Showing posts with label တရားတော်/ဆုံးမစာ. Show all posts
Showing posts with label တရားတော်/ဆုံးမစာ. Show all posts

Thursday, November 14, 2013

“ ကြိုတင်၍ မသိနိုင်ပါသဖြင့် ”



ဘယ်အရွယ်မှာ၊ ဘယ်ရောဂါဖြင့်
ဘယ်ရပ်ဒေသ၊ ဘယ်ကာလ၌
သေကြရမည်၊ မသိနိုင်တာ၊ ဓမ္မတာတည်း။
သေပြီးတစ်ဖန်၊ ပြန်ဖြစ်ပြန်လည်း
ဖြစ်ရာဘဝ၊ ဘုံဌာနကို
ကြိုတင်တိကျ၊ မသိရ၍
တိကျသေချာ၊ ခုချိန်ခါ၌
ကောင်းမှုအစု၊ ကြိုးစားပြုလော့။ ။
(မနာပဒါယီ ဆရာတော်)

မြတ်စွာဘုရားရှင် လက်ထပ်က ယက်ကန်းယက်သည့်
ယက်ကန်းသည် ဒကာမလေးတစ်ဦး ရှိခဲ့ပါတယ်။
ငယ်ပေမယ့် ဘာသာရေးကို အထူးလေးပေးတဲ့ ကလေးမလေး ဖြစ်သဖြင့်လည်း ဘုရားရှင်က အဲဒီကလေးမလေးကို
အထူးတလည် တရားတော်များ ဟောကြားချီးမြင့်တော်မူသလို အဲဒီကလေးမလေးကို အကြောင်းပြုပြီး အများသူငါ
တရားရစေမှုကိုလည်းဖြစ်စေတော်မူပါတယ်။

တစ်နေ့ ယက်ကန်းသည် ဒကာမလေးဟာ အိမ်ကနေပြီး ယက်ကန်းရုံကိုသွားရာ လမ်းမှာ ဘုရားရှင်တရား
ဟောတော်မူနေတာနဲ့ ကြုံတဲ့အတွက် တရားဝင်နာဖြစ်ခဲ့ပါတယ်။

ဘုရားရှင်က အိမ်ကနေပြီး ယက်ကန်းရုံကို
သွားမယ့်ဒီဒကာမလေးကို
“ချစ်သမီး ဘယ်ကလာတာလဲ”လို့ ပရိတ်သတ်ကြားမှာ
မေးလိုက်ပါတယ်။
“မသိပါဘုရား”လို့ သူကဖြေတော့ ပရိတ်သတ်တွေက
“ဒီကလေးမ ရူးနေလား သူ့အိမ်ကလာတာကို
အားလုံးသိနေတဲ့ကြားက မသိပါဘူးလို့ ဖြေနေတယ်”ဆိုပြီး
လှုပ်လှုပ်ရွရွ ဖြစ်သွားကြပါတယ်။
မြတ်စွာဘုရားရှင်က ယက်ကန်းရုံကိုသွားမယ့်သူ့ကို
ဆက်ပြီးတော့ မေးပါတယ်။
“ချစ်သမီး ဘယ်ကိုသွားမှာလဲ”
ယက်ကန်းသည်မလေးက ပြန်ဖြေပါတယ်။
“မြတ်စွာဘုရား မသိပါဘုရား“။
ဘုရားရှင်က နောက်မေးခွန်းတစ်ခု ထပ်မေးပါတယ်။
“ချစ်သမီး မသိဘူးလား”။
သူမက ပြန်ဖြေပါတယ်။
“အရှင်ဘုရား သိပါတယ်ဘုရား”။
ဒီတော့ မြတ်ဗုဒ္ဓက ထပ်မေးပါတယ်။
“ချစ်သမီး တကယ်သိသလား”။
ယက်ကန်းသည်မလေးက ပြန်လျှောက်ပါတယ်။
“မြတ်စွာဘုရား မသိပါဘုရား”။

မြတ်ဗုဒ္ဓနဲ့ ယက်ကန်းသည်လေးရဲ့ အမေးအဖြေတွေကို
နားထောင်ရင်း ပရိတ်သတ်တွေ အတော်ခေါင်းရှုပ်သွားကြတယ်
ထင်ပါတယ်။ ယက်ကန်းသည်မလေးကိုလည်း အထူးအဆန်း အရူးတစ်ယောက်လို မြင်သွားကြပြီး အပြစ်တင်သံတွေနဲ့ ဆူညံသွားစေတော့တာပဲ ဖြစ်ပါတယ်။ ဒါကို သိတော်မူတဲ့
မြတ်စွာဘုရားရှင် ယက်ကန်းသည်မလေးကို အမေးအဖြေတွေနဲ့
ပတ်သက်ပြီး ထပ်မေးပါတယ်။

“ချစ်သမီး ငါဘုရားမေးတဲ့ အမေးတွေကို၊ မသိဘူး၊ သိတယ်၊ တကယ်မသိဘူးစသဖြင့် ဖြေဆိုတာ ဘယ်လိုအဓိပ္ဗါယ်နဲ့
ဖြေတာလဲလို့ ဆိုတော့ ယက်ကန်းသည်မလေးက
“မှန်ပါအရှင်ဘုရားမြတ်စွာဘုရား အနေနဲ့
တပည့်တော်ကို မေးလိုတဲ့ မေးခွန်းက

♦ ဘယ်ဘဝကနေ ဒီလို လူ့ဘဝကို ရောက်လာတာလဲလို
့ မေးတယ်ဆိုတာ တွေးပြီး ဘယ်ဘဝက လာတယ်ဆိုတာ
တပည့်တော် တကယ်မသိတဲ့ အတွက် မသိပါဘုရားလို့
ဖြေခြင်း ဖြစ်ပါကြောင်း၊
♦ ဘယ်ကိုသွားမှာလဲ ဆိုတာနဲ့ ပတ်သက်ပြီးတော့လဲ
ဒီဘဝက သေပြီးတပည့်တော် ဘယ်ဘဝမှာ ဖြစ်မယ်၊
ဘယ်ဘဝကို သွားရမယ်ဆိုတာ တကယ်မသိတဲ့အတွက်
မသိပါဘုရားလို့ ဖြေရခြင်း ဖြစ်ပါကြောင်း၊
♦သိသလားဆိုတဲ့ အမေးနဲ့ ပတ်သက်ပြီးတော့လည်း
သေရမယ်ဆိုတာကို သိနေတဲ့အတွက်
သိပါတယ်ဘုရားလို့ ဖြေခြင်းဖြစ်ပါကြောင်း၊
♦တကယ်သိလားလို့ မေးတဲ့အပေါ်မှာလည်း
သေရမယ်ဆိုတာ သိပေမယ့် ဘယ်အချိန်
သေရမယ်ဆိုတာ ကြိုတင်ပြီး မသိနိုင်တဲ့အတွက်
မသိပါဘုရားလို့ ဖြေရခြင်း ဖြစ်ပါကြောင်း”
စသဖြင့် အကျယ်တဝင့် ပြန်လည်လျှောက်ထားပါတယ်။
ဒီတော့မှ ပရိတ်သတ်တွေလည်း သဘောပေါက်ကာ
သာဓု အကြိမ်ခေါ်ဆို ကြတော့တာ ဖြစ်ပါတယ်။

ဒါက မြတ်ဗုဒ္ဓနဲ့ ယက်ကန်းသည်မလေးရဲ့ အမေးအဖြေ
ဇာတ်လမ်းနဲ့ ဓမ္မသဘင်လေး အကြောင်းပဲ ဖြစ်ပါတယ်။
ဒီမှာ ပြောချင်တာက ယက်ကန်သည်လေး လျှောက်ထားသလို
ပုထုဇဉ်တွေရဲ့ ဘဝအခြေအနေနဲ့ ပတ်သက်ပြီး ပြောချင်တာ
ဖြစ်ပါတယ်။ ပုထုဇဉ်တွေရဲ့ ဘဝဟာ ဘယ်ကလာလို့
ဘယ်ကိုသွားပြီး ဘယ်မှာဘယ်လို သေရမယ်ဆိုတာ
ဘယ်လိုမှ အသေအချာ ပြောလို့ မရတဲ့ ဘဝမျိုးပဲ ဖြစ်ပါတယ်။

အထူးသဖြင့် သေခြင်းတရားနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုမှကို ကြိုတင်မှန်းဆလို့ မရတဲ့ အဖြစ်ပဲ ဖြစ်ပါတယ်။
♦ဘယ်အသက်အရွယ်မှာ သေရမယ်၊
♦ဘယ်ရောဂါနဲ့ သေရမယ်၊
♦ဘယ်အရပ်မှာ သေရမယ်၊
♦မနက်နေ့ည စတဲ့ ဘယ်အချိန်မှာ သေရမယ်၊
♦သေပြီးနောက် ဘယ်ဘဝမှာ ပြန်ဖြစ်ရမယ်ဆိုတာ
ကြိုတင်ပြီးမသိနိုင်တဲ့ ဘဝမျိုးပဲ ဖြစ်ပါတယ်။

အဲ သေချာတာ တစ်ခုကတော့ သေရမယ်ဆိုတဲ့
အချက်ပဲ ဖြစ်ပါတယ်။ မွေးခြင်းရဲ့နောက်မှာ
သေခြင်းဆိုတာ ရောက်နေမှာဖြစ်တဲ့ အတွက် မွေးလာခဲ့တဲ့
သတ္တဝါမှန်သမျှ သေကြရမှာပဲ ဖြစ်ပါတယ်။

♦ သေခြင်းတရားကတော့ အသေအချာ
ရောက်လာမှာပဲ ဖြစ်ပါတယ်။
နောက် သေချာတာတစ်ခုက အခုအသက်ရှင်နေတဲ့
လက်ရှိအခိုက်အတန့်ပဲ ဖြစ်ပါတယ်။
မနက်ဖြန်ဆိုတာ ဘာဖြစ်မယ်၊
အနာဂတ်မှာ ဘာဖြစ်မယ်ဆိုတာ ဘယ်လိုမှ
တွက်လို့မရတဲ့အတွက်
အဲဒီ တွက်မရတာတွေ ရောက်မလာသေးတဲ့အချိန်၊
လက်ရှိအခိုက်အတန့်ဟာ လက်ဆုတ်လက်ကိုင်ပြနိုင်တဲ့
အခိုက်အတန့်ပဲ ဖြစ်ပါတယ်။

ဒါကြောင့် ဒီအခိုက်အတန့်ကို အကောင်းဆုံး ဖြစ်အောင် လုပ်ကြဖို့၊
သေချာတဲ့ အခိုက်အတန့်မှာ " ကောင်းမှုမျိုးစေ့တွေ"
စိုက်ပျိုးနိုင်သမျှ စိုက်ပျိုးကြဖို့ ပြောရခြင်း ဖြစ်ပါတယ်။

ဆိုတော့ကား
မမြဲခြင်းတရား၊
မပိုင်ဆိုင်ခြင်းတရား၊
မသေချာခြင်းတရား၊
မသိခြင်းတရားတွေနဲ့ နေနေရတဲ့ ပုထုဇဉ် သတ္တဝါများ အနေနဲ့
ဘဝမှာ သေခြင်းတရား၊
မမြဲခြင်း တရားနဲ့ ပတ်သက်ပြီး ဘယ်လိုမှ ကြိုတင်ပြီး
မသိနိုင်တဲ့အတွက် အသေချာဆုံးဖြစ်တဲ့
လက်ရှိအခိုက်အတန့်မှာပဲ ကောင်းမှုအစုတွေကို ကြိုးစားပြုပြီး
ဘုရားရှင်များ ဆုံးမသလို
မကောင်းမှုရှောင်၊ ကောင်းမှုဆောင်ပြီး၊
ကိုယ့်စိတ်ကိုကိုယ် ဖြူစင်အောင် ကြိုးစားကြရမှာ ဖြစ်ပါကြောင်း
အသိပေး တိုက်တွန်းလိုက်ရပါတယ်။

- [စာရေးသူ = မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)]

Friday, September 27, 2013

"သိလျက် အပြစ်ကျူးလွန်သူနှင့် မသိ၍ အပြစ်ကျူးလွန်သူ မည်သူက ပိုအပြစ်ကြီးသနည်း..."







••••••••••••••••••••••••••


Q. အရှင်ဘုရား…
မကောင်းမှုအကုသိုလ် တစ်ခုခုကို ကျူးလွန်ရာတွင် အပြစ်ရှိမှန်းသိလျှက် ကျူးလွန်သူနှင့် အပြစ်ရှိမှန်းမသိ၍ ကျူးလွန်သူ မည်သူက ပိုပြီးအပြစ်ကြီးပါသနည်း။ ကျေးဇူးပြု၍ ဖြေကြားပေးတော်မူပါဘုရား။ ဦးတင်ပါတယ်ဘုရား။
(မျိုးအောင်)

A.ကမ္မနိယာမ သဘောအရ အပြစ်ရှိပါလျက်
အပြစ်မရှိဘူးလို့ ထင်မြင်ခြင်း(အပြစ်ကို အပြစ်လို့ မသိခြင်း)
ဟာ မှားယွင်းတဲ့အမြင်၊ မှားယွင်းတဲ့အယူဖြစ်လို့
"မိစ္ဆာဒိဋ္ဌိ" ဖြစ်ပါတယ်။

ဒီလို မိစ္ဆာဒိဋ္ဌိအယူရှိပြီး အပြစ်မရှိဘူးလို့ ယူဆကာ
အပြစ်ကို အပြစ်မမြင်တဲ့ ပုဂ္ဂိုလ်ဟာ မကောင်းမှုကို
ပြုလုပ်တဲ့အခါ ကြောက်ရွံ့ခြင်းမရှိ
ရဲရဲတင်းတင်း ပြုလုပ်မိတတ်ပါတယ်။
အဲလို မကြောက်မရွံ့ပြုလုပ်တဲ့အတွက် အကုသိုလ်ရဲ့
အကျိုးပေးမှုဟာလည်း ပိုပြီးကြီးလေးတတ်ပါတယ်။


♦ ဥပမာပြောရရင် မီးရဲရဲတောက်နေတဲ့ သံတုံးသံခဲတွေကို
ရွှေလို့ထင်ပြီး ကိုင်တဲ့သူဟာ ပိုပြီးပြင်းထန်နာကျင်စွာ
ပူလောင်ခံရသလို အပြစ်ကို အပြစ်လို့မသိဘဲ
ကျူးလွန်သူအတွက် အကုသိုလ်ရဲ့ အကျိုးပေးမှုဟာလည်း ပိုပြီးပြင်းထန်တတ်တဲ့သဘောပါ။

♦ ဒီလိုပါပဲ အပြစ်ကို အပြစ်လို့ သိပြီး ကျူးလွန်တဲ့သူဟာ
မလွဲမရှောင်သာလို့ လုပ်ရပေမယ့် အပြစ်လို့သိနေတဲ့အတွက် ကြောက်ရွံ့တွန့်ဆုတ်ပြီး လုပ်ရတဲ့သဘောရှိပါတယ်။

ဒီလို အသိရှိနေတဲ့အတွက်လည်း ကျူးလွန်ရပေမယ့်
ထိမ်းထိမ်းသိမ်းသိမ်း ကျူးလွန်လေ့ရှိပါတယ်။
အဲဒါကြောင့် တန်ပြန်သက်ရောက်တဲ့ အကုသိုလ်
အကျိုးဟာလည်း ပြင်းပြင်းထန်ထန် ကြီး မလာတတ်ပါဘူး။

♦ ဥပမာပြောရရင် မီးရဲရဲတောက်နေတဲ့
သံတုံးသံခဲတွေကို မီးရဲရဲတောက်နေတာကို
သိတဲ့အတွက် မလွဲသာလို့ ကိုင်ရပေမယ့်
အပူသက်သာအောင်ကိုင်တဲ့ သဘောမျိုးပါ။

ဒီလိုဆိုရင် ရာဇသတ်ဥပဒေကိုလည်းကောင်း ဘုရားပညတ်တော်ကိုလည်းကောင်း သိလျက်
လွန်ကျူးသူတွေဟာ လောကကြောင်းအရ
ဘာကြောင့် ကြီးလေးတဲ့အပြစ်ကို ခံရတာလဲလို့
စောဒက တက်စရာရှိပါတယ်။ မှန်ပါတယ်။

♦ လောကကြောင်းအရ သတ်မှတ်ထားတဲ့
ဥပဒေစတာတွေကို သိလျက်ကျူးလွန်တဲ့သူဟာ
ဒီဥပဒေပညတ်ချက်များကို ကျူးလွန်တဲ့အပြစ်အပြင် ဥပဒေပညတ်စတာတွေကို မလေးစားတဲ့
အဂါရ၀စိတ်များပါ ရှိနေတဲ့အတွက် လောကကြောင်းအရ သိလျက်နဲ့ကျူးလွန်တာဟာ ပိုပြီးကြီးလေးတဲ့ အပြစ်ဖြစ်တာပါ။
ဒါ့အပြင် ဒီဥပဒေ ပညတ်များကို မသိနားမလည်ခြင်းဟာ
မှားယွင်းတဲ့မိစ္ဆာဒိဋ္ဌိ မဟုတ်ပါ။

သတိမမူမိလို့ မောဟဖုံးလွှမ်းမှုသာဖြစ်ပါတယ်။
ဒါကြောင့် လောကသတ်မှတ်ချက် ဥပဒေများ၊
ဝိနည်းပညတ်ချက်များကို မသိလို့ ကျူးလွန်ခြင်းဟာ ဥပဒေပညတ်တဲ့ပုဂ္ဂိုလ်များကို မလေးစားတဲ့
အဂါရ၀စိတ် မရှိတဲ့အတွက် အပြစ်ပေးတဲ့အခါလည်း
ညှာညှာတာတာပေးခြင်း ဖြစ်ပါတယ်။
အပြစ်ခံရတဲ့အခါမှာလည်း သိလျက်ကျူးလွန်သူထက် ပိုပြီးလျော့လျော့ပေါ့ပေါ့ပဲ ခံရခြင်းဖြစ်ပါတယ်။
(မဟာဂန္ဓရုံဆရာတော်ရဲ့ သဂြိုဟ်ဘာသာဋီကာကို ကိုးကားပါသည်။)

ဒါကြောင့် အချုပ်ပြောရရင် အကုသိုလ်အပြစ်ကို
အပြစ်လို့ မမြင်တာဟာ မှားယွင်းတဲ့မိစ္ဆာဒိဋ္ဌိဖြစ်တဲ့အတွက်
အပြစ်ကို အပြစ်လို့မသိဘဲ ကျူးလွန်တာနဲ့
အပြစ်ကိုအပြစ်လို့ သိပေမယ့် မလွဲမရှောင်သာလို့
ကျူးလွန်လိုက်ရတာ နှစ်မျိုးမှာ အပြစ်ကို မသိဘူးဘဲ
ကျူးလွန်တာက ပိုပြီးကြီးလေးပါတယ်။
လောကကြောင်းအရ သတ်မှတ်ချက်များမှာတော့
သိလျက်ကျူးလွန်တာက ပိုပြီးအပြစ်ကြီးပါတယ်။

- [ဆရာတော် မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)]

Thursday, September 26, 2013

ဂုဏ်တော်ပွားကျိုး ၁၇-မျိုး။





အားလုံး မင်္ဂလာ နံနံက်ခင်းပါ ခင်ဗျာ

ဂုဏ်တော်ပွားကျိုး ၁၇-မျိုး။ ကို မျှဝေ လိုက်ပါတယ် ဗျာ..
••••••••••••••••••••••••

စေတီအတူ၊ စိတ်မူတည်ကြည်၊ ရောက်မည် နတ်ရွာ၊ တွေ့ခါသိလွယ်၊ မြတ်နွယ် အမျိုး၊ ရို့ကျိုးခံရ၊ ပြည့်ဝအင်္ဂါ၊ ဆင်းလှစွာနှင့်၊ ကာယ,ခံတွင်း၊ ကြိုင်သင်းမွှေးကြူ၊ ကြီးမူပညာ၊ နက်စွာ,ထက်,ရွှင်၊ လျှင်မြန်,ဆန်းကြယ်၊
ကောင်းကြွယ်စကား၊ ဆိုနိုင်ငြားသည်၊ ဘုရားဂုဏ်တော်ပွားကျိုးတည်း။

၁။ စေတီအိမ်နှင့် တူသည်ဖြစ်၍၊ သူတပါးတို့၏ ရှိခိုးမှုကို ခံထိုက်ခြင်း။

၂။ စိတ်တည်ကြည် ရဲရင့်ခြင်း။

၃။ သေခါနီး၌ မတွေမဝေ သေရ၍၊ သေသည်၏ အခြားမဲ့၌ သုဂတိဘ၀ကို
ရခြင်း။

၎။ နောင် ဘုရားရှင်ကို ဖူးမြော်ရသည့်အခါ ဘုရားဟောတရား
(သစ္စာလေးပါး) ကို သိလွယ်ခြင်း။

၅။ အမျိုးမြတ်ခြင်း။

၆။ သူတပါးတို့၏ အရိုအသေပြုမှုကို ခံရခြင်း။

၇။ ချီးမွမ်းထိုက်သော ကိုယ်အင်္ဂါနှင့် ပြည့်စုံခြင်း။

၈။ အဆင်းကောင်းခြင်း။

၉။ ကိုယ်အနံ့ ကြိုင်သင်းခြင်း။

၁၀။ ခံတွင်းအနံ့ မွှေးပျံ့ခြင်း။

၁၁။ ကြီးကျယ်သော ဉာဏ်ပညာနှင့် ပြည့်စုံခြင်း။

၁၂။ နက်နဲသော ဉာဏ်ပညာနှင့် ပြည့်စုံခြင်း။

၁၃။ ထက်မြက်သော ဉာဏ်ပညာနှင့် ပြည့်စုံခြင်း။

၁၄။ လျှင်မြန်သော ဉာဏ်ပညာနှင့် ပြည့်စုံခြင်း။

၁၅။ ရွှင်သော ဉာဏ်ပညာနှင့် ပြည့်စုံခြင်း။

၁၆။ ဆန်းကြယ်သော ဉာဏ်ပညာနှင့် ပြည့်စုံခြင်း။

၁၇။ စကားကောင်းကို ဆိုနိုင်ခြင်း။

စင်စစ်အားဖြင့် ဘုရားရှင်၏ ဂုဏ်တော် ကျေးဇူးတော်တို့သည်၊ မရေမတွက် နိုင်အောင် များလှ၍၊ ဂုဏ်တော်ကို အောက်မေ့ဆင်ခြင် ပွားများ မှုကြောင့်၊ ရနိုင်သော အကျိုးတရားတို့မှာလည်း၊ မရေမတွက်နိုင်အောင် များခွင့်ရှိပါ သည်။

