Thursday, November 14, 2013

“ ကြိုတင်၍ မသိနိုင်ပါသဖြင့် ”



ဘယ်အရွယ်မှာ၊ ဘယ်ရောဂါဖြင့်
ဘယ်ရပ်ဒေသ၊ ဘယ်ကာလ၌
သေကြရမည်၊ မသိနိုင်တာ၊ ဓမ္မတာတည်း။
သေပြီးတစ်ဖန်၊ ပြန်ဖြစ်ပြန်လည်း
ဖြစ်ရာဘဝ၊ ဘုံဌာနကို
ကြိုတင်တိကျ၊ မသိရ၍
တိကျသေချာ၊ ခုချိန်ခါ၌
ကောင်းမှုအစု၊ ကြိုးစားပြုလော့။ ။
(မနာပဒါယီ ဆရာတော်)

မြတ်စွာဘုရားရှင် လက်ထပ်က ယက်ကန်းယက်သည့်
ယက်ကန်းသည် ဒကာမလေးတစ်ဦး ရှိခဲ့ပါတယ်။
ငယ်ပေမယ့် ဘာသာရေးကို အထူးလေးပေးတဲ့ ကလေးမလေး ဖြစ်သဖြင့်လည်း ဘုရားရှင်က အဲဒီကလေးမလေးကို
အထူးတလည် တရားတော်များ ဟောကြားချီးမြင့်တော်မူသလို အဲဒီကလေးမလေးကို အကြောင်းပြုပြီး အများသူငါ
တရားရစေမှုကိုလည်းဖြစ်စေတော်မူပါတယ်။

တစ်နေ့ ယက်ကန်းသည် ဒကာမလေးဟာ အိမ်ကနေပြီး ယက်ကန်းရုံကိုသွားရာ လမ်းမှာ ဘုရားရှင်တရား
ဟောတော်မူနေတာနဲ့ ကြုံတဲ့အတွက် တရားဝင်နာဖြစ်ခဲ့ပါတယ်။

ဘုရားရှင်က အိမ်ကနေပြီး ယက်ကန်းရုံကို
သွားမယ့်ဒီဒကာမလေးကို
“ချစ်သမီး ဘယ်ကလာတာလဲ”လို့ ပရိတ်သတ်ကြားမှာ
မေးလိုက်ပါတယ်။
“မသိပါဘုရား”လို့ သူကဖြေတော့ ပရိတ်သတ်တွေက
“ဒီကလေးမ ရူးနေလား သူ့အိမ်ကလာတာကို
အားလုံးသိနေတဲ့ကြားက မသိပါဘူးလို့ ဖြေနေတယ်”ဆိုပြီး
လှုပ်လှုပ်ရွရွ ဖြစ်သွားကြပါတယ်။
မြတ်စွာဘုရားရှင်က ယက်ကန်းရုံကိုသွားမယ့်သူ့ကို
ဆက်ပြီးတော့ မေးပါတယ်။
“ချစ်သမီး ဘယ်ကိုသွားမှာလဲ”
ယက်ကန်းသည်မလေးက ပြန်ဖြေပါတယ်။
“မြတ်စွာဘုရား မသိပါဘုရား“။
ဘုရားရှင်က နောက်မေးခွန်းတစ်ခု ထပ်မေးပါတယ်။
“ချစ်သမီး မသိဘူးလား”။
သူမက ပြန်ဖြေပါတယ်။
“အရှင်ဘုရား သိပါတယ်ဘုရား”။
ဒီတော့ မြတ်ဗုဒ္ဓက ထပ်မေးပါတယ်။
“ချစ်သမီး တကယ်သိသလား”။
ယက်ကန်းသည်မလေးက ပြန်လျှောက်ပါတယ်။
“မြတ်စွာဘုရား မသိပါဘုရား”။

