Monday, August 26, 2013

ရာထူး၊ တာဝန်နှင့် ၀တ္ထရား ၊ အဆောင်အယောင်






ပို့ဆောင်ရေး ဝန်ကြီးဌာန မြန်မာ့ သင်္ဘောကျင်း လုပ်ငန်းတွင် အဆင့်မြင့် ရာထူးဖြင့် တာဝန် ထမ်းဆောင်ခဲ့သော ပုဂ္ဂိုလ်တစ်ဦး၏ အတွေ့အကြုံများကို ပြောပြသဖြင့်

မှတ်သား ခဲ့ရဖူးသည်။ သင်္ဘောကျင်း ဖွဲ့စည်းပုံအရ ဆရာဝန် တစ်ဦးသာ ခန့်ထားခွင့်ရှိပြီး ထိုဆရာဝန်၏ လစာကို ကျန်းမာရေး ဝန်ကြီးဌာန ကပေးသည်။ ထိုစဉ်က သင်္ဘောကျင်း ဝန်ထမ်းများ အတွက် ကျန်းမာရေး စောင့်ရှောက်ရန် ဆရာဝန် တစ်ဦးနှင့် လုံလောက်သော်လည်း အကြောင်း အမျိုးမျိုးကြောင့် ဆရာဝန် ခွင့်ပြန်လိုသည့်အခါ အခြား ဆရာဝန် တစ်ဦးက လာရောက် တာဝန် ထမ်းဆောင်ရသဖြင့် အဆင်မပြေမှုများ ရှိခဲ့သည်။

ကျန်းမာရေး ဝန်ကြီးဌာနသို့ ဆရာဝန် တစ်ဦး ထပ်မံ ပို့ပေးရန်နှင့် ထပ်မံပို့ပေးသည့် ဆရာဝန်အတွက် လစာကို သင်္ဘောကျင်းမှ ကျခံပါမည်ဟု ညှိနှိုင်းလိုက်ရာ အမျိုးသား ဆရာဝန် သို့မဟုတ် အမျိုးသမီး ဆရာဝန် မည်သူ့ကို ခေါ်လိုကြောင်း ပြန်မေးလာသည်။ ထိုစဉ်က သင်္ဘောကျင်းတွင် အမျိုးသမီး ဝန်ထမ်း ၅ဝ ခန့် ရှိသဖြင့် အမျိုးသမီး ဆရာဝန် ပို့ပေးရန် အကြောင်းပြန်လိုက်ရာ အမျိုးသမီး ဆရာဝန် တစ်ဦး ရောက်လာသည်။

ဆရာဝန် နှစ်ဦးရှိသွားချိန်တွင် ပထမ ရောက်နေသော ဆရာဝန်မှာ လုပ်ဖော်ကိုင်ဖက် တစ်ဦးတိုးလာသဖြင့် ဝမ်းသာနေရမည် ဖြစ်သော်လည်း မျက်နှာမကောင်း ဖြစ်နေသည့်အပြင် တစ်ခုခုကို မကျေမနပ် ဖြစ်နေဟန် ရှိကြောင်း တွေ့ရသည်။ စုံစမ်းကြည့်သောအခါ ပထမ ဆရာဝန်အတွက် ထုတ်ပေးထားသော အရာရှိသုံး စားပွဲက ဟောင်းနေပြီး နောက်ရောက်လာသော ဆရာဝန်အတွက် ထုတ်ပေးလိုက်သော စားပွဲက သစ်လွင်နေသည်ကို မကျေမနပ် ဖြစ်နေကြောင်း သိရသည်။ နောက်ဆရာဝန်အတွက် ထုတ်ပေးသော စားပွဲမှာ သစ်လွင်သော်လည်း အရာရှိသုံး စားပွဲမဟုတ်ဘဲ ရုံးအုပ်အဆင့် အသုံးပြုသော စားပွဲဖြစ်သဖြင့် အရွယ်အစား ငယ်နေသည်။ ပထမဆရာဝန်က စားပွဲဟောင်းဖြင့် ထိုင်ရသည်ကို မကျေမနပ် ဖြစ်နေသည့်နည်းတူ စားပွဲသစ်ဖြင့် ထိုင်ရသော နောက်ဆရာဝန်က စားပွဲငယ်သဖြင့် မကျေမနပ် ဖြစ်ပြန်သည်။

