Monday, August 26, 2013

သိမ်းဆည်းခံ လယ်မြေများ ပြန်ရရန် တောင်ငူမှ ကော့သောင်းမြို့အထိ လမ်းလျှောက်မည်


တောင်ငူခရိုင်အတွင်း အကြောင်းအမျိုးမျိုးဖြင့် သိမ်းဆည်းထားသော လယ်မြေများ ပြန်လည် ရရှိရေးနှင့် တောင်သူများကို တရားစွဲခြင်းမှ ပြန်လည် ရုပ်သိမ်းပေးရန် တောင်းဆိုသည့် အနေနှင့် သြဂုတ်လ ၂၈ ရက်နေ့ နံနက် ၈ နာရီ အချိန်တွင် တောင်ငူမြို့နှင့် မိုင် ၇၀၀ နီးပါး ကွာဝေးသည့် တနင်္သာရီတိုင်း ကော့သောင်းမြို့သို့ လယ်သမား အကျိုးဆောင် တစ်ဦးက တစ်ကိုယ်တော် လမ်းလျှောက် ဆန္ဒ ဖော်ထုတ်မည် ဖြစ်ကြောင်း တောင်သူ အကျိုးတော်ဆောင် ဦးခင်ဇော်က The Voice သို့ ပြောကြားသည်။

အကျိုးတော်ဆောင် ဦးခင်ဇော်နှင့် တောင်ငူမြို့နယ်၊ အုတ်တွင်း မြို့နယ်များမှ လယ်ယာမြေ သိမ်းဆည်းခံ တောင်သူ ၁၆ ဦးတို့ သြဂုတ်လ ၁၄ ရက်နေ့ က တောင်ငူမြို့နှင့် ၆၆၅ မိုင် ကွာဝေးသော ကချင်ပြည်နယ် လိုင်ဇာမြို့သို့ လမ်းလျှောက် ဆန္ဒ ဖော်ထုတ်ခဲ့ရာတွင် နေပြည်တော်ကောင်စီ နယ်မြေ ရမည်းသင်းမြို့နယ် အဝင်တွင် မြို့နယ် အုပ်ချုပ်ရေး အာဏာပိုင်အဖွဲ့က တားမြစ်ခဲ့ပြီး သြဂုတ်လ ၁၅ ရက်နေ့ ညနေ ၄ နာရီခန့်၌ မော်တော် ယာဉ်ဖြင့် တောင်ငူမြို့သို့ ပြန်လည် ပို့ဆောင်ခဲ့ကြောင်း အဆိုပါ လမ်းလျှောက် အဖွဲ့တွင် ပါဝင်သူ တစ်ဦးက ပြောကြားသည်။

လိုင်ဇာကို လမ်းလျှောက်တဲ့အခါမှာ လူငါးယောက်ထက် ကျော်ရင် စီတန်း လှည့်လည်ခွင့် ဥပဒေနဲ့ ငြိတာကို တွေ့ရတယ်။ ဒါကြောင့် အခု ဒုတိယ အကြိမ်မှာ တစ်ဦးတည်း လမ်းလျှောက်ပြီး ဆန္ဒဖော် ထုတ်မယ်။ နောက်က ဝန်းရံတဲ့သူ အချို့တော့ ပါလိမ့်မယ်ဟု တစ်ကိုယ်တော် လမ်းလျှောက်မည့် တောင်သူလယ်သမား အကျိုးဆောင် ဦးခင်ဇော်က ရှင်းပြသည်။

တောင်သူလယ်သမား အကျိုးဆောင်သည် သြဂုတ်လ ၂၈ ရက်နေ့ နံနက် ၈ နာရီတွင် တောင်ငူ မြို့နယ် ကင်းဆိပ်ကျေးရွာရှိ ၎င်းအိမ်မှ စတင် ထွက်ခွာမည် ဖြစ်ပြီး တောင်ငူ၊ ညောင်လေးပင်၊ ဘုရားကြီး၊ သထုံ၊ မော်လမြိုင်၊ ရေး၊ မြိတ်၊ ထားဝယ်နှင့် ကော့သောင်းမြို့များအထိ လမ်းလျှောက် ဆန္ဒ ဖော်ထုတ်မည် ဖြစ်ပြီး တစ်နေ့ ၃၅ မိုင်ခန့်အထိ လမ်းလျှောက်မည် ဖြစ်ပြီး ၎င်း ခရီးစဉ် အောင်မြင်ပါက မကွေးတိုင်းဒေသကြီးနှင့် မြန်မာနိုင်ငံ တိုင်းနှင့်ပြည်နယ် အသီးသီးကို ဆက်လက် ထွက်ခွာမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

လက်ရှိ တောင်ငူခရိုင်အတွင်း တပ်မတော် တပ်ရင်း တပ်ဖွဲ့များနှင့် မြို့နယ် အုပ်ချုပ်ရေး အဖွဲ့အစည်း များက အကြောင်းအမျိုးမျိုးဖြင့် သိမ်းဆည်း ထားသော လယ်မြေဧက ၁၀၀၀ ကျော် ရှိနေပြီး ယခုနှစ် ဇွန်လအတွင်း ထွန်တုံးတိုက်ပွဲ ဆင်နွှဲခဲ့ကြသည့် ဒေသခံ တောင်သူ အယောက် ၁၃၀ ကျော် ကို နယ်မြေ ကျော်နင်းမှု အပါအဝင် ဝတ္တရား နှောင့်ယှက်မှုတို့ဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက တရား စွဲဆိုထားကြောင်း တောင်ငူ မြို့နယ် မြောက်ရေကြည် ကျေးရွာအုပ်စု သဲဖြူကျေးရွာမှ လယ်သိမ်းခံ တောင်သူတစ်ဦးက ပြောကြားသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...