လက်တွေ့ပွားများ၍၊ လက်တွေ့အကျိုးတရားကို ရယူခံစားသင့်ကြပါသည်။

( ဗုဒ္ဓဘာသာလက်စွဲကျမ်း။ သာသနာရေးဝန်ကြီးဌာန )

3 Treasures: Buddha, Dhamma & Sangha

အနော်ရထာခေတ် မတိုင်မီတည်းက ပုဂံ၌ ထေရဝါဒဗုဒ္ဓသာသနာ ထွန်းကားခဲ့သော သမိုင်းအထောက်အထားများ





ဂါရဝပြုခြင်း
ဤသမိုင်းဆောင်းပါးပါ ကျောက်စာ၊ ပေစာ မှတ်တမ်း အချက်အလက် အထောက်အထားများကို ပြည့်စုံစွာ စုဆောင်း ရှာဖွေ ဖော်ထုတ်ထားသည့် သမိုင်းသုတေတီ ဆရာဘုန်းတင့်ကျော်အား ရိုသေလေးစားစွာ ဂါရဝပြုအပ်ပါသည်။
မူလအမှား ဦးကုလား
ပုဂံ၌ အနော်ရထာမင်းစော မတိုင်မီ နတ်နဂါးကိုးကွယ်မှု၊ အရည်းကြီး ကိုးကွယ်မှုများသာရှိခဲ့သည်။ အနော်ရထာမင်းသည် သထုံကို အောင်နိုင်ပြီးနောက် ပိဋကတ်သုံးပုံနှင့်တကွ ရှင်အရဟံကို ယူဆောင်ကာ ပုဂံ၌ ထေရဝါဒသနာ ထွန်းကားစေခဲ့သည်ဟု ဦးကုလား ရေးသားသည့် မဟာရာဇဝင်ကြီး (အေဒီ၁၇၁၄၊ တနင်္ဂနွေမင်းလက်ထက်၊ ညောင်ရမ်းခေတ်) ၌ ဖော်ပြ ပါရှိခဲ့သည်။ ၎င်း ကို ကိုးကားသော မှန်နန်းရာဇဝင်နှင့်၊ နောက်ရေး ပုဂံရာဇဝင်များ၌လည်း ထိုသို့သာ ရေးသားခဲ့ကြ အမှတ်မှားခဲ့ကြသည်။
သမိုင်းပညာ ဆိုတာ
သမိုင်းပညာဆိုသည်မှာ ပြည်တွင်း ခေတ်ပြိုင်အထောက်ထားများ၊ ပြည်ပ ခေတ်ပြိုင်အထောက်အထားများ ရှုထောင့်စုံထောက်ခံမှု ရှိသော အချက်အလက် အခြင်းအရာ တို့ကိုသာ အမှန်သမိုင်းဟု လက်ခံမှုပြုပါသည်။ အထောက်အထား မရှိက သမိုင်းမရှိပါ (No evidence No history) ။ အထောက်အထား မပြနိုင်ပါက ရာဇဝင်စာ (ခေါ်) မှတ်တမ်း (Chronicle) ဟုသာ ခေါ်ဆိုပါသည်။ ထို ရာဇဝင်စာက ပြောသော အချက်အလက် အခြင်းအရာ တို့ကို အမှန်သမိုင်း ဟုလက်မခံပါ။ (ဘုန်းတင့်ကျော်၊ ပျူစစ်လျှင် မြန်မာ မှ)
ဆန်းစစ်ခြင်း
ထို့ကြောင့် ဦးကုလားပြောသလို အနော်ရထာခေတ်ရောက်မှ ပုဂံသို့ ထေရဝါဒ ရောက်သည် ဆိုသော အယူအဆ အတွက် အထောက်အထား ရှာရန်လိုအပ်ပါသည်။ ထိုသို့ လိုအပ်သော ကျောက်စာ အထောက်အထားများကို ရှာဖွေ ကြည့်သောအခါ . . .
၁။ အရည်းဆိုသော စကားကို တွေ့ရပါသည်။ သို့သော် ထိုအရည်း ဆိုသည်မှာ အာရညဝါသီ တောမှီ ပုဂ္ဂိုလ်၊ တောကျောင်း ဘုန်းကြီး များသာဖြစ်ပါသည်။ ပါးစပ်ရာဇဝင်များ၌ တွင်ကျယ်နေလို (ပန်းဦးလွှတ်ခြင်း) အစ ရှိသဖြင့် ယုတ်ညံ့သော အလုပ်များလုပ်သည်ဟု အထောက်အထား မရှိပါ။ ဘုရားတည်၊ ကျောင်းဆောက်၊ ပရဟိတ အလုပ်များ လုပ်ခြင်း စသည့် ကောင်းမှုကုသိုလ်များအတွက် အလှူမှတ်တမ်း ကျောက်စာ အထောက်အထားများသာ တွေ့ရှိရပါသည်။ ထို့အပြင် ပုဂံရာဇဝင်ကြီး ပေမူ တွင်လည်း အရည်းများ သောင်းကျန်းသောကြောင့် နှိမ်နင်းရသည် ဟု မပါရှိပါ။ (အရည်းဆရာကို တောကျောင်းဆရာ၊ ပွဲကျောင်းဆရာ များဟု မှတ်ယူရပါသည်)
၂။ အင်းဝခေတ် ပဲခူး ကလျာဏီသိမ်ကျောက်စာသည် အနော်ရထာခေတ်ထက် နှစ် ၄၀၀ ကျော် နောက်ကျ၍ ပုဂံခေတ် ခေတ်ပြိုင် အထောက် အထေက်အထား မဟုတ်ပါ။ ထို ကလျာဏီသိမ်ကျောက်စာ၌ ပုဂံနှင့်သထုံ စစ်ပွဲ ဖြစ်ခဲ့ကြောင်း မပါပါ။ အနော်ရထာမင်းစောသည် သထုံသို့ ချီတက်တိုက်ခိုက်သည် ဆိုသော အထောက်အထား မရှိ။ ကျောက်စာ မှတ်တမ်းလည်း မရှိ။ ပုဂံရာဇဝင်ကြီး ၌လည်း ထိုသို့ မဆိုပါ။ ထို့ကြောင့် ရာဇဝင်ကြီး၌ပါသော ပုဂံနှင့် သထုံ စစ်ပွဲကြီး ဖြစ်ခဲ့ကြောင်း အထာက်အထား မရှိ။ ပုဂံနှင့် သထုံ စစ်ပွဲကြီး မဖြစ်ခဲ့ပါ။
ပဲခူး ကိုးသိန်းကိုးသောင်း ဘုရားသမိုင်းတွင် ကြွမ်း (ဂျွမ်း) စစ်သည်များ (ခမာ) ဥဿာပဲခူး ကို ဝိုင်းထားစဉ် သထုံမင်း မနူဟာဘုရင်သည် ပဲခူးဘုရင်ထံ ခိုလှုံနေသည် ဟု ပါရှိပါသည်။ (အနော်ရထာမှ ကျန်စစ်သားနှင့် သူရဲကောင်းလေးယောက် ဦးဆောင်သာ စစ်တပ်ဖြင့် စစ်ကူပေးခဲ့သည်)
ထိုစဉ်အခါက အရှေ့တောင်အာရှဒေသ၌ အင်အားကြီးမားသော ဂျွမ်းစစ်တပ်ကြီး သည် ယိုးဒယား၊ မြန်မာနိုင်ငံတောင်ပိုင်း မှသည် ပဲခူးအထိ စစ်ထိုးလာခဲ့ပါသည်။ ပဲခူးမြို့အထိ လာဝိုင်းရံထားသော ထို ခမာစစ်တပ်၏ စစ်လမ်းကြောင်းကျရာ သထုံသည် ပဲခူး မကျမှီကတည်းက ကျခဲ့သည်မှာ အထင်အရှားပင် မဟုတ်ပါလော။
ထို့ကြောင့် ထိုစဉ်က သုဝဏ္ဏဘူမိသထုံသည် ပုဂံနှင့် စစ်ဖြစ်ခြင်း မဟုတ်ပဲ ဂျွမ်း ရန်ကြောင့် ပျက်စီးခဲ့ခြင်းသာ ဖြစ်ပါသည်။ သထုံဘုရင် မနူဟာသည်လည်း သထုံပျက်သောအခါ ပဲခူး၌ လာရောက်ခိုလှုံနေပါသည်။ ပဲခူးကို ဂျွမ်းစစ်သည်တို့ လာဝိုင်းသောအခါ မနူဟာသည် ပုဂံဘုရင် အနော်ရထာထံ ရွှေ့ပြောင်း ခိုလှုံခဲ့ခြင်းသာ ဖြစ်ပါသည်။ အနောက်လွန်မင်းလက်ထက် လှေသင်းစုစစ်တမ်းတွင် မနူဟာမင်းသည် လှေတော်ကြီး လေးစင်းနှင့် သမီးတော်ဆက်သကာ ပုဂံသို့ခိုလှုံရောက်ရှိကြောင်း၊ ယင်းလှေတော် လေးစင်းနှင့် လှေတော်သားများကို အနော်ရထာမင်းကြီးက လှေသင်းစုတစ်စု အဖွဲ့ဖွဲ့ပေးရာမှ ဆင်းသက်လာသော လှေသင်းစုဖြစ်ကြောင်း အစစ်ခံသည့် စစ်တမ်းရှိပါသည်။
(ကြပ်ကြပ်စဉ်းစား ကြည့်ကြပါ။ ဂျွမ်းစစ်တပ်ကြီးဟာ သထုံကို ဖြတ်သန်းပြီးမှ ပဲခူးကို ရောက်တာပါ။ ပဲခူးအထိ ဂျွမ်းစစ်တပ်ကြီး ရောက်လာမှတော့ စစ်လမ်းကြောင်းကျတဲ့ သထုံ ကျရှုံးပြီးဆိုတာ သိပ်ထင်ရှားပါတယ်။ သထုံဘုရင်မနူဟာ ကလည်း ပုဂံမှာ လာခိုလှုံခြင်းသာ ဖြစ်ပါတယ်။ )
ထို့ကြောင့် ဗျတ်ဝိ၊ ဗျတ္တနှင့် သထုံကို အနော်ရထာစစ်တိုက်ခဲ့ခြင်း ဆိုသည်မှာ ပုံဝတ္ထုဇတ်လမ်းသာ ဖြစ်ပါသည်။ ထိုပုံပြင်ဇတ်လမ်းကို ဦးကုလားက မဟာရာဇဝင်ကြီးမှာ ဘာကြောင့်ထည့်ရေးတာလဲ။ ဘယ်ကဟာကို ဦးကုလားက ယူရေးတာလည်း ဆန်းစစ်ဖို့လို့ပါသည်။
ဦးကုလား၏ အတ္ထုပ္ပတ္တိကို ပြန်ကြည့်သော် အဖဘက်မှ သူဌေးမျိုး။ အမိဘက်မှ အဖွားသည် ယိုးဒယား ပိဿလောက်စော်ဘွားသမီး စောဘုန်းရှိ ဖြစ်ပါသည်။ သမိုင်းသုတေသီ တို့၏ ဆန်းစစ်ချက်၊ လေ့လာချက်များအရ ဦးကုလားသည် မဟာရာဇဝင်ကြီး၌ ယိုးဒယားဘက်မှ ဇတ်လမ်းများ ထည့်ရေးခြင်းမျှသာ ဖြစ်တန်သည်။ ဦးကုလားသည် ထိုခေတ် ပွဲကျောင်းများကို နှိပ်ကွပ်လို၍ အရည်းကြီးဇတ်လမ်းများယုတ်ညံ့စေရန် သူ့အဘွား ထံမှရသော ယိုးဒယားဘက်မှ ဇတ်လမ်းကို ထည့်ရေးခြင်းသာ ဖြစ်သည်။ သထုံ ပုဂံစစ်ပွဲ ဆိုသည်မှာလည်း သူ့အဘွားဘက်မှ ရသော ယိုးဒယားဖြစ်ဇတ်လမ်းကို ထည့်ရေးခြင်း မျှသာ ဖြစ်တန်သည်။ ထို့ကြောင့် သထုံ ပုဂံ စစ်ပွဲမှ ဗျတ်ဝိ၊ ဗျတ္တ ဇတ်လမ်းများမှာလည်း ဦးကုလား၏ ရေးသားချက်သာ ဖြစ်ပါသည်။
အနော်ရထာက သထုံကိုလည်း မတိုက်၊ သထုံမှ ရှင်အရဟံနှင့် ပိဋကတ်သုံးပုံ ကြောင့်လည်း မဟုတ် ဆိုလျှင် ပုဂံသည် ထေရဝါဒဗုဒ္ဓသာသနာကို ဘယ်က ရသနည်း။
ဟုတ်ကဲ့။ သရေခေတ္တရာ ခေါ် သီရိခေတ္တရာ မှ ရပါသည်။ ထို့ပြင် ပုဂံ၌ အနော်ရထာ မတိုင်မီ ထေရဝါဒဗုဒ္ဓ သာသနာ ရှိကြောင်း အထောက်အထားများ ကျောက်စာများ လည်း ရှိပါသည် ခင်ဗျား။
၁။ အနော်ရထာမင်း၏ ဖခမည်းတော်ကွမ်းဆော်ကြောင်ဖြူ (ကျောင်းဖြူ) မင်းကို ကျည်စိုးနှင့် စုက္ကတေး တို့မှ နန်းချပြီး အတင်းရဟန်းပြုစေကြောင်း ပုဂံရာဇဝင်ကြီး ၌လည်း ပါ ပါသည်။ ဦးကုလား ရာဇဝင်ကြီး ၌လည်း ပါပါသည်။ ရသေ့ ဝတ်စေခြင်း မဟုတ်။ ရဟန်းဝတ်စေခြင်း ဖြစ်ပါသည်။ (ဦးကုလား ကိုယ်တိုင် ရှေ့နောက်မညီ ရေးခြင်း။) ထိုမင်း (ကွမ်းဆော်မင်းကြီး) သည် ကျောင်းဖြူကြီး တစ်ဆောင် ဆောက်လုပ်လှူဒါန်းကြောင်း ပုဂံနံရံမင်စာ အထောက်အထား။ ကျောင်းဖြူကြီး ဆောက်လုပ်လှူဒါန်းသော ကွမ်းဆော်မင်းကြီး မှ ကွမ်းဆော်ကျောင်းဖြူ၊ ကွမ်းဆော်ကြောင်ဖြူ ဖြစ်လာသည်) အနော်ရထာ နန်းရသောအခါ ခမည်းတော်ရဟန်းမင်းကြီးကို “သံဃာမင်းထီး” ဘွဲ့ဆက်ကပ်ကြောင်း ဦးကုလားက ပြောထားပြန်ရာ ရှင်အရဟံမရောက်မီကတည်းက ပုဂံ၌ ထေရဝါဒ သံဃာရှိကြောင်း ပေါ်ပေါက်နေပြန်သည်။
၂။ စောရဟန်းမင်းသည် တုရင်တောင်ထက်မှာ သိမ်တစ်ဆောင် ဆောက်လုပ် လှူဒါန်းခဲ့ပါသည်။ ၎င်း သိမ်ပျက်သဖြင့် ဥဇနာမင်း (အေဒီ ၁၂၁၂ ခုနှစ်) လက်ထက်တွင် ပြန်လည်ပြုပြင် ဆောက်လုပ်စေသော ကျောက်စာ အထောက်အထားရှိပါသည်။ အသောက တတိယ သင်္ဂါယနာတင်ပြီးနောက်ပိုင်း မဟာယာနမှာ သိမ်ဝင်ခြင်း မရှိ။ သံဃာမရှိ။ ရသေ့ကြီးများသာ ရှိပါသည်။
(ဟုတ်ကဲ့၊ သိမ်ဆိုတာ ထေရဝါဒ မှာပဲ ရှိတာပါ။ သိမ်သမုတ်တယ်ဆိုတာ ထေရဝါဒ ရဟန်းတွေပဲ လုပ်လို့ရတာပါ။ အနော်ရထာက (အေဒီ ၁၀၁၉) မှာ မင်း ဖြစ်တယ်။ ဒီတော့ စောရဟန်းမင်း လက်ထက်ကတည်းက သိမ်ရှိနေလို့ အနော်ရထာ မမွေးမီကတည်းက ပုဂံမှာ ထေရဝါဒ ရှိနေကြောင်း သိပ်ကို ထင်ရှားတဲ့ အထောက်အထား ပေါ့ဗျာ)


ပုဂံ ဘယ်က စသလဲ (သိရိခေတ္တရာ ခေတ်မှ ပုဂံခေတ်သို့)
အေဒီ ၁ ရာစုအကုန် ၂ရာစု အစလောက်မှာ သရေခေတ္တရာ ပျက်တယ်။ (မင်းနေပြည်တော် ပျက်တာပါ) အေဒီ ၁၀၇ (အေဒီ ၂ ရာစု အစ)မှာ သရေခေတ္တရာမင်းရဲ့တူ သမုဒ္ဒရာဇ်မင်းက ယုန်လွှတ်ကျွန်း၊ ပြူဂါမ (ပျူဈေးမြို့) ဆိုတဲ့ အရပ်မှာ ပထမ ပုဂံမင်းနေပြည်တော် ကို စတည်ထောင်တယ်။ အရိမဒ္ဒနပူရ ဆိုတဲ့ အမည်နဲ့ပါ။
အေဒီ ၃၄၄ (သက္ကရာဇ် ၂၆၆) မှာ နန်းတက်တဲ့ သေဉ်လည်ကြောင်မင်းက လောကနန္ဒာအရပ်မှာ သီရိပစ္စယာ အမည်နဲ့ ဒုတိယ ပုဂံမြို့ကို တည်ထောင်တယ်။
အေဒီ ၅၁၆ (သက္ကရာဇ် ၄၃၈) မှာ နန်းတက်တဲ့ သိုက်တိုင်မင်းက သမထီး အရပ်မှာ တတိယ ပုဂံမြို့ ဖြစ်တဲ့ တမ္မဝတီ မြို့ကို တည်ထောင်ပါတယ်။
အေဒီ ၈၄၆ (သက္ကရာဇ် ၂၀၈) မှာ နန်းတက်တဲ့ ပျဉ်ပြားမင်းက နန်းတက်လို့ ၃နှစ်အကြာ အေဒီ ၈၄၉ မှာ ယခု ပုဂံကို တည်ခဲ့တယ်။ အမည်ကိုတော့ ပထဆုံးပုဂံရဲ့ အမည် ရန်အပေါင်းကို အောင်မြင်သော ဆိုတဲ့ အဓိပ္ပါယ်ရတဲ့ အရိမဒ္ဒနပူရ လို့ပဲထပ်ပေးတယ်။
အရိမဒ္ဒန၊ သီရိပစ္စယာ၊ တမ္ပဝတီ၊ ဆိုတဲ့ ပုဂံမင်းနေပြည်တော် အမည်တွေကို ကြည့်ပါ။ မွန်နာမည်လည်း မဟုတ်ပါဘူး။ မဟာရာနလို့ ပြောရအောင် သက္ကတ အမည်လည်း မဟုတ်ပါဘူ။ ထေရဝါဒ မှာသာ သုံးတဲ့ ပါဠိ အမည်စစ်စစ်ကြီးတွေ ဖြစ်ပါတယ်။ ဒါဟာလည်း အနော်ရထာမတိုင်ခင် ကတည်းက ထေရဝါဒ ရှိနေတဲ့ အထောက်အထားပါ။ (ဘုန်းတင့်ကျော်)
သရေခေတ္တရာ ပျက်ပြီး ပုဂံ ဖြစ်လာတယ်။ ပုဂံ ဟာ သရေခေတ္တရာဆီက ထေရဝါဒ ဗုဒ္ဓသာသနာကို ရခဲ့တယ် လို့ ပြောခဲ့ပါတယ်။ ဒီတော့ သရေခေတ္တရာမှာ ထေရဝါဒဗုဒ္ဓသာသနာ ထွန်းကားခဲ့ကြောင်း အထောက်အထား ပြရပါတော့မယ်။
၁၉၂၆ ခုနှစ်၊ မြန်မာနိုင်ငံ ရှေး/သု အရာရှိ ချားဒူးရွိုင်ဇယ် လက်ထက်မှာ သရေခေတ္တရာမြို့ဟောင်း ဦးခင်ဘ ယာခင်းအတွင်းရှိ စေတီငုတ်တိုကို တူးဖေါ်ရာ ရွှေပေချပ် အချပ်၂၀ ရရှိခဲ့သည်။ ထိုရွှေပေချပ်များ ပေါ်မှာ ဗုဒ္ဓခေတ်နှင့် အသောကခေတ်သုံး ဗြဟ္မီပွား အက္ခရာများဖြင့် ထေရဝါဒဆိုင်ရာ (သုတ်၊ ဝိနည်း၊ အဘိဓမ္မာ) ကောက်နှုတ်ချက်များ ရေးထိုးထားပါသည်။




