Monday, August 26, 2013

ဂါရတ်ဘေးလ် အတွက် ရီးရဲလ် အသင်း သဘောတူညီမှု ရရှိ


ရီးရဲလ် အသင်းသည် စပါး ကွင်းလယ်လူ ဂါရတ်ဘေးလ်ကို ခေါ်ယူရန် ယမန်နေ့က ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၈၉ သန်းဖြင့် သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်သည်။
စပါး ဥက္ကဌ ဒန်နီရယ် လီဗိုင်းသည် ပရော်ဖက်ရှင်နယ် ကစားသမား အဖွဲ့ချုပ် PFA တစ်နှစ်တာ အကောင်းဆုံးဆုရှင် ဂါရတ်ဘေးလ်၏ အပြောင်းအရွှေ့ကို အသင်း အိမ်ကွင်း ၀ှိုက်ဟတ်လိန်း၌ ဒါရိုက်တာ အဖွဲ့ဝင်များနှင့် တွေ့ဆုံပြီး အတည်ပြုခဲ့သည်။ ဂါရတ်ဘေးလ်၏ ရီးရဲလ်သို့ အပြောင်းအရွှေ့သည် ငွေကြေး ပမာဏအားဖြင့် ၂၀၀၉ ခုနှစ်က ရီးရဲလ် အသင်း မန်ယူမှ စီရိုနယ်ဒိုကို ခေါ်ယူစဉ် ပေးချေခဲ့ရသည့် ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် သန်း ၈၀ ကို ကျော်လွန်သွားပြီ ဖြစ်သည်။
ဆွမ်ဆီးကို ၁း ၀ ဖြင့်နိုင်ခဲ့သည့် အိမ်ကွင်းပွဲကို ကြည့်ရှုရန် အတွက် စပါး ဥက္ကဌ လီဗိုင်းနှင့် ဘေးလ်၏ အေးဂျင့်ဖြစ်သူ ဂျွန်နသန် ဘားနက်အပြင် စပါး အားကစား ဒါရိုက်တာ ဘယ်လ်ဒီနီတို့သည် ရီးရဲလ်မှ ဥက္ကဌ ပီရက်ဇ်နှင့် တွေ့ဆုံရန် အတွက် စပိန် နိုင်ငံ မက်ဒရစ်သို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်။ ဘေးလ်သည် လွန်ခဲ့သည့် ၆ နှစ်ခန့်တွင် ဆောက်သင်တန်မှ စပါးသို့ ပေါင် ၇ သန်းဖြင့်သာ ရောက်လာခဲ့ပြီး ယခုလို ရီးရဲလ်နှင့် ကာလရှည် အပြောင်းအရွှေ့သည် စပါး ဥက္ကဌ လီဗိုင်း အပါအ၀င် နှစ်ဖက် အသင်း တာဝန်ရှိသူများ အတွက် အချိန် ကာလ အတော်ကြာ ညှိခဲ့ရသည့် ဇာတ်လမ်း တစ်ခု ဖြစ်ခဲ့သည်။
ရီးရဲလ် အသင်းသည် ဂါရတ်ဘေးလ်ကို တစ်ပတ် ပေါင် ၃ သိန်း ပေးပြီး ၆ နှစ် စာချုပ် ချုပ်ဆိုရန် အစီအစဉ် ရှိထားပြီး ယနေ့တွင် ဂရန်နာဒါနှင့် လာလီဂါ ပွဲစဉ် ကစားမည့် ရီးရဲလ် အသင်းသည် ဂါရတ်ဘေးလ်ကို ခေါ်ယူနိုင်ခြင်းအား မနက်ဖြန် အင်္ဂါနေ့တွင် တရားဝင် ကြေငြာနိုင်ရန် မျှော်မှန်ထားသည်။ ဘေးလ်အတွက် စပါး အသင်းနှင့် အလိုက်လဲမည့် ရီးရဲလ် အသင်းမှ နောက်ခံလူ ကွန်ထရာအိုမှာ အသင်းမှ ထွက်ခွာရန် ဆန္ဒမရှိကြောင်း သိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...