပြုအမှုတွေဟာ မတရားဘူးဆိုတာ ရှင်မသိဘူးလား"

"တရားတယ်၊ မတရားဘူးဆိုတာ ကျွန်တော် မသိဘူး။ ကျွန်တော်တို့ ၀ိညာဉ်တွေက ဒီလိုပဲ
လျှောက်သွားနေတတ်တယ်လေ။ ခင်ဗျားနဲ့ ခင်ပြီးတဲ့နောက်ပိုင်း ကျွန်တော်
အချိန်သတ်မှတ်ပြီး လာခဲ့တယ်။ တစ်ချိန်လုံး ကျွန်တော်စောင့်ကြည့် မနေတော့ပါဘူး"

"နေပါဦး..... နေ့လည်အချိန်တွေမှာ ရှင်ဘာလုပ်နေလဲ"

"နေ့လည်.. နေ့လည်ဆိုရင် လေးထောင့်အခန်းထဲမှာ ထားထားတဲ့ ခန္ဓာကိုယ်ထဲ
ကျွန်တော်ဝင်နေရတယ်လေ။ ညအချိန်လို လွတ်လွတ်လပ်လပ် ထွက်လာခွင့်မရဘူး"

ကျွန်မ မျက်လုံးများ ပြူးသွားမိသည်။
လေးထောင့်အခန်း......... ခန္ဓာကိုယ်....

"နေ.. နေပါဦး... လူတွေက ရှင့်ကို မသင်္ဂြိုလ်ကြသေးဘူးလား"
"ကျွန်တော်ရဲ့ ခန္ဓာကိုယ်က ဆေးရုံမှာပဲ ရှိနေသေးတယ်။ မေ့မြောနေဆဲမို့ သူတို့က
လက်မလွတ်ချင်ကြသေးဘူးနဲ့ တူတယ်"

သူ...သူ... အသက်ရှင်နေဆဲပါလား..။ ၀ိညာဉ်ကသာ လျှောက်သွားနေခြင်းဖြစ်သည်။
ဆေးရုံတွင် လဲလျောင်းနေသော ခန္ဓာကိုယ်မှာ ၀ိညာဉ်မဲ့သော ခန္ဓာကိုယ်ဖြစ်မည်။

"ရှင်ဘာဖြစ်လို့ ကိုယ့်ခန္ဓာကိုယ်ထဲ မပြန်တာလဲ... လူလုပ်ရမှာ
တော်တော်စိတ်ကုန်သွားပြီလား"

"ကျွန်တော် ပြန်သွားရင် ခင်ဗျားကို ကျွန်တော် မမြင်ရတော့ဘူး။ ကျွန်တော့်ကို
မေ့သွားမှာ စိုးတယ်"

သူ့စကားကို ကြားပြီး ကျွန်မ စိတ်မကောင်းဖြစ်သွားမိသည်။ သူ၏စိတ်ထဲတွင် ကျွန်မ
ရှိနေခဲ့ပြီလား... လူသားတစ်ယောက်အနေနှင့် သူ၏ပိုက်ထွေးမှုကို
ကျွန်မခံယူချင်သေးသည်။ လူတစ်ဖန်ပြန်လုပ်ဖို့ သူ့မှာ အခွင့်အရေးတွေ ရှိနေသေးသည်။
ကျွန်မကို မြင်နိုင်ဖို့အတွက် ထိုအခွင့်အရေးကို သူ လက်လွတ်တော့မလား။ ကျွန်မ
မျက်စိထောင့်စွန်းက မျက်ရည်များ အတားအဆီးမဲ့ စီးကျလာသည်။

"မငို.. မငိုပါနဲ့။ ကျွန်တော် ဘာအမှားများ ပြောမိပါလိမ့်
(ကျွန်တော်မျက်ရည်တွေကို သုတ်ဖို့ ကြိုးစားနေတယ်)"

ထိုစာကြောင်းကို ကြည့်ပြီး ကျွန်မ အသံထွက် ရယ်လိုက်မိသည်။ တစ္ဆေတစ်ကောင်က
ကျွန်မကို နှစ်သိမ့်နေပါလား..။ စီးကျလာသော မျက်ရည်များကို ကပျာကယာ
သုတ်ပေးနေသည့် သူ့ကို ကျွန်မမြင်ယောင်ကြည့်မိသည်။