သရေခေတ္တရာတွင် အခြား ထေရဝါဒဆိုင်ရာ သာသနိက အဆောက်အဦး၊ စေတီပုထိုးများ၊ အုတ်ခွက်ဘုရားများ စသဖြင့် အထောက်အထားများစွာရှိပါသည်။ (ဘောဘော၊ ဘဲဘဲ၊ ဘုရားမာ၊ ပြည်ရွှေဆံတော်) သရေခေတ္တရာ မြို့ဟောင်း မြို့တံခါးဝ မှာပင် ထေရဝါဒဂိုဏ်း ကသာ သုံးပြီး၊ မဟာယာနက မသုံးသော ပါဠိဘာသာဖြင့် ရေးထိုးထားသော မောရသုတ်၊ မင်္ဂလသုတ် ကျောက်စာတိုင်၊ အခြား တစ်ဘက်၌ ရတနာ့သုတ် ကျောက်စာတိုင် များကို တွေ့ရှိချက်အရ သရေခေတ္တရာသည် ထေရဝါဒ ပျူမြန်မာနိုင်ငံတော်ဖြစ်သည်။
ထို သရေခေတ္တမှ ထေရဝါဒ ပျူမြန်မာတို့ တည်ထောင်သော ပုဂံသည် ထေရဝါဒ ပုဂံနိုင်ငံတော်သာဖြစ်ပါသည်။ သရေခေတ္တရာမင်း၏ တူတော်စပ်သော ပုဂံကို စတည်ထောင်သည့် သမုဒ္ဒရာဇ်မင်း မှ စရေတွက်သော် စောမွန်နစ် အထိ ပုဂံမင်းဆက် ၅၅ဆက် ဖြစ်သည်။ (သင်ပုန်းကြီးဋီကာ၊ ဇာတာတော်ပုံ၊ ) အနော်ရထာသည် ၄၂ယောက်မြောက် မင်းဖြစ်သည်။ ထို ၄၂ ယောက်မြောက် အနော်ရထာမတိုင်မီ ၃ယောက်မြောက် ပျူစောထီး မင်းလက်ထက် က တည်ထားခဲ့သည့် ဗူးဘုရား ဌာပနာ တိုက်အတွင်းမှ အေဒီ ၃ရာစု အုတ်ခွက်ဘုရားများ တွေ့ရှိခဲ့ပါသည်။ ၎င်းကို ကြည့်ခြင်းအားဖြင့် ပုဂံသည် ထိုခေတ်ကတည်းက ထေရဝါဒ ဗုဒ္ဓသာသနာ ထွန်းကားနေပြီး ဖြစ်လေသည်။
ပုဂံနိုင်ငံတော်သည် အနော်ရထာမင်း (အေဒီ ၁၀၁၉) မတိုင်မီကတည်းက ထေရဝါဒ ဗုဒ္ဓဘာသာ နိုင်ငံဖြစ်ကြာင်း အထက်ပါ အထောက်အထားများက သက်သေခံလျက် ရှိပေသည်။




အေဒီ ၁၆၇ ခု နန်းတက်သော ပုဂံမင်း ပျုမင်းထီး/ ပျူစောထီး မင်း၏ ကောင်းမှု ဗူးဘုရား




ကျမ်းကိုး။ ။ ဘုန်းတင့်ကျော်၊ နှစ်ပေါင်းနှစ်ထာင် ကျော်ခဲ့ပြီဖြစ်သော မြန်မာသမိုင်း (၁၊ ၂)
ဘုန်းတင့်ကျော်၊ ပျူစစ်လျှင်မြန်မာ
ဦးကုလား၊ မဟာရာဇဝင်ကြီး
(ကျောက်စာတွေ အထိ ရှာဖွေဖတ်ချင်သူများအတွက် တိုင်းရင်းမြန်မာ ကျောက်စာများ (ငါးတွဲ)၊ ပုဂံရာဇဝင်ကြီး၊ သင်ပုန်းကြီးဋီကာ၊ သက္ကရာဇ်များအတွက် ဇာတာတော်ပုံကျမ်း၊ ရာဇဝင်ချုပ် စသဖြင့် ကျမ်းကိုး ပေးပါတယ်)
(ကိုသာဝ)

Monday, September 23, 2013

ငရဲဟူသည် အဘယ်နည်း



ငရဲအကြောင်းရေးရမည် ဆိုလျှင် ဗုဒ္ဓဘာသာဝင်တို့ အထူးပင်စိတ်ဝင်စားချေလိမ့်မည်။ အဘယ်ကြောင့် ဆိုသော် ငရဲဆိုလျှင် လူဆယ်ဦး အတွေးဆယ်ခု အမြင်ဖြင့် သုံးသပ်နေကြခြင်းကြောင့် ဖြစ်သည်။ ယင်းသို့ သုံးသပ်ခြင်းမှာ လည်း ဗုဒ္ဓဘာသာဝင်တို့အမှားမဟုတ်။ ငရဲဟူသည်ကား မည်သို့မည်ပုံဖြစ်သည်ဟု လေ့လာသူ နှင့် ပြန်လည်ဟောကြားသူ နည်းပါးနေခြင်းကြောင့်လည်းဖြစ်သည်။
ငယ်စဉ်ကတည်းက ငရဲဆိုတာဘာလဲ။ ဆီပူဒယ်အိုးထဲမှာ ထည့်မွေတာလား ဟု လူကြီးများကို မေးလေ့မေးထ ရှိခဲ့သည်။ ဗုဒ္ဓဘာသာစာပေကျမ်းဂမ်များကို လေ့လာလိုက်စားပြီးနောက် ငရဲဆိုသည်မှာ ဤသို့ဤပုံရှိသည်ဟု သိရှိရသည်။

စာဖတ်သူ ဓမ္မမိတ်ဆွေသည်လည်း ငရဲကိုယုံပါသလော။ ဗုဒ္ဓဘာသာဝင်တို့ ငရဲကို မည်သို့ သတ်မှတ်ပါလေသ လော။
ဗုဒ္ဓဘာသာဝင်တို့ ၃၁ ဘုံရှိသည်ကို သိရှိပြီးဖြစ်သည်။ (အသေးစိတ်သိသူများလည်း ရှိလျှင်ရှိချေမည်) ထို ၃၁ ဘုံ အကျဉ်းချုပ်ဖော်ပြရသော် ငရဲ၊ တိရစ္ဆာန်၊ ဗြိတ္တာ၊ အသူရကာယ်၊ လူ့ဘုံ၊ နတ်ပြည် ခြောက်ထပ်၊ ဗြဟ္မာပြည် အထပ် ၂၀ ဟု စုစုပေါင်း ၃၁ ဘုံရှိချေသည်။ ဤသည်မှာ စာရေးသူ အပြောမဟုတ် ဗုဒ္ဓ၏ အဆုံးအမများဖြစ်ချေ သည်။ ဗုဒ္ဓအဆုံးအမဟုဆိုရာတွင် ထိုဘုံများကို ဗုဒ္ဓမြတ်စွာဘုရားဖန်ဆင်းလေသလားဟူ၍ လည်း အထင်မှားသူများလည်း ရှိကောင်းရှိချေလိမ့်မည်။ လားလားမှ မသက်ဆိုင်ပါ။ စင်္ကြဝဌာ ဖြစ်တည်သည်မှ စ၍ အနန္တလောကကြီး ကနဦးကတည်းက ၃၁ ဘုံရှိလာခြင်း ဖြစ်သည်။ မြတ်စွာဘုရားရှင်ကိုယ်တိုင် ဤ ၃၁ ဘုံတွင် ကျင်လည်ခဲ့ရသေးသည်။

မြတ်စွာဘုရား ရှင်ကိုယ်တော်တိုင် ဘုရားမဖြစ်မှီ အရင့်အရင် ဘဝများက ငရဲဘုံတွင် ဝဋ်ကြွေးခံခဲ့ရသည်။ ထို့ကြောင့် ဘုရားလောင်း တေမိမင်းသား ဘဝသို့ရောက်သောအခါ ဆွံ့အသူ ပမာ စကားတစ်ခွန်းမှ မပြောခဲ့ချေ။ မုသား၏ အကုသိုလ်ကံမည်မျှကြီးလေသည်ကို သိရှိပြီး တုန်လှုပ်ခြောက်ခြားခဲ့သည်။ ယခင် ငရဲဘုံဘဝက အာခေါင်ခံတွင်းသို့ သံရည်ပူများလောင်းချ ခံရသည့် ငရဲဘုံတွင် ဝဋ်ကြွေးပေး ဆပ်ခဲ့ ရခြင်းကြောင့် ယင်း အလေ့အထုံကို အမှတ်သညာဖြစ်ကာ စကားမပြောပဲနေခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဘုရားရှင်ကိုယ်တော်တိုင် ငရဲကျခံရသည်ကို စာဖတ်သူတို့ ဘုရားလောင်းဇာတ်တော်အရ သိရှိပြီဖြစ်သည်။ ထို့ကြောင့် ငရဲဘုံမှာ မြတ်စွာဘုရား ဟောကြားခဲ့သည့် ဆိုသော်ငြားလည်း ဘုရားမပွင့်မှီ ပဝေသနီက တည်းက တည်ရှိနေသာ ဘုံတစ်ခုဖြစ်ကြောင်း ထောက်ပြနိုင်ချေသည်။

ငရဲကြီး ရှစ်ထပ်ရှိချေသည်။ ၄င်းတို့မှာ- သဉ္ဇိုင်းငရဲ၊ ကာဠသုတ်ငရဲ၊ သံဃာသ ငရဲ၊ ရောရုဝ ငရဲ၊ မဟာရော ရုဝ ငရဲ၊ တာပန ငရဲ၊ မဟာတာပန ငရဲ၊ အဝီစိငရဲ ဟူ၍ ဖြစ်ပြီး ငရဲနှစ်မှာ ၅၀၀၊ ၁၀၀၀၊ ၂၀၀၀၊ ၄၀၀၀၊ ၈၀၀၀၊ ၁၆၀၀၀၊ အန္တရကပ် တစ်ဝက်၊ ၁ အန္တရကပ် ဟု နှစ်အသီးသီး ကြာမြင့်ကြသည်။ ငရဲတွင် တစ်ရက် သည် လူတို့နှစ် ကိုးသန်းနှင့် ညီမျှချေသည်။ ထို့ကြောင့် လူတို့သက်တမ်းနှင့် ပြန်လည်မြောက်ကြည့်လျှင် အင်မတန် ရှည်လျားသည်ကို တွေ့ရသည်။ ငရဲဘုံတို့၏ အကျဉ်းချုပ်ကိုသာဖော်ပြမည်။

သဉ္ဇိုင်းငရဲ မှာ အကုသိုလ်ကံမကုန်မချင်း သံတင်းပုတ်ဖြင့် ထုကာညင်းဆဲသတ်ဖြတ်သော ငရဲ

ကာဠသုတ်ငရဲ မှာ အကုသိုလ်ကံမကုန်မချင်း ခုတ်ရွေ ညှင်းဆဲ သတ်ဖြတ်သော ငရဲ

သံဃာသ ငရဲ မှာ အမုန့်ညက်ညက်ကြေမွအောင် သံတောင်ကြီးဖြင့် ကြိတ်ချေသော ငရဲ

ရောရုဝ ငရဲ မှာ အလွန်ငံယား၊ စပ်ခါး၊ ခြစ်တူး ပူလောင်သော အခိုးအငွေ့တို့ဖြင့် နှိပ်စက်သော ငရဲ

မဟာရောရုဝငရဲ မှာ ထိုအခိုးအငွေ့အပြင် မီးတောက်မီးလျှံများဖြင့်ပါ တောက်လေင်စေသေ ငရဲ

တာပနငရဲ မှာ စအိုမှ ဦးခေါင်းထိ မီးကင် သံတံကျင်ဖြင့် နှိပ်စက်ညှဉ်းပန်းသောငရဲ

မဟာတာပန ငရဲ သံပူတောင်များ၊ သံဆူးပင်ကြီးများပေါ် ပြေးတက်စေပြီး လိုက်လံနှိပ်စက်သော ငရဲ

မဟာအဝီစိ ငရဲ ငရဲ သံသေတ္တာကြီးတွင် အလွန်ပူလောင်အရှိန်ပြင်းထန်သော မီးတောက်တို့ဖြင့် ကွက်လပ်မရှိ နှိပ်စက်သောငရဲ

ငရဲဘုံတစ်ထပ်နှင့်တစ်ထပ် လူ့ဘုံမှ စ ၍ ယူနာပေါင်း ၁၅၀၀၀ စီကွာခြားသည်။ ထို့ပြင် ငရဲကြီး တစ်ထပ် တစ်ထပ်တွင် အရပ်လေးမျက်နှာ၌ ငရဲငယ် ၅ခုစီ ဝန်းရံထားသေးသည်။ ၄င်းတို့ကို ဆက်ရှင်နေလျှင် စာရှည်နေလိမ့်မည်။

အဆိုးဆုံးငရဲမှာ အဝီဇီငရဲဖြစ်ပြီး သဉ္ဇိုင်းငရဲမှာ အခြား ငရဲတို့နှင့် နှိုင်းစာလျှင် ခံရသည့် နှစ်နှင့် ဝေဒနာသေး ငယ်နေချေသေးသည်။ တစ်ထပ်နှင့် တစ်ထပ်အာနိသင်မတူ။ ဥပမာ- ဂရုကံ (အမိသတ်၊ အဖသတ်၊ သံဃာဂိုဏ်းခွဲ စသည်ဖြင့် ကံကြီးထိုက်ငါးပါး) က မဟာအဝီဇိသို့ ကြိမ်းသေရောက်ရသည်။

ငရဲ၏ ဆိုးပုံကို စာဖွဲ့လျှင် အင်မတန်ကိုများပြားလှပေသည်။ကြောက်မက်ဖွယ်လည်း ကောင်းပေသည်။
ထို့ကဲ့သို့လွန်ကဲမှုများကြောင့် ငရဲကို ယုံကြည်သူပင် နည်းလာခဲ့သည်။ အဲလောက်တောင် များတာလား မဖြစ်နိုင်ဘူး ဟု သုံးသပ်သူများပင် ရှိလာစေသည်။

ငရဲသည် ဘုံတစ်ခုဖြစ်ပြီး မကောင်းမှုဒုစရိုက်ပြုသူများအတွက် လားရာဘုံဘဝတစ်ခု ဖြစ်ချေသည်။
ဤတွင် ထောက်စရာအချက်တစ်ခုရှိချေသည်။ လူသားအားလုံး အမှားနှင့်မကင်းချေ။ အားလုံး အမှား ကိုယ်စီရှိကြချေ သည်။ ထို့ကြောင့်လူတိုင်း ငရဲရောက်သလောဟု မေးစရာရှိလာသည်။ မရောက်ပါ။ ၃၁ ဘုံတွင် ဘုံတစ်ခုခုသို့ရောက်ရချေသည်။ အကုသိုလ်ကို အများအားဖြင့် ပြုလုပ်တတ်သူသည် (အများ အားဖြင့်) ငရဲ ဘုံနှင့် အခြား ဒုက္ခတိဘုံဖြစ်သည့် တိရစ္ဆာန်၊ ဗြိတ္တာ၊ အသူရကာယ်ဘုံဘဝသို့ရောက်ကြရ သည်။

မကောင်းမှုအများဖြင့်လုပ်သော်လည်း ကောင်းသောလူ့ဘုံ၊ နတ်ဘုံရသည်များလည်း ရှိပါသည်။ အဘယ်ကြောင့် နည်း။ မှန်ပါသည်။ မိမိ မည်သည့် ဘုံဘဝသို့ရောက်မည်ဆိုခြင်းမှာ မိမိကိုယ်တိုင်သာ ဖန်တီး သည်။ မည်သည့် တန်ခိုးရှင်၊ ဖန်ဆင်းရှင်တို့ကမှ သင်ထိုဘုံသို့သွားလော့ဟု ခိုင်းစေမရချေ။ ကိုယ်သွား မည်ဘုံ ကိုယ်တိုင်သာ ဖန်တီးသည်။

ငရဲတစ်ခုတည်းနှင့် မပြောလိုတော့ ဒုက္ခတိဘုံအားလုံးနှင့် ခြုံပြောမည်။ မိမိ ဒုက္ခတိဘုံသို့ရောက်နိုင် မရောက်နိုင် မှာ သေခါနီး (စုတိခါနီး) မိမိထားသော စိတ်အပေါ်တွင်သာ မူတည်ပါသည်။ အများအားဖြင့် အကုသိုလ်အလုပ်များသူသည် စုတိခါနီးတွင် အကုသိုလ်ကံများသာ ထင်လာပြီး ဧကန် ဒုက္ခတိ ဘုံများ သို့ရောက် ရသည်။ ဥပမာ-တိရစ္ဆာန်၊ အသူရကာယ်၊ ငရဲ စသည်ဖြင့်။

သို့သော် အကုသိုလ်အလုပ်များသော်ငြား လည်း သေခါနီး (စုတိခါနီး)တွင် ပြုဖူးသည့် ကုသိုလ်ကံ တစ်ခု ထင်ခြင်းကြောင့် လည်း သုခတိဘုံများသို့ ရောက်ရချေသည်။ ဥပမာ-လူ့ဘုံ၊နတ်ဘုံ စသည်ဖြင့်။ (ဤသို့ သေခါ နီးဖြစ်ပေါ်သော စိတ် (ဇောစိတ်)များကို စာဖတ်သူများမှ သိလိုလျှင် ဆောင်းပါးသက်သက်ရေး ပါမည်။)

ဘဝတစ်ပါးမှသေလွန်ပြီး အခြားဘဝတွင် ဖြစ်ရခြင်း ပဋိသန္ဓေမှာ တစ်ပြိုင်နက်တည်းဖြစ်သည်။ ကြားတွင် နေသည်ဟုမရှိ။ ထို့ကြောင့် အသုဘ ရက်လည် နှင့် ပန်းခြောက်ယူပြန် တရားနာ ခြင်းတို့မှာ မှားယွင်းသော အယူအဆဖြစ်ချေသည်။ ထို့ပြင် ကူးတို့ခပေးခြင်းတို့လည်း မှားယွင်းချေသည်။

ယခု ငရဲ ရှင်းမပြီးသေးချေ။ စာဖတ်သူတို့တွင် ငရဲကို မယုံသူတို့ရှိနေချေအုံးမည်။ လူတို့သည် အကုသိုလ်နှင့် ကု သိုလ် မည်သည်တို့က အဖြစ်များသနည်း။ စာဖတ်သူတို့ ဝေးဝေးမကြည့်လေနှင့်။ မိမိကိုယ်ကိုယ်သာ သုံး သပ်ချေ။ အကုသိုလ်ပိုများနေမည်မှာ အမှန်ပင်ဖြစ်သည်။ ငရဲများအင်မတန်ပင် များပြားလှသည်။ ဒုက္ခ များ အင်မတန် ထူပြောလှသည်ဟုပင် မြတ်စွာဘုရားရှင်ကိုယ်တော်တိုင် ဟောကြားခဲ့သော်လည်း ငရဲ မကြောက်။ အပါယ်မကြောက် အကုသိုလ် ဒုစရိုက်များ ပြုနေကြသည်။ ငရဲကိုသာ မဖော်ထုတ် မဟောကြား ပဲထား ထားလျှင် လောကကြီး မည်မျှပင် အကုသိုလ်များနှင့် ပြည့်နှပ်နေမည်နည်း။ စာဖတ်သူတို့ တွေးကြည့်လော့။

ယခုခေတ် သိပ္ပံပညာရှင်တို့ ကမ္ဘာမြေကြီး အောက် ယူဇနာပေါင်း ၁၅၀၀၀ မက ရှာဖွေစစ်ဆေးပြီးဖြစ်သည်။ ချော်ရည် ပူများသာ ရှိသည်။ ထိုအချက်ကို ကြည့်ပြီး ငရဲမရှိချေဟု စာဖတ်သူတို့ ငြင်းပေအုံးမည်။ ငရဲဘုံ ဟူသည် ထိုဘုံ ဘဝတွင် ကျခံရမည့် သူများသာ သိနိုင်ရိုးသော နေရာတစ်ခုဖြစ်ရကား အကောင်အထည် ဒြပ်မပြနိုင်ချေ။ နတ်ဘုံများလည်း ထိုနည်းတူစွာပင်။

ထောက်ပြစရာအချက်ကျန်သေးသည်။ ယခုခေတ် သိပ္ပံပညာရှင်တို့ ကမ္ဘာမြေကြီး အောက် ယူဇနာပေါင်း ၁၅၀၀၀ မက ရှာဖွေစစ်ဆေးပြီးဖြစ်သည်။ ချော်ရည်ပူများသာရှိသည်။ ထိုအချက်ကို ကြည့်ပြီး ငရဲမရှိချေဟု စာဖတ်သူတို့ ငြင်းပေအုံးမည်။ ငရဲဘုံဟူသည် ထိုဘုံဘဝတွင် ကျခံရမည့် သူများသာ သိနိုင်ရိုးသော နေရာတစ်ခုဖြစ်ရကား အကောင်အထည် ဒြပ်မပြနိုင်ချေ။ နတ်ဘုံများလည်း ထိုနည်းတူစွာပင်။ လက်ဆုပ်လက်ကိုင်မပြနိုင်ပေ။

မြင်မှယုံမည် မြင်မှယုံမြင်ဆိုသောသူတို့ အကုသိုလ်ကုသိုလ် မည်သည်မှားသည်မှန်သည်ကို ဗုဒ္ဓအဆုံး အမ ကို လေ့လာထား၍ သိရှိပြီး ဖြစ်သည်။ သို့သော် မြင်နိုင်ကြလော။ အာရုံ၏ အမှန် ကိုမြင်နိုင်ကြလော။ မှားမှန်း သိသော်လည်း ယင်းအမှားကို ကျူးလွန်နေကြသေးသည်။ ဒုစရိုက်မကောင်းဟု သိပေသော်ငြား လည်း အာရုံ၏ သဘောအမှန်ကို မမြင်နိုင်ကာ ဆက်လက်မှားနေကြသည်။ အနီးစပ်ဆုံး မိမိရုပ်၊ နာမ် တွင်ဖြစ် တည်သော အာရုံ၏ အမှန်ကိုပင် မမြင်နိုင်၊ ယူဇနာ ထောင်သောင်းမက ဝေးသော ငရဲကို မြင်နိုင် ရန် ဝေး လှချေသေး၏။ အာရုံ၏ သဘောအမှန်ကို မြင်လျှင် မည်သည်မှာ ငရဲ၊ မည်သည်မှ နတ်ဘုံ၊ ဗြဟ္မာဘုံဟု တပ်အပ်မြင်ချေ လိမ့်မည်။

နောက်တစ်ချက် စာဖတ်သူတို့ သဘာဝလောကကိုလေ့လာချေ။ ကမ္ဘာပေါ်ရှိ မရေမတွက်နိုင်သော တိရစ္ဆာန်၊ အင်းစက်ပိုးမွားများ မည်မျှ ရှိချေသနည်း။ သိပ္ပံပညာရှင်တို့၏လေ့လာချက်အရ လူသား အရေ အတွက် မှာ တစ်ကမ္ဘာလုံးပေါင်းမှ သန်း ၇ထောင် ကျော်ရုံမျှသာ ရှိသေးသည်။ ထို့ကြောင့် မမြင်နိုင်သော အခြား သက်ရှိတို့ မည်သည့် ဘုံဘဝတွင် ဖြစ်တည်နေသည်ကို စဉ်းစားတွေးကြည့်လေ။

