Tuesday, August 20, 2013

အသက် ၁၈ နှစ်ပြည့်သူမှ ဖတ်ပါ


မေးခွန်း (၁)။ Bartholin's cyst အကြောင်း ပြောပြပါလား။ ဘာကြောင့် ဖြစ်တာလဲ။ ဘယ်လို ကုသရတာလဲနဲ့ ခွဲစိပ်ကုသမှ ပျောက်ကင်းတဲ့ ရောဂါလား။ ဒီကနေတဆင့် အမြစ်တွယ်ပြီး ကင်ဆာတွေ ဘာတွေရော ဖြစ်သွား နိုင်ပါလား။ ဒီမှာ ဆေးခန်း ပြတာတော့ ခွဲစိပ် ကုသရမယ်ဆိုလို့ပါ။ ဆေးပညာနဲ့ ပက်သက်တဲ့ အင်္ဂလိပ်စကား အခေါ်အဝေါ်တွေနဲ့ ဘာသာစကား အခက်အခဲကြောင့် ဆရာဝန် ရှင်းပြတာရော Online မှာ English လို ပြန်ဖတ်တာတွေရော ပေါင်းပေမယ့် သိချင်သလောက် မသိရပါဘူး။ အဲဒါဖြစ်နေချိန်ရော ခင်ပွန်းသည်နဲ့ အတူနေလို့ ရပါလား။ မခွဲတဲ့နည်းနဲ့ ကုလို့ရရင် ကုချင်လို့ပါ။ ခွဲစိပ်ရမှာ ကြောက်ပါတယ်။ ဒီတနည်းပဲ ရှိတယ် ခွဲမှရမယ်ဆိုလဲ နောင်ဆက် ဖြစ်လာမယ့် အကျိုးဆက်ကို သိချင်ပါတယ်။ အခုလောလောဆယ်တော့ Antibiotic သောက်ပြီး ရေနွေးနဲ့ စိမ်ပါတယ်။ နဲနဲတော့ သေးလာတယ်လို့ ထင်ရပါတယ်။ အရှင်း ပျောက်မယ့် နည်းများ ရှိမလားဆရာ။

မေးခွန်း (၂)။ မရိုသေစကားပြောရမည်ဖြစ်ပါ၍ကန်တော့နော်ဆရာ။ ကျွန်မတွင် Bartholin's cyst ဗဂျိုင်းနား (ဘာသိုလင်-ဆစ်စ်) ဖြစ်နေသည်။ သို့ဖြစ်ပါ၍ မည်သည့်ဆေးသောက်ရမည် (ဆေးနာမည်)၊ မည်ကဲ့သို့နေထိုင်ရမည်ကို ညွှန်ကြားပေး စေချင်ပါသည်။ ကျွန်မသည် ကုမ္ပဏီတစ်ခုတွင်အလုပ်လုပ်နေ၍ ရေနွေးစိမ်ခြင်းကိုလုပ်၍ အဆင်မပြေဖြစ်နေပါသည်။ အဖုအနည်းငယ်သေး၍ နည်းနည်းနာ၍ယားပါသည်။ ကျွန်မအသက် ၃ဝ ကျော်ဖြစ်ပါသည်။

အဖြေ။ မိန်းကလေး-အမျိုးသမီးတိုင်းမှာ မိန်းမအင်္ဂါ အဝနားမယ် တဖက်တချက်မှာ စမ်းလို့မရ၊ မမြင်ရတဲ့ အကျိတ်လေး တစုံစီ ရှိကြတယ်။ အဲဒီ Bartholin's glands ခေါ်တာကနေ (ဗဂျိုင်းနား) မွေးလမ်းကြောင်းကို စိုနေစေအာင် အရည်လေးတွေ ထုတ်ပေးနေတာမို့ အတော် အသုံးကျတယ်။

အရည်ထွက် ပြွန်ငယ်လေး Duct က ဆို့ပိတ်နေရင် (ဆစ်စ်) ဖြစ်လာမယ်။ အကျိတ်ပါဘဲ။ STD လိင်ကတဆင့်-ကူးစက်ရောဂါ မဟုတ်ပါ။ အနေမတတ်လို့လဲ မဟုတ်ပါ။ ရှက်စရာ မဟုတ်ပါ။ အရွယ်အစား ပဲစေ့လေး လောက်ကနေ ကြက်ဥလောက်ထိ ရှိနိုင်တယ်။ ဘာလို့ ဖြစ်သလဲ ကံမကောင်းလို့ ပြောရင် ငြင်းမရပါ။

အရွယ်ကောင်းတွေမှာ ဖြစ်တယ်လို့ ပြောနိုင်ပေမဲ့ မပြောချင်ပါ။ တခြားအရွယ်တွေက မကောင်းသလို ပြောရာကျနေမယ်။ အိမ်ထောင်ပြု၊ မီးဖွါးနိုင်တဲ့ အရွယ်လို့ တိတိပပ ပြောချင်တယ်။ နဲနဲအရွယ်ကြီးသူမှာ လာဖြစ်ရင် လိုလိုမယ်မယ် Biopsy အသားစ စစ်ဆေးတာပါ လုပ်မယ်။ ကင်ဆာ မဟုတ်တာ သေခြာချင်လို့ပါ။

သူကနေ ဆက်ပြီး ကင်ဆာ စတဲ့ ရောဂါကြီး မဖြစ်စေပါ။ သိပ်ကြီးရင် အနေ-အသွားခက်နိုင်တယ်။ ရောဂါပိုး ဝင်လို့ဖြစ်လာတာ မဟုတ်ပေမဲ့ ဖြစ်နေသူမှာ ပိုးဝင်လာနိုင်တယ်။ ပြည်တည်လာရင်တော့ Bartholin's abscess ခေါ်တော့တယ်။

