Saturday, August 17, 2013

Ooredoo Myanmar က ဆင်းကတ်တစ်ကတ်လျှင် ကျပ် ၁၅၀၀ ဖြင့် မကြာမီ ရောင်းချသွားမည်


ရန်ကုန် ၊ ၁၇-၈-၂၀၁၃
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း လုပ်ကိုင်ခွင့်ရ ကာတာနိုင်ငံ အခြေစိုက် Ooredoo Myanmar  မှ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း အတွင်း ထိုးဖောက် ၀င်ရောက်နိုင်ရန် အတွက် ဆက်သွယ်ရေး ၀န်ဆောင်မှု လိုင်စင် ရရှိပြီး သည်နှင့် တစ်ပြိုင်နက် တစ်နှစ် ၊ နှစ်နှစ် အတွင်းတွင် မြန်မာ ၀န်ထမ်းများ ထောင်ချီ ခန့်အပ်ရန် အစီအစဉ် ရှိကြောင်း အကြီးတန်း ကိုယ်စားလှယ် အရာရှိ Mr. Ross Cormack က ရန်ကုန်မြို့ Park Royal Hotel ၌ ယမန်နေ့က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ တွင် ပြောကြား ခဲ့ကြောင်း သိရသည်။
Ooredoo Myanmar သည် ဆက်သွယ်ရေး ၀န်ဆောင်မှု လိုင်စင် ရရှိပြီး ပါက ၀န်ထမ်း ရွေးချယ် ခန့်အပ်ခြင်း နှင့် ဆက်သွယ်ရေး ကွန်ရက်ဆိုင်ရာ လိုအပ်သော အခြေခံ အဆောက်အအုံ များ တည်ဆောက်ခြင်း တို့ကို တစ်ပြိုင်နက် တည်း လုပ်ဆောင် သွားမည်ဟု အဆိုပါ ကုမ္ပဏီမှ သိရသည်။ မြန်မာနိုင်ငံ တွင် လုပ်ငန်း စတင် လည်ပတ်မည့် အချိန်တွင် Senior Management Level ရာထူးများကို မြန်မာ နိုင်ငံသားများအား တိုက်ရိုက် ခန့်အပ်မည် မဟုတ်ကြောင်း ၊ နိုင်ငံခြား မှ အသိပညာရှင် အတတ် ပညာရှင် များနှင့် မြန်မာနိုင်ငံ ၀န်ထမ်းများကို ဦးစွာ လေ့ကျင့် ပေးမည် ဖြစ်ကြောင်း ၊ ထို့နောက် ထူးချွန်သူ များကို နိုင်ငံရပ်ခြား အတွေ့အကြုံ ရရှိစေရန် ပြည်ပ ပညာတော်သင် များ ဆက်လက် ပို့လွှတ် သင်ကြား ပေးမည် ဖြစ်ကြောင်း Ooredoo Myanmar  မှ သိရသည်။
ဆက်လက်ပြီး နိုင်ငံရပ်ခြား တွင် ပညာသင်ယူ ပြီးသော မြန်မာ ၀န်ထမ်းများ ပြန်လည် ရောက်ရှိ လာချိန်တွင် သင်တန်းကျောင်း တစ်ခု ဖွင့်လှစ်ကာ Certificate ရရှိသည် အထိ သင်ကြား ပေးပြီးနောက် တစ်ဆင့်ပြီး တစ်ဆင့် Senior Management Leve သို့ ရောက်ရှိအောင် လာမည့် ၅ နှစ်အတွင်း လေ့ကျင့် ပေးသွားမည် ဟု သိရသည်။
