Saturday, August 17, 2013

ထိုင်းနိုင်ငံမှတစ်ဆင့် ဖောက်ခွဲရေးသမား သုံးဦး ရောက်ရှိနေနိုင်သည် ဆိုသော သတင်းများကြောင့် မြိတ်တွင် လုံခြုံရေးတိုးမြှင့်

8.1.1
မြိတ်မြို့ အဝေးပြေးကားဝင်း တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ- ဇော်မိုးဦး (မြိတ်))
မြိတ်မြို့သို့ ဖောက်ခွဲရေးသမား သုံးဦး ရောက်ရှိနေနိုင်သည်ဟု သတင်းများ ထွက်ပေါ်နေသောကြောင့် လုံခြုံရေးများ တိုးမြှင့်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ထိုင်းနိုင်ငံသား ခံယူထားသူ နှစ်ဦးနှင့် အင်ဒိုနီးရှား နိုင်ငံသား ခံယူထားသူ တစ်ဦး မှာ မြန်မာနိုင်ငံ တောင် ပိုင်း ကော့သောင်း-ဘုတ်ပြင်းမှ တဆင့် ရေလမ်းခရီးကို အသုံးပြု ၀င်ရောက်လာကြောင်း သတင်းများ ရရှိထားသဖြင့် တာဝန်ရှိသူများမှ ရပ်ကွက်အလိုက် လုံခြုံရေးများ တိုးမြှင့်ချထားသလို လူဝင်လူထွက်များ သိရှိနိုင်ရန် ညအချိန် ဧည့်စာရင်းများ လိုက်လံစစ်ဆေး လျက်ရှိကြောင်း သိရသည်။
''ဘိတ်ကို ဖောက်ခွဲရေး သမားတွေ ရောက်လာမယ်ဆိုလို့ လုံခြုံရေးကို တိုးမြှင့်ထားပါတယ်။ အခုရက်ပိုင်း အတွင်းမှာ ကျွန်တော်တို့လည်း ရပ်ကွက်တွေမှာ လူဝင်လူထွက် စောင့်ကြည့်သလို ဧည့်စာရင်းလိုက် စစ်တာတွေ လုပ်နေပါတယ်။ သတင်းအရ ရေလမ်းခရီးကနေ ၀င်လာတယ်လို့ သိရပါတယ်။ ဒီကိစ္စနှင့် ပတ်သက်ပြီး ခရိုင်အုပ်ချုပ်ရေးမှူး ကလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူး တွေကို ခေါ်ယူအသိပေးထား ပြီးပါပြီ'' ဟု မြိတ်မြို့မှ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောကြားခဲ့သည်။
ဖောက်ခွဲရေးသမား သုံးဦး၏ ပုံပန်းသဏ္ဌာန်များကို သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူး များသို့ ပေးပို့  ထားပြီး ရပ်ကွက်အလိုက် တာဝန်ကျသူများမှ စောင့်ကြည့်လျက် ရှိကြောင်း သိရသည်။
''တစ်ယောက်က ဘိတ်မှာ ၁၂ နှစ် လောက် နေသွားဖူးတယ်လို့ သိရတယ်။ နောက်တစ်ယောက် ကတော့ ဇာတိမသိဘူး။ သူတို့နှစ်ဦးကတော့ ထိုင်းနိုင်ငံသား ခံယူထားကြတဲ့ သူတွေလို့ ပြော တယ်။ နောက်တစ်ဦးကတော့ ရခိုင်ပြည်နယ် ဘက်ကလို့ ပြောတယ်။ သူကတော့ အင်ဒိုနီးရှား နိုင်ငံသား ခံယူထားတယ်လို့ ပြောတယ်'' ဟု ရပ်ကွက် အုပ်ချုပ်ရေးပိုင်းမှ အမည်မဖော်လိုသူ တစ်ဦးက ပြောကြား ခဲ့သည်။
သြဂုတ်လ အလယ်ပိုင်းမှ စတင်ပြီး မြိတ်သို့ ကော့သောင်း-ဘုတ်ပြင်း ရေလမ်းခရီးမှ ၀င်ရောက် လာသည်ဟု သတင်းများ ထွက်ပေါ်လာ နေသောကြောင့် ယခုရက်ပိုင်း အတွင်း မြိတ်မြို့ပေါ်ရှိ ရပ်ကွက် များတွင် လူဝင်လူထွက်များ သတိထား စောင့်ကြည့်နေသလို ညပိုင်းအချိန်များတွင် ဧည့်စာရင်းများ လိုက်လံ စစ်ဆေးနေကြောင်း သိရသည်။
Eleven

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...