မြတ်ဗုဒ္ဓနဲ့ ယက်ကန်းသည်လေးရဲ့ အမေးအဖြေတွေကို
နားထောင်ရင်း ပရိတ်သတ်တွေ အတော်ခေါင်းရှုပ်သွားကြတယ်
ထင်ပါတယ်။ ယက်ကန်းသည်မလေးကိုလည်း အထူးအဆန်း အရူးတစ်ယောက်လို မြင်သွားကြပြီး အပြစ်တင်သံတွေနဲ့ ဆူညံသွားစေတော့တာပဲ ဖြစ်ပါတယ်။ ဒါကို သိတော်မူတဲ့
မြတ်စွာဘုရားရှင် ယက်ကန်းသည်မလေးကို အမေးအဖြေတွေနဲ့
ပတ်သက်ပြီး ထပ်မေးပါတယ်။

“ချစ်သမီး ငါဘုရားမေးတဲ့ အမေးတွေကို၊ မသိဘူး၊ သိတယ်၊ တကယ်မသိဘူးစသဖြင့် ဖြေဆိုတာ ဘယ်လိုအဓိပ္ဗါယ်နဲ့
ဖြေတာလဲလို့ ဆိုတော့ ယက်ကန်းသည်မလေးက
“မှန်ပါအရှင်ဘုရားမြတ်စွာဘုရား အနေနဲ့
တပည့်တော်ကို မေးလိုတဲ့ မေးခွန်းက

♦ ဘယ်ဘဝကနေ ဒီလို လူ့ဘဝကို ရောက်လာတာလဲလို
့ မေးတယ်ဆိုတာ တွေးပြီး ဘယ်ဘဝက လာတယ်ဆိုတာ
တပည့်တော် တကယ်မသိတဲ့ အတွက် မသိပါဘုရားလို့
ဖြေခြင်း ဖြစ်ပါကြောင်း၊
♦ ဘယ်ကိုသွားမှာလဲ ဆိုတာနဲ့ ပတ်သက်ပြီးတော့လဲ
ဒီဘဝက သေပြီးတပည့်တော် ဘယ်ဘဝမှာ ဖြစ်မယ်၊
ဘယ်ဘဝကို သွားရမယ်ဆိုတာ တကယ်မသိတဲ့အတွက်
မသိပါဘုရားလို့ ဖြေရခြင်း ဖြစ်ပါကြောင်း၊
♦သိသလားဆိုတဲ့ အမေးနဲ့ ပတ်သက်ပြီးတော့လည်း
သေရမယ်ဆိုတာကို သိနေတဲ့အတွက်
သိပါတယ်ဘုရားလို့ ဖြေခြင်းဖြစ်ပါကြောင်း၊
♦တကယ်သိလားလို့ မေးတဲ့အပေါ်မှာလည်း
သေရမယ်ဆိုတာ သိပေမယ့် ဘယ်အချိန်
သေရမယ်ဆိုတာ ကြိုတင်ပြီး မသိနိုင်တဲ့အတွက်
မသိပါဘုရားလို့ ဖြေရခြင်း ဖြစ်ပါကြောင်း”
စသဖြင့် အကျယ်တဝင့် ပြန်လည်လျှောက်ထားပါတယ်။
ဒီတော့မှ ပရိတ်သတ်တွေလည်း သဘောပေါက်ကာ
သာဓု အကြိမ်ခေါ်ဆို ကြတော့တာ ဖြစ်ပါတယ်။

ဒါက မြတ်ဗုဒ္ဓနဲ့ ယက်ကန်းသည်မလေးရဲ့ အမေးအဖြေ
ဇာတ်လမ်းနဲ့ ဓမ္မသဘင်လေး အကြောင်းပဲ ဖြစ်ပါတယ်။
ဒီမှာ ပြောချင်တာက ယက်ကန်သည်လေး လျှောက်ထားသလို
ပုထုဇဉ်တွေရဲ့ ဘဝအခြေအနေနဲ့ ပတ်သက်ပြီး ပြောချင်တာ
ဖြစ်ပါတယ်။ ပုထုဇဉ်တွေရဲ့ ဘဝဟာ ဘယ်ကလာလို့
ဘယ်ကိုသွားပြီး ဘယ်မှာဘယ်လို သေရမယ်ဆိုတာ
ဘယ်လိုမှ အသေအချာ ပြောလို့ မရတဲ့ ဘဝမျိုးပဲ ဖြစ်ပါတယ်။