မြတ်စွာဘုရားရှင်ဟောကြားခဲ့သည်တစ်ခုရှိသည်။ ၄င်းမှာ သမုဒ္ဒရာမှ အပ်တစ်စင်းနှင့် ကောင်းကင်မှ အပ် တစ်စင်း ထိပ်ခြင်းထိရန်ခဲယင်းသည်။ ယင်းခဲယင်းမှုထက် လူတစ်ဦး ဖြစ်လာရန်မှာ အင်မတန်ခဲယင်းသည့် ကိစ္စရပ် တစ်ခုဖြစ်သည်။ ၄င်းကို မသိရှိသူတို့က လူတို့၏ တန်ဖိုးကိုနားမလည်ပဲ မိုက်မဲနေကြသေးသည်။ လူပြန်ဖြစ် ရန် အင်မတန်ခဲယဉ်းချေသည်။ အခြား ငရဲဘုံတို့တွင် ပဋိသန္ဓေရန် အင်မတန်လွယ်ကူသည်။ ထို့ကြောင့် မိမိ ရရှိပိုင်ဆိုင်ထားသော ဘဝတွင် ကောင်းမှုများကိုသာပြုလုပ်ပြီး တရားပွားများကြင့်ကျံကာ သံသရာလော ကမှ လွတ်မြောက်စေရန် လမ်းညွန်ဟောကြားခဲ့ချေသည်။

စာဖတ်သူတို့ ငရဲ စသည် ဆင်းရဲခြင်း ဘုံဘဝတို့ကို အမှန်မြင် သိရှိကာ သံသရာမှ လွတ်မြောက်အောင် လေ့လာကျင့်ကြံအားထုတ်နိုင်ကြပါစေ။

ကိုးကား - အဘိဓမ္မာ
အောင်ခမ်း (ရိုးရာလေး)
BY ရိုးရာလေး

Friday, September 20, 2013

ဗုဒ္ဓဘာသာကို " ကမ္ဘာ့ အကောင်းဆုံးဘာသာရေးဆု " မဲပေးရွေးချယ်တာနဲ့ ပတ်သက်ပြီး အိုင်စီအေအာရ်ယူအက်စ် ညွှန်ကြားရေးမှုး " ဟန်.စ် ဂရိုလီချင် " ရဲ့ မှတ်ချက်ကတော့


........"..စိတ်ဝင်စားစရာ ကောင်းတာက ရွေးချယ်ရမယ့် စံသတ်မှတ်ချက်များ ချပြလိုက်တာနဲ့ ဘာသာရေး ခေါင်းဆောင် အများအပြားဟာ မိမိတို့ ရဲ့ ဘာသာကို မရွေးချယ်ပဲ ဗုဒ္ဓဘာသာကိုသာ ရွေးချယ်ကြခြင်းပါပဲ ။ဗုဒ္ဓဘာသာ ဦးရေ အနည်းငယ်သာ ပါရှိတဲ့ ဒီအဖွဲ့ အစည်းက ဒီဆုကို ရတယ်ဆိုတာ အလွန်စိတ်ဝင်စားဖွယ် ၊ ရင်ခုန်ဖွယ်ကောင်းလှပါတယ် ။ ".......တဲ့ ။

အိုင်စီအေ အာရ်ယူအက်စ် အဖွဲ့ ရဲ့ သုတေသန ညွှန်ကြားရေးမှုး " ဂျွန်နာဟာတ် ( Joona Hult )" က ပြောတာကတော့ ....."..ဗုဒ္ဓဘာသာက ကမ္ဘာမှာ အကောင်းဆုံးဆုရတာဟာ ဆန်းတော့ မဆန်းပါဘူး ၊ ဘာကြောင့်လဲဆိုရင် ဗုဒ္ဓဘာသာအမည်နဲ့ တိုက်ခိုက်ခဲ့တဲ့ စစ်ရယ်လို့  ဘယ်လို သာဓက တစ်ခုမှ ရှာမရနိုင်ခြင်းကြောင့်ပါ ၊ စစ်ထဲ လိုက်ဖူးတဲ့ ဗုဒ္ဓဘာသာဝင် ဘုန်းကြီး တစ်ပါးပါးကို တွေ့ ရဖို့ ဆိုတာ ရှာမှရှားပါပဲ ။ဗုဒ္ဓဘာသာဝင်တွေဟာယှဉ်လို့ မရလောက်အောင်ပဲ သူတို့ ပြောတဲ့ ဟောတဲ့အတိုင်း ကျင့်ကြံနေထိုင်ကြသူတွေ ဖြစ်ကြပါတယ် ."..........တဲ့ ။

ဒီဆုရွေးချယ်ရတာနဲ့  ပတ်သက်လို့  ဘဲလ်ဖတ်စ်မြို့ က ကက်သလစ် ဘုန်းတော်ကြီး " တက်အိုရှောင်နတ်ဆီ " ပြောတာကတော့ ......".ကျွန်တော်က ကက်သလစ် ဂုဏ်းတော်ကို ချစ်ကြည်ညိုပါတယ် ။ ဒါပေမယ့် ကျမ်းစာထဲမှာ မေတ္တာ ထားကြဖို့ ဟောကြားပြီး တခြားလူတွေကို သတ်ဖို့ ကျတော့ အလိုတော်အတိုင်း ပြုရတယ် ဆိုတာမျိုးကတော့ ကျွန်တော့်ကို အမြဲပဲ အလွန် စိတ်ရှုပ်စေပါတယ် ။ ဒါကြောင့်လည်း ကျွန်တော်က ဗုဒ္ဓဘာသာအတွက် ကျွန်တော့မဲကို ပေးခဲ့တာပါ ။

"......တဲ့ ။ ပါကစ္စတန်က ဘာသာရေးဆရာ " တာလ်ဘင်ဝါဆတ် " ကလည်း ......".ဒေါသ အမျက်တွေနဲ့  သွေးထွက် သံယို ဖြစ်မှုတွေအတွက် ဗုဒ္ဓဘာသာက အဖြေ ရှာပြီးသားဖြစ်တယ် " .........လို့ မှတ်ချက်ပေးပါတယ် ....။ ဂျေရုဆလင်က ဂျူး ဓမ္မဆရာ " ရှမြူယယ်ဝပ်ဆာစတိန်း" ကလည်း ......."ပွင့်ပွင့်လင်းလင်း ၀န်ခံပြောရမယ်ဆိုရင် ကျွန်တော်ဟာ ကျွန်တော် ကိုးကွယ်တဲ့ ဘာသာအရ ၀တ်ပြုဆုတောင်း မပြုမီမှာ နေ့ တိုင်း ၀ိပဿနာကမ္မဌာန်းထိုင်လာတာ ၁၉၉၃ ကတည်းကပါ ။ ဒါကြောင့် ဗုဒ္ဓဘာသာကို ကျွန်တော် နားလည်ပါတယ် ။

".........တဲ့ ။.....ဒါတွေကို အထောက်အကူ သာဓက ပြုနေရတာကတော့ ဗုဒ္ဓဘာသာဟာ ကမ္ဘာကြီး ပျက်သုဉ်းရေးကို ဦးတည်နေတဲ့ ဘာသာရေး မဟုတ်ဘူး ၊ စစ်ပွဲတွေ ၊ သွေးထွက်သံယိုမှုတွေ ကင်းပြီး ငြိမ်းချမ်းမှုကို ကိုယ်သိမျက်မှောက် ခံစားနိုင်ရေးဆီ ဦးတည်နေတဲ့ ဘာသာ ဖြစ်တယ်ဆိုတာ အခြားဘာသာဝင်ကြီးတွေကတောင် အသိအမှတ်ပြုထားတယ်ဆိုတာ သဘောပေါက်စေဖို့ ပါ ။ ( မူရင်းကို အပြည့်အစုံ ကြည့် လိုတယ် ဆိုရင်တော့ ( WWW.sikhpilosophy.net/ ) မှာ အမြဲ လွှင့်တင်ထားပါတယ် ) ....။( ဓမ္မဘေရီ အရှင်ဝီရိယ -တောင်စွန်း )



Wednesday, September 11, 2013

ကုသိုလ်အလုပ်များ တားမိရင် သတိထားဖွယ်ရာ ကုသိုလ်အလုပ်များ တားမိရင်




ကုသိုလ်အလုပ်များ တားမိရင် ဆိုတဲ့အကြောင်းလေးဟာ လူတိုင်းလူတိုင်း သတိပြုသင့်တဲ့ အကြောင်းအရာလေးပါ။ သူတစ်ပါးလုပ်နေတဲ့ ကုသိုလ်တွေ
ကို တားမိသလို ဖြစ်မသွားမိဖို့ အင်မတန်မှလည်း သတိထား လုပ်ကိုင်သင့်ပါ
တယ်။ လူတွေက ထင်ကြပါ့မယ်..။

ကုသိုလ်လုပ်တာများ.. ဘာလို့တားရမှာလဲ.. မတားပါဘူးလို့ ပြောကြမယ် ထင်ပါတယ်။ တစ်ချို့ကျတော့လည်း.. သူတစ်ပါးလုပ်နေတဲ့ ကုသိုလ်အလုပ်
ကို သိသိကြီးနဲ့ မလုပ်ဖြစ်အောင် တားဆီးကြတာရှိသလို.. မသိလို့ တားမိသ
လို ဖြစ်သွားတာတွေလည်း ရှိတတ်ပါတယ်။ ကျွန်တော်တို့တွေအများစုဟာ မိသားစုရဲ့ အဝေးမှာရောက်ရှိနေပြီး အပေါင်းအသင်းတွေနဲ့ ပေါင်းစုနေထိုင်
ရတဲ့အတွက် ပိုပြီးတော့ သတိထားသင့်ပါတယ်..။

ကိုယ့်ကုသိုလ်အလုပ်ကို ကိုယ်တိုင်မလုပ်တာဟာ ဘာမှမဖြစ်ပေမယ့်.. သူတစ်ပါးလုပ်နေတဲ့ ကုသိုလ်ကို တားမိသလို ဖြစ်သွားတာကျတော့ အင်မတန်မှ ဆိုးရွားပါတယ်နော်..။ ဒါမလို့လည်း မဖြစ်မိအောင် ဆင်
ခြင်စေလိုတာပါ။

မထင်မှတ်တဲ့ အသေးအဖွဲ အရာလေးတွေဟာ သတိမထားလိုက်မိတဲ့အခါ
မှာ သူတစ်ပါးရဲ့ ကုသိုလ်အလုပ်တွေ တားမိတတ်တာတွေ ဖြစ်တတ်ပါတယ်။ အတူနေသူငယ်ချင်းတွေ ရှိတဲ့အခါ ပိုပြီးသတိထားသင့်တဲ့ အရာလေးပါ။ သူငယ်ချင်းတစ်ယောက် တရားခွေလေးဖွင့်ပြီး နာကြားနှလုံးသွင်းနေတဲ့ အချိန်မှာ ကိုယ်က ကက်ဆက်အကျယ်ကြီး ထဖွင့်လိုက်တာတို့.. အော်
ဟစ်ဆူညံစွာ ပြောဆိုနေတာတွေဟာ.. တကယ်တော့ သူတစ်ပါးလုပ်နေ
တဲ့ ကုသိုလ်အလုပ်တွေကို တားရာရောက်ပါတယ်။

သူတစ်ပါး တရားနာကြားနှလုံးသွင်းနေတဲ့ အချိန်မှာ သူတစ်ပါးကို စိတ်အ
နှောက်ယှက်ဖြစ်အောင် လုပ်လိုက်တာဟာ သူရရှိမဲ့ မဂ်ဥာဏ်ဖိုလ်ဥာဏ်
တရားတွေကို မရရှိအောင် တားလိုက်သလို ဖြစ်တတ်ပါတယ်။

လူတစ်ယောက်ဟာ ဘယ်အချိန်မှာ တရားရမယ်.. ဘယ်အချိန်မှာ တရားမရဘူးဆိုတာ ကြိုတင်မသိနိုင်တဲ့အတွက် ဘယ်အချိန်မဆို သူတစ်ပါးရဲ့ ကုသိုလ်အလုပ်တွေကို မတားမိစေဖို့ လိုအပ်ပါတယ်။

သူတစ်ပါးရဲ့ ကုသိုလ်ကို နှောက်ယှက်ခဲ့တဲ့ကံတွေဟာကိုယ့်အလှည့်ကျရင်
လည်း တရားအားထုတ်လို့ တရားရတော့မယ့်အချိန်မှာ အနှောက်အယှက် အဖျက်အစီးတွေနဲ့ ကြုံတွေ့ရတတ်ပါတယ်။ ဒ့ါကြောင့်မလို့လည်း သတိ
ထားစေချင်တာပါ။

နောက်တစ်ချက်ကတော့ သူတစ်ပါးတွေရဲ့ ဒါနကုသိုလ်တွေကို တားမိ
တဲ့ အတွက် နောက်ဘ၀ရောက်တဲ့အခါမှာ ပါးစပ်ပေါက်မပါတဲ့ပြိတ္တာ
ဖြစ်သွားရတဲ့ အကြောင်းအရာလေးပါ။ နှမြောတွန့်တိုတဲ့သူတွေ သတိ
ထားရမယ့် အကြောင်းအရာလေးပါပဲ။ အဖွားကြီးတစ်ယောက်ဟာ ကိုယ်တိုင်အလှူဒါနမပြုသလို သူရဲ့ မြေးတွေ သားတွေသမီးတွေ
လှူရင်လည်း မလှူဖို့ အမြဲတားတတ်ပါတယ်။

အဲ့လိုမျိုး သူတစ်ပါးအလှူကို တားတဲ့အတွက် သေလွန်တဲ့အခါမှ သူ့မှာ
ရှိတဲ့ ဥစ္စာပစ္စည်းတွေ စွဲလမ်းပြီးသေလွန်တဲ့ အတွက် ပြိတ္တာဖြစ်ရပါတယ်။ ပြိတ္တာဖြစ်ယုံတင် မဟုတ်ပါဘူး.. သူတစ်ပါးလှူမယ့် အလှူဒါနကို တားစီး
ခဲ့တဲ့ကံကြောင့်လည်း ပါးစပ်ပေါက်မပါတဲ့ ပြိတ္တာဖြစ်ခဲ့ရပြန်ပါတယ်။ ဘယ်
သူက အမျှဝေေ၀ သာဓုခေါ်ခွင့်မရတဲ့ အခြေအနေဖြစ်သွားရတာပါ။

ဒီအကြောင်းအရာလေးဟာ တကယ်တော့ သူတစ်ပါးရဲ့ အလှူကို မလှူဖြစ်အောင်.. သူတစ်ပါးလုပ်နေတဲ့ ကုသိုလ်အလုပ်ကို မလုပ်ဖြစ်
အောင် တားခဲ့တဲ့အတွက် ပြန်လည်ပေးဆပ်ရတဲ့ အကြောင်းအရာလေး
ပါ။ ဒီဖြစ်ရပ်မှန်အကြောင်းအရာလေးဟာ လူတိုင်း သတိထားသင့်တဲ့ အရာလေးပါပဲ။

နောက်တစ်ချက်ကတော့.. သူတစ်ပါးရဲ့ ကုသိုလ်ပြုခွင့်ကို တားခဲ့တဲ့အတွက်.. ရဟန်းဘောင်မှာ ကြုံတွေ့ခံစားရတဲ့ အကြောင်းအရာလေးပါ။ ယခုမျက်
မှောက်ခေတ်က အကြောင်းအရာပါ။

လူတစ်ယောက်ဟာ သာသနာ့ဘောင် ၀င်ရောက်ဖို့ ရဟန်းခံပြီး သင်္ကန်းဝတ်မယ်ဆိုတဲ့အချိန်မှာ ခဏတာပဲ သင်္ကန်းဝတ်ခွင့်ရပြီး ကြာလာတဲ့အခါမှာ သင်္ကန်းဝတ်ရင်း ခန္ဓာကိုယ်တွေ ပူချစ်လာပြီး သင်္ကန်းဝတ်မရဖြစ်တာ.. သူတစ်ပါးထဲအတွက် ဆွမ်းဟင်းတွေ
ဟာ မကောင်းတဲ့ အနံ့အသက်တွေ ထွက်နေပြီး ဆွမ်ဘုန်းပေး
လို့မရ ဖြစ်တာတွေ ဖြစ်လာပါတယ်။

ရဟန်းဝတ်ချင်ပေမယ့် ရဟန်းဝတ်ခွင့်မရတာဟာ အရင်ဘ၀က သူတစ်ပါးရဲ့ ရဟန်းပြုခွင့်ကို တားမြစ်ပိတ်ပင်ခဲ့တဲ့ အတွက်ပါ။ ဒီအကြောင်းအရာလေးဟာ အင်မတန် သတိထားသင့်ပါတယ်။

အထက်ဖော်ပြပါ အကြောင်းအရာလေးဟာ.. ယခုခေတ် မိဘတွေအတွက် သတိထားစရာ အချက်လေးပါ။ ယခုခေတ် ရဟန်းဘောင် ၀င်ရောက်ချင်တဲ့ လူငယ်တွေ သတိထားပြောသင့်တဲ့ အရာလေးပါ။ ရဟန်းဘောင်ဝင်မယ်ဆို မိဘတွေရဲ့ခွင့်ပြုချက်ရမှ ၀င်လို့ရတာပါ။

ဒီတော့.. မိဘတွေကို အရင်ဆုံး ခွင့်တောင်းမှဖြစ်ပါမယ်။ ဒီလိုခွင့်တောင်း
တဲ့အခါမှာ မိဘတွေက အတင်းတားမယ်.. မ၀င်ပါနဲ့လို့ ပြောမယ်ဆိုရင်.. ဒါဟာ သူတစ်ပါးရဲ့ မဂ်ဥာဏ်ဖိုလ်ဥာဏ်ရမယ့် အခွင့်အရေးတွေ.. တရား
ထူးရမယ့် အခွင့်အရေးတွေကို တားဆီးရာ ရောက်ပါတယ်။ သူတစ်ပါးရဲ့ ရဟန်းပြုခွင့်ကို တားတာဖြစ်တဲ့အတွက် တားမိတဲ့သူတွေဟာ..နောက်ဘ
ဝရောက်ရင် သင်္ကန်းဝတ်ခွင့်.. ရဟန်းဝတ်ခွင့် ဘယ်လိုမှ မဖြစ်နိုင်တော့
ပါဘူး.. ဒါ့ကြောင့် ဒီအချက်လေးကို အထူးမှာလိုပါတယ်။

လူငယ်တွေဘက်ကလည်း ကိုယ်ဖြစ်ချင် ကိုယ်လုပ်ချင်တဲ့ ဆန္ဒတွေကို
ကြီးမကြည့်ပဲနဲ့ မိဘတွေ သဘောတူမတူကို အရင်စဉ်းစားပြီး ပြောဆို
လုပ်ဆောင်သင့်တယ်လို့ အကြံပေးလိုပါတယ်..။ ဒီလိုမှ မဟုတ်ရင် ကိုယ့်အပေါ်မူတည်ပြီး ကိုယ့်ရဲ့မိဘတွေပါ နောက်ဘ၀တွေကျရင် ရဟန်းခံခွင့် ရဟန်းဝတ်ခွင့်မရ ဖြစ်သွားတတ်ပါတယ်။ ဒီအကြောင်း
အရာလေးကို လူငယ်တွေရော လူကြီးတွေရော အထူးအလေးနက်
ထား သိစေချင်ပါတယ်။

အဓိကအနေနဲ့ပြောလိုတာကတော့ သူတစ်ပါးရဲ့ ကုသိုလ်လုပ်ခွင့်ကို မတားမိစေဖို့ကို ပြောလိုတာပါ။ အမှတ်တမဲ့ သတိလက်လွတ်ပြောလိုက်
တဲ့ အကြောင်းအရာလေးတွေဟာ သူတစ်ပါးအတွက် ကုသိုလ်လုပ်ခွင့်ကို တားသလိုဖြစ်သွားရင် ကိုယ့်အတွက် တရားရခွင့်တွေကို ကိုယ်ကိုယ်တိုင် လိုက်လံတားဆီးပြစ်ရာ ရောက်ပါတယ်။

ဒါ့ကြောင့်လည်း ဘယ်စကားပဲပြောပြောဘာအလုပ်ပဲလုပ်လုပ် သတိလေး
နဲ့ အမှားမပါအောင်.. သူတစ်ပါးရဲ့ ကုသိုလ်လုပ်ခွင့်တွေ မတားဖြစ်အောင်
ပြောဆိုလုပ်ကိုင်စေလိုတာပါ။ ကိုယ်ကိုတိုင် ကုသိုလ်တွေ လုပ်နေယုံနဲ့ မပြီးသေးပါဘူး.. ကိုယ့်ကြောင့်လည်း သူများတွေမှာ ကုသိုလ်တွေ လုပ်
ခွင့်ရအောင်.. အကုသိုလ်တွေ ပယ်ဖျောက်ခွင့်ရအောင် လုပ်ဆောင်ပေး
ဖို့လည်း လိုအပ်ပါတယ်။

သူများတွေရဲ့ ကုသိုလ်တရားတွေကို မပိတ်ပင် မတားဆီးမိအောင် သတိထားလုပ်ကိုင်နိုင်ပြီးတော့ ကိုယ်တိုင်လည်း တရားထူးတရားမြတ်
ရရှိအောင် ကျင့်ကြံလုပ်ကိုင်နိုင်ကြပါစေလို့ ဆန္ဒပြု ဆုတောင်းလိုက်ပါ
တယ်။

စာဖတ်သူအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး လိုရာဆန္ဒများတစ်လုံး
တစ်ဝတည်းပြည့်ဝကြပါစေ။

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)
ဝီရဓမ္မ

Tuesday, September 10, 2013

ပေးကမ်းခြင်း ( ဆရာတော် ဦးဇောတိက )






“ဒါနဉ္စ ဓမ္မစရိယာစ “တဲ့။ ပေးကမ်းခြင်းသည် အောင်မြင်ကြောင်း။ ပေးကမ်းခြင်းသည် ပြည့်စုံကြောင်း။ ပေးကမ်းခြင်းသည် တိုးတက်ကြောင်း၊ ကြီးပွားကြောင်း။