စားပွဲခုံ ထိုင်ရသည်ကို မကျေမနပ် ဖြစ်ကြရာမှ ယာဉ်အသုံးပြုသည့် ကိစ္စသို့ ဆက်သွားသည်။ ပထမ ဆရာဝန်အတွက် အသုံးပြုရန် မော်တော်ယာဉ်ငယ် ဘီ-၆ဝဝ တစ်စီးကို သင်္ဘောကျင်းက စီစဉ် ပေးထားသည်။ ထိုအချိန်က ကျန်းမာရေး ဝန်ကြီးဌာန လက်အောက်မှ လက်ထောက် ဆရာဝန်အဆင့် ရှိသူများအတွက် ဌာနသုံးယာဉ် စီစဉ်ပေးသည့် သတ်မှတ်ချက် မရှိသော်လည်း ဒုတိယ ရောက်လာသူ ဆရာဝန်က မော်တော်ယာဉ်တောင်းလာသည်။ သင်္ဘောကျင်းမှာ ဆရာဝန် နှစ်ဦးရှိသည့်အတွက် ယာဉ်နှစ်စီး ပေးထားရမည် ဆိုသည့် သဘောမျိုး မထားရန်၊ လုပ်ငန်း ပမာဏမှာလည်း လျော့နည်းသွားသဖြင့် ကားကိစ္စ သည်းခံပါရန် ဖျောင်းဖျပြီး ပေးထားသည့် ယာဉ်ကိုပဲ သင်္ဘောကျင်းနှင့် အိမ် အသွားအပြန် မျှသုံးကြရန် မေတ္တာ ရပ်ခံလိုက်ရသည်။ ရက်သိပ်မကြာမီ ပထမဆရာဝန်ကို ကျန်းမာရေး ဦးစီးဌာနက ပြန်ခေါ်သွားသဖြင့် ယာဉ်ကိစ္စ အလိုအလျောက် ပြေလည်သွားကြောင်း သိရသည်။

ဆင်မလိုက် သင်္ဘောကျင်းကို ၁၉၆၉-၁၉၇ဝ ပြည့်နှစ်တွင် တည်ဆောက် ပြီးစီးခဲ့သည်။ စတင် တည်ဆောက်စဉ်က တပ်မတော် (ရေ) အတွက် ရည်ရွယ်ခဲ့သော်လည်း တည်ဆောက်ရေး လုပ်ငန်း ပြီးစီးသွားသောအခါ အရပ်ဘက်သို့ လွှဲပြောင်းပေးရသည်။ သင်္ဘောကျင်းပိုင် ပစ္စည်း အရပ်ရပ်တို့ကို လွှဲပြောင်း လက်ခံပြီးနောက် သင်္ဘောကျင်းသို့ ဦးစွာ ရောက်သည့် ဌာနမှူးက လက်ဝါးကြီး အုပ်လိုက်သဖြင့် ယခု ဆရာဝန်နှစ်ဦးနှင့် သက်ဆိုင်သော ရုံးသုံး ပရိဘောဂ ကိစ္စက မောက်ကမ ဖြစ်ရသည်ဟု သုံးသပ်ထားသည်။ ရက်ပိုင်းမျှသာ ကြာသဖြင့် ဆရာဝန်နှစ်ဦး၏ အရည်အသွေးကို နှိုင်းယှဉ် ဖော်ပြမထားပေ။

ရာထူးသည် အလုပ်တာဝန် ထမ်းဆောင်ရန် ခန့်အပ်ထားသော အဆင့်ဖြစ်သည်။ တာဝန်သည် မဖြစ်မနေ ဆောင်ရွက်ရမည့် ကိစ္စဖြစ်ပြီး ဝတ်ကျေတမ်းကျေသာ ဆောင်ရွက်ရသည် မဟုတ်ဘဲ အစ၊ အလယ်၊ အဆုံး အကောင်းဆုံးဖြစ်အောင် ကြိုးစား ရွက်ဆောင်ကြရသည်။ ရာထူး တာဝန်အလျောက် ပြုဖွယ်ကိစ္စ အဝဝကို ရွက်ဆောင်ကြရာ၌ ထွက်ပေါ်လာသော အကျိုးရလဒ်အပေါ် အရည်အသွေး အကဲဖြတ်သူမှာ မိမိကိုယ်တိုင် မဟုတ်ဘဲ အခြားသူများ၏ အကဲဖြတ် ရမှတ်သည်သာ စစ်မှန်သော အရည်အသွေး ဖြစ်သည်။ အခြားသူများ၏ ဝေဖန် အကဲဖြတ်မှုကို ခံနိုင်ရည်ရှိပြီး လိုအပ်ချက်ကို ပြုပြင် ဖြည့်ဆည်းနေရန်မှာ မိမိတာဝန်ဖြစ်သည်။ လုပ်သက် ကြာလာသည်နှင့်အမျှ အတွေ့အကြုံကို စေတနာကောင်းဖြင့် အသုံးချတတ်ခြင်း၊ စည်းစနစ်ရှိခြင်း၊ တီထွင် ဆန်းသစ်ခြင်းတို့သည် ဝန်ထမ်းကောင်းတို့၏ အရည်အသွေးပင် ဖြစ်သည်။

သို့ဖြစ်၍ အရည်အသွေး ကောင်းသော ရတနာတို့ကို လူအများ နှစ်သက်လိုလား တန်ဖိုးထားကြသကဲ့သို့ အရည်အသွေး ရှိသူ၊ အလုပ်နှင့် သက်သေပြသူ တစ်ဦးကိုလည်း လူအများ နှစ်သက် လိုလား တန်ဖိုးထားကြမည်သာ ဖြစ်ပေသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...