အထူးသဖြင့် သေခြင်းတရားနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုမှကို ကြိုတင်မှန်းဆလို့ မရတဲ့ အဖြစ်ပဲ ဖြစ်ပါတယ်။
♦ဘယ်အသက်အရွယ်မှာ သေရမယ်၊
♦ဘယ်ရောဂါနဲ့ သေရမယ်၊
♦ဘယ်အရပ်မှာ သေရမယ်၊
♦မနက်နေ့ည စတဲ့ ဘယ်အချိန်မှာ သေရမယ်၊
♦သေပြီးနောက် ဘယ်ဘဝမှာ ပြန်ဖြစ်ရမယ်ဆိုတာ
ကြိုတင်ပြီးမသိနိုင်တဲ့ ဘဝမျိုးပဲ ဖြစ်ပါတယ်။

အဲ သေချာတာ တစ်ခုကတော့ သေရမယ်ဆိုတဲ့
အချက်ပဲ ဖြစ်ပါတယ်။ မွေးခြင်းရဲ့နောက်မှာ
သေခြင်းဆိုတာ ရောက်နေမှာဖြစ်တဲ့ အတွက် မွေးလာခဲ့တဲ့
သတ္တဝါမှန်သမျှ သေကြရမှာပဲ ဖြစ်ပါတယ်။

♦ သေခြင်းတရားကတော့ အသေအချာ
ရောက်လာမှာပဲ ဖြစ်ပါတယ်။
နောက် သေချာတာတစ်ခုက အခုအသက်ရှင်နေတဲ့
လက်ရှိအခိုက်အတန့်ပဲ ဖြစ်ပါတယ်။
မနက်ဖြန်ဆိုတာ ဘာဖြစ်မယ်၊
အနာဂတ်မှာ ဘာဖြစ်မယ်ဆိုတာ ဘယ်လိုမှ
တွက်လို့မရတဲ့အတွက်
အဲဒီ တွက်မရတာတွေ ရောက်မလာသေးတဲ့အချိန်၊
လက်ရှိအခိုက်အတန့်ဟာ လက်ဆုတ်လက်ကိုင်ပြနိုင်တဲ့
အခိုက်အတန့်ပဲ ဖြစ်ပါတယ်။

ဒါကြောင့် ဒီအခိုက်အတန့်ကို အကောင်းဆုံး ဖြစ်အောင် လုပ်ကြဖို့၊
သေချာတဲ့ အခိုက်အတန့်မှာ " ကောင်းမှုမျိုးစေ့တွေ"
စိုက်ပျိုးနိုင်သမျှ စိုက်ပျိုးကြဖို့ ပြောရခြင်း ဖြစ်ပါတယ်။

ဆိုတော့ကား
မမြဲခြင်းတရား၊
မပိုင်ဆိုင်ခြင်းတရား၊
မသေချာခြင်းတရား၊
မသိခြင်းတရားတွေနဲ့ နေနေရတဲ့ ပုထုဇဉ် သတ္တဝါများ အနေနဲ့
ဘဝမှာ သေခြင်းတရား၊
မမြဲခြင်း တရားနဲ့ ပတ်သက်ပြီး ဘယ်လိုမှ ကြိုတင်ပြီး
မသိနိုင်တဲ့အတွက် အသေချာဆုံးဖြစ်တဲ့
လက်ရှိအခိုက်အတန့်မှာပဲ ကောင်းမှုအစုတွေကို ကြိုးစားပြုပြီး
ဘုရားရှင်များ ဆုံးမသလို
မကောင်းမှုရှောင်၊ ကောင်းမှုဆောင်ပြီး၊
ကိုယ့်စိတ်ကိုကိုယ် ဖြူစင်အောင် ကြိုးစားကြရမှာ ဖြစ်ပါကြောင်း
အသိပေး တိုက်တွန်းလိုက်ရပါတယ်။

- [စာရေးသူ = မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)]

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...