စစ်အစိုးရ လက်ထက်က နိုင်ငံရေး သမားများအား ရာဇ၀တ်မှု ပုဒ်မများနှင့်တွဲပြီး ပြစ်ဒဏ်ချမှတ် ခဲ့မှုများနှင့် ပတ်သက်၍ (၆) ကြိမ်မြောက် လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီ အစည်းအဝေးတွင် ဆွေးနွေးမည်ဖြစ်ကြောင်း စိစစ်ရေး ကော်မတီအဖွဲ့ဝင် နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့မှ ဦးရဲအောင်၏ ပြောကြားချက်အရ သိရသည်။
(၆) ကြိမ်မြောက် လက်ကျန် နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီ အစည်းအဝေးကို သြဂုတ် ၃၀ ရက် မွန်းလွဲပိုင်း၌ ရန်ကုန်မြို့ ကမာရွတ်မြို့နယ် ရွှေလီလမ်းရှိ Myanmar Peace Center တွင် ကျင်းပသွားမည်ဟု သိရသည်။
''ဆဋ္ဌမအကြိမ်မြောက် အစည်းအဝေးက ပိုပြီးတော့ အနုစိတ်လာတယ်။ ထောင်ထဲမှာလည်း နိုင်ငံရေး အကျဉ်းသားက အရင်ကထက် စာရင် နည်းသွားပြီ။ ကျန်ခဲ့တယ် ဆိုတာကလည်း လက်ရှိအစိုးရက ပြောသလို ရာဇ၀တ်မှုတွေ ကျူးလွန်ထားတယ် ဆိုတဲ့ ပုဒ်မတွေနဲ့ တွဲပြီးတော့ ထောင်ချခံနေရတဲ့ သူတွေရှိတယ်။ သူတို့နဲ့ပတ်သက်ပြီး ဘယ်လို စိစစ်ရမလဲ။ ကျွန်တော်တို့ အနေနဲ့ ပုဒ်မတစ်ခုတည်းကြည့်ပြီး ရာဇ၀တ်မှု ကျူးလွန်တယ်လို့ မပြောနိုင်သေးဘူး။ ရှေ့ပိုင်း စစ်အစိုးရ လက်ထက်မှာက အားလုံးသိတဲ့ အတိုင်းပဲ နိုင်ငံရေး အကျဉ်းသားတွေကို ပုဒ်မမျိုးစုံ နည်းမျိုးစုံနဲ့ ဖမ်းပြီးတော့ ထောင်ချတယ်။ တရားဥပဒေကလည်း ပီပြင်မှုတွေ မရှိခဲ့ဘူး။ တစ်ခါတလေ စစ်ခုံရုံးတွေကနေ ပြစ်ဒဏ်ချတာတွေရှိတယ်။ တရားဥပဒေကလည်း ပွင့်လင်းမြင်သာမှု မရှိဘူး'' ဟု ဦးရဲအောင်က ပြောကြားသည်။
''သူတို့ကို စွပ်စွဲခဲ့တဲ့ ပုဒ်မတွေ၊ အမှုတွေဟာ တကယ်ရော ဟုတ်ရဲ့လား။ တကယ်ရော ဖြစ်ခဲ့တာလားဆိုတာ ကျွန်တော်တို့က တဖြည်းဖြည်း အသေးစိတ် စစ်ဆေးရမယ့် အခြေအနေ ရောက်လာပါပြီ။ အဲဒါနဲ့ ပတ်သက်ပြီး ဘယ်လိုစိစစ်ကြ မလဲဆိုတာ ဒီအစည်းအဝေးမှာ ဆွေးနွေးရမယ့် ကိစ္စတွေ ဖြစ်ပါတယ်'' ဟု ၎င်းက ဆက်လက် ပြောကြားသည်။
မြန်မာနိုင်ငံရှိ အကျဉ်းထောင် အသီးသီးတွင် မတရားအသင်း ပုဒ်မ ၁၇ (၁) ဖြင့် ပြစ်ဒဏ်ချခံ ထားရသည့် အကျဉ်းသားများ စာရင်းအား အကျဉ်းဦးစီးဌာနမှ တောင်းယူထားသည်ဟု သိရသည်။ ပုဒ်မ ၁၇(၁)ဖြင့် ပြစ်ဒဏ်ချခံ ထားရသည့် အကျဉ်းသားများ စာရင်းအား သြဂုတ် ၁၂ ရက်က နေပြည်တော်၌ လက်ကျန် စိစစ်ရေး ကော်မတီ အတွင်းရေးမှူး သမ္မတရုံး ဒုတိယ၀န်ကြီး ဦးအောင်သိမ်း၊ အကျဉ်းဦးစီး ညွှန်ချုပ် ဦးသန်းဌေး၊ ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်းမှ ဦးကိုကိုကြီး၊ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) မှ ဦးဘိုကြည်၊ နိုင်ငံရေး အကျဉ်းသား ဟောင်းများအဖွဲ့မှ ဦးရဲအောင် စသည့် စိစစ်ရေး ကော်မတီ အဖွဲ့ဝင် အချင်းချင်း တွေ့ဆုံဆွေးနွေးစဉ် တောင်းဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော် သမ္မတရုံး ၀န်ကြီးဌာန(၃)၊ ပြည်ထောင်စုဝန်ကြီး ဦး စိုးသိန်း ဥက္ကဋ္ဌအဖြစ် ဦးဆောင်သည့် လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီကို ဖေဖော်ဝါရီ ၆ ရက်က စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး ကော်မတီသက်တမ်း သုံးလကျော် အကြာတွင် လွှတ်တော် ကိုယ်စားလှယ်များ အပါအ၀င် အဖွဲ့ဝင် ၁၉ ဦးဖြင့် တိုးချဲ့ပြင်ဆင် ဖွဲ့စည်းခဲ့သည်။
Eleven Media Group
ဇူလိုင် ၂၃ ရက်က အင်းစိန် အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာသည့် နိုင်ငံရေး အကျဉ်းသား အချို့အား တွေ့ရစဉ်
0 comments:
Post a Comment