ဝင်တဲ့ပိုး အမျိုးမျိုးဖြစ်နိုင်တယ်။ လိင်ကတဆင့် ကူးစက်တဲ့ Chlamydia (ကလာမိုင်ဒီးယား) နဲ့ Gonorrhea (ဂနိုးရီးယား) အပြင် Escherichia coli လို အူလမ်းမှာ နေတတ်တဲ့ (ဗက်တီးရီးယား) တွေကနေလဲ ဖြစ်နိုင်တယ်။

ကုသဘို့ရာ အရွယ်အစားပေါ်လဲ မူတည်တယ်။ သေးသေးလေးဆို ထားလိုက်ပါအုံး။ တချို့က အကြီးမမြန်ဘူး။ ပိုးမဝင်သေး၊ မနာသေးရင် အေးအေးဆေးဆေးပေါ့။ အလုပ်ချိန်၊ ကျောင်းချိန် လွတ်တာရွေး၊ စိတ်ချ-အားကိုးချင်တဲ့ ဆရာဝန်ရှာ။ ဘာသာရေးလုပ်၊ ကံကောင်းအောင်။

(ဆစ်စ်) ဖြစ်လာပေမဲ့ ပိုးမဝင်မချင်း မနာဘူး။ တချို့ကြ အင်ဖက်ရှင်ဝင်ပြီး အနာပေါက်သလို ပေါက်ထွက်၊ အမာရွတ် ဖြစ်သွားတတ်တယ်။ စမ်းလို့ တွေ့လာရင် ဆရာဝန်ပြပါ။ OG မဟုတ်လဲ Surgeon ခွဲစိတ်ဆရာဝန်နဲ့ လဲရပါတယ်။ ကျွန်တော်တို့လို စပါယ်မရှယ်တွေလဲ လုပ်ပေးရတာပါဘဲ။


အိမ်မှာတင် လုပ်နည်းလဲ ရှိတယ်။ သူများတွေဆီမှာတော့ Sitz baths ရေချိုးနည်းဆိုတာ ညွှန်းမယ်။ စပါယ်ရှင် ရေချိုးကန် ဆိုတာတောင် ရှိသေးတာ။ ဘာမှ ထွေလီကာလီ လုပ်စရာ မလိုပါ။ ဖြစ်တဲ့နေရာကို ရေနွေး (ခံနိုင်ယုံ) အပူထဲမှာ စိမ်နေခိုင်းတာပါ။ ၁ဝ-၁၅ မိနစ်ကြာ၊ တနေ့ ၃-၄ ခါ။ နာတာကို Painkiller အနာသက်သာဆေး တခုခုသောက်ပါ။ ပိုးဝင်ရင် ပဋိဇီဝဆေး သောက်ပါ။ ဒါပေမဲ့ သုတေသန လုပ်ကြည့်တော့ Antibiotics ဆေးက အလုံပိတ်နေတဲ့ နေရာအထိ လုံလောက်အောင် မရောက်တာ သိရတယ်။ ဒါ့ကြောင့် ခွဲစိတ်မှု တကယ်လိုတယ်။ ပြည်ဆိုတာ ဘယ်နေရာမှာ ရှိရှိ ထုတ်ပြစ်ရတယ်။ "ပြီပေါက် ပျောက်ပြီ" ဆိုတာ ကာရံရှာ ပြောတာ မဟုတ်ပါ။

ကံက အတော် မကောင်းရင် ပြန်ဖြစ်တာ နှစ်ခါမကသူလဲ ရှိတယ်။ ခွဲစိတ်တာနဲ့ Laser လေဆာနည်းလုပ်လို့ ကောင်းတယ်ဆိုတာက အခုပျောက်တာရော နောက်ထပ်မဖြစ်ဘို့ရော ပြောတာပါ။



Local anesthetic ထုံဆေးထိုးမယ်။ Incision ခွဲမယ်။ Drain ရှိတာတွေ ထုတ်မယ်။ Gauze ပိတ်ကျဲစနဲ့ ဆေးထည့်မယ်။ ဒါမှမဟုတ် Catheter ပိုက်ငယ်လေး ထည့်ချင်ထည့်မယ်။ ပိတ်ကျဲစကို ၂၄-၄၈ နာရီမှာ ပြန်ထုတ်မယ်။ Catheter ဆိုရင် ကြာကြာ ထားမယ်။ ထပ်ပြီး ကံမကောင်း ပြန်တာက ပိုးဝင်နေရင် ထုံဆေး မတိုးတတ်ဘူး။ ဘယ်လို ရင်းနေတဲ့ အနာမှာဖြစ်ဖြစ် အဲလိုဘဲ။ လူနာက နာတာ သိပ်မခံနိုင်ရင် မေ့ဆေး-အိပ်ဆေး လိုနိုင်တယ်။ အဲလိုလုပ်ပြီးရင်တော့ Antibiotic ဆေးက ကောင်းကောင်း အလုပ်ဖြစ်ပြီ။ (ကို့စ်) ကုန်အောင် သောက်ပါ။ Marsupialization ခွဲစိတ်နည်းကတော့ တမူထူးတယ်။ ရာသက်ပန် အရည်ထွက်နေစေအောင် ပြန်ချုပ်ရာမှာ တမျိုး လုပ်ရတယ်။ ဘယ်နည်းနဲ့ခွဲခွဲ အိမ်ထောင်သည်ဆိုရင် ၂-၃ ပါတ်လောက် ဝေရာမဏိ လုပ်နေရလိမ့်မယ်။


ဒေါက်တာတင့်ဆွေ

1 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...