ပထမတစ်ခု စဉ်းစားကြည့်မယ်။ ကိုယ့်မှာပိုနေတယ်။ အများကြီးရှိနေတယ်။ တခြားတစ်ယောက်မှာ လိုနေတယ်။ ချို့တဲ့နေတယ်။ ဒီပစွှည်းက ကိုယ်မသုံးလည်း ရတယ်။ တစ်ခါတစ်လေ သုံးလည်းမသုံးပါဘူး။ အဲ့ဒါကို ပေးတာကောင်းသလား ။ မပေးပဲထား တာကောင်းသလား။

ကိုယ့်အိမ်မှာ ကိုယ်မသုံးဘဲထားတဲ့ပစွှည်းတွေ ဘယ်လောက်များနေမလဲ။ မြန်မြန်သာပေးလိုက်တော့။ တော်တော်တော့ ခက်သားပဲနော်။ ပေးချင်ရက်နဲ့ ယူမယ့်လူမရှိလို့ တော်တော်ခက်နေတယ်။ ဒါကတော့ ပစ္စည်းအနေနဲ့ ပြောပြတာပါ။ ဘာဖြစ်ဖြစ် ကိုယ်ပေးနိုင်တာကို ပေးဖို့လိုတယ်။ ပေးနိုင်တဲ့စိတ်နဲ့ မပေးနိုင်တဲ့စိတ် ဒီလိုစိတ်ထားနှစ်ခုကို ယှဉ်ကြည့်လိုက်စမ်းပါ…. ဘယ်စိတ်က အဆင့်အတန်း မြင့်သလဲ။ ပေးနိုင်တဲ့စိတ်က အဆင့်အတန်းမြင့်တယ်နော်။

အောင်မြင်ရေးနဲ့ပက်သက်တဲ့စာအုပ်တွေ အများကြီး ဖတ်ဖူးတယ်။ အောင်မြင်တဲ့ပုဂ္ဂိုလ်တွေ အကြောင်း လည်း အများကြီဒဖတ်ဖူးတယ်။ တချို့ပညာရှင်တွေက ဘယ်လိုပြောသလဲ ဆိုတော့…

ကိုယ်ဘယ်လောက်ရတယ်ဆိုတာထက် ကိုယ်ဘယ်လောက်ပေးနိုင်တယ်ဆိုတာက ကိုယ့်အောင်မြင်မှုကို ပိုပြီးတော့ဖော်ပြပါတယ်။ ဘယ်လောက်အောင်မြင်တယ်ဆိုတာ လူသားတွေအတွက် ကိုယ်ဘယ်လောက်အကျိုးဆောင်ရွက်နိုင်လဲဆိုတာ ကြည့်ပြီးတော့ တိုင်းတာရမှာ။ ကိုယ်ဘယ်လောက်ရတယ်ဆိုတာကို ကြည့်ပြီးတော့ တိုင်းတာလို့မဖြစ်ဘူး။

ကိုယ့်ကြောင့် သူများစိတ်ချမ်းသာသွားတယ်

လူတစ်ယောက်က အလုပ်လုပ်တယ်။ ပိုက်ဆံတွေ အများကြီးရတယ်။ Million နဲ့ချီပြီးရတယ် ဆိုပါတော့။ တစ်ပြားတစ်ချပ်မှ ဘယ်သူ့ကိုမှ မပေးဘူး။ သူများလည်း မပေးဘူး။ သူလည်းမစားဘူး။ သိမ်းထားတယ်ဆိုပါတော့။ အဲ့ဒီလူဟာ အောင်မြင်တဲ့သူလို့ ဆိုနိုင်မလား ။ မဆိုနိုင်ဘူးနော်။

ကိုယ်ရှာဖွေလို့ရတာကို ကိုယ့်အတွက်လည်းပဲသုံးစွဲဖို့ထားရမှာပဲ။ တစ်ခြား ပေးသင့်ပေးထိုက်တဲ့သူတွေကိုလည်းပဲ ပေးရမှာပဲ။ အဲ့ဒီလိုပေးနိုင်တဲ့စိတ်ထားဟာ တကယ်အဆင့်အတန်းမြင့်တဲ့ စိတ်ထားဖြစ်တယ်။

တွေ့ကရာလူအကုန်လုံးကို လျှောက်ပေးရမယ်လို့ ပြောတာမဟုတ်ဘူး။ ရှိသမျှ အကုန်လုံးပေးလိုက်ရမယ်လို့ ပြောတာလည်းမဟုတ်ဘူး။ ထိုက်သင့်သလောက်ပေးရမယ် ။ ပေးသင့်တဲသူကိုပေးရမယ်။ ပေးတာလည်း ဉာဏ်လေးနည်းနည်းတော့ သုံးရသေးတာပေါ့။

အဲဒီလို ကိုယ်မှာလည်း ပိုနေတယ်။ တစ်ဖက်သားမှာလည်း တကယ်လိုနေတယ်ဆိုရင် ကိုယ်က ပေးလိုက်ရ လို့ တစ်ဖက်သားမှာ အဆင်ပြေသွားတာကို စိတ်ချမ်းသာကိုယ်ချမ်းသာ ဖြစ်သွားတာကို မြင်တွေ့ရတာ သိပ်ပျော်စရာကောင်းပါတယ်။ လောကမှာ ပျော်စရာကောင်းတဲ့အထဲမှာ ကိုယ်ကြောင့် သူများ စိတ်ချမ်းသာ သွားတာ တစ်ခုလည်း ပါတယ်နော်။


သီလစောင့်ထိန်းခြင်းသည်ပင်လျှင် ကြီးမားသောဒါန

ပေးနိုင်တဲ့စိတ်ဟာ တော်တော်စိတ်ချမ်းသာတဲ့စိတ်ပဲ။ မပေးနိုင်တဲ့စိတ်ဟာ မွဲနေတဲ့စိတ်ပဲ။ လူချမ်းသာသော စိတ်နဲ့ လူမွဲစိတ် ဒီနှစ်ခု စဉ်းစား ကြည့်နော်။

ဘယ်လောက်ပဲရှိရှိ မပေးနိုင်ဘူးဆိုရင် အဲဒီစိတ်ဟာ မွဲနေတဲ့စိတ် ဆင်းရဲတဲ့စိတ် ချို့တဲ့စိတ်။ နည်းသည် ဖြစ်စေ များသည်ဖြစ်စေ ကိုယ့်မှာရှိတာကို သူတစ်ပါးကို ပေးနိုင်တယ် မျှနိုင်တယ်ဆိုရင် အဲ့ဒီစိတ်က ချမ်းသာတဲ့စိတ်။

ဒီလိုပေးခြင်းဟာ ကိုယ်ရဲ့စိတ်ထားကို မြှင့်ပေးတာဖြစ်တယ်။ တစ်နည်းအားဖြင့် ပေးခြင်းဟာ စွန့်လွှတ်ခြင်းပဲနော်။ ဥပမာ သံဃာတော်တွေကို တစ်ခုခုလှူတယ်၊ ကပ်တယ်ဆိုရင် ကိုယ်တန်ဖိုးထားတဲ့အရာ အကောင်းဆုံး အရာကို လှူလိုက်တာပဲနော်။ ဆွမ်းဆိုလည်းပဲ အကောင်းဆုံးကို စီစဉ်ပြီးမှ သွားလှူလိုက်တာပဲနော်။ ကိုယ်ပိုင်ဆိုင်တဲ့အရာတစ်ခုကို ပေးလိုက်တယ်။ လှူလိုက်တယ်၊ စွန့်လိုက်တယ်။ ကိုယ့်ရဲ့ပိုင်ဆိုင်မှု့ကို စွန့်လွှတ်လိုက်တာနော်။

ဘုန်းကြီးက စဉ်စားကြည့်တယ်။ ကုသိုလ်တရားမှန်သမျှ နောက်ဆုံးကျတော့ အဓိပ္ပာယ်ကောက်လိုက်ရင် စွန့်လွှတ်ခြင်းပါပဲ။ ဒါနဆိုလည်း စွန့်လွှတ်ခြင်းပဲ၊ သီလဆိုလည်းပဲ စွန့်လွှတ်ခြင်းပါပဲ။ သူ့အသတ်ကိုသတ်မဲ့ အစား မသတ်တော့ဘူး။ သူ့ကို ဘေးမဲ့ပေးလိုက်တယ်။ အဲလိုအဓိပ္ပာယ် ကောက်ကြည့်စမ်းပါ။ သူများပစ္စည်းကို ခိုးယူချင်တာ မယူဘူး။ မယူခြင်းသည်ပင်လျှင် တစ်ဖက်သားကို စိတ်မဆင်းရဲအောင် လုပ်လိုက်တာနော်။ ကိုယ်ကြောင့် သူတစ်ပါး စိတ်မဆင်းရဲတော့ဘူး။ ဒါကြောင့် ငါးပါးသီလကို မဟာဒါန လို့တောင် သုံးထားတာ။ ပါဋ္ဌိစာပေမှာ ရှိတယ်။

သီလစောင့်ထိန်းခြင်းသည်ပင်လျှင် ကြီးမားသောဒါန ဖြစ်တယ်။ သူတစ်ပါးကို ဘေးကင်းခြင်း၊ စိုးရိမ်ကင်းခြင်းကို ပေးတာနော်။ အကယ်၍ လူတိုင်း ငါးပါးသီလမြဲနေရင် ဘယ်နှယ့်နေမလဲ။ လူတွေအားလုံး ဘေးရန်ကင်းနေမှာ။


ဒါနကလည်း ပေးခြင်းဆိုတဲ့အဓိပ္ပာယ်ပါသလို သီလတောင်မှ ပေးခြင်းဆိုတဲ့ အဓိပ္ပါယ်ပါနေတယ်။ ဘေးရန်ကင်းခြင်း ။ ကြောင့်ကြမှု့ ကင်းခြင်း၊ စိုးရိမ်မှုကင်းခြင်းကို ပေးလိုက်တာ ။ အဲ့ဒါ ပိုတောင် မြင့်မြတ်တဲ့ ပေးခြင်းဖြစ်သွားတယ်။

ဘုန်းကြီးဆိုရင် တပည့်တွေကို ဘယ်လောက်ထိအောင် ဆုံးမသလဲ၊ ဘယ်လောက်ထိအောင် သင်ပေးလဲ ဆိုရင် ကားမောင်းသွားနေရင်းနဲ့ နောက်ကားက ကျော်တတ်ချင်ရင် လမ်းပေးလိုက်ပါ။ အဲ့ဒါလည်း ငါသူ့ကို ဒါန တစ်ခုပေးလိုက်တာလို့ ယူဆလိုက်ပါ။ ဒါလည်းပဲ ပေးခြင်းတစ်မျိုးပါပဲ။ လမ်းပေးလိုက်တာ ဘယ်သူမှ လမ်းကိုမပိုင်ပါဘူး။ သွားခွင့်ပေးလိုက်တာ။ သူသွားပါစေ။ လမ်းပိတ်ပြီးတော့ မမောင်းပါနဲ့။ နောက်က ကျော်တတ် ချင်တဲ့သူတွေကို လမ်းပေးလိုက်ပါ။ အဲဒီလို တစ်နေတာအတောအတွင်းမှာ သွားရင်းလာရင်းနဲ့ ကိုယ်လုပ်လို့ရတဲ့ ပေးကမ်းခြင်းတွေက အများကြီးရှိတယ်။

အသိအမှတ်ပြုလိုက်တာလည်း ပေးခြင်းတစ်မျိုးပါပဲ။

တစ်ယောက်ကိုတစ်ယောက် အသိအမှတ်ပြုလိုက်တာလည်း ပေးခြင်းတစ်မျိုးပါပဲ။ ပစ္စည်းပေးမှ ပေးတယ်လို့ မယူဆဘူး။ လမ်းမှာ လူတစ်ယောက်ကိုတွေ့တဲ့အခါ အပြုံးပေးလိုက်တာကိုက ဒါ တော်တော်တန်ဖိုးရှိ တယ်နော်။

တစ်နေ့တာအတွင်းမှာ သွားရင်းလာရင်းနဲ့ကိုယ် ပေးနိုင်တာတွေ ဘယ်လောက်များလဲဆိုတာ စဉ်းစားကြည့်။ လမ်းလျှောက်သွားရင်းနဲ့ လမ်းကျပ်နေတယ်ဆိုရင် လမ်းဖယ်ပေးလိုက်ပါ။ သူသွားပါစေ။

ပေးနိုင်တဲ့စိတ် များများမွေးပါ။ အဲဒီလိုမွေးနိုင်တဲ့လူဟာ သူ့စိတ်ထားမြင့်လာမယ်။ စိတ်ထားမြင့်လာရင် စိတ်ထားနဲ့တန်တဲ့ဘဝကို ရမယ်။ ဒီစကားကို ဘုန်းကြီးကပြောတာ အကြိမ်ပေါင်း တော်တော်များပြီ။ ကိုယ်စိတ်ထားနဲ့တန်တဲ့ဘဝကို ရမှာပါ။ မတန်တဲ့ဘဝကိုတော့ ရမှာ မဟုတ်ဘူး။

စိတ်ထားနိမ့်ရင် မြင့်မြတ်တဲ့ဘဝကို မရဘူး.။ စိတ်ထားမြင်မြတ်ရင် မြင့်မြတ်တဲ့ အသိဉာဏ်မျိုးကို ရမယ်။ စိတ်ထားနိမ့်ရင် မြင့်မြတ်တဲ့ အသိဉာဏ်ကို မရနိုင်ဘူး။

(ဆရာတော်ဦးဇောတိက ၏ မင်္ဂလာတရားတော် စာအုပ် မှ)

Saturday, September 7, 2013

သတိထားဖွယ်ရာ ကုသိုလ်အလုပ်များ တားမိရင်





Monday, March 25, 2013

ကုသိုလ်အလုပ်များ တားမိရင် ဆိုတဲ့အကြောင်းလေးဟာ လူတိုင်းလူတိုင်း သတိပြုသင့်တဲ့ အကြောင်းအရာလေးပါ။ သူတစ်ပါးလုပ်နေတဲ့ ကုသိုလ်တွေ
ကို တားမိသလို ဖြစ်မသွားမိဖို့ အင်မတန်မှလည်း သတိထား လုပ်ကိုင်သင့်ပါ
တယ်။ လူတွေက ထင်ကြပါ့မယ်..။

ကုသိုလ်လုပ်တာများ.. ဘာလို့တားရမှာလဲ.. မတားပါဘူးလို့ ပြောကြမယ် ထင်ပါတယ်။ တစ်ချို့ကျတော့လည်း.. သူတစ်ပါးလုပ်နေတဲ့ ကုသိုလ်အလုပ်
ကို သိသိကြီးနဲ့ မလုပ်ဖြစ်အောင် တားဆီးကြတာရှိသလို.. မသိလို့ တားမိသ
လို ဖြစ်သွားတာတွေလည်း ရှိတတ်ပါတယ်။ ကျွန်တော်တို့တွေအများစုဟာ မိသားစုရဲ့ အဝေးမှာရောက်ရှိနေပြီး အပေါင်းအသင်းတွေနဲ့ ပေါင်းစုနေထိုင်
ရတဲ့အတွက် ပိုပြီးတော့ သတိထားသင့်ပါတယ်..။

ကိုယ့်ကုသိုလ်အလုပ်ကို ကိုယ်တိုင်မလုပ်တာဟာ ဘာမှမဖြစ်ပေမယ့်.. သူတစ်ပါးလုပ်နေတဲ့ ကုသိုလ်ကို တားမိသလို ဖြစ်သွားတာကျတော့ အင်မတန်မှ ဆိုးရွားပါတယ်နော်..။ ဒါမလို့လည်း မဖြစ်မိအောင် ဆင်
ခြင်စေလိုတာပါ။

မထင်မှတ်တဲ့ အသေးအဖွဲ အရာလေးတွေဟာ သတိမထားလိုက်မိတဲ့အခါ
မှာ သူတစ်ပါးရဲ့ ကုသိုလ်အလုပ်တွေ တားမိတတ်တာတွေ ဖြစ်တတ်ပါတယ်။ အတူနေသူငယ်ချင်းတွေ ရှိတဲ့အခါ ပိုပြီးသတိထားသင့်တဲ့ အရာလေးပါ။ သူငယ်ချင်းတစ်ယောက် တရားခွေလေးဖွင့်ပြီး နာကြားနှလုံးသွင်းနေတဲ့ အချိန်မှာ ကိုယ်က ကက်ဆက်အကျယ်ကြီး ထဖွင့်လိုက်တာတို့.. အော်
ဟစ်ဆူညံစွာ ပြောဆိုနေတာတွေဟာ.. တကယ်တော့ သူတစ်ပါးလုပ်နေ
တဲ့ ကုသိုလ်အလုပ်တွေကို တားရာရောက်ပါတယ်။

သူတစ်ပါး တရားနာကြားနှလုံးသွင်းနေတဲ့ အချိန်မှာ သူတစ်ပါးကို စိတ်အ
နှောက်ယှက်ဖြစ်အောင် လုပ်လိုက်တာဟာ သူရရှိမဲ့ မဂ်ဥာဏ်ဖိုလ်ဥာဏ်
တရားတွေကို မရရှိအောင် တားလိုက်သလို ဖြစ်တတ်ပါတယ်။

လူတစ်ယောက်ဟာ ဘယ်အချိန်မှာ တရားရမယ်.. ဘယ်အချိန်မှာ တရားမရဘူးဆိုတာ ကြိုတင်မသိနိုင်တဲ့အတွက် ဘယ်အချိန်မဆို သူတစ်ပါးရဲ့ ကုသိုလ်အလုပ်တွေကို မတားမိစေဖို့ လိုအပ်ပါတယ်။

သူတစ်ပါးရဲ့ ကုသိုလ်ကို နှောက်ယှက်ခဲ့တဲ့ကံတွေဟာကိုယ့်အလှည့်ကျရင်
လည်း တရားအားထုတ်လို့ တရားရတော့မယ့်အချိန်မှာ အနှောက်အယှက် အဖျက်အစီးတွေနဲ့ ကြုံတွေ့ရတတ်ပါတယ်။ ဒ့ါကြောင့်မလို့လည်း သတိ
ထားစေချင်တာပါ။

နောက်တစ်ချက်ကတော့ သူတစ်ပါးတွေရဲ့ ဒါနကုသိုလ်တွေကို တားမိ
တဲ့ အတွက် နောက်ဘ၀ရောက်တဲ့အခါမှာ ပါးစပ်ပေါက်မပါတဲ့ပြိတ္တာ
ဖြစ်သွားရတဲ့ အကြောင်းအရာလေးပါ။ နှမြောတွန့်တိုတဲ့သူတွေ သတိ
ထားရမယ့် အကြောင်းအရာလေးပါပဲ။ အဖွားကြီးတစ်ယောက်ဟာ ကိုယ်တိုင်အလှူဒါနမပြုသလို သူရဲ့ မြေးတွေ သားတွေသမီးတွေ
လှူရင်လည်း မလှူဖို့ အမြဲတားတတ်ပါတယ်။

အဲ့လိုမျိုး သူတစ်ပါးအလှူကို တားတဲ့အတွက် သေလွန်တဲ့အခါမှ သူ့မှာ
ရှိတဲ့ ဥစ္စာပစ္စည်းတွေ စွဲလမ်းပြီးသေလွန်တဲ့ အတွက် ပြိတ္တာဖြစ်ရပါတယ်။ ပြိတ္တာဖြစ်ယုံတင် မဟုတ်ပါဘူး.. သူတစ်ပါးလှူမယ့် အလှူဒါနကို တားစီး
ခဲ့တဲ့ကံကြောင့်လည်း ပါးစပ်ပေါက်မပါတဲ့ ပြိတ္တာဖြစ်ခဲ့ရပြန်ပါတယ်။ ဘယ်
သူက အမျှဝေေ၀ သာဓုခေါ်ခွင့်မရတဲ့ အခြေအနေဖြစ်သွားရတာပါ။

ဒီအကြောင်းအရာလေးဟာ တကယ်တော့ သူတစ်ပါးရဲ့ အလှူကို မလှူဖြစ်အောင်.. သူတစ်ပါးလုပ်နေတဲ့ ကုသိုလ်အလုပ်ကို မလုပ်ဖြစ်
အောင် တားခဲ့တဲ့အတွက် ပြန်လည်ပေးဆပ်ရတဲ့ အကြောင်းအရာလေး
ပါ။ ဒီဖြစ်ရပ်မှန်အကြောင်းအရာလေးဟာ လူတိုင်း သတိထားသင့်တဲ့ အရာလေးပါပဲ။

နောက်တစ်ချက်ကတော့.. သူတစ်ပါးရဲ့ ကုသိုလ်ပြုခွင့်ကို တားခဲ့တဲ့အတွက်.. ရဟန်းဘောင်မှာ ကြုံတွေ့ခံစားရတဲ့ အကြောင်းအရာလေးပါ။ ယခုမျက်
မှောက်ခေတ်က အကြောင်းအရာပါ။

လူတစ်ယောက်ဟာ သာသနာ့ဘောင် ၀င်ရောက်ဖို့ ရဟန်းခံပြီး သင်္ကန်းဝတ်မယ်ဆိုတဲ့အချိန်မှာ ခဏတာပဲ သင်္ကန်းဝတ်ခွင့်ရပြီး ကြာလာတဲ့အခါမှာ သင်္ကန်းဝတ်ရင်း ခန္ဓာကိုယ်တွေ ပူချစ်လာပြီး သင်္ကန်းဝတ်မရဖြစ်တာ.. သူတစ်ပါးထဲအတွက် ဆွမ်းဟင်းတွေ
ဟာ မကောင်းတဲ့ အနံ့အသက်တွေ ထွက်နေပြီး ဆွမ်ဘုန်းပေး
လို့မရ ဖြစ်တာတွေ ဖြစ်လာပါတယ်။

ရဟန်းဝတ်ချင်ပေမယ့် ရဟန်းဝတ်ခွင့်မရတာဟာ အရင်ဘ၀က သူတစ်ပါးရဲ့ ရဟန်းပြုခွင့်ကို တားမြစ်ပိတ်ပင်ခဲ့တဲ့ အတွက်ပါ။ ဒီအကြောင်းအရာလေးဟာ အင်မတန် သတိထားသင့်ပါတယ်။

အထက်ဖော်ပြပါ အကြောင်းအရာလေးဟာ.. ယခုခေတ် မိဘတွေအတွက် သတိထားစရာ အချက်လေးပါ။ ယခုခေတ် ရဟန်းဘောင် ၀င်ရောက်ချင်တဲ့ လူငယ်တွေ သတိထားပြောသင့်တဲ့ အရာလေးပါ။ ရဟန်းဘောင်ဝင်မယ်ဆို မိဘတွေရဲ့ခွင့်ပြုချက်ရမှ ၀င်လို့ရတာပါ။

