ညသည် အတော်လေးကို လှပလွန်းနေ၏။
ဘယ်လိုကို လှပနေမှန်းမသိ။ လရောင်ဖြင့် ကဗျာဆန်နေလိုက်သည့်ဖြစ်ခြင်း။ ကောင်းကင်တလင်းပြင်တွင် လည်း ညိုမှောင်သော တိမ်လိပ်တိမ်စိုင်များ ကင်းစင်နေသည်။ အနက်ရောင် ကတ္တီပါစပေါ်တွင် ဒင်္ဂါးပြားကြီးတစ်ခုနှင့် စိန်မှုန်စိန်ပွင့်ကလေးတွေ ကြဲပက်ထားသည့်နှယ် ကောင်းကင်သည် ဝင်းဝါထိန် ပနေသော ရွှေရောင်လမင်းကြီး ၊ ပြိုးပြိုးပြက်ပြက် ဝင်းလဲ့နေသော ကြယ်တာရာတို့နှင့် လှချင်တိုင်း လှနေပေသည်။
သည်လိုညမျိုးတွေကို ကျွန်တော် ချစ်၏။ သည်လိုညမျိုးတွေမှာ ပြတင်းပေါက်အနား ထိုင်ပြီး ကောင်းကင် ကြီးကို တခုတ်တရ ငေးကြည့်နေရသည့်အရသာကို ကျွန်တော် အထူးပင်နှစ်သက်မိသည်။ ကြုံကြိုက် ၍ ငေးကြည့်ခွင့်ရသည့်အခါတိုင်း ညဥ့်နက်သွားသည့်တိုင်အောင် ကျွန်တော် မအိပ်ခဲ့။ သည်လိုညလေး ကုန်ဆုံးသွားမှာကိုပင် စိုးကြောက်မိကာ မအိပ်ချင်သရွေ့တော့ ကောင်းကင်ကို ငေးကြည့်နေမိသည်။ တစ်ခါတလေ ကောင်းကင်ကို ငေးကြည့်ရင်း အတွေးအာရုံတွေရကာ သီချင်းတစ်ပုဒ် ရေးစပ်ပြီးဆုံးလိုက် သည်များလည်း သည်လိုညမျိုးတွေမှာ ရှိခဲ့ဖူးသည်။ ထိုကြောင့် အနုပညာသည်ပီပီ သည်လိုညမျိုးတွေကို ကျွန်တော် ချစ်ခြင်း ဖြစ်သည်။
ရန်ကုန်လို နေရာမျိုးမှာတော့ သည်လိုလှပလွန်းသည့် လပြည့်ညတွေကို ရံဖန်ရံခါမှပင် ကြုံရတတ်ပါသည်။ သို့သော် ကြုံခဲလှ၏။ မြို့ကြီးပြကြီးဆိုသည့်ဂုဏ်ပုဒ်အောက်မှာ လသည် သာချင်တိုင်း သာခွင့်မရခဲ့ပေ။ မျက်စိစူးအောင် လင်းလွန်းလှသော နီယွန်ယွန်မီးသီးတွေသည် လ၏အလင်းရောင်ကို တိမ်မြုပ်စေခဲ့ပြီ။
အခုတောင် သီချင်းဆိုဖို့ကိစ္စနှင့် နယ်မြို့လေးတစ်မြို့ကို ရောက်နေသောကြောင့်သာ။ သည်မြို့လေး မှာ နှစ်စဉ်ကျင်းပမြဲဖြစ်သော ကထိန်ပွဲတော်အတွက် ကျွန်တော်နှင့်အတူ နာမည်ကြီးအဆိုတော် (၆)ယောက် လာရောက်သီဆိုဖျော်ဖြေပေးကြခြင်း ဖြစ်သည်။ နို့မို့သာဆို သည်လိုညမျိုး သည်လိုအလှမျိုးကို ကြုံကြိုက်ဖို့ရာ မလွယ်ရေးချ မလွယ်ပေ။ သည်နေ့က ကျွန်တော်တို့ အဆိုတော်တွေ တည်းကြသည့် အိမ်ရှိရာ ရပ်ကွက်၏ မီးပျက်ရက် ဖြစ်နေ၏။ မီးပျက်နေပေမဲ့လည်း ပတ်ဝန်းကျင်သည် ပိတ်ပိတ် ပိန်းအောင် မှောင်ကျမသွား … မပြည့်ရုံတမယ် ထိန်ထိန်သာနေသော လ၏အရောင်ကြောင့် အနည်းငယ် လင်းရှင်းနေသည်။
အစကတော့ အိမ်ရှင်ဦးလေးက ဘက်ထရီအိုးဖြင့် မီးထွန်းပေးဖို့ လုပ်သေးသည်။ ကျွန်တော်တို့ အဆိုတော်တွေက အနုပညာသည်တွေပီပီ သဘာဝအလှကို ခံစားတတ်ပေရာ လရောင်နှင့် လှနေသော ညလေးကို သည်အတိုင်းပဲ ထိုင်ကြည့်ချင်သည်ဟု ဆိုကြသောကြောင့် အိမ်ရှင်ဦးလေးမှာ ဘာမှမစွမ်း သာတော့။ ကျွန်တော်တို့ အဆိုတော်တွေနှင့် အိမ်ရှေ့က မြေကွက်လပ်ကလေးမှာ အတူထိုင်ရင်း ဟိုအကြောင်း သည်အကြောင်းတွေ ပြောကာ မီးပြန်လာမည့်အချိန်ကိုပဲ ထိုင်စောင့်နေခဲ့သည်။
