Tuesday, August 20, 2013

ဆက်သွယ်ရေး ကုမ္ပဏီများ အလုပ်အကိုင် ခေါ်ယူမှုများ၌ အလုပ်လျှောက် လူငယ်များ အရည်အချင်းပိုင်း လိုအပ်မှုရှိ

Tuesday, August 20, 2013

သြဂုတ်လ အတွင်း၌ Telenor, Nokia Siemens, Elite Tech စသည့် ဆက်သွယ်ရေးနှင့် အိုင်တီကုမ္ပဏီများက အလုပ်အကိုင်များ အပြိုင်အဆိုင် ခေါ်ယူလာကြပြီး လူငယ်အများအပြား စိတ်ဝင်စားကြကြောင်း၊ အလုပ်အကိုင် နေရာများအတွက် အရည်အချင်း သတ်မှတ်ချက်မှာမူ လူငယ်အများစု အတွက် စိန်ခေါ်မှုများအဖြစ် ရှိနေကြောင်း သိရသည်။

''Nokia Siemens က အလုပ်ခေါ်တာတွေ့လို့ စိတ်ဝင်တစား ရှိကြပြီး ကိုယ်ဝင်လျှောက် နိုင်တာဆိုလို့ Reception ပိုင်းပဲ တွေ့တယ်ဆိုတာ မျိုးတွေလည်း ကြားရတယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေ ရှိလာပေမယ့် ကိုယ့်မှာလည်း လိုအပ်တဲ့ အရည်အချင်းတွေ ပြည့်စုံနေဖို့ လိုပါတယ်။ အရင်ဒီမှာ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးခဲ့တဲ့ နေရာတွေက အခုတော့ ကိုယ့်နိုင်ငံမှာပဲ အလုပ်ဝင်နိုင်ပြီ ဆိုရင်တော့ ဒါကကောင်းပါတယ်''ဟု Web Developer ကိုသီဟက သုံးသပ်သည်။

''အင်ဂျင်နီယာတွေ အတွက် အလုပ်အကိုင် အခွင့်အလမ်း ကောင်းလာတယ်။ ဒါပေမဲ့ ကျောင်းဆင်းခါစ လုပ်ငန်းအတွေ့အကြုံ မရှိတဲ့သူတွေအဖို့ စိန်ခေါ်မှု အများကြီး ရှိပါတယ်။ ဆက်သွယ်ရေး ကုမ္ပဏီတွေ အနေနဲ့လည်း ကျောင်းတွေအထိသွားပြီး အလုပ်ခေါ်တာတွေ ကြားရတယ်။ နောက်ပိုင်းတော့ ကျောင်းတက်ရင်း အချိန်ပိုင်း ၀င်လုပ်၊ လိုအပ်တဲ့ Training တွေလုပ်ရင်းနဲ့ ကျောင်းပြီးတဲ့ အချိန်မှာ လုပ်ငန်းခွင်အတွက် အဆင်သင့် အနေအထားမျိုး ဖြစ်လာ နိုင်ပါတယ်။ အခုတော့ ပြည်တွင်း ကုမ္ပဏီတွေမှာ ၀င်လုပ်နေတဲ့သူတွေ အတော်များများက Telenor တို့ Ooredoo တို့မှာလုပ်ဖို့ စိတ်ဝင်စားကြတယ်'' ဟု အင်ဂျင်နီယာ ဘွဲ့ရတစ်ဦးဖြစ်သူ မအိအိက ပြောကြားခဲ့သည်။

ပြည်တွင်း၌ အလုပ်ခေါ်ယူမှုများလည်း အများအပြားရှိပြီး အလုပ် ရှာဖွေနေသူများလည်း အများအပြား ရှိနေရာ ယင်းမှာအ လုပ်ခေါ်ယူသူများက သတ်မှတ်ထားသော အရည်အချင်းနှင့် အလုပ်အကိုင် ရှာဖွေသူများ၏ အရည်အချင်းတို့ မကိုက်ညီခြင်းကြောင့် ဖြစ်သည်ဟု သုံးသပ်ကြသည်။

''နိုင်ငံတကာ ကုမ္ပဏီတွေကတော့ နိုင်ငံတကာ စံနှုန်းတွေနဲ့ အညီပဲ အလုပ်ခန့်မှာ ဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ အရည်အချင်းတွေနဲ့ ကိုက်ညီမှသာ အလုပ်ရမှာ ဖြစ်ပါတယ်'' ဟု ရန်ကုန်တိုင်း ဒေသကြီး ကွန်ပျူတာ ပညာရှင်အသင်းမှ ဦးမင်းဦးက သုံးသပ်သည်။

Eleven Media Group

နည်းပညာ တက္ကသိုလ် (သန်လျင်) မှ ကျောင်းသား ကျောင်းသူများ (ဓာတ်ပုံ-နေမျိုးထွန်း)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...