ဒီတော့.. မိဘတွေကို အရင်ဆုံး ခွင့်တောင်းမှဖြစ်ပါမယ်။ ဒီလိုခွင့်တောင်း
တဲ့အခါမှာ မိဘတွေက အတင်းတားမယ်.. မ၀င်ပါနဲ့လို့ ပြောမယ်ဆိုရင်.. ဒါဟာ သူတစ်ပါးရဲ့ မဂ်ဥာဏ်ဖိုလ်ဥာဏ်ရမယ့် အခွင့်အရေးတွေ.. တရား
ထူးရမယ့် အခွင့်အရေးတွေကို တားဆီးရာ ရောက်ပါတယ်။ သူတစ်ပါးရဲ့ ရဟန်းပြုခွင့်ကို တားတာဖြစ်တဲ့အတွက် တားမိတဲ့သူတွေဟာ..နောက်ဘ
ဝရောက်ရင် သင်္ကန်းဝတ်ခွင့်.. ရဟန်းဝတ်ခွင့် ဘယ်လိုမှ မဖြစ်နိုင်တော့
ပါဘူး.. ဒါ့ကြောင့် ဒီအချက်လေးကို အထူးမှာလိုပါတယ်။

လူငယ်တွေဘက်ကလည်း ကိုယ်ဖြစ်ချင် ကိုယ်လုပ်ချင်တဲ့ ဆန္ဒတွေကို
ကြီးမကြည့်ပဲနဲ့ မိဘတွေ သဘောတူမတူကို အရင်စဉ်းစားပြီး ပြောဆို
လုပ်ဆောင်သင့်တယ်လို့ အကြံပေးလိုပါတယ်..။ ဒီလိုမှ မဟုတ်ရင် ကိုယ့်အပေါ်မူတည်ပြီး ကိုယ့်ရဲ့မိဘတွေပါ နောက်ဘ၀တွေကျရင် ရဟန်းခံခွင့် ရဟန်းဝတ်ခွင့်မရ ဖြစ်သွားတတ်ပါတယ်။ ဒီအကြောင်း
အရာလေးကို လူငယ်တွေရော လူကြီးတွေရော အထူးအလေးနက်
ထား သိစေချင်ပါတယ်။

အဓိကအနေနဲ့ပြောလိုတာကတော့ သူတစ်ပါးရဲ့ ကုသိုလ်လုပ်ခွင့်ကို မတားမိစေဖို့ကို ပြောလိုတာပါ။ အမှတ်တမဲ့ သတိလက်လွတ်ပြောလိုက်
တဲ့ အကြောင်းအရာလေးတွေဟာ သူတစ်ပါးအတွက် ကုသိုလ်လုပ်ခွင့်ကို တားသလိုဖြစ်သွားရင် ကိုယ့်အတွက် တရားရခွင့်တွေကို ကိုယ်ကိုယ်တိုင် လိုက်လံတားဆီးပြစ်ရာ ရောက်ပါတယ်။

ဒါ့ကြောင့်လည်း ဘယ်စကားပဲပြောပြောဘာအလုပ်ပဲလုပ်လုပ် သတိလေး
နဲ့ အမှားမပါအောင်.. သူတစ်ပါးရဲ့ ကုသိုလ်လုပ်ခွင့်တွေ မတားဖြစ်အောင်
ပြောဆိုလုပ်ကိုင်စေလိုတာပါ။ ကိုယ်ကိုတိုင် ကုသိုလ်တွေ လုပ်နေယုံနဲ့ မပြီးသေးပါဘူး.. ကိုယ့်ကြောင့်လည်း သူများတွေမှာ ကုသိုလ်တွေ လုပ်
ခွင့်ရအောင်.. အကုသိုလ်တွေ ပယ်ဖျောက်ခွင့်ရအောင် လုပ်ဆောင်ပေး
ဖို့လည်း လိုအပ်ပါတယ်။

သူများတွေရဲ့ ကုသိုလ်တရားတွေကို မပိတ်ပင် မတားဆီးမိအောင် သတိထားလုပ်ကိုင်နိုင်ပြီးတော့ ကိုယ်တိုင်လည်း တရားထူးတရားမြတ်
ရရှိအောင် ကျင့်ကြံလုပ်ကိုင်နိုင်ကြပါစေလို့ ဆန္ဒပြု ဆုတောင်းလိုက်ပါ
တယ်။

စာဖတ်သူအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး လိုရာဆန္ဒများတစ်လုံး
တစ်ဝတည်းပြည့်ဝကြပါစေ။

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)
ဝီရဓမ္မ

Wednesday, September 4, 2013

ဥပုသ်အကြောင်းသိကောင်းစရာ။



ဥပုသ်ဟူသော စကားလုံးသည် ဥပေါသထဟူသော ပါဠိမှ ဆင်းသက်လာတာဖြစ်ပါတယ်။
ဥပေါသထကို ဥပ + ၀သထ လို့ခွဲခြားသတ်မှတ်ပါတယ်။

ဥပ - သူ့အသက် မသတ်ခြင်း ၊ သူ့ပစ္စည်းဥစ္စာမခိုးယူခြင်း စသော အကျင့်ကောင်း အကျင့်မြတ်တို့ကို ပြည့်စုံကောင်းမွန်စွာ ဆောက်တည်ကျင့်သုံးခြင်း။
ဝသထ - နေထိုင်ခြင်း လို့အဓိပ္ပါယ်ရပါတယ်။


ဥပုသ်စောင့်သုံးပုံအစီအစဉ်
်*****************************

ဥပုသ်စောင့်သုံးပုံအစီအစဉ်ကို ဆရာတော်အရှင်ဇနကဘိဝံသ ရေးသားသော ရတနာဂုဏ်ရည် စာအုပ်တွင် အောက်ပါအတိုင်း ရေးသားလမ်းညွှန်ထားပါတယ်။

(၁) မနက်ဖြန်ဥပုသ်စောင့်မည်ဟု ကြံစည်သောသူတော်စင်သည် ဥပုသ်စောင့်သည့်အခိုက်၌ အိမ်မှုကိစ္စတွေဆောင်ရွက်ခြင်းငှာ မသင့်သောကြောင့် ယနေ့လိုအခါကပင် အိမ်မှုကိစ္စများကို တာဝန်ရှိသမျှပြီးစီးအောင် စီမံထားရာ၏။

(၂) ချက်ပြုတ်ကျွေးမွေးမည့်သူ အဆင်သင့်ရှိနေလျင် နက်ဖန်မိမိစားဖို့အတွက် ပြောပြစီမံထားရာ၏။ (ဥပုသ်စောင့်သည့်အခိုက် အခါတိုင်းထက်ကောင်းမွန်အောင် စားဖို့ကား မစီမံသင့်ပေ)

(၃) ချက်ပြုတ်ကျွေးမွေးမည့်သူမရှိလျင် နက်ဖန်ကိစ္စနည်းအောင် ပြီးစီးအောင် ၊ စားဖွယ် သောက်ဖွယ်များကို ပြီးစီးအောင်စီမံထားရာ၏။

(၄) နက်ဖန်နံနက်အာရုဏ်တက်ချိန်ကပင် ကိုယ်လက်စင်ကြယ်အောင်ပြု၍ စိတ်ကြည်လင်ရုံမျှ သန့်ရှင်းသောအ၀တ်ကို ၀တ်ဆင်ရာ၏။

(၅) ပန်းပန်မှု ၊ နံ့သာလိမ်းချယ်မှုနှင့် အထူးတလည် ပြင်ဆင်မှုများကို မပြုလုပ်ရာ။

(၆) ထို့နောက် ခပ်စောစော သီလကိုဆောင့်တည်ရာ၏။

(၇) သီလဆောက်တည်ပြီးလျင် ကျွေးမွေးလှုဒါန်းဖွယ်ကိစ္စရှိပါက ပြုလုပ်၍ မရှိပါက မိမိအတွက် သင့်တင့်ရုံသာစီမံ၍ စားသောက်ရာ၏။

(၈) ကျွေးမွေးစားသောက်ပြီးလျင် ကိုယ်လက်မစင်ကြယ်ပါက စင်ကြယ်လာအောင် ရေချိုးရာ၏။

(၉) ထို့နောက် မိမိတစ်ဦးတည်း နေသင့်သူများဖြစ်လျင် တစ်ကိုယ်တည်းနေ၍ အဖော်နှင့်နေသင့်သူဖြစ်က သဘောတူအဖော်နှင့်တကွ သင့်တော်သော ဆိတ်ငြိမ်ရာအရပ်၌ ဗြဟ္မ္မဥပုသ်ကိုစောင့်လိုလျင် ဘုရားဂုဏ်တော်ကို အာရုံပြု၍` နေရာ၏။

(၁၀) တာရှည်စွာဆင်ခြင်၍ မနေနိုင်လျင် တရားစာများကို ဖတ်ရှုနေရာ၏။

(၁၁) နည်းလမ်းကျကျ ဟောပြောပြသည့် ပုဂ္ဂ္ဂိုလ်ရှိလျင် တရားနာရာ၏။

(၁၂) အချင်းချင်းလည်းတရားစကား ဆွေးနွေးမေးမြန်းစူးစမ်းရာ၏။

(၁၃) ညဥ့်အချိန်သို့ရောက်သောအခါ မိမိသီလကိုပြန်၍` ဆင်ခြင်ပြီးလျင် အရိယာသူတော်ကောင်း ရဟန္တာ္တအပေါင်းနှင့် ယနေ့အတွက် မိမိတူမျှပုံကို အောက်မေ့ရာ၏။


ဥပုသ်အမျိုးအစား (၆) မျိုး
**************************

ဥပုသ်စောင့်ရင်း ဆင်ခြင်နေထိုင်ကျင့်သုံးပုံကို တိကင်္ဂုတ္တရ အဋ္ဌကထာ ၊ ၀ိသာခဥပေါသထသုတ်မှာ ဥပုသ်အမျိုးအစား (၆)မျိုးနဲ့ပြဆိုထားပါတယ်။

(၁) ဗြဟ္မ္မုပေါသထ -
ဗြဟ္မ္မဥပုသ်ရှစ်ပါးသီလဆောက်တည်ကာ ဘုရားရှင်၏အရဟံ အစရှိသော ဂုဏ်တော်များကို အဖန်ဖန်ဆင်ခြင်ပွားများ နေထိုင်ခြင်းဖြစ်သည်။

(၂) ဓမ္မုပေါသထ -
ဓမ္မဥပုသ်ဓမ္မဥပုသ်ဆိုသည်ကား သွာက္ခာတော ဘဂ၀တာ ဓမ္မော အစရှိသော တရားဂုဏ်တော်များကို အဖန်ဖန်ဆင်ခြင်ပွားများနေထိုင်သော ဥပုသ်ဖြစ်သည်။

(၃) သံဃုပေါသထ -
သံဃဥပုသ်သုပ္ပဋိပန္နော ဘဂ၀တော သာဝက သံဃော၊ အစရှိသော သံဃာဂုဏ်တော်များကို ဆင်ခြင်ပွားများရင်ဆောက်တည်သော ဥပုသ်ဖြစ်၏။

(၄) သီလုပေါသထ -
သီလဥပုသ်မိမိဆောက်တည်ထားသောသီလ မကျိုးမပေါက်အောင် မပျက်စီးအောင် ထိန်းသိမ်းစောင့်ရှောက်နိုင်မှု့ကို အဖန်ဖန်နှလုံးသွင်း ဆင်ခြင်ပွားများနေထိုင်သောဥပုသ်ကို သီလဥပုသ်လို့ခေါ်ပါတယ်။

(၅) ဒေ၀တုပေါသထ -
ဒေ၀တာဥပုသ်ဘုန်းရှင် ကံရှင် နတ်ဗြဟ္မ္မာများမှာ ရှေးရှေးဘ၀များက သီလစသောကောင်းမှုတရားများကြောင့် နတ်ဗြဟ္မ္မာများဖြစ်ခဲ့ကြရသည်။ ငါ့မှာလည်းယခုအခါ သဒ္ဓါ ၊ သီလဂုဏ်စသော ကောင်းမြတ်သောအကျင့်ဂုဏ်တို့ဖြင့် ပြည့်စုံနေပါပေစွ ဟူ၍ နတ်ဗြဟ္မ္မာတို့၏ ရှေးကအကျင့်ဂုဏ်ကို အခြေပြုလျက် နေထိုင်ဆင်ခြင်သုံးသပ်သော ဥပုသ်ကို ဒေ၀တုပေါသထ ဥပုသ်လို့ခေါ်ပါတယ်။

(၆) အဋ္ဌင်္ဂုပေါသထ -
ရှစ်ပါးသီလအားလုံးကိုဆင်ခြင်သောဥပုသ်ရဟန္တာ္တ အရှင်မြတ်တို့ကား သတ္တ၀ါများအား ၊ နှိပ်စက် ညှဉ်းပန်း သတ်ဖြတ်မှု မရှိသလို ငါသည်လည်းယနေ့အခါ ထို ရဟန္တာ္တတို့လို နေထိုင်အပ်ပေပြီ.. စသည်ဖြင့်ပါဏာတိပါတမှ စ၍ရှစ်ပါးသီလ သိက္ခာပုဒ်များအားလုံး ထိန်းသိမ်းစောင့်ရှောက်ကျင့်သုံးနေထိုင်မှုကို ဆင်ခြင်ပွားများအောက်မေ့ကာ နေထိုင်သောဥပုသ်ကို အဋ္ဌင်္ဂုပေါသထဥပုသ်လို့ခေါ်ဆိုပါတယ်


(၈)ပါးသီလ
************

(၁) ပါဏာတိပါတာ ၊ ဝေရမဏိ သိက္ခာပဒံ ၊ သမာဒိယာမိ။

(၂) အဒိန္နာဒါနာ ၊ ဝေရမဏိ သိက္ခာပဒံ ၊ သမာဒိယာမိ။

(၃) အဗြဟ္မစရိယာ ၊ ဝေရမဏိ သိက္ခာပဒံ ၊ သမာဒိယာမိ။

(၄) မုသာဝါဒါ ၊ ဝေရမဏိ သိက္ခာပဒံ ၊ သမာဒိယာမိ။

(၅) သုရာမေရယ မဇ္ဇပ္ပမာဒဋ္ဌာနာ ၊ ဝေရမဏိ သိက္ခာပဒံ ၊ သမာဒိယာမိ။

(၆) ၀ိကာလဘောဇနာ ၊ ဝေရမဏိ သိက္ခာပဒံ ၊ သမာဒိယာမိ။

(၇) နစ္စ ၊ဂီတ၊ ၀ါဒိတ ၊ ၀ိသုက ၊ ဒဿန ၊ မာလာဂန္ဒ ၊ ၀ိလေပန ၊ ဓာရဏ ၊မဏ္ဍန ၊ ၀ိဘူသနဋ္ဌာနာ ၊ ဝေရမဏိ သိက္ခာပဒံ ၊ သမာဒိယာမိ။

(၈) ဥစ္စာသယန ၊ မဟာသယနာ ၊ ဝေရမဏိ သိက္ခာပဒံ ၊ သမာဒိယာမိ။


(၈)ပါးသီလ၏အနက်အဓိပ္ပါယ်။
်********************************

(၁) ပါဏာတိပါတာ - သူတပါး၏အသက်ကို သတ်ခြင်းမှ ၊ ဝေရမဏိ သိက္ခာပဒံ - ရှောင်ကြဉ်ရာရှောင်ကြဉ်ကြောင်းဖြစ်သော သိက္ခာပုဒ်တော်ကို ၊ သမာဒိယာမိ -ကောင်းစွာဆောက်တည်ပါ၏။

(၂) အဒိန္နာဒါနာ - အရှင်သည် ကိုယ် ၊နှုတ်ဖြင့် မပေးအပ်သော ၊ သူတပါးဥစ္စာခိုးယူခြင်းမှ ၊ ဝေရမဏိ သိက္ခာပဒံ - ရှောင်ကြဉ်ရာရှောင်ကြဉ်ကြောင်းဖြစ်သော သိက္ခာပုဒ်တော်ကို ၊ သမာဒိယာမိ -ကောင်းစွာဆောက်တည်ပါ၏။

(၃) အဗြဟ္မစရိယာ - မမြတ်သောအကျင့်ကို ကျင့်ခြင်းမှ ၊ ဝေရမဏိ သိက္ခာပဒံ - ရှောင်ကြဉ်ရာရှောင်ကြဉ်ကြောင်းဖြစ်သော သိက္ခာပုဒ်တော်ကို ၊ သမာဒိယာမိ -ကောင်းစွာဆောက်တည်ပါ၏။

(၄) မုသာဝါဒါ - မဟုတ်မမှန်သော စကားကိုပြောဆိုခြင်းမှ ၊ ဝေရမဏိ သိက္ခာပဒံ - ရှောင်ကြဉ်ရာရှောင်ကြဉ်ကြောင်းဖြစ်သော သိက္ခာပုဒ်တော်ကို ၊ သမာဒိယာမိ -ကောင်းစွာဆောက်တည်ပါ၏။

(၅) သုရာမေရယ မဇ္ဇပ္ပမာဒဋ္ဌာနာ - ကုသိုလ်ကောင်းမှု့၌ မေ့လျော့ခြင်း၏အကြောင်းဖြစ်သော ၊ သေရည်သေရက်ကိုသောက်သုံးခြင်းမှ ၊ ဝေရမဏိ သိက္ခာပဒံ - ရှောင်ကြဉ်ရာရှောင်ကြဉ်ကြောင်းဖြစ်သော သိက္ခာပုဒ်တော်ကို ၊ သမာဒိယာမိ -ကောင်းစွာဆောက်တည်ပါ၏။

(၆) ၀ိကာလဘောဇနာ - နေ့လွဲညစာ စားခြင်းမှ ၊ ၊ ဝေရမဏိ သိက္ခာပဒံ - ရှောင်ကြဉ်ရာရှောင်ကြဉ်ကြောင်းဖြစ်သော သိက္ခာပုဒ်တော်ကို ၊ သမာဒိယာမိ -ကောင်းစွာဆောက်တည်ပါ၏။

(၇) ၊ နစ္စ ၊ဂီတ၊ ၀ါဒိတ ၊ ၀ိသုက ၊ ဒဿန ၊ မာလာဂန္ဒ ၊ ၀ိလေပန ၊ ဓာရဏ ၊မဏ္ဍန ၊ ၀ိဘူသနဋ္ဌာနာ - ကခြင်း ၊ သီဆိုခြင်း ၊ တီးမှုတ်ခြင်း ၊ တို့ကိုကြည့်ရှု့နားထောင်ခြင်း ၊ ပန်းပန်ခြင်း ၊နံ့သာလိမ်းကျံခြင်း ၊ နံ့သာတို့ဖြင့် ပြေပြစ်အောင်ပြုပြင်ခြင်း၏အကြောင်းမှ ၊ ဝေရမဏိ သိက္ခာပဒံ - ရှောင်ကြဉ်ရာရှောင်ကြဉ်ကြောင်းဖြစ်သော သိက္ခာပုဒ်တော်ကို ၊ သမာဒိယာမိ -ကောင်းစွာဆောက်တည်ပါ၏။

(၈) ဥစ္စာသယန ၊ မဟာသယနာ - မြင့်သောနေရာ ၊ မြတ်သောနေရာထက်၌နေခြင်းမှ ၊ ဝေရမဏိ သိက္ခာပဒံ - ရှောင်ကြဉ်ရာရှောင်ကြဉ်ကြောင်းဖြစ်သော သိက္ခာပုဒ်တော်ကို ၊ သမာဒိယာမိ -ကောင်းစွာဆောက်တည်ပါ၏။


သီလစောင့်ထိန်းခြင်းအကျိုး
******************************

သီလစောင့်ထိန်းခြင်းကြောင့်အကျိုးကျေးဇူးများပုံကို မဟာဗုဒ္ဒ၀င်ပထမပိုင်း ပါရမီတော်ခန်း သီလပါရမီခန်းမှာ ယခုလိုပြဆိုထားပါတယ်။
(၁) မမေ့မလျော့ခြင်း အပ္ပမာဒတရားအခြေခံရှိသောကြောင့် စည်းစိမ်ဥစ္စာတိုးပွားခြင်း။
(၂) ကောင်းသတင်း ကျော်ဇော်ခြင်း။
(၃) ပရိသတ်အလယ်ရဲဝံ့တည်ကြည်စွာ ချဉ်းကပ် ၀င်ရောက်နိုင်ခြင်း။
(၄) သက်တမ်းစေ့နေရကာ မတွေမဝေ ကောင်းမွန်စွာသေရခြင်း။
(၅) သေပြီးနောက် လူ့ပြည် နတ်ပြည် စသောကောင်းရာသုဂတိဘ၀များ ရောက်ရခြင်း စသည့်ကောင်းကျိုးတရား ငါးပါးရရှိစေပါတယ်။

ထိုမျှမက ဥပုသ်စောင့်ထိန်းခြင်း၏ကောင်းကျိုးတရားများပုံကို မြတ်စွာဘုရားသည် သာဝတ္တိံပြည် ပုဗ္ဗာရုံကျောင်းတော်၌ သီတင်းသုံးစဉ် ကျောင်းအမကြီး ၀ိသာခါအား ဤသို့ဟောကြားတော်မူခဲ့၏။

“ ၀ိသာခါ ၊ အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော ဥပုသ်ကိုစောင့်သုံးရခြင်းကား အကျိုးအာနိသင်အလွန်ကြီးမားလှ၏။ အဘယ်မျှကြီးမားသနည်းဟူကား… ရတနာအမျိုးမျိုး ပြည့်ဖြိုးကြွယ်ဝသည့် တိုင်းကြီး ၁၆ တိုင်းကိုအစိုးရသော စကြာမင်းကြီး၏စည်းစိမ်သည် ဥပုသ်စောင့်ခြင်းကြောင့်ဖြစ်ပေါ်လာသည့်အကျိုး၏ ၁၆ စိတ်၊ စိတ်၊ တစ်စိတ်ကိုမျှမမီနိုင်ပေ။တနည်းကား… ၂၅၆ စိတ် စိတ် တစ်စိတ်ကိုမျှ မမှီနိုင်ချေ။အဘယ်ကြောင့်ဆိုသော် ဥပုသ်စောင့်ခြင်းကြောင့် ကာမသုဂတိဖြစ်သော နတ်ဘုံ နတ်ချမ်းသာ နတ်စည်းစိမ်ကို အလွယ်တကူပင်ရရှိသောကြောင့် ဖြစ်သည်။ လူ့စည်းစိမ်လောက်ကား ဆိုဖွယ်မရှိချေ ”
(နက်ဖန်နံနက်ဝါခေါင်လကွယ် ဥပုသ်နေ့မှာ ဥပုသ်သီတင်းဆောက်တည်ဖို့ ဓမ္မမိတ်ဆွေအပေါင်းအား နှိုးဆော်အသိပေးအပ်ပါတယ်။ ဖတ်မိ မှတ်မိ လေ့လာမိသမျှ ဗုဒ္ဒ၏အဆုံးအမစကားများအား ပြန်လည်မျှဝေလိုက်ပါတယ်ရှင့်။)


credit Khaing Khaing Win.