ထိုအချိန်တွင် ရေဒီယိုမှ ကျွန်တော်၏ နာမည်ကြီးသီချင်း ထွက်ပေါ်လာသည်။ ရေဒီယိုကို ဘယ်သူ ဖွင့်လိုက် သည် မသိ။ အသံလာရာကို လှမ်းကြည့်လိုက်တော့ ရေဒီယိုက အိမ်ရှင်ဦးလေးအနားမှာ။ လသာသော ညလေးတစ်ညမှာ ရေဒီယိုလေးတစ်လုံးနှင့် အရာရာသည် ကဗျာဆန်နေသည်ဟု ကျွန်တော် ခံစားမိသည်။
အကုန်လုံး ငြိမ်ပြီး နားထောင်နေကြသည်။
သည်သီချင်းသည် ကျွန်တော့် Masterpiece ဟုဆိုလို့ရပြီး သည်သီချင်းဖြင့် စီးတီးအက်ဖ်အမ် ရွှေ အက်ဖ်အမ် တို့မှ ဆုပေါင်းများစွာ ရရှိခဲ့သည်။ ကျွန်တော် အောင်မြင်သော အဆိုတော်တစ်ယောက် ဖြစ်ခဲ့ ရခြင်းမှာလည်း သည်သီချင်းကြောင့်ဟု ဆိုနိုင်၏။ လွန်ခဲ့သော(၃)နှစ်က နာကျင်ကြေကွဲနေသောနှလုံး သားနှင့် ကျွန်တော်ကိုယ်တိုင် ရေးစပ်သီကုံးခဲ့သော သီချင်းတစ်ပုဒ် ဖြစ်သည်။
အခုချိန်ထိ သည်သီချင်းကို ဆိုသည့်အခါတိုင်း ကျွန်တော့်အသံတွေ တိမ်ဝင်သွားရစမြဲ ၊ ကျွန်တော့်မျက်ဝန်း မှာလည်း မျက်ရည်တွေ ရစ်ဝိုင်းလာရစမြဲ ၊ တစ်ချိန်က ‘ မ ’ ဆိုပြီး ကျွန်တော် မြတ်မြတ်နိုးနိုး ခေါ်ခဲ့ဖူးသော မိန်းကလေးတစ်ယောက်ကို ကျွန်တော့်အမြင်အာရုံတွင် မြင်ယောင်မိနေဆဲ။
ကျွန်တော် သည်အကြောင်းတွေကို ပြန်မတွေးချင်ပါ။ ပုံပြင်တစ်ပုဒ်အနေနှင့်သာ ကြွင်းကျန်ထားပစ် လိုက်ချင်သည်။ သို့သော် (၃)နှစ်ဆိုသော အချိန်ကာလသည် ကျွန်တော့် အတွက် အကောင်းဆုံး သမားတော် မဖြစ်ခဲ့ပေ။ ယနေ့တိုင် ထိုအကြောင်းတွေသည် ကျွန်တော့်ရင်ထဲတွင် ခမ်းနားနေဆဲ ဖြစ်သည်။ အကြောင်းတွေ တိုက်ဆိုင်တိုင်းလည်း ကျွန်တော့် နှလုံးသားမှာ အခုချိန်ထိ ငိုကြွေးနေရဆဲပင်။
၂ဝဝ၅ ဝန်းကျင်လောက်တုန်းက ကျွန်တော်သည် ဘာဆိုဘာမှ မဟုတ်သေးသော ကောင်လေး တစ်ယောက်သာ ဖြစ်သည်။ အခုလို အောင်မြင်ဖို့ပင်ဝေးစွ ကိုယ်ဖြစ်ချင်သော အိပ်မက်တွေကို စိတ်ကူးယဉ် ရုံသာ တတ်နိုင်ခဲ့သည်။ ဘာပဲဖြစ်ဖြစ်ပါ ထိုအချိန်တုန်းကတော့ ဆယ်တန်းအောင်ပြီးစ လူငယ်လေး တစ်ယောက်၏ စိတ်ကူးတွေသည် အကြီးကျယ်ဆုံး ခမ်းနားနေခဲ့တာပဲ ဖြစ်သည်။
ဂစ်တာတီးခတ်ပြီး သီချင်းဆိုရသည့် အလုပ်ကို ကျွန်တော် အရမ်းကို မက်မောတွယ်တာမိသည်။ သီချင်း ဆိုခြင်းသည် ကျွန်တော့်ဝါသနာ ၊ အဆိုတော်ဘဝသည် ကျွန်တော် အရူးမူးဆုံးသော စိတ်ကူးအိပ်မက် ပင်။ ဖြစ်နိုင်သလား မဖြစ်နိုင်ဘူးလား ကျွန်တော် မသိ။ ဖြစ်ချင်နေသော ဆန္ဒတစ်ခုတည်းဖြင့် ထိုစိတ်ကူးတွေကို ရွက်လွင့်ရင်း ကျွန်တော် နေထိုင်ရာ နယ်မြို့ကလေးကနေ ရန်ကုန်မြို့ကြီးကို အရဲစွန့်ပြီး ချီတက်လာခဲ့လေသည်။