"ရှင်ရဲ့ ပွေ့ဖက်မှုကို ကျွန်မ ခံယူချင်သေးတယ်။ ဒါပေမဲ့ အခုမဟုတ်သေးဘူး။ တကယ့်
လူတစ်ယောက်အဖြင့်နဲ့ ပွေ့ဖက်မှုကို ကျွန်မ ခံယူချင်တယ်"

"ကျွန်တော်ရဲ့ ခန္ဓာကိုယ်ထဲ ပြန်ဝင်ဖို့ ပြောနေတာလား"
"ဟုတ်တယ်"

"၀င်သွားပြီးနောက်ပိုင်း ခင်ဗျားနဲ့ ပတ်သက်သမျှ ကျွန်တော် သတိမရတော့မှာကို
မကြောက်ဘူးလား"
"ဒီလိုပဲ ဖြစ်တတ်သလား..ကျွန်မကို မေ့သွားမှာလား" ကျွန်မစိတ်ပူစွာ
ပြောလိုက်မိသည်။

"အသေအချာတော့ မသိဘူး။ တစ်ချို့မေ့တတ်တယ်။ တစ်ချို့ မမေ့တတ်ဘူး။
ခံနိုင်ရည်အားကို ကြည့်ရဦးမယ်လေ"

ပြန်သွားပြီး သူ သတိမရခဲ့လို့ ကျွန်မကို လာမရှာနိုင်ချင်နေပါစေ။ ကျွန်မကြောင့်
သူသည် ခိုကိုးရာမဲ့ ၀ိညာဉ်တစ်ကောင်တော့ မဖြစ်စေချင်ပါ။

"ပြန်သွားပါ။ ရှင် ကျွန်မကို မမေ့ဘူးလို့ ကျွန်မ ယုံကြည်တယ်။
လူစင်စစ်တစ်ယောက်အဖြင့်နဲ့ ကျွန်မရှေ့မှာ ထိုင်ပြီး ရှင်နဲ့
မေအကြောင်းပြောပြတာကို ကျွန်မ ကြားချင်သေးတယ်"

မျက်စိကိုမှိတ် သူ့ပုံရိပ်ကို မြင်ယောင် ခံစားရင်း ကျွန်မ ပြောလိုက်သည်။

"ခင်ဗျား စကားကို ကျွန်တော် နားထောင်မယ်။ ကျွန်တော့် ခန္ဓာကိုယ်ထဲ ပြန်ဝင်မယ်။
ကျွန်တော့် ပြန်အလာကို စောင့်နေမလား"

"ကျွန်မ စောင့်နေမယ်။ တစ်သက်လုံး စောင့်နေမယ်။ ကျွန်မကို မေ့ခဲ့မယ်ဆိုရင်တောင်
ရှင်သတိရပြီး ကျွန်မကို ပြန်မှတ်မိလာတဲ့အထိ စောင့်နေမယ်"

ကျွန်မပြောရင်း ရင်နင့်မိသည်။ မျက်ရည်များက အတားအဆီးမဲ့စွာ စီးဆင်းလာပြန်သည်။
သူ ကျွန်မအနားက ပျောက်ကွယ်သွားတော့မယ်ဆိုတာ ရာခိုင်နှုန်း တစ်ဝက်က သေချာနေပြီ။
ရင်ထဲ စူးနေအောင် နာကျင်လာမိသည်။

"ခင်ဗျားပါးကို ကျွန်တော် နမ်းလိုက်တယ်။ ကိုယ့်ကိုယ် ကောင်းကောင်း
ဂရုစိုက်နော်။ ကျွန်တော်သွားပြီ။ ကျွန်တော့်ပြန်အလာကို စောင့်နေပါနော်"

နာရီလက်တံများ တစ်စက္ကန့်ပြီး တစ်စက္ကန့် ရွေ့နေသည်။ ကွန်ပျူတာ ဖန်သားပြင်ပေါ်တွင်
သူ၏ စာများ ထပ်ပေါ်မလာတော့။ ကျွန်မ ထိုင်ခုံပေါ်တွင် ထိုင်ရင်း အားရပါးရ
ငိုလိုက်မိသည်။ အိပ်မက်ထဲက သူ့ပုံရိပ်ကို စွဲစွဲမြဲမြဲ မှတ်ထားရန် ကိုယ့်ကိုယ်
သတိပေးလိုက်မိသည်။ သူသည် အချိန်မရွေး ကျွန်မရှေ့တွင် ပေါ်လာနိုင်သည်။
ထိုအချိန်ရောက်လျှင် အလှပဆုံးပြုံးလျှက် သူ့ကို နွေးထွေးစွာ ကျွန်မကြိုမည်။
သူမလာမှန်း သိနေလျှက်နှင့် ညသန်းခေါင် ၁၂နာရီရောက်တိုင်း ကျွန်မ online ပေါ်သို့
တက်ပြီး သူ့ကိုရှာမြဲ... သူ၏ message များကို မျှော်နေမြဲပင်။ ကျွန်မ၏
အပြုအမှုများသည် စိတ္တဇဆန်ကောင်း ဆန်နေလိမ့်မည်။

၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀


ပြက္ခဒိန် စာရွက်များ တစ်ရွက်ပြီးတစ်ရွက် ကြွေကျကုန်သည်။ လူသွားလူလာများကြားတွင်
သူ့ကို ကျွန်မ လိုက်ရှာနေမိသည်။ ကျွန်မကိုတွေ့လျှင် ကျွန်မနှင့်
ပတ်သက်ခဲ့ဖူးသမျှ သူ မှတ်မိနေမည်ဆိုသည်ကို ကျွန်မ ယုံကြည်နေမိသည်။
ကျောင်းဝင်းထဲရှိ သစ်ရွက်များပင် နွေဦးလေနှင့်အတူ မြူးတူးပျော်ပါးနေကြကုန်ပြီ။
မကြာမီ နွေရာသီ ကျောင်းပိတ်ရက် ရောက်တော့မည်။ လေရှုးတစ်ချက်အဝှေ့ ကျွန်မလက်ထဲက
စာရွက်များ ပြန့်ကျဲကုန်သည်။ ထိုစာရွက်စာတမ်းများ မရှိလျှင် စာမေးပွဲတွင်
ကျွန်မ ဒုက္ခလှလှလေး တွေ့ဦးမည်။ စာရွက်များကို ကျွန်မ ကပျာကယာ
လိုက်ကောက်လိုက်သည်။ ကျွန်မနှင့်အတူ စာရွက်များကို လိုက်ကောက်နေသော
အရိပ်တစ်ခုကို တွေ့လိုက်မိသည်။ စာရွက်များကို ကောက်ရင်း ကျွန်မ ဘေးနားတွင်
ခြေအစံကို ရပ်လိုက်သည်။

"ကိုယ့်ကိုယ် ကောင်းကောင်း ဂရုစိုက်လေ"

ကျွန်မရင် ဒိန်းခနဲ ခုန်သွားမိသည်။ ခပ်သြသြနှင့် နူးညံ့သော ထိုအသံမှာ
ကျွန်မနှင့် မရင်းနှီးပေမယ့် ထိုလူပြောလိုက်သော စကားမှာ midnight ပြောတတ်သော
စကားနှင့် တစ်ထပ်တည်း။ ကျွန်မ အထိန့်အလန့် မော့ကြည့်လိုက်မိသည်။

သူ... သူပါလား... အိပ်မက်ထဲက ရုပ်ပုံလွှာလေး... အသားအနည်းငယ် ညိုသည်မှလွဲ၍
ကျွန်မ အသိစိတ်ထဲက ရုပ်ပုံလေး၊ ကျွန်မနှင့် ရင်းနှီးသော ရုပ်ပုံလေး။ ခန္ဓာကိုယ်
အနည်းငယ် ဖွံ့ဖြိုးသည်ကလွဲ၍ အိပ်မက်ထဲက ရုပ်ပုံနှင့် တစ်ထပ်တည်း။
ကျွန်မရှေ့တွင် သူထိုင်ချလိုက်သည်။

"ဆောရီးပဲနော်.. တော်တော်လေး ကျန်းမာဖို့အတွက် အချိန်ယူနေရလို့ပါ။ လုံးဝ
နေကောင်းသွားပြီဆိုမှ ကျွန်တော် လာတွေ့ရဲတယ်လေ"

ကျွန်မ အံ့သြ၀မ်းသာပြီး ဘာပြန်ပြောရမှန်း မသိတော့။ မျက်လုံးအိမ်ထဲတွင်
မျက်ရည်များဖြင့် ပြည့်လျှံနေခဲ့သည်။ ကျွန်မကိုယ်ကို ထောင်မတ်ပေးရင်း
ကျွန်မမပါးကို ညင်သာစွာ သူပွတ်သပ်လိုက်သည်။

"ကျွန်တော် ထင်တဲ့အတိုင်းပဲ ပါးပြင်တွေက နူးညံ့နေတယ်"
"ကျွန်တော့်ကိုယ့်ကျွန်တော် ပြန်မိတ်ဆက်ပေးပါရစေ"

