Wednesday, September 4, 2013

ထိုင်းနိုင်ငံရောက် ဗီဇာသက်တမ်း လေးနှစ်ကုန်ဆုံးသော မြန်မာရွှေ့ပြောင်း အလုပ်သမားများ မြန်မာနိုင်ငံသို့ တစ်လပြန်လာပြီးမှ ပြန်လည်အလုပ်လုပ်ကိုင်ခွင့် ရရှိမည်


ထိုင်းနိုင်ငံတွင် ဗီဇာသက်တမ်း လေးနှစ်ကုန်ဆုံးပြီးသော မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် သုံးနှစ်မြန်မာနိုင်ငံသို့ ပြန်လာပြီးမှ ထိုင်းတွင် အလုပ်ပြန်လည် လုပ်ကိုင်ခွင့် ရရှိမည်ဟူသည့်အစား ယခုအခါတွင် မြန်မာနိုင်ငံသို့ သုံးနှစ်အစား တစ်လပြန်လာပြီးမှသာ ထိုင်းတွင်အလုပ် ပြန်လည်လုပ်ကိုင်ခွင့် ရရှိမည်ဟူ၍ ထိုင်းအလုပ်သမား ၀န်ကြီးဌာနနှင့် သဘောတူညီချက် ရရှိခဲ့ကြောင်း ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး ကွန်ရက်၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။

၂၀၀၃ ခုနှစ်က ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာအရ ဗီဇာသက်တမ်း လေးနှစ်ပြည့်ပြီးသော မြန်မာရွှေ့ပြောင်း အလုပ်သမားများ အနေဖြင့် အမိနိုင်ငံသို့ သုံးနှစ်ပြန်လည် တာဝန်ထမ်းဆောင်ပြီးမှ ထိုင်းနိုင်ငံသို့ ပြန်လည်သွားရောက်ခွင့်ရှိကြောင်း သိရသည်။ ထို့ကြောင့် ဗီဇာသက်တမ်း ကုန်ဆုံးပြီးသော မြန်မာရွှေ့ပြောင်း အလုပ်သမားများမှာ overstay ဖြင့် နေထိုင်မှုများ ရှိခြင်းကြောင့် တရားမ၀င် နေထိုင်မှုများရှိကာ ခေါင်းပုံဖြတ်ခြင်းများ ကြုံတွေ့လာကြောင်း သိရသည်။

ယင်းအချက်များကြောင့် ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး ကွန်ရက်၊ အလုပ်သမား သွေးစည်းညီညွတ်ရေး ကော်မတီ၊ ပြည်သူပိုင်လုပ်ငန်း အလုပ်သမား သမဂ္ဂများအဖွဲ့ ချုပ်၊ ရွှေ့ပြောင်းရေးရာ လှုပ်ရှားသူများအဖွဲ့တို့နှင့် ထိုင်းအလုပ်သမား ၀န်ကြီးဌာနတို့သည် စက်တင်ဘာ ၁ ရက်၌ ထိုင်းနိုင်ငံ မဟာချိုင်ဒေသတွင် လေးနှစ်ဗီဇာ သက်တမ်းပြည့် ရွှေ့ပြောင်းအလုပ်သမားများ၏ အနာဂတ်နှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်း ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး ကွန်ရက်၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။

"ဗီဇာသက်တမ်း ကုန်ဆုံးပြီးတဲ့ အလုပ်သမားတွေ အနေနဲ့ overstay နေလိုက်မယ်ဆိုရင် တရားမ၀င် အလုပ်သမားတွေ ဖြစ်သွားပြီးတော့ အရင်လိုပြန်ပြီး ဒုက္ခရောက်ကုန်မယ်။ အရင်က သတ်မှတ်ထားတဲ့ စနစ်အရဆိုရင် မပြန်ချင်တဲ့ သူတွေကတော့ နေကြမှာပဲ။ အဲဒါဆို သူတို့တွေအတွက် ဒုက္ခဖြစ်နိုင်တယ်။ အခုလို သုံးနှစ်အစား တစ်လပြန်ပေးလိုက်တော့ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် စိတ်အေးသွားတာပေါ့" ဟု ထိုင်းအခြေစိုက် ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး ကွန်ရက်မှ တာဝန်ခံ ကိုထွန်းက ပြောကြားသည်။

ယင်းသဘောတူညီချက်ကို စက်တင်ဘာ ၁ ရက်တွင် ပြုလုပ်ခဲ့သော အစည်းအဝေးပွဲတွင် ထိုင်းအလုပ်သမား ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် Mr. Pravit Khiengpol က ပြောကြားခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခု ဗီဇာသက်တမ်း ကုန်ဆုံးသွားသော မြန်မာရွှေ့ပြောင်း အလုပ်သမားများ အနေဖြင့် သက်တမ်းတိုးရာတွင် မဲဆောက်၊ မဲဆိုင်၊ ရနောင်း၊ ကန်ချနာပူရီ ဒေသများတွင် သက်တမ်းတိုးနိုင်ကြောင်း၊ ပြန်လည်လုပ်ကိုင်မည့် အလုပ်သမားများ အနေဖြင့် အလုပ်ရှင်၊ အလုပ်သမား သဘောတူညီထားသော လုပ်အားခ အလုပ်ချိန်၊ လူမှုဖူလုံရေး ထောက်ပံ့ကြေးငွေ စသည့်စာချုပ်စာတမ်းများနှင့် လုပ်ကိုင်ပြီးမှ ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက် အလုပ်လုပ်ကိုင်နိုင်ရန် စီစဉ်ပေးမည်ဖြစ်ကြောင်း ထိုင်းအလုပ်သမား ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် Mr. Pravit Khiengpol က ပြောကြားသည်။

စက်တင်ဘာ ၅ ရက်တွင်လည်း အဆိုပါကိစ္စရပ်နှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များ ထုတ်ပြန်သွားရန်ရှိကြောင်း သိရသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...