ထိုအချိန်တုန်းက လက်ထဲတွင် ဂစ်တာလေးတစ်လုံးနှင့် ရန်ကုန်သွားမည်ဆိုပြီး အလုပ်လုပ်ကာ မစားရက် မသောက်ရက် စုဆောင်းထားသော ငွေလေးငါးသောင်းကလွဲပြီး ဘာဆိုဘာမှ ပါမလာခဲ့။ အဝတ်တစ်စုံ ကိုယ်တစ်ခုဖြင့်သာ စိတ်ကူးအိပ်မက်တွေကို လွယ်ပိုးရင်း ဂစ်တာကို မလွှတ်တမ်းကိုင်ကာ ချီတက် လာခဲ့ခြင်း ဖြစ်သည်။ ရန်ကုန်ကိုရောက်တော့ မျက်စိသူငယ် နားသူငယ်နှင့် ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိပေမဲ့ ရန်ကုန်ရောက်ရင် ကိုယ် ဖြစ်ချင်တာ ဖြစ်ခွင့်ရလိမ့်မည် ဆိုသော အသိနှင့် အကျေနပ် ကြီး ကျေနပ်နေမိခဲ့သည်။
ကျွန်တော့်မှာ မိဘတွေ မရှိတော့ပါ။ အဖေက ကျွန်တော် လူမှန်းသိတတ်စကတည်းက ကုန်ကားလိုက်ရင်း ကုန်ကားမှောက်ပြီး ဆုံးပါးသွားခဲ့တာ ဖြစ်ပြီး မေမေကတော့ ကျွန်တော် ကိုးတန်းဖြေပြီးသည့်နှစ်မှာပင် လူကြီးရောဂါနှင့် ဆုံးပါးသွားခဲ့လေသည်။ ညီအစ်ကို မောင်နှမကလည်း မရှိ ၊ တစ်ကောင်ကြွက်သမား ကျွန်တော့်ကို ဆွေမျိုးမကင်းသော ဦးလေးရွှေညိုက ခေါ်ယူမွေးစားခဲ့သည်။ ဦးလေးရွှေညိုက တစ်ကိုယ်တည်းသမား လူပျိုကြီး ၊ ဂစ်တာတီးတတ်အောင်လည်း ဦးလေးရွှေညိုက သင်ပေးခဲ့ခြင်း ဖြစ်သည်။
ရန်ကုန်တွင် အခြေချဖို့ မခက်ခဲခဲ့သည်မှာလည်း ဦးလေးရွှေညိုကြောင့်ပါပင်။ နေရမည့်နေရာ အလွယ်တကူ ရရှိခဲ့သည်။ ချောင်ကျကျ နေရာလေးတစ်ခုမှာ အခန်းတစ်ခန်းကို ဈေပေါပေါနှင့် ငှားနေနိုင်ခဲ့သည်။ အခန်း ပိုင်ရှင်မှာ ဦးလေးရွှေညို၏ သူငယ်ချင်းဖြစ်သည်။ ရန်ကုန်မှာက စားရိတ်စားခတွေက ကြီးလေးသည့် အတွက် အလုပ်လုပ်ကိုလုပ်ရမည်ဆိုသော ဦးလေးရွှေညို့စကားကြောင့် အလုပ်အကြောင်း မေးမြန်း စုံစမ်းကြည့်ရာ လမ်းထိပ်က စားသောက်ဆိုင်တွင် စားပွဲထိုးတစ်ယောက် အလိုရှိကြောင်း သိခဲ့ရသည်။
ကျွန်တော် မလုပ်ချင်။ ဂစ်တာတီးပြီး သီချင်းဆိုရသည့် နေရာမျိုး ၊ ကျွန်တော့်အရည်အချင်းတွေ ချပြလို့ရ မည့် နေရာမျိုးမှာသာ ကျွန်တော် အလုပ်လုပ်ခွင့်ရချင်သည်။ သို့သော် မတတ်နိုင်ခဲ့။ စားဝတ်နေရေး အတွက် အလုပ်လုပ်ကိုလုပ်ရမည်ဖြစ်ရာ စားပွဲအလုပ်ကိုပဲ လုပ်ခဲ့ရသည်။ ဒါတောင် ကျွန်တော် ကံကောင်း သည်ဟု ဆိုရမည်။ ရန်ကုန်လို နေရာမျိုးမှာက အလုပ်တစ်ခုရဖို့ဆိုတာ အတော်လေးကို ခက်ခဲ့သည်တဲ့။ ဦးလေးရွှေညို ကျွန်တော့်ကို ပြောပြဖူးပါသည်။