ကာတာနိုင်ငံ အခြေစိုက် Ooredoo ကုမ္ပဏီသည် မြန်မာနိုင်ငံ ၌ ယခုနှစ် ဇွန်လ ၂၇ ရက်တွင် နိုင်ငံခြား ဆက်သွယ်ရေး ကုမ္ပဏီ များသို့ ဆက်သွယ်ရေး လုပ်ငန်း လုပ်ကိုင်ခွင့် ပေးအပ်ခဲ့သည့် ကုမ္ပဏီ ၂ ခုအနက် တစ်ခု ဖြစ်သည်။ Ooredoo သည် အရှေ့တောင် အာရှ တွင် အင်ဒိုနီးရှား ၊ စင်ကာပူ ၊ လာအို နှင့် ဖိလစ်ပိုင် နိုင်ငံများ ၊ အရှေ့ အလယ်ပိုင်း ဒေသ ၊ မြောက် အာဖရိက ဒေသများ တွင် သုံးစွဲသူများ နှင့် စီးပွားရေး လုပ်ငန်းများ အတွက် မိုဘိုင်းလ် ဆက်သွယ်ရေး ၊ ကြိုးလိုင်း တယ်လီဖုန်း ဆက်သွယ်ရေး ၊ မြန်နှုန်းမြင့် အင်တာနက် နှင့် အခြား ဆက်သွယ်ရေး ၀န်ဆောင်မှု များကို ဆောင်ရွက် ပေးနေသည့် ကုမ္ပဏီကြီး တစ်ခု ဖြစ်သည်။
Ooredoo Myanmar သည် မြန်မာအစိုးရ မှ လိုင်စင် ချထားပေး သည်နှင့် မိုဘိုင်းလ် ကွန်ရက်ကို တစ်နိုင်ငံလုံး အနှံ့ ဖြန့်ကြက် နိုင်အောင် ကြိုးစား သွားမည် ဖြစ်ကြောင်း ၊ ပထမနှစ်များ အတွင်း ရန်ကုန် ၊ မန္တလေး ၊ နေပြည်တော် မြို့ကြီးများတွင် စတင် အသုံးပြု သွားနိုင်မည် ဖြစ်ကြောင်း ၊ မြန်မာနိုင်ငံ အနှံ့ တာဝါတိုင်များ တည်ဆောက်ကာ ၂၁၀၀ နှင့် ၉၀၀ ကြိမ်နှုန်းများ ဖြင့် 3G ကွန်ရက်ကို အသုံးပြုမည် ဖြစ်ကြောင်း သိရသည်။
ဆင်းကတ်များကို ရောင်းချရာတွင် အရေအတွက် ကန့်သတ်ချက် လုံးဝမရှိ ၊ နေရာတိုင်းတွင် အင်တာနက် ၀န်ဆောင်မှု များပါ ရရှိအောင် ဆောင်ရွက် ပေးမည် ဖြစ်ကြောင်း ၊ နောင် ၅ နှစ်အတွင်း မြန်မာ တစ်နိုင်ငံလုံး ၏ ၈၄ ရာခိုင်နှုန်း ( နိုင်ငံ လူဦးရေ ၏ ၉၇ ရာခိုင်နှုန်း ) ကို အသံနှင့် Data ၀န်ဆောင်မှု ၂ ခုလုံး ရရှိစေရန် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၊ Electronic ငွေဖြည့်စနစ် ကို သုံးမည် ဖြစ်ကြောင်း သိရသည်။ " ၀ယ်နိုင်တဲ့ ဟာဖြစ်မယ် ၊ နေရာလိုက်ပြီး ဆင်းကတ် တန်ဖိုး ပြောင်းလဲ သွားတာမျိုး မရှိဘူး ၊ အချိန်တိုင်းမှာ ဈေးနှုန်း တစ်သမတ် တည်း ရရှိအောင် ရောင်းချ သွားမယ် ... " ဟု Mr. Ross Cromack က ပြောကြားသည်။
Ooredoo Myanmar သည် ဆင်းကတ် တစ်ကတ်လျှင် ငွေကျပ် ၁၅၀၀ ၊ တစ်မိနစ် ဖုန်းခေါ်ဆိုခ ၃၅ ကျပ်မှ ၄၅ ကျပ်ကြား သတ်မှတ်ချက် ဖြင့် တင်ဒါ အောင်မြင် ခဲ့ကာ သုံးစွဲသူများကို ကောက်ခံမည့် နှုန်းထားကို လတ်တလော တွင် အတည်ပြု ပြောကြားရန် စောသေးသည် ဟု ၄င်းက ဆက်လက် ပြောကြား သည်။
Ooredoo Myanmar မှ ဆင်းကတ် များသည် နိုင်ငံတကာ သို့ ဖုန်းခေါ်