Monday, August 26, 2013

ဝေဟင်ထက်တွင် ရဲရင့်စွာ စတန့်ထွင်လှုပ်ရှားပြခဲ့သည့် ၉ နှစ်သမီးလေးများ



အသက်(၉)နှစ်အရွယ် မိန်းကလေးငယ် (၂)ဦးသည် အံ့မခန်း စွန့်စားမှု တစ်ခုကို တက်ညီလက်ညီ လုပ်ဆောင်ပြခဲ့ပြီးနောက် ယခုအခါ ကမ္ဘာ့စံချိန် မှတ်တမ်းတွင် ပါဝင်ရန် စိတ်လှုပ်ရှားစွာ စောင့်မျှော်နေပြီ ဖြစ်သည်။ ဗုဒ္ဓဟူးနေ့က ဝမ်းကွဲညီအစ်မ နှစ်ဦးဖြစ်သည့် ဖလိမ်းဘရီဝါနှင့် ရို့စ်ပါဝဲလ်တို့သည် တစ်နာရီလျှင် မိုင်(၁၀၀)နှုန်း ပျံသန်းနေသည့် လေယာဉ်
ငယ်များ၏ တောင်ပံထက်တွင် ရဲဝံ့စွာဖြင့် စတန့်ပြကွက်များ လှုပ်ရှားပြခဲ့
သည်။ ဗြိတိန်မှ လူစွန့်စား မိန်းကလေးငယ် (၂)ဦးသည် မြေမျက်နှာပြင်
အထက် ပေ(၅၀၀)တွင် ဝဲပျံနေသော Boeing Stearman တောင်ပံနှစ်ထပ်
လေယာဉ်လေး နှစ်စင်းပေါ်တက်၍ စတန့်ပြခဲ့ခြင်း ဖြစ်သည်။

Wing Walkingဟု ခေါ်ဆိုသည့် အဆိုပါ စတန့်ပြကွက်မျိုးကို လန်ဒန် အနောက်ဘက် ကီရန်ဆက်စတာ မြို့လေးမှ ကိုယ်ပိုင်လေယာဉ်ကွင်းလေး တစ်ခုတွင် ပြုလုပ်ခဲ့ကြသည်။ "ကျွန်မတို့ အချိန်တော်တော်များများ အော်ရင်း လက်ပြနေတယ်လေ။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် Superwomanလို အိုက်တင်မျိုးနဲ့လည်း ဓာတ်ပုံလေးတွေ ရိုက်ခဲ့သေးတယ်"ဟု ရို့စ်က ဆိုသည်။ သူမက "အပေါ်စီးကနေပြီး အိမ်တွေကို မိုးကြည့်ရတာ အံ့ဩစရာပါ။

အိမ်လေးတွေကို သေးသေးလေးပဲ မြင်ရတယ်"ဟုလည်း ပြောကြားခဲ့သည်။ ဖလိမ်းက ယခုအတွေ့အကြုံကို အတန်ငယ် ကြောက်ရွံ့မိကြောင်း ဝန်ခံခဲ့သည်။ "ဒါပေမဲ့ လေထဲရောက်သွားတော့လည်း အရမ်းအရမ်း
ပျော်စရာ ကောင်းသွားတာပါပဲ။ ကျွန်မ စိတ်လှုပ်ရှားနေမိတယ်။ တစ်ချိန်တည်းမှာပဲ နည်းနည်းလည်း တုန်လှုပ်မိခဲ့ပါတယ်"ဟု ဖလိမ်းက ဖွင့်ဟခဲ့သည်။

ဖလိမ်း၏ အစ်ကိုဖြစ်သူ တိုက်ဂါးသည် ကမ္ဘာ့အသက်အငယ်ဆုံး
လေယာဉ်တောင်ပံပေါ် စတန့်ပြသနိုင်သူအဖြစ် (၂၀၀၉)ခုနှစ်က အသက်(၈)နှစ် အရွယ်တွင် စံချိန်တင်ထားသည်။ ဖလိမ်းနှင့် ရို့စ်တို့ကမူ ပုံစံဖွဲ့ ပျံသန်းသော လေယာဉ်များပေါ်တွင် အသက်အငယ်ဆုံး စတန့်ထွင်ပြနိုင်သူများအဖြစ် စံချိန်တင်ရန် မျှော်လင့်ထားသည်။ ကမ္ဘာ့မှတ်တမ်းအဖွဲ့ ဂင်းနစ်သည် ယခုအားထုတ်မှုကို ပြန်လည် စီစစ်လေ့လာပြီး ကျေနပ်သည့်အခါ မှတ်တမ်းတင်ပေးသွားမည် ဖြစ်သည်။ ဖလိမ်းနှင့် ရို့စ်တို့သည် Duchenne muscular dystrophyခေါ် အရိုးကြွက်သား အားပျော့မှု ဝေဒနာတစ်ရပ် ခံစားနေရသည့် (၆)နှစ်အရွယ် သူငယ်ချင်း အီလီခရော့စ်လေအတွက် အကူအညီပေးရန် ယခုစတန့်ပြကွက်ကို အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်သည်။

"အီလီကို အကူအညီ ပေးနိုင်မယ်ဆိုရင် သိပ်ကောင်းမှာပါ။ အီလီလို ကလေးလေးတွေ အသက်ကြီးလာလေလေ၊ ကိုယ့်ဖာသာ ရပ်တည်ဖို့ ခက်ခဲလာလေလေ ဖြစ်သွားတာက အရမ်းဆိုးပါတယ်။ ကျွန်မတို့ သူ့ကို တတ်နိုင်သလောက် ကူညီချင်တယ်"ဟုလည်း ရို့စ်က ဆိုသည်။ အီလီ၏ မိခင်ဖြစ်သူ အမ်မလီခရော့စ်လေက "ကျွန်မသားလေးအတွက် တခြားကလေးနှစ်ယောက်က ခုလို အကူအညီပေးခဲ့တယ် ဆိုတာက အရမ်းကို အံ့ဩဖို့ ကောင်းပါတယ်။ ကျွန်မသားလို ဝေဒနာရှင် ကလေးငယ်လေးတွေ ထောင်နဲ့ချီ ရှိနိုင်ပါတယ်။ အားလုံး အဆင်ပြေ ကျန်းမာဖို့ ကျွန်မ ဆုတောင်းပေးပါတယ်။ ရို့စ်နဲ့ ဖလိမ်းတို့ရဲ့ လုပ်ဆောင်မှုကတော့ ကျွန်မရဲ့ သားအတွက် ဂုဏ်ပြုမှု တစ်ခုလို့ ခံယူမိပါတယ်"ဟု ပြောကြားသွားသည်။

Planet Myanmar Network

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...