စားပွဲထိုး လုပ်နေပေမဲ့လည်း ကျွန်တော် လိုချင်သောအလုပ်ကို အမြဲမပြတ် ရှာဖွေနေခဲ့သည်။ လက်ရည် မကျသွားအောင်လည်း ဂစ်တာကို နေ့စဉ် တီး၏။ စားသောက်ဆိုင်မှာ တစ်နေကုန် တစ်နေခန်း ပြေးလွှား လှုပ်ရှားခဲ့သမျှ ခြေကုန်လက်ပန်းကျအောင် မောပန်းနေပေမဲ့လည်း တစ်နေ့ကို တစ်ပုဒ်တော့ မှန်မှန် တီးနေခဲ့ပါသည်။
ဇွဲကောင်းကောင်းနှင့် စုံစမ်းမေးမြန်းနေခဲ့ရာ တစ်ခုသော နေခြည်တောက်တောက် မနက်ခင်းတွင်တော့ ကျွန်တော် လိုချင်နေသာ အလုပ်ကို တွေ့ရှိခဲ့ပါသည်။ စားသောက်ဆိုင် အတွက် လိုအပ်သော ပစ္စည်းတွေ သွားဝယ်ရာလိုက်သွားရာမှ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ကော်ဖီဆိုင်လေးတစ်ခု၏ရှေ့တွင် ကြေညာဘုတ်လေး တစ်ခု ၊ ဂစ်တာတီးပြီး သီချင်းဆိုတတ်သူ အလိုရှိသည်တဲ့။ကျွန်တော့်မှာ ပျော်လိုက်သည့်ဖြစ်ခြင်း။ ကျွန်တော် စားသောက်ဆိုင်ကနေ အလုပ်ထွက်လိုက်တော့သည်။
လုံးဝ မထင်မှတ်ထားခဲ့ပါ။ အချစ်သောအရာကို သည်ကော်ဖီဆိုင်မှာ တွေ့ရလိမ့်မည်ဟု။ ဟုတ်သည် … ကျွန်တော် ‘ မ ’ ကို ထိုနေရာလေးမှာ စတင်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ မ,သည် ကျွန်တော် အလုပ်လုပ် ချင်နေသော ကော်ဖီဆိုင်လေး၏ ပိုင်ရှင် ဖြစ်နေ၏။
ကျွန်တော် အလုပ်ရခဲ့ပါသည်။ ထိုနေ့က မ,ကို ငေးကြည့်ရင်း အချစ်သီချင်းချိုချိုလေးတွေ ကောင်းစွာ တီးပြ ဆိုပြနိုင်ခဲ့သည်။ မ,ကတော့ မသိခဲ့။ မ,သည် ကျွန်တော့်အသံကို နားလေးစွင့်ရုံ နားထောင်နေခဲ့ပြီး မျက်ဝန်းတွေကတော့ ဂစ်တာကြိုးလေးတွေပေါ်မှာ ပြေးလွှားဆော့ကစားနေသော ကျွန်တော့် လက်ချောင်းလေးတွေကိုသာ ငေးကြည့်နေခဲ့သည်။ ထို ငေးကြည့်နေသော ပုံစံလေးကိုပင် ကျွန်တော် စွဲလမ်းသွားရခြင်း ဖြစ်သည်။
မ,ရှိရာ ကော်ဖီဆိုင်လေးသည် ကျွန်တော်နေသော ရပ်ကွက်နှင့် နည်းနည်းတော့ လှမ်းပါသည်။ မိနစ်နှစ် ဆယ်လောက် လမ်းလျှောက်သွားရသည်။ ကျွန်တော်တို့ရပ်ကွက်က လမ်ကြိုလမ်းကြားထဲမှာ ရှိနေပေရာ စီးသွားစရာ ကားလည်း မပေါက်ပေ။ စက်ဘီး ဆိုင်ကယ်ရှိလျှင်တော့ အတော်လေးကို အဆင်ပြေမည်။ ကျွန်တော် မမှုပါပေ။ မ,ရှိနေသည်ဆိုသောအသိလေးနှင့် ကော်ဖီဆိုင်သို့ ချီတက်နေသော ကျွန်တော့် ခြေလှမ်းတွေသည် သွက်ပြီးရင်း သွက်မြဲ။ ညောင်းလို့ညာလို့များ မညည်းညူမိခဲ့။ မ,၏ မျက်နှာလေးကို မြင်ယောင်မိလေတိုင်း ပန်းခဲ့သမျှ အမောပြေရသည်။ မ,ကို ကျွန်တော် အရမ်းချစ်မိနေပြီ။