သူရယ်ရင်း လက်ကို ကမ်းပေးသည်။ ရယ်နေပုံက အပြစ်ကင်းသော ကလေးလေးတစ်ယောက်နှင့်
တူနေသည်။

"ကျွန်တော့်နာမည် နေဒွေးဇော်ပါ။ တွေ့ရတာ ၀မ်းသာပါတယ်"
"တွေ့ရတာ ၀မ်းသာပါတယ်။ ကျွန်မ မိဆိုးပါ"

ကျွန်မပြန်ကမ်းလိုက်သော လက်ကို ကြင်နာစွာ သူဆုတ်ကိုင်ထားလိုက်သည်။
"မိဆိုး ကျွန်တော်နဲ့ တစ်သက်လုံး လက်တွဲသွားနိုင်မလား"
ကျွန်မ ခေါင်းကို သွင်သွင်ငုံ့လိုက်မိသည်။

နွေဦး၏ လေရူးနှင့်အတူ ကျွန်မရှေ့သို့ သူရောက်လာခဲ့သည်။ ရွက်ကြွေများ
ဖြန့်ခင်းထားသော အ၀ါရောင်လမ်းလေးပေါ်တွင် သူနှင့်ကျွန်မ ပထမဆုံးအကြိမ်
တွေ့ဆုံကြသည်။

သော်တာမောင်
မဖတ်ရသေးတဲ့သူတွေဖတ်လို့ရအောင်တင်ပေးလိုက်ပါတယ်။ ဘယ်သူရေးထားတာလဲတော့မသိပါဘူး

ပြီးပါပြီ

အလှတရား၏နောက်ကွယ်မှာ







အတ္တတွေနဲ့ ပြည့်နှက်နေတဲ့ ဘဝ
မာနတွေနဲ့ မွန်းကြပ်နေတဲ့ ခန္ဓ္ဓာ
ပကာသနတွေနဲ့ တန်ဆာဆင်တဲ့ အလှ
သကာလိုချိုမြတဲ့ အပြော
ရွှန်းလဲ့တောက်ပတဲ့ မျက်ဝန်းတစုံ
ကောင်းခြင်းများစွာနဲ့ ပြည့်စုံတဲ့မင်းရဲ့ ဘဝ
လူတကာပြောနေကြတယ်
အမရာ ကိန္ဒရီ
မဒီ သမ္ဗူလ
တော်လေး၀၀င်တဲ့ မိန်းမလှမျိုးတဲ့လေ
ဟုတ်မှာပါလေ...........
မင်းကသိပ်လှပါတယ်.....
ဒါပေမယ့် မိန်းကလေးရေ
ငါမြင်နေတဲ့ မင်းရဲ့ အသွင်
သိပ်ကိုအကျည်းတန်နေပါလား
ဘ၀ကို အတ္တစိတ်နဲ့ ရှင်သန်
မာနခြေ လှမ်းတွေနဲ့ ဖြတ်သန်း
ပကာသနတွေ အပေါ်ယံဆင်မြန်း
ချိုသာတဲ့ အပြောလေးတွေနဲ့ ဖျားယောင်း
တောက်ပ ရွှန်းလဲ့တဲ့မင်းအကြည့် တချက်အောက်
ကျရှုံးခဲ့ရတဲ့ လူပေါင်းများစွာအတွက်
ဝင့်ကြွားစွာ အောင်ပွဲခံ
ဟာ............ဟ.......ဟား...........
ဘယ်မှာလည်း စစ်မှန်တဲ့ မင်းအလှ
နှလုံးသွေးများစွာကို သောက်သုံး
မင်းအလှအတွက် ...
ချစ်တတ်တဲ့ နှလုံးသွေးတွေ
သောက်သုံးနေရတာ မင်းအလှတဲ့လား
တကယ်တော့ မိန်းကလေး
မင်းရဲ့ အမူအကျင့်တွေကို ဖယ်ခွါ
ကြင်နာတဲ့ စိတ်ကလေးထားလိုက်မယ်ဆို
လူတွေပြောတဲ့ မင်းအလှ
ကမ္ဘာမှာတောင် စံတင်လောက်ပါရဲ့
ခုတော့ မိန်းကလေးရေ..........
ငါပြောတဲ့ အကျည်းတန်မှုတွေဟာ
မင်းအလှတရားရဲ့....... နောက်ကွယ်မှာပါ.............
အလှတရားရဲ့.......................
နောက်ကွယ်မှာ.....။............။..................။



ဒီပဲယင်းသားလေး

Related Posts Plugin for WordPress, Blogger...