“ပုထုဇဉ်ဟူသည်”





 
 
“ပုထုဇဉ်ဟူသည်”
•••••••••••••••••••
တို့လူတွေက တယ်ခက်တယ်။

တစ်ခါတစ်ရံ အဆင်မပြေတာ ကြုံရတဲ့အခါ ဒေါသဖြစ်ချင်ကြတယ်။

အချို့များမှာ ပုထုဇဉ်ပဲ ဖြစ်မိတာပေါ့ဆိုတဲ့ ဆင်ခြေလေးနဲ့ ဖြေတက်ကြတယ်။

ပုထုဇဉ်မို့ ဆိုတာလေးပြောရတာ သိပ်ကျေနပ်နေပုံပဲ။

ဘာဖြစ်လို့ ပုထုဇဉ်လို့ ခေါ်တာလဲဆိုတာတော့ ထည့်မစဉ်းစားဘူး။

'ပုထု - ကိလေသာ ဇာနေတီဟိ ပုထုဇ္ဇနေဝ' တဲ့။
♠ ပုထု - ကိလေသာ၊
♠ များပြားလှစွာသော ကိလေသာဆိုးအမျိုးမျိုးတို့ကို။
♠ ဇာနေတိ- ဖြစ်စေတက်၏။
♠ ဣတိတသ္မာ- ထို့ကြောင့်။
♠ ပုထုဇ္ဇနေဝ- ပုထုဇဉ်မည်၏ တဲ့။

ပုထုဇဉ်ဆိုတဲ့ အဓိပ္ပါယ်ဟာ လောဘကိလေသာအားကြီးသူ၊ ဒေါသကိလေသာအားကြီးသူ၊ မောဟကိလေသာအားကြီးသူလို့ ဆိုလိုတယ်။

ဒီလူ ကိလေသာအတော်အားကြီးတယ် လို့ ဆိုရင် ရှက်စရာကြီးမဟုတ်လား။

ဒါပေမဲ့ ဒီအဓိပ္ပါယ်ကို မတွေးမိဘဲ ဒါကတော့ ပုထုဇဉ်ကိုးလို့ ပြောရတာတော့ ဟန်ကျတယ် ထင်နေကြတယ်။

တချို့ ဒါယကာ၊ ဒါယိကာမကြီးတွေက တရားစကားလေး ဘာလေးပြောရင် တပည့်တော်တို့ကတော့ ပုထုဇဉ်ကိုးဘုရား၊ဘာညာနဲ့ သူတို့က ဒီအခေါ်လေးနဲ့ ကျေနပ်နေလိုက်ကြတာ။

(ပဋ္ဌာန်းသိပ္ပံဆရာတော်ကြီး ဘဒ္ဒန္တဣန္ဒက)

Friday, August 30, 2013

ကရင်ပြည်နယ် သို့ အဓိက လာရောက်သူများမှာ သမိုင်းဆိုင်ရာ သုတေသီ အများဆုံး ဖြစ်ကြောင်း သိရ



ကရင်ပြည်နယ် ရှိ ရှေးဟောင်း ဘုရားစေတီ များကို ဂူကြီးများအတွင်း ထုလုပ်ထားခဲ့မှု များသည် လွန်ခဲ့သော အေဒီ ၇ ရာစုအတွင်းက ထုလုပ်ထား ခဲ့သည် ဆိုသော သမိုင်းဆိုင်ရာ ယဉ်ကျေးမှု အမွေအနှစ် များကို လာရောက် လေ့လာသော သမိုင်း သုတေသီများမှာ ကရင်ပြည်နယ် သို့ လာရောက်ကြပြီး ပြင်သစ် ပညာရှင်များ အဓိက လာရောက် ကြကြောင်း ကရင်ပြည်နယ် ၏ ရှေးဟောင်း ဘုရားများကို စောင့်ရှောက်နေ သူတစ်ဦးဖြစ်သူ ဆရာကြီး မောင်မောင်ကြည် က ပြောကြားခဲ့သည်။


ကရင်ပြည်နယ်တွင် ကော့ကွန်းဂူ ၊ ရသေ့ပျံဂူ များမှာ ရှေးမွန်ကျောက်စာ များအပါအဝင် ရှေးဟောင်းဂူကပ် ဘုရားရုပ်တုတော် များရှိသောကြောင့် နိုင်ငံတကာ သမိုင်း သုတေသန များ အများအပြား လာရောက် ကြသော နေရာဖြစ်ပြီး သမိုင်းဆိုင်ရာ စာတမ်းများရေး သားထုတ်ဝေ နိုင်ရန် တိုင်းရင်းသားများ နှင့် သမိုင်းဆိုင်ရာ အချက်အလက် များရရန် ကရင်ပြည်နယ် သို့ လာရောက်ခြင်း ဖြစ်ကြောင်း သိရသည်။


ကရင်ပြည်နယ်တွင် တန်ဖိုးမဖြတ် နိုင်သော ရှေးဟောင်း အမွေအနှစ် များစွာရှိနေပြီး ကော့ကွန်းဂူမှာ ၇ ရာစုနှစ် လောက်က ကျောက်စာများ ပါရှိနေပြီး အခြားသော ထုံးကျောက်ဂူ များတွင်လည်း ရှေးဟောင်း လက်ရာ အများအပြား ကျန်ရှိ နေနိုင်သေးပြီး လေ့လာမှုများ ပြုလုပ်ရန် လိုအပ် နေသေးကြောင်း သိရသည်။



ကရင်ပြည်နယ်သည် နိုင်ငံတကာ ခရီးသွားလုပ်ငန်း မြှင့်တင်နိုင်သော ဒေသကြီးဖြစ်ပြီး အိမ်နီးချင်း ထိုင်းနိုင်ငံ နှင့် နယ်စပ်မြို့ကြီး နှစ်မြို့ထိစပ်နေမှု များကြောင့် နိုင်ငံတကာ ခရီးသွား အများအပြား လာရောက်ရာ ထိုင်းနိုင်ငံမှ တစ်ဆင့် လာရောက် လည်ပတ်ရန် အကောင်းဆုံး အနေအထား တွင်ရှိနေပြီး ကရင်ပြည်နယ် ခရီးသွား လုပ်ငန်းမှ ၀င်ငွေ အများအပြား ရရှိနိုင်သော အခြေအနေ တွင် ရှိကြောင်း သိရှိရသည်။

ဗုဒ္ဓဘာသာဝင်တို့အတွက် ဥပုသ်စောင့်ပုံအစီအစဉ်


၁။ ဥပုသ်စောင့်မည်နေ့တွင် အရုဏ်တက်ချိန်ကပင်
ကိုယ်လက်များကို စင်ကြယ်အောင်ပြု၍ စိတ်
ကြည်လင်ရုံမျှ သန်ရှင်းသောအဝတ်များကိုဝတ်ဆင်
သင့်သည်။

၂။ ပန်းပန်ခြင်း နံ့သာလိမ်းခြင်းနှင့်အထူးတလည်
ပြင်ဆင်ခြင်းများကို ကြိုတက်၍လည်း မပြု
လုပ်သင့်။ဥပုသ်သီလနှင့် ဆန့်ကျင်သော ဖြီးလိမ်း
ချယ်လှယ်မှု မှန်သမျှ ရှောင်ကြဉ်ရသည်။

၃။ စောနိုင်သမျှ စောစွာ သီလ ဆောက်တည်သင့်သည်။

၎။ သင့်လျော်သောစိတ်ငြိမ်ရာ အရပ်၌ ဂုဏ်တော်
တစ်ပါးပါး ကိုဖြစ်စေ| ဘာဝနာတစ်ခုခု ကိုဖြစ်
စေ ဆင်ခြင်ပွားများနေသင့်သည်။

၅။ ကြာရှည်စွာတရားကို ဆင်ခြင်မ နေနိုင်လျှင် တရားစာ
များကို ကြည့်ရှု ရွတ်ဖတ်နေသင့်သည်။

၆။ တရားဟောမည့်သူရှိလျှင်တရားနာနေသင့်သည်။
အချင်းချင်းလည်း တရားစကားများပြောဆိုနေသင့်သည်။

၇။ ညဥ့်အချိန်ရောက်သောအခါ မိမိသီလစသည်
ကို ဆင်ခြင်ပြီးလျှင် မိမိသည်ယ နေ့အဖို့ မြတ်
သော သီလ|သမာဓိ|ပညာ တို့ဖြင့်အချိန်ကုန်လွန်
ရပုံကို အောက့်မေ့ကာ ဝမ်းသာကြည်နူးနေသင့်သည်။

ထာဝရအလင်းတန်းများ

Thursday, August 29, 2013

ဗုဒ္ဓဘာသာဝင်တို့  ယုံကြည် ကိုးကွယ်နေကြတဲ့ ဘုရားရှင်ဆိုတာ



ဗုဒ္ဓဘာသာဝင်တို့  ယုံကြည် ကိုးကွယ်နေကြတဲ့ ဘုရားရှင်ဆိုတာ အလိုအလျှောက် ဖြစ်လာတဲ့ ဘုရားမဟုတ်သလို ဖန်ဆင်းရှင်က ဖန်ဆင်းလိုက်လို့  ဖြစ်လာရတဲ့ ဘုရာမျိုးလည်း မဟုတ်ပါဘူး။

တစ်စုံတစ်ယောက်ရဲ့ ကိုယ်စားလှယ် အဖြစ်နဲ့  ပေါ်ထွက်လာရတဲ့ ဘုရားလည်းမဟုတ်ပါဘူး။

ဘုရားဖြစ်နိုင်ဖို့  အကြောင်းတရားတွေကို လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း တိုင်အောင် ကိုယ်တော်တိုင် ကျင့်ကြံအားထုတ်တော် မူခဲ့လို့ ဘုရားဖြစ်လာခဲ့တာပါ။ ဘုရားတစ်ဆူဖြစ်လောက်တဲ့ အကြောင်းကောင်းမှုတွေကို ပြုလုပ်တော်မူခဲ့လို့  ဘုရားဖြစ်မှုဆိုတဲ့ အကျိုးကို ထိုက်ထိုက် တန်တန်ရတော်မူခဲ့တဲ့ ဘုရားဖြစ်ပါတယ်။

သတ္တ၀ါတွေကို ကယ်တင်တယ် စောင့်ရှောက်တယ်လို့  သတင်းလွှင့်ထားပြီး ဘယ်သူမှမမြင်ရအောင် ရှောင်ပုန်းကွယ်ဝှက်နေတတ်တဲ့ ဘုရားမျိုးလည်းမဟုတ်ပါဘူး။

ကိုယ်တော်တိုင် မဟုတ်ပဲ တပည့်တွေမှတဆင့် လှုပ်ရှားဝါဒဖြန့် တတ်တဲ့ ဘုရားမျိုးလည်း မဟုတ်ပါဘူး။

ဘုရားဖြစ်တော်မူကြောင်းကို ကိုယ်တော်တိုင် ၀န်မခံပဲ တဆင့်ခံတွေကပြောပေးရတဲ့ ဘုရားလည်းမဟုတ်ပါဘူး။

ကောသလမင်း၊ ဗိမ္မိသာရမင်းတို့ လို မင်းပရိသတ်အလယ်၊ ပေါက္ခရသာတိ ဗြဟ္မာယုတို့ လို ပညာရှိပရိသတ် ဗိုလ်ပုံအလယ်မှာ ကိုယ်တော်တိုင် ရဲရဲဝံ့ဝံ့ ၀န်ခံတော်မူခဲ့တဲ့ ဘုရားဖြစ်ပါတယ်။

မကောင်းမှုဒုစရိုက် ကိစ္စတို့ ကို အထုံဝါသနာပါ မကျန်ရအောင် ပယ်ရှားပြီးဖြစ်လို့  မည်သို့ သော မကောင်းမှုမျိုးကိုမျှ ပြုလုပ်ပြောဆို ကြံစည်တာမျိုး မရှိပါဘူး။

ဘုရားရှင်ဟာ သူ့ ကိုယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ ဘယ်လိုပုဂ္ဂိုလ်မျိုးကိုမှ ဆဲဆိုကြိမ်းမောင်းတာမျိုး၊ ကျိန်ဆဲဒဏ်ခတ်တာမျိုး၊ အပြစ်ပေးအရေးယူတာမျိုး တစ်ခုမှလုပ်လေ့မရှိပါဘူး။

ကောင်းသော အကျိုးလိုလားမှု ကြင်နာသနားမှုမျိုးနှင့်သာ သတ္တ၀ါအားလုံးကို ဆက်ဆံပြောဆိုတော်မူပါတယ်။

သတ္တ၀ါတွေရဲ့ အကျိဇုးကို မနေမနားဆောင်ရွက်တော်မူလို့  သတ္တ၀ါပေါင်းများစွာဟာ ဘုရားရှင်ကို အမှီပြုလို့  ကောင်းကျိုးအမျိုးမျိုးကိုသာ ရရှိခံစားကြရပါတယ်။

ပထမဦးဆုံး ဟောတော်မူခဲ့တဲ့ တရားပွဲ တစ်ခုတည်းမှာတင်ကို သတ္တ၀ါတွေ ကုဋေချီပြီး မဂ်ဥာဏ် ဖိုလ်ဥာဏ်ကို ရရှိတော်မူခဲ့ကြပါတယ်။ သူတို့ ဘ၀တွေ သံသရာချီခဲ့တဲ့ ၀ဋ်ဆင်းရဲကို အပြီးတိုင် အဆုံးသတ်နိုင်ခဲ့ကြပါတယ်။

ဘုရားရှင်ရဲ့ တစ်သက်တာ နဲ့  လေ့လာကြည့်မယ် ဆိုရင် လောကီကောင်းကျိုး၊ လောကုတ္တရာကောင်းကျိုး တွေကိုရရှိသွားကြတဲ့ သတ္တ၀ါတွေ မရေမတွက်နိုင်အောင် များပြားလှပါတယ်။

ဘုရားရှင်တော်ကို အကြောင်းပြုပြီး ကောင်းကျိုးအမျိုးမျိုးကို နှစ်ပေါင်း ၂၅၀၀ ကျော်ပြီးဖြစ်တဲ့ ယနေ့ တိုင်အောင် သတ္တ၀ါတွေ ရယူနေနိုင် ကြဆဲ ဖြစ်ပါတယ်။


- အရှင်နန္ဒသေနာလင်္ကာရ၏ ဘာသာရေးအနှစ်သာရများ

Wednesday, August 28, 2013

“ဆရာနဲ့တပည့်”


ဆရာ။ ။ကမ္ဘာကျော် နှာဗူးမင်းသားကြီးရဲ့အမည်ကိုသိချင်ပါတယ်တပည့်

တပည့်။ ။ ဂျိမ်းစ်ဘွန်းပါ ဆရာ

ဆရာ ။ ။ twillight ကားထဲမှာ မင်းသားက မင်းသမီးကို အခြား vampire တွေရဲ့ သွေးစုပ်ခြင်းမခံရအောင် ကယ်ခဲ့တာ ဘာဖြစ်လို့လဲ

တပည့် ။ ။ သူ စုပ်ချင်လို့ပါဆရာ

ဆရာ ။ ။တပည့်တို့တရုတ်ပြည်ရောက်ရင်ပထမ ဆုံးပြောရမဲ့စကားက....

တပည့် ။ ။ ကျူးမီးဝါး ပါဆရာ

ဆရာ ။ ။မြန်မာလူမျိုးများရဲ့ အတောင့်တဆုံးအရာက....

တပည့် ။ ။ ၁၅၀၀ တန် ဖုန်းပါ ဆရာ

ဆရာ ။ ။အဆိုတော်ဝိုင်းဝိုင်းရဲ့ သီချင်းတွေ ဘာလို့ လူကြိုက်များတာလဲ

တပည့် ။ ။တရုတ်ပြည်မှာ..ကျော်ကြားပီးသားဖြစ်နေလို့ပါ

ဆရာ ။ ။Metal ဂီတ ဆိုတာဘာလဲ

တပည့် ။ ။နားထောင်ရင် ရင်ကွဲပီး.....ဆိုလိုက်ရင်ဖင်ပြဲတဲ့ဂီတပါဆရာ

ဆရာ ။ ။ရန်ကုန်မြို့ လမ်းလည်ခေါင်မှာ touch mobile တစ်လုံးကိုင်ပီး ဟိုပွတ်ဒီပွတ် လုပ်နေတဲ့ သူတွေကိုဘယ်လိုမြင်လဲ

တပည့် ။ ။မျောက်အုန်းသီး ရနေတယ်လို့မြင်ပါတယ်ဆရာ

ဆရာ ။ ။ဆရာတို့မြန်မာပြည်မှာ သယံဇာတ တွေ...ပေါများကြောင်းကို ဘယ်သူတွေပိုသိသလဲ

တပည့် ။ ။တရုတ်တွေကပိုသိပါတယ် ဆရာ

ဆရာ ။ ။ ဘွဲ့ရပီးရင် ဘာလုပ်မယ်လို့စိတ်ကူးတုန်း...

တပည့် ။ ။အဖေ့ ဆိုက်ကား ၀င်နင်းမယ်လို့ စိတ်ကူးထားပါတယ် ဆရာ


ads.com.mm

Tuesday, August 27, 2013

ဗုဒ္ဓဘာသာဝင်ဆိုတာ



ဗုဒ္ဓဘာသာဝင် ဆိုတဲ့စကားဟာ အလွန်ကျယ်ဝန်းတဲ့ စကားဖြစ်ပါတယ်။ နာမည်ခံ ဗုဒ္ဓဘာသာဝင် အဆင့်ကနေ မဂ်ဖိုလ်သိမြင် အရိယာတွေ အထိပါဝင်တဲ့ စကားဖြစ်လို့  အလွန်ကျယ်ပြန့် လှပါတယ်။

ဒီတော့ ကျောင်းသားတွေကို မူလတန်း၊ အလယ်တန်း စသည်ဖြင့် ခွဲခြားသတ်မှတ် သလိုမျိုး ဗုဒ္ဓဘာသာဝင်တွေ ကိုလည်း အျမိုးအစား အဆင့်ခွဲပြီး ကြည့်သင့်လှပါတယ်။

အနိမ့်စားဗုဒ္ဓဘာသာဝင်။ ..... ။ ရတနာသုံးပါးကို အလေးအနက်ယုံကြည် ကိုးကွယ်ပြီး ကံနှင့် ကံ၏အကျိုးပေးကို အကြွင်းမဲ့ ယုံကြည်လက်ခံသူ။

အလယ်အလတ်ဗုဒ္ဓဘာသာဝင်။ .... ။ ပြဆိုခဲ့တဲ့ အင်္ဂါရပ်တွေအပြင် ရုပ်နာမ်တရားတွေရဲ့ အနိစ္စသဘော ဒုက္ခသဘော အနတ္တသဘောတို့ ကို ၀ိပဿနာဥာဏ်နှင့် ထင်ထင်ရှားရှား သိမြင်သူ။

အထက်တန်းဗုဒ္ဓဘာသာဝင်။ ... ။ မဂ်ဥာဏ် ဖိုလ်ဥာဏ်ရရှိပြီး ဖြစ်တဲ့ အရိယာပုဂ္ဂိုလ် မြတ်များ။

ဒီလိုမျိုး အဆင့်တွေ ကွဲပြားသလိုမျိုး ဗုဒ္ဓဘာသာဝင် ဖြစ်ရလို့  ရရှိလာမယ့် အကျိုးတရားတွေ၊ အနာဂတ် မျှော်လင့်ချက်တွေ ကလည်းကွဲပြားသွားတာပါပဲ။



အရှင်နန္ဒသေနာလင်္ကာရ၏ ဘာသာရေးအနှစ်သာရများ

CREDIT..../သူတော်ကောင်းတို-့လျှောက်သောလမ်း

Monday, August 26, 2013

"... ဗုဒ္ဓ မြတ်စွာဘုရားရှင်၏ တရားတော်များ ..."


ဗုဒ္ဓမြတ်စွာဘုရားရှင်ဟာ တရားတော်ပေါင်း များစွာကို ဟောကြားတော် မူခဲ့ရာ ထိုတရားတော်များကို အကျဉ်းချုပ် လိုက်မည် ဆိုပါလျှင် ..

၁။ ပရိယတ္တိ ဓမ္မ။ ... ။ သင်ယူလေ့လာ ကျင့်ကြံ အားထုတ်မှုအပိုင်း။

၂။ မဂ္ဂ ဓမ္မ။ ... ။ ဆိုင်ရာ အကုသိုလ် ဒုစရိုက်ကို အပြီးတိုင် ပယ်သတ်မှုအပိုင်း။

၃။ ဖလ ဓမ္မ။ ... ။ ဆိုင်ရာအကုသိုလ် ဒုစရိုက်တို့ မှ ငြိမ်းအေးမှုအပိုင်း။

၎။ နိဗ္ဗာန ဓမ္မ။ ... ။ ရုပ်နာမ်ဓမ္မ၊ သင်္ခါရ တရားအားလုံးမှ လွတ်မြောက်မှုအပိုင်း။

ဆိုပြီး (၄) ပိုင်းခွဲနိုင်ပါတယ်။

ထို (၄) မျိုးထဲမှ ပရိယတ္တိ ဓမ္မနှင့် နိဗ္ဗာန ဓမ္မကို ဘာသာခြားတို့ က နာမည်တူကူးယူ ဖော်ပြကြပေမယ့် မဂ္ဂဓမ္မနှင့် ဖလဓမ္မတို့ ကတော့ ခက်ခဲနက်နဲသည့် အပိုင်းများဖြစ်တာမို့  နာမည်တူ ကူးယူဖော်ပြဖို့ ကိုပင် မစွမ်းနိုင်ကြတဲ့ အရာတွေဖြစ်ပါတယ်။ ယနေ့ တိုင်အောင်လည်း ကူးယူဖော်ပြဖို့  မစွမ်းနိုင်ကြသေးပါဘူး။

ထိုတရားတို့ ဟာ သူတစ်ပါးကြား ကောင်းရုံ၊ ၀ါဒဖြန့် ကောင်းရုံ အဆင့်အတန်းတရားမျိုး မဟုတ်ပါဘူး။ သူတစ်ပါးဆီက တဆင့်ယူပြီး ဟောပြောတာ မဟုတ်သလို ထင်မြင်ချက် ကြံဆချက်မျှနှင့် ဟောပြောထားတာလည်း တစ်ခုမှ မဟုတ်ပါဘူး။ လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလကြာအောင် ကိုယ်တော်တိုင် လေ့လာစမ်းသပ်တော်မူ ခဲ့ရုံသာမက ဘုရားဖြစ်တော်မူမည့် ဘ၀မှာပင် (၆)နှစ်ကြာအောင် အပင်ပန်းခံ စမ်းသပ်စစ်ဆေးတော်မူပြီးမှ ဟောတော်မူထားတဲ့ တရားတော်တွေ ဖြစ်ပါတယ်။

ဤတရားတော်များဟာ

- တမလွန် လောကီချမ်းသာများကိုသာမက မဂ်ချမ်းသာ၊ ဖိုလ်ချမ်းသာ၊ နိဗ္ဗာန် ချမ်းသာများကိုပါ ရစေမည့် လမ်းကောင်းလမ်းမှန် အကျင့်ကောင်းအကျင့်မှန် တွေကို ဖော်ညွှန်းပြဆိုထားသည့်ဂုဏ်။

- လူပြောသူပြော ယုံကြည် လက်ခံရသော အရာမဟုတ်၊ ကိုယ်တိုင် ကျင့်ကြံအားထုတ်လျှင် ကိုယ်တိုင်သိမြင်နိုင်၊ ရယူခံစားနိုင်သည့်ဂုဏ်။

- ဘယ်အချိန်ရောက်မှ၊ ဘယ်သူဆုံးဖြတ်ချက်ပေးမှ၊ ဘယ်သူခွင့်ပြုချက်ရမှ ဆိုပြီး အချိန်ကာလ ကန့် သတ်ပိုင်းခြားထားမှု မရှိပဲ ဆိုင်ရာအကုသိုလ် ဒုစရိုက်တို့ ကို ပယ်မှု ဆိုတဲ့ အကြောင်းတရားကို လုပ်နိုင်လျှင် ဆိုင်ရာအပူဘေးကင်းဝေးမှု၊ ဆိုင်ရာဝဋ်ဆင်းရဲက လွတ်မြောက်မှု ဆိုသော အကျိုးကို လက်ငင်းခံစားရသည့်ဂုဏ်။

- တရားတော်ကို လေ့လာမှုနှင့် ကျင့်ကြံအားထုတ်မှု အပိုင်းမှာ ဘယ်နိုင်ငံသား၊ ဘယ်လူမျိုး၊ ဘယ်လိုအဆင့်အတန်းရှိသူ စသည်ဖြင့် ကန့် သတ်ပိတ်ပင်မှုမရှိပဲ အနောက်တိုင်းသားဖြစ်စေ၊ အရှေ့ တိုင်းသားဖြစ်စေ၊ ဘုရင်ဧကရာဇ်ဖြစ်စေ၊ လက်အောက်ငယ်သား အမှုထမ်းဖြစ်စေ၊ သူဌေးကြီးဖြစ်စေ၊ သူဆင်းရဲဖြစ်စေ၊ ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ လေ့လာကျင့်ကြံအားထုတ်ဖို့ ရာ မည်သူ့ ကိုမဆို ဖိတ်ခေါ်လမ်းဖွင့်ထားရဲသည့်ဂုဏ်။

- မဂ် (၄) မျိုးထဲမှ အောက်ဆုံး သောတာပတ္တိမဂ်ကို ရယူနိုင်လျှင်ပင် အပါယ်ဆင်းရဲ ဒုက္ခဘေး အပေါင်းမှ အပြီးတိုင် ကင်းလွတ်ရရုံသာမက မကြာမီကာလတွင် ဒုက္ခအားလုံးမှ ကင်းလွတ်နိုင်တာမို့  ဘယ်လိုအခက်အခဲ အကျဉ်းအကျပ်နှင့် ကြုံရသည်ဖြစ်စေ၊ မဖြစ်မနေအားထုတ် ထိုက်သည့်ဂုဏ် -
စသောဂုဏ်တော် သတ္တိထူးများစွာနှင့် ပြည့်စုံတော်မူသည့် တရားတော်များဖြစ်ပါတယ်။


အရှင်နန္ဒသေနာလင်္ကာရ သာသနာရေးအနှစ်သာရများ
သူတော်ကောင်းတို့ လျှောက်သောလမ်း

Saturday, August 24, 2013

ရောင်ရဲခြင်းဖြင့် ဘ၀တိုးတက်ကြီးပွာမှုကိုတည်ဆောက်ခြင်း


နိုင်ငံခြားသားအများစုနှင့် ပြည်တွင်းရှိအချို့သောလူတို့သည် မြန်မာနိုင်ငံဆင်းရဲရခြင်းမှာ ဗုဒ္ဓဘာသာကြောင့်ပင်ဖြစ်သည်ဟု ရည်ညွှန်းပြောဆိုကြသည်ကို ခဏခဏပင်ကြားခဲ့ရပါသည်။ ထိုသူတို့ထောက်ပြသည်မှာ မြတ်ဗုဒ္ဓဟောတော်မူခဲ့သော သန္တုဋ္ဌီ (ရောင့်ရဲခြင်း=သန္တုဋ္ဌီ စ ကတညုတာ)ဟူသော မင်္ဂလာတရားတရားပင် ဖြစ်ပါသည်။

ဤစကားသည်-
Self Truth= ကိုယ်ပိုင်အမှန်တရား
General Truth= ယေဘုယျအမှန်တရား
Natural Truth= သဘာဝအမှန်တရား
Universal Truth= စကြ၀ဠာအမှန်တရား
Reallity Truth= တကယ့်အမှန်တရား
The Four Noble Truth= သစ္စာလေးပါးအမှန်တရားဟူသော ဘောင်များသို့ သွင်းချိန်နှိုင်းစလိုက်မည်ဆိုပါက ကိုယ်ပိုင်အမှန်တရားသာ ဖြစ်ပေသည်။ မြတ်ဗုဒ္ဓ၏တရားတော်နှင့်ပတ်သက်သော စာပေ၀မ်းစာနည်းပါးမှုကို ထိုသူတို့၏ယူဆချက်က သက်သေခံလျှက်ရှိပေသည်။

ဘာကိုရောင့်ရဲရမည်နည်း?
ဘယ်လိုရောင့်ရဲရမည်နည်း?
ဟူသော အခြေခံသဘောတရားတို့ကို ဦးစွာဆန်းစစ်ရပါမည်။ မြတ်ဗုဒ္ဓ၏ပင်မဆိုလိုချက်ကိုသဘောပေါက်နားလည်သည့်အထိ လေ့လာပြီးမှ ကိုယ့်အယူအဆကို တင်ပြသင့်ပေသည်။

ရောင့်ရဲတင်းတိမ်မှုသည် ကြီးပွားတိုးတက်ခြင်း၏အဟန့်အတားဖြစ်သည်ဟု လက်ခံကြသူများစွာရှိပေသည်။ ရောင့်ရဲခြင်းသည် တိုးတက်ခြင်း၏ ဆန့်ကျင်ဘက်ဟုတ်/မဟုတ် ဦးစွာစဉ်းစားရပေမည်။

ဥပမာအားဖြင့် ကုန်သည်တစ်ယောက်သည် မိမိရောင်းသောကုန်ကို အမြတ်ငွေ ဆယ့်ငါးရာခိုင်နှုန်းရမှ ရောင်းချမည်ဟု စိတ်ပိုင်းဖြတ်ကာ ကုန်သွယ်မှုလုပ်သည်။ ထို့ထက်ပို၍လည်း အလိုအာသာမကြီး ရောင့်ရဲသောစိတ်ဖြင့် ပုံမှန်လုပ်ငြားအံ့ စိတ်ချမ်းမြေ့မှုကိုရကာ တိုးတက်မှုအတွက် အဟန့်အတားမဖြစ်ပါ။

အချို့သောစီးပွားရေးလုပ်ငန်းရှင်တို့သည် မိမိစီးပွားရေးတွင် အို..ဒီလောက်ဆို လုံလောက်ပါပြီ..ဟု ပြောဆိုကာ လုပ်ငန်းကိုတိုးချဲ့ခြင်းမပြုကြတော့ပေ၊ ဤသည်မှာ ရောင့်ရဲမှုမဟုတ် ဆုတ်နစ်သောလုံ့လသာဖြစ်ပေသည်။ ဆုတ်နစ်ခြင်းသည် တင်းတိမ်ရောင့်ရဲမှု မဟုတ်ပါ။ ၀ီရိယလျော့ကာ စိတ်လျှော့ခြင်းသာဖြစ်ပါသည်။

အမှန်တကယ်အားဖြင့် ရောင့်ရဲမှုဟူသည်မှာ မိမိပိုင်ဆိုင်မှုကို သိမ်းဆည်းတတ်မှုကိုပင်ဖြစ်သည်။ စီးပွားရေးလုပ်သူသည် ရောင့်ရဲမှုရှိမှသာ ပစ္စည်းဥစ္စာကို စုဆောင်းနိုင်ပေမည်။ ရောင့်ရဲမှုမဲ့ကာ အလွန်အကျွန်သုံးစွဲအံ့ ငွေကြေးပြဿနာများ..ငွေကြေးအကျပ်အတည်းများ ပေါ်ပေါက်လာနိုင်ပေသည်။

မြတ်ဗုဒ္ဓဆိုလိုသော (သန္တုဋ္ဌီ စ ကတညုတာ)ဟူသည်မှာ မိမိပိုင်ဆိုင်မှုဖြင့် ကျေနပ်နှစ်သိမ့်မှု စိတ်ချမ်းမြေ့မှုတို့ကို ဖန်တီးနိုင်ခြင်း..မင်္ဂလာတရားပင်ဖြစ်ပါသည်။ ထို့ကြောင့် ဥစ္စာဓန-နှင့် ခိုင်းနှိုင်းကာ သန္တဋ္ဌီ ပရမံ ဓနံ..ရောင့်ရဲမှုသည် မြတ်သောဥစ္စာ..ဟု တင်းစားခြင်းဖြစ်ပေသည်။

သန္တုဋ္ဌီ-ရောင့်ရဲမှု၏ဆန့်ကျင်ဘက်ဖြစ်သော မဟိစ္ဆ-အလို..လောဘ.. ရမ္မက်ကြီးမှုသည်သာ တိုးတက်ကြီးပွားခြင်း၏ ဆန့်ကျင်ဘက်ဖြစ်ပေသည်။

လူသည် ဘ၀တဏှာဖြင့် ဘ၀ကိုဖန်တီးခဲ့ကြသူများဖြစ်၍ လိုချင်တပ်မက်မှုများ အချိန်တိုင်းဖြစ်ပေါ်တတ်သော သတ္တ၀ါဖြစ်ပေသည်။ မိမိမပိုင်သေးသောအရာများကိုပိုင်ဆိုင်လိုသည့်အပြင် ပိုင်ဆိုင်ပြီးသောအရာများကိုလည်း ကောင်းသည့်ထက်ကောင်းအောင် တောင့်တတတ်သည်သာတည်း၊။

ရလိုမှုဖြင့်ရှင်သန်နေသောလူတစ်ယောက်သည် ငြိမ်းချမ်းခြင်းအရသာကို ထိတွေ့ခံစားခွင့်ရရန်မလွယ်ကူပေ။ လိုအပ်ချက်…လိုအပ်ချက်.. လိုအပ်ချက်တို့ဖြင့်သာ ကျင်လည်နေသူသည် ဘ၀တိုးတက်ရေးအတွက် မှားယွင်းသောနည်းလမ်းများစွာကို အသုံးမိခြင်းများကြုံတွေ့ရနိုင်သည်။

စစ်မှန်သောဘ၀တိုးတက်ချင်လျှင် သမ္မာအာဇီဝကျကျဖြင့် လမ်းမှန်လျှောက်လှမ်းကာ သိမ်းဆည်းတတ်သော လမ်းစဉ်ဖြင့်ကြိုးစားလျှင် မြတ်ဗုဒ္ဓအလိုကျသည့်အပြင် ရေရှည်လည်း တိုးတက်စည်ပင်နိုင်ပေသည်..ဟု ရှုမြင်သုံးသပ်မိပေသည်။။။။။

အရှင်ပဏ္ဍိတ(ဒေါင်းဖြူ)

မိတ်ဆွေစစ်ဆိုတာ


(၁) ပေးနိုင်ခဲတဲ့ပစ္စည်းကို ပေးတယ် ။

(၂) ပြုနိုင်ခဲတဲ့အမှုကိစ္စကို ပြုလုပ်ဆောင်ရွက်ပေးတယ် ။

(၃) သည်းခံနိုင်ခဲတဲ့အမှုကို သည်းခံတယ် ။

(၄) သူ့ရဲ့လျှို့ဝှက်ချက်ကို ဖွင့်ပြောတယ် တိုင်ပင်တယ် ။

(၅) မိမိလျှို့ဝှက်ချက်ကို အခြားသူအား မပြောဘဲ လျှို့ဝှက်ထားတယ် ။

(၆) ဘေးအန္တရာယ်ကြုံလာတဲ့အခါ မိမိကို မစွန့်ခွာဘူး ။

(၇) ဥစ္စာကုန်ခန်းတဲ့အခါ ဆင်းရဲတဲ့အခါ မိမိကိုမထီမဲ့မြင် မပြုဘူး ။

Sunday, August 18, 2013

ကုသိုလ် စုံအောင် လုပ်ပါ





နောင်တ ဆိုသည်မှာ အကုသိုလ် စိတ် ဟု ဆရာတော်များ ဟောကြားသည်ကိုမှတ်သားနာယူဖူးပါသည်။
အကုသိုလ် ပြုသူသည် နောင်တ ရမည်မှာမလွဲပေ။

သို့ သော် ကုသိုလ် ပြု၍ နောင်တ ရသူ လည်းရှိ၏။

မည်ကဲ့သို့  နောင်တ ရပါမည်လဲ??????????

အခါတပါးမြတ်စွာဘုရားထံတော်သို့  (၉)မျိုးသော နတ်တို့သည် စုရုံးရောက်ရှိလာ၍
၎င်းတို့ ၏ ကုသိုလ်ကြောင့် ဖြစ်ရသော နောင်တ ကို လျှောက်တင်ကြလေ၏။

(၁) အရှင်ဘုရားတပည့်တော်တို့ ဟာသံဃာတော်များကို ရှိခိုးနေရာပေးသော်လည်း ခရီးဦးကြိုခြင်းမရှိခဲ့ပါ
ထို့ ကြောင့် နိမ့်ကျသော ဘုံဘ၀ ကို ရကြပါတယ် ဘုရား။

(၂)အရှင်ဘုရား တပည့်တော်တို့ ဟာ သံဃာတော်များကိုခရီးဦးကြိုသော်လည်း နေရာပေးသော်လည်း
ရှိခိုး ခြင်း မပြုခဲ့မိပါဘုရား။ ထို့ ကြောင့် ဘုံဘ၀ နိမ့်ကျခြင်းဖြစ်ပါတယ် ဘုရား။

(၃)အရှင်ဘုရားတပည့်တော်တို့ ဟာ သံဃာတော်များကို ခရီးဦးကြိုခြင်း ရှိခိုးခြင်းပြုသော်လည်း
နေရာထိုင်ခင်း မပေးခဲ့မိပါဘုရား။ ထို့ ကြောင့် နိမ့်ကျသော ဘုံဘ၀ ကို ရခြင်းဖြစ်ပါတယ် ဘုရား။

(၄)အရှင်ဘုရား တပည့်တော်တို့ ဟာသံဃာတော်များကို ခရီးဦးကြိုခြင်း။ရှိခိုးခြင်း။နေရာထိုင်ခင်းပေးခြင်းကို
ရွက်ဆောင်ခဲ့သော်လည်း စွမ်းနိုင်သလောက် မလှူခဲ့ပါဘုရား။ထို့ကြောင့် နိမ့်ကျသော ဘုံဘ၀ ကိုရခြင်း
ဖြစ်ပါတယ် ဘုရား။

(၅)အရှင်ဘုရား တပည့်တော်တို့ ဟာသံဃာတော်များကိုခရီးဦးကြိုခြင်း။ရှိခိုးခြင်း။နေရာထိုင်ခင်းပေးခြင်း။
စွမ်းနိုင်သလောက် လှူဒါန်းခြင်းများ ပြုခဲ့သော်လည်းတရားတော်ကိုနာကြားခြင်းမပြုခဲ့ပါဘုရား။
ထို့ ကြောင့် ဘုံဘ၀ နိမ့်ကျ ခြင်းဖြစ်ပါတယ် ဘုရား။

(၆) အရှင်ဘုရား တပည့်တော်တို့ ဟာသံဃာတော်များကိုခရီးဦးကြိုခြင်း။ရှိခိုးခြင်း။နေရာထိုင်ခင်းပေးခြင်း။ စွမ်းနိုင်သလောက် လှူဒါန်းခြင်း ။တရားတော်ကိုနာကြားခြင်းများ ပြုခဲ့သော်လည်း ထိုတရားတော်ကို
သေချာနားစိုက်၍နာကြားခြင်းများ မရှိခဲ့ပါဘုရား ။ထို့ ကြောင့် ဘုံဘ၀ နိမ့်ကျခြင်း ဖြစ်ရပါတယ်ဘုရား။

(၇)အရှင်ဘုရား တပည့်တော်တို့ ဟာသံဃာတော်များကိုခရီးဦးကြိုခြင်း။ရှိခိုးခြင်း။နေရာထိုင်ခင်းပေးခြင်း။ စွမ်းနိုင်သလောက်လှူဒါန်းခြင်း။တရားတော်ကိုနာကြားခြင်း။သေချာနားစိုက်နာကြားခြင်း။
ပြုခဲ့သော်လည်း မှတ်သား ဆောင်ထားခြင်း မရှိခဲ့ပါ ဘုရား။
ထို့ ကြောင့် ဘုံဘ၀ နိမ့်ကျရခြင်းဖြစ်ပါတယ် ဘုရား။

(၈) အရှင်ဘုရား တပည့်တော်တို့ ဟာသံဃာတော်များကိုခရီးဦးကြိုခြင်း။ရှိခိုးခြင်း။နေရာထိုင်ခင်းပေးခြင်း။ စွမ်းနိုင်သလောက်လှူဒါန်းခြင်း။တရားတော်ကိုနာကြားခြင်း။ထိုတရားတော်ကိုသေချာ
နားစိုက်နာကြားခြင်း။ မှတ်သားဆောင်ထားခြင်းများ ပြုခဲ့သော်လည်းတရားတော်များကိုစဉ်းစားဆင်ခြင်
ခြင်း မပြုခဲ့မိပါဘုရား။ထို့ကြောင့် ဘုံဘ၀ နိမ့်ကျခြင်းပါဘုရား။

(၉) အရှင်ဘုရား တပည့်တော်တို့ ဟာသံဃာတော်များကိုခရီးဦးကြိုခြင်း။ရှိခိုးခြင်း။နေရာထိုင်ခင်းပေးခြင်း။ စွမ်းနိုင်သလောက်လှူဒါန်းခြင်း။တရားတော်ကိုနာကြားခြင်း။ထိုတရားတော်ကိုသေချာနားစိုက်နာကြား
ခြင်း။မှတ်သားဆောင်ထားခြင်း။စဉ်းစာဆင်ခြင်ခြင်းများ ပြုခဲ့သော်လည်း အားမထုတ်ခဲ့မိပါဘုရား။
ထို့ ကြောင့် ဘုံဘ၀ နိမ့်ကျနေခြင်းဖြစ်ပါတယ် ဘုရား ။

အစရှိသဖြင့် ဘုရားရှင်ကိုယ်တော်မြတ်အား အသီးသီးလျှောက်ထား ကြလေသည်။
ထိုနတ်သားတို့၏ လျှောက်ထားချက်ကိုအကြောင့်ပြု၍ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်က
" ချစ်သားတို့ ...ကုသိုလ်ပြုပါက ပြည့်ပြည့်စုံစုံ ဖြစ်အောင် ကုသိုလ်ပြုပါ " ဟူ၍ မိန့် တော်မူလေ၏။

++++++

ကုသိုလ်ပြုသူသည် ပြည့်ပြည့်စုံစုံ ပြုသင့်လှပါသည်။ အထက်ဖေါ်ပြပါ အတိုင်း
၁။ခရီးဦးကြိုခြင်း
၂။ရှိခိုးခြင်း။
၃။နေရာထိုင်ခင်းပေးခြင်း။
၎။စွမ်းနိုင်သလောက်လှူဒါန်းခြင်း။
၅။တ၇ားတော်ကိုနာကြားခြင်း။
၆။ဟောကြားသောတရားတော်ကို ဆောင်ထားမှတ်သားခြင်း။
၇။ထိုတရားတော်ကိုအာရုံပျံ့ လွှင့်မှူမရှိပဲ နာကြားခြင်း ။
၈။ထိုတရားတော်တို့ ၏ ဆိုလိုသည့်အဓိပ္ပါယ်ကို အပြန်ပြန် အလှန်လှန် စဉ်းစားဆင်ခြင်ခြင်း။
၉။တရားတော် မှ ညွှန်ပြသည့်အတိုင်း ကြိုးစားအားထုတ်ခြင်း.............စသဖြင့် ပြီးပြည့်စုံအောင်
ရွက်ဆောင် ပြုလုပ်သင့်ပါကြောင်း မှတ်သားမိသည့်အနှစ်သာရ ကို ရေးသားတင်ပြအပ်ပါသည်။

Related Posts Plugin for WordPress, Blogger...