မ,က အလိုက်သိတတ်ရှာ၏။ သူ့ဆိုင်က ဝန်ထမ်းတစ်ယောက် ဆိုင်သွားဆိုင်ပြန် လမ်းလျှောက်နေရသည့် အဖြစ်ကို ကြာရှည်စွာ မကြည့်ရက်ခဲ့နိုင်ပါ။ ကျွန်တော့်အတွက် သူ လေ့ကျင်ခန်းလုပ်သည့် ပြိုင်ဘီးလေးကို သူ့အိမ်ကနေ ယူလာပေးလေသည်။ ထိုနေ့က ကမ္ဘာပေါ်တွင် အပျော်ဆုံးလူသား ကျွန်တော်သာ ဖြစ်ပါ လိမ့်မည်။ မ,သည် အချို့ဆိုင်ရှင်တွေလို မဟုတ်။ ဝန်ထမ်းတွေ လိုအပ်တာရှိလျှင် ဖြည့်ဆည်းပေးတတ် သည်မှာ မ,၏ အကျင့်ကောင်းလေးတစ်ခု ဖြစ်သည်။ ထိုကြောင့် မ,ကို ဝန်ထမ်းတွေအားလုံးက လေးစား ချစ်ခင်ကြပြီး အလုပ်ကိုလည်း ကြိုးစားလုပ်ကိုင်ပေးကြသည်။ ထိုသူများထဲတွင် ကျွန်တော်လည်း တစ်ယောက်အပါအဝင် ဖြစ်၏။
မ,နှင့် ရင်းနှီးလာသည့်နောက်ပိုင်းတွင် မ,အကြောင်း တစေ့တစောင်း သိလာရသည်။ မ,၏ မိဘတွေသည် ချမ်းသာကြသည်တဲ့။ အခု ကော်ဖီဆိုင်ကိုတောင် မ,မိဘတွေက မ,ကို မွေးနေ့လက်ဆောင် ပေးခဲ့သည်တဲ့။ သည်အတိုင်းဆိုလျှင် မ,နှင့် ကျွန်တော့်ဘဝသည် မိုးနှင့်မြေလို။ မ,သည် ချမ်းသာသလောက် ဟန်ဆောင် ပဲများခြင်းလည်း မရှိ။ လှလည်း လှပေသည်။ လှသလောက် ရိုးသားပွင့်လင်းသည်။ တစ်ခါတုန်းက ကျွန်တော် သီချင်းဆိုနေကျ စတိတ်စင်ပေါ်တက်ပြီး ကျွန်တော်နှင့်အတူ စုံတွဲသီချင်းတစ်ပုဒ်ကို ဟန်ဆောင် မှုကင်းစွာ သီဆိုဖျော်ဖြေခဲ့သည်ပင်။ ထိုအခါမှ မ,လည်း သီချင်းတွေကို ချစ်တတ်မှန်း ၊ သီချင်းတွေ ကို ကောင်းကောင်း ဆိုတတ်မှန်း သိခဲ့ရသည်။
မ,နှင့်ရင်းနှီးပတ်သက်မိလေလေ မ,ကို ကျွန်တော် ချစ်မြတ်နိုးလေလေ ဖြစ်သည်။ တစ်ခါတလေ မ,၏ ချမ်းသာမှုတွေအကြောင်း စဉ်းစားမိတိုင်း ကျွန်တော် ရူးသွားချင်မိသည်။ ကျွန်တော့်မှာ တန်ခိုးသာ ရှိမည်ဆိုလျှင် မ,ကို ရိုးရိုးသာမန် မိန်းကလေးတစ်ယောက်အဖြစ် ဖန်ဆင်းပစ်လိုက်ချင်သည်။ အခုတော့ မ,ကို ချစ်ရသည်မှာ ရင်မောလှပါ၏။ ခံစားချက်တွေ သိုဝှက်ထားရခြင်းက ဘယ်လောက်တောင် ခက်ခဲ လိုက်သလဲ ခံစားဖူးသူတိုင်း သိကြပါလိမ့်မည်။ မ,ရေ … ကျွန်တော့်ရင်ဘတ်ကြီး ပေါက်ကွဲတော့မည်။
မ,ကတော့ ကျွန်တော့်ကို ပြောသည်။ ကြိုးစားပါတဲ့ … ထင်ညို့မှာ တဲလင့်ရှိသည်တဲ့။ ကျွန်တော့်ကို သီချင်းအဆိုပြိုင်ပွဲတွင် ဝင်ပြိုင်ခိုင်းသည်။ ကျွန်တော်သည် မ, ကြိုးဆွဲရာ ကမည့် မ,၏ ကရုပ်ကလေးပါ။ မ,သာ အားပေးမည်ဆိုလျှင် အမေရိကန်အင်ဒေါလ်တောင် သွားပြိုင်လိုက်ချင်သည်။ မ,၏ အကြံပေး မှုကြောင့်ပါပင် ကျွန်တော် သီချင်းအဆိုပြိုင်ပွဲတွေ ဝင်ရောက်ယှဉ်ပြိုင်ဖြစ်ခဲ့ပါသည်။ ယှဉ်ပြိုင် သည့် ပြိုင်ပွဲတိုင်းတွင်လည်း ပထမ ဒုတိယ တတိယ တစ်ဆုမဟုတ် တစ်ဆုတော့ ရရှိခဲ့သည်။
