Tuesday, August 20, 2013

ဘုရင့်နောင် ခုံးကျော်တံတား စီမံကိန်း ရာခိုင်နှုန်း ၈၀ ခန့်နှင့် ရွှေဂုံတိုင် ခုံးကျော်တံတား စီမံကိန်း ရာခိုင်နှုန်း ၇၀ ခန့် ပြီးစီး




From : ..eleven

ဘုရင့်နောင် ခုံးကျော်တံတား တည်ဆောက်မှု လုပ်ငန်းခွင်အား သြဂုတ် ၁၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
ဘုရင့်နောင် ခုံးကျော်တံတား တည်ဆောက်ရေး စီမံကိန်းမှာ ရာခိုင်နှုန်း ၈၀ ခန့်နှင့် ရွှေဂုံတိုင် ခုံးကျော်တံတား တည်ဆောက်ရေး စီမံကိန်းမှာ ရာခိုင်နှုန်း ၇၀ ခန့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ဘုရင့်နောင် ခုံးကျော်တံတားမှာ ဘုရင့်နောင်လမ်းပေါ်တွင် တစ်စင်း၊ သမိုင်းဘူတာရုံ လမ်းပေါ်တွင် တစ်စင်းပါရှိသည့် နှစ်ထပ်ခုံးကျော်တံတားဖြစ်ပြီး အဆိုပါ တံတားအား ၂၀၁၂ ခုနှစ်ဇွန်တွင် ပန္နက်တင်၍ စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ကာ ယင်းအချိန်က တံတားအား ပန္နက်တင်ချိန်မှ တစ်နှစ်အတွင်း (မြေပြင် အခက်အခဲ မရှိပါက) အပြီးတည်ဆောက်မည်ဟု ဆိုသော်လည်း တစ်နှစ်အတွင်း မပြီးစီးခဲ့ဘဲ တံတားအား ယခုနှစ် ဒီဇင်ဘာလတွင် အပြီးတည်ဆောက်သွားရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ညွှန်ကြားထားသည်ဟု သိရသည်။
ရွှေဂုံတိုင် ခုံးကျော်တံတားအား ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်တွင် ပန္နက်တင်ခဲ့ပြီး လက်ရှိရာခိုင်နှုန်း ၇၀ ခန့် ပြီးစီးနေပြီဖြစ်ကာ တံတားအား ယခုနှစ် နိုဝင်ဘာလ တတိယပတ်တွင် အပြီးတည်ဆောက်သွားမည်ဟု တံတားအား တာဝန်ယူ တည်ဆောက်နေသည့် Capital Development Co.Ltd မှ သိရသည်။
အဆိုပါ တံတားနှစ်စင်း တည်ဆောက်ရေး လုပ်ငန်းခွင်များအနီး ယာဉ်ကြောပိတ်ဆို့မှုများ ယခင်ကထက် ဆိုးရွားစွာ ဖြစ်ပေါ်နေကြောင်း သိရသည်။ ဘုရင့်နောင်လမ်းဆုံ ယာဉ်ကြောပိတ်ဆို့မှုမှာ ဘုရင့်နောင် လမ်းပေါ်တွင် ရေကြောင်းတက္ကသိုလ် ရှေ့သို့ပင် ရောက်ရှိနေကြောင်း၊ တအိအိနှင့် ယာဉ်များသွာလာနေရပြီး အချိန်များစွာ ကုန်ဆုံးနေကြောင်း ယင်းနေရာကို ဖြတ်သန်းသွားလာသည့် ယာဉ်မောင်းများ၏ ပြောကြားချက်အရ သိရသည်။
ရွှေဂုံတိုင် ခုံးကျော်တံတားတွင်လည်း တံတားအား သံပေါင်တပ်ဆင်ခြင်း လုပ်ငန်းများကို ပြုလုပ်နေသောကြောင့် တံတားတည်ဆောက်ရေး လုပ်ငန်းခွင်ဖြစ်သည့် ကမ္ဘာအေး ဘုရားလမ်းပေါ်တွင် အမြင့် ၁၀ ပေအောက် ယာဉ်များမှာ ကားတစ်စီးသာ သွားလာနိုင်သည်။ ၁၀ ပေအထက် ယာဉ်များမှာ ရှောင်ကွင်းလမ်းများဖြစ်သော အနောက်ရွှေဂုံတိုင်လမ်း၊ ရေတာရှည်လမ်း၊ ကြားတာရလမ်းများမှ ဖြတ်သန်းသွားလာနေရကာ ယာဉ်ကြာပိတ်ဆို့မှုများ ဆိုးရွားစွာ ဖြစ်ပေါ်နေပြီး ယင်းသံပေါင် တပ်ဆင်ခြင်းမှာ အနည်းဆုံး အချိန်တစ်လခွဲခန့် ကြာမြင့်မည်ဟု ထုတ်ပြန်ထားသည်။
ရန်ကုန်မြို့တွင် ခုံးကျော်တံတားများ ဆောက်လုပ်ခဲ့သည့်အနက် လှည်းတန်းခုံးကျော်တံတား ပြီးစီးခဲ့ပြီဖြစ်ပြီး မပြီးစီးသေးသည့် ဘုရင့်နောင် ခုံးကျော်တံတားနှင့် ရွှေဂုံတိုင် ခုံးကျော်တံတားများအား သတ်မှတ်ချိန်အတွင်း ပြီးစီးစေရန် တွန်းအားပေးလျက်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...