ကျွန်တော် အရမ်းပျော်သည်။ နှလုံးသားတစ်ခုလုံး ရင်ဘတ်ထဲက ခုန်ထွက်သွားမလားတောင် ထင်ရသည်။ ထိုနေ့လေးကို ကျွန်တော် ဘယ်တော့မှ မေ့တော့မည် မဟုတ်။ ထိုနေ့က ချစ်သူများနေ့ စုံတွဲသီချင်း ဆိုပြိုင်ပွဲတွင် မ,နှင့်ကျွန်တော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပထမဆု ရရှိခဲ့သောနေ့ … ထိုပြိုင်ပွဲအပြီးတွင် ကျွန်တော် မ,ကို ရဲဝံ့စွာ ဖွင့်ပြောဖြစ်ခဲ့သော နေ့ပင်။ မ,မှာ ချစ်သူရှိနေသလား မရှိဘူးသလား ကျွန်တော် မသိ။
“ ကျွန်တော် မ,ကို ချစ်နေမိတယ် ”
ပြောပြီးပြီးချင်း ကျွန်တော် မျက်လုံးကိုမှိတ်ကာ ပါးပြင်ကို စောင်းပေးလိုက်သည်။ အခွင့်ကောင်းယူသည် ထင်ပြီး မ ကျွန်တော့်ကို အထင်သေးသွားမည်လား။ မျက်လုံး မှိတ်ထားရင်းက “ အခွင့်ကောင်းယူတာ မဟုတ်ပါဘူး မရယ် ” ဟု ဆက်ပြောမိသည်။ မ ကျွန်တော့်ပါးကို မရိုက်ခဲ့ပါ။ ကျွန်တော့်ကို လေထဲမြောက် သွားစေမည့်စကားတစ်ခွန်းသာ မ,၏ နှုတ်ခမ်းဖျားက ထွက်ကျလာသည်။
“ တို့ မင်းကို မချစ်ဘူးဆိုပြီး ဟန်ဆောင်လိုက်ရင် ကောင်းမလား ဟင် ၊ ဆိုးတာက တို့ ဟန်မဆောင် တတ်ဘူး ဖြစ်နေတယ် ”
အို … အိုးမိုင်ဂေါ့ဒ် ၊ ကျွန်တော့်မျက်လုံးတွေ ပြန်ပွင့်လာပြီး ကျွန်တော် ကိုယ့်ကိုယ်ကို ဆွဲဆိတ်ကြည့်မိသည်။ နာ၏။ မည်သို့ ဖြစ်သွားသည် မသိပေ … သတိထားမိလိုက်သည့် အချိန်မှာတော့ မ,ထံမှ “ သွား ” ဆိုသော စကားသံလေးနှင့် ကျွန်တော့်ရင်ဘတ်ပေါ်သို့ မ,၏ လက်သီးဆုပ်လေး ကျရောက်လို့လာပါတော့သည်။ မ,ပါးပြင်တွင်လည်း နှင်းဆီတစ်ခင်း … ကျွန်တော် မ,ကို ကြည့်ပြီး ကြည်နူးစွာ ပြုံးမိ၏။ တစ်သက်မှာ တစ်ခါ ၊ တစ်ခါမှာ တစ်ယောက်ဆိုသော အချစ်မျိုးနှင့် ဘဝကြီး ပုံပေးပြီးတော့တောင် မ,ကို ကျွန်တော် ချစ်ရပါ သည်။
အချစ်သည် အရာရာကို ပြောင်းလဲစေတတ်သည်ဆိုလျှင် ပြောင်းလဲသူများထဲတွင် ကျွန်တော်သည် ထိပ်ဆုံး က ဖြစ်ပါလိမ့်မည်။ မ,၏ အချစ်တွေသည် ကျွန်တော့်ကို အရာရာ ပြောင်းလဲစေခဲ့ပြီ။ မ,က ဘွဲ့လေးတစ်ခု ရအောင် ယူပါဆိုသောကြောင့် ကျွန်တော် ကျောင်းပြန်တက်ခဲ့ရပြီ။ စာတွေက နှစ်နှစ်သုံးနှစ်လောက် ကွာနေပြီဖြစ်သောကြောင့် မတက်ပါဘူးဟု ဆိုမိပေမဲ့လည်း မက “ မောင် မင်း တို့ကို လက်မထပ်ချင်ဘူး လား ” ဆိုသော စကားကြောင့် ကျွန်တော် မ,ကို ဒူးထောက်လိုက်ရသည်။ မ,က ကျွန်တော့်ကို လက်ထပ်ဖို့ အထိတောင် ရည်ရွယ်ပြီး ချစ်ခဲ့တာပါလားဟု သိလိုက်ရချိန်မှာ မ,ကို ကျွန်တော် ကျွန်တော့်အသက် ထက်အောင် ပိုချစ်သွားမိပါသည်။
မ,သည်သာ ကျွန်တော့်အသက် ၊ မ,သည်သာ ကျွန်တော့်ဘဝ ဖြစ်သည်။ မ,သာ ကျွန်တော့်လက်ကို တွဲထားမည်ဆိုလျှင် အရာရာကို ရင်ဆိုင်ရဲပါသည်။ မီးတောင်ကိုလည်း ကျော်ရဲသလို ဓါးတောင်ကို လည်း ဖြတ်ရဲသည်။ ဘယ်က သတ္တိတွေ ဝင်လာမှန်းမသိ။ မ,ကို ကျွန်တော် ချစ်သည်။ ထိုအချစ်တွေကြောင့်သာ ဖြစ်မည် ထင်၏။
သို့သော် တစ်ခုသော ညနေခင်းတွင်တော့ အရာအားလုံးကို ကျွန်တော် ဒူးထောက်အရှုံးပေးလိုက်ရသည်။ ကျွန်တော့်လက်ကို တွဲထားသော မ,၏ လက်ကို မ,ကိုယ်တိုင် ဖြုတ်ချသွားခဲ့သည်ပင်။ မ,၏ နှုတ်ခမ်း ပါးလေးမှ ကျွန်တော့်နှလုံးသားတစ်ခုလုံး အက်ကွဲသွားစေမည့် ရက်စက်စွာသော စကားတစ်ခွန်းကို ဆိုလာ၏။ “ တို့ လက်ထပ်ရတော့မယ် ” တဲ့။ သည့်ထက် ရက်စက်သည့် စကားတစ်ခွန်း သည်ကမ္ဘာမှာ ရှိသေးလျှင် ပြောလိုက်ပါလို့တောင် ကျွန်တော် ပြောလိုက်ချင်သည်။
ကျွန်တော် ရည်မှန်းထားသော ကမ္ဘာငယ်လေး အစိတ်စိတ်အမွှာမွှာ ပျက်သုဉ်းသွားပြီ။ အစစ အရာရာ စီစဉ်ပြီးသွားပြီတဲ့။ မ,၏ မင်္ဂလာဆောင်ဖိတ်စာလေးသည် ကျွန်တော့်ကို ကောင်းကောင်းကြီး ဟား တိုက်နေပေသည်။ မ,နှင့်လက်ထပ်မည့်သူက ကျွန်တော့်ထက် အပုံကြီးမက အပုံကြီး သာလွန် လွန်းနေသောသူတစ်ယောက်။ ဘွဲ့တွေမှ သူ့နောက်မှာ တသီ တတန်းကြီး။ ကျွန်တော့်မျက်ဝန်းမှာ မျက်ရည်တွေ မြစ်တစ်စင်းလို စီးဆင်းနေသည်။
“ မ ဘာလို့ ဒီလိုလုပ်ရက်ရတာလဲ ၊ မ ပြောတော့မောင်က မ,ကို လက်မထပ်ချင်ဘူးလားဆို ၊ မ ကျွန်တော့်ကို လက်ထပ်ဖို့အထိ ရည်ရွယ်ပြီး ချစ်ခဲ့တာ မဟုတ်ဘူးလား ”
မ ဘာမှမပြော။ မ,မျက်ဝန်းတွင်လည်း မျက်ရည်တွေ စမ်းချောင်းတွေလို စီးဆင်းနေသည်။ မငိုပါနှင့်။ ကျွန်တော်က “ ပြောပါ မ,ရယ် ၊ ပြောပါ ” ဆိုပြီး ပခုံးကို လှုပ်ကာ မေးတော့မှ …
“ ဟုတ်တယ် … မ မင်းကို လက်ထပ်ဖို့အထိ ရည်ရွယ်ပြီး ချစ်ခဲ့တာပါ ၊ ချစ်ခဲ့လို့ပဲ မ မင်းကို ပြောင်းလဲပေးခဲ့ တယ်လေ ၊ မင်း ဘာပြောင်းလဲခဲ့သလဲ ၊ ဘွဲ့ရပြီးတော့လည်း ဂစ်တာကြီးနဲ့ပဲ နှစ်ပါးသွားနေတယ် ၊ ပြောမှ လုပ်တာမျိုး မ မကြိုက်ဘူး မောင် ၊ ဒီတော့ မ ဘာလုပ်ရမလဲ ၊ မ မင်းကို ချစ်ရုံပဲ တတ်နိုင်တော့တယ် ”
မ ငို၏။ မျက်နှာကို လက်နှင့်အုပ်ပြီး ကျူကျူပါအောင် ငိုသည်။ ကျွန်တော် ဘာမှမဆိုသာတော့ပါ။ ကျွန်တော် မ,ရှေ့ ဒူးထောက်လိုက်ပါတော့သည်။
ထိုနေ့ညက အရာအားလုံး ပူလောင်နေခဲ့သည်။ ရင်ထဲက အပူ ၊ နွေည၏ အပူများ ၊ မသောက်စဖူး သောက် သည့် အရက်၏ အပူများဖြင့် ရင်တစ်ခုလုံး လောင်ကျွမ်းနေခဲ့ပြီ။ ကျွန်တော် အခန်းဖော်သူငယ်ချင်း ကတော့ ပြောသည်။ မ, မမှားဘူးတဲ့။ သူ့ဘဝအတွက် သူ ရွေးချယ်သွားတာ မှန်သည် တဲ့။ နောက်ပြီး ပြောသေးသည်။ “ ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်ကို သေလောက်အောင် ချစ်နေပါစေ ၊ မိန်းမတစ်ယောက်ရဲ့ဘဝကိုတောင် အရောင်တောက်အောင် စွမ်းဆောင်ပေးနိုင်တဲ့ အစွမ်းအစမရှိသေးရင် အဲ့ဒီယောက်ျားဟာ ကိုယ် ချစ်နေတဲ့ မိန်းမကို ဘယ်လိုလုပ်ပြီး လက်ထပ်နေမှာလဲ ” တဲ့။
ဘုရားရေ … ငိုနေသော မ,၏ မျက်နှာလေးကို မြင်ယောင်မိလေသည်။
ပါးပြင်ပေါ်သို့ စီးကျလာသော မျက်ရည်ကို လက်ဖမိုးဖြင့် မသိမသာ သုတ်လိုက်သည်။ အတိတ်သည် သုတ်ချလိုက်သော မျက်ရည်စက်နှင့်အတူ ပါသွားချေပြီ။ မောင့်ကို ခွင့်လွှတ်ပါ မရယ်။ တစ်ချိန်က မိန်းမ တစ်ယောက်ရဲ့ဘဝကိုတောင်မှ အရောင်တောက်အာင် စွမ်းဆောင်ပေးနိုင်တဲ့ အစွမ်းအစတွေ မရှိခဲ့ တဲ့ ယောက်ျားတစ်ယောက်ကို ခွင့်လွှတ်ပေးပါ။
မီးကတော့ အခုချိန်ထိ ပြန်မလာသေး။ ကောင်းကင်ကို မော့ကြည့်မိသည်။ လမင်းကြီးသည် ဂုဏ်ယူ ဝင်ကြွားစွာဖြင့် ထိန်ထိန်သာလင်းလျက် ရှိသည်။
ငယ်ငယ်တုန်းကဆိုရင် အခုလို မီးပျက်နေသော လသာသာညတွေမှာ အိမ်နားက သူငယ်ချင်းတွေခေါ်ပြီး ဆော့ကစားလေ့ရှိခဲ့တာကို မှတ်မိသေးသည်။ ညဉ့်နက်တဲ့အထိကို ကစားနည်းတွေ မျိုးစုံအောင် တစ်ခုပြီးတစ်ခု ကစားခဲ့ကြသည်။ မိဘတွေက ညဉ့်နက်လို့ အိမ်ထဲ အတင်းဝင်ခိုင်းတာတောင် မဝင်ချင်ခဲ့။ ထိန်ထိန်သာနေသော လမင်းကြီးအောက်မှာ ဆော့ကစားနေရသည်ကို အထူးပင် မက်မော ခဲ့လေသည်။ နွေည၏ အပူတွေကြောင့်ရော ၊ ပြေးလွှားဆော့ကစားရလို့ မောပန်းနေ တာကြောင့်ရော ချွေး တလုံးလုံးနှင့် ပူအိုက်နေခဲ့ပေမဲ့ရင်ထဲမှာတော့ ပျော်ရွှင်နေခဲ့သည်။ ထိုပျော်ရွှင်မှုတွေနှင့် ပူလို့ပူမှန်းလည်း မသိ။ ကစားရမည်ဆိုလျှင် တစ်ညလုံး မမောနိုင်မပန်းနိုင် ကစားပစ်လိုက်ချင်ခဲ့သည်။
အခု ကျွန်တော်လည်း လရောင်အောက်မှာ ဆော့ကစားနေသော ကလေးလေးတစ်ယောက်လိုပင်။ တစ်ချိန်က နောင်တတွေနှင့်အတူ ခံစားခဲ့ရသော နာကျင်မှုဝေဒနာတွေက ဘယ်လောက်ပဲ ပြင်းထန် လွန်းလှပါစေ ၊ အဆိုတော်ဘဝ၏ အောင်မြင်မှုတွေကတော့ ကျွန်တော့်ကို ပြုံးစေနိုင်ခဲ့ပြီ။ ကျွန်တော် မိန်းမတစ်ယောက်၏ ဘဝကို အရောက်တောက်အောင် မစွမ်းဆောင်ပေးနိုင်သေးသော ယောက်ျား တစ်ယောက် မဟုတ်တော့ပါ။
ကျွန်တော့်မှာ အောင်မြင်မှုတွေ ရှိနေပြီ။ ကျွန်တော့်ကို အောင်မြင်မှုတွေက မျှားခေါ်နေပေပြီ။ မကြာတော့သော အချိန်အတွင်းမှာ မ,ကို ကျွန်တော် လုံးဝ မေ့ပျောက်သွားနိုင်တော့မှာပါ။ ကျွန်တော့် လုံးသား အငိုတိတ်ခါနီးပါပြီ။
လရောင်က နွေညတွေကို ပူလောင်မှုတွေကနေ မျှားခေါ်နေသလိုမျိုးပဲ ယခု ကျွန်တော် ရရှိထား သည့် အောင်မြင်မှုတွေကလည်း ကျွန်တော့်ကို မျှားခေါ်နေပြီလေ။ အဆိုတော်ဘဝဖြင့် ဒီထက် မက အောင်မြင်အောင် ကျွန်တော် ကြိုးစားရဦးမည်ပင်။
** ………………………………………………………………………………………. **
နွေလ
0 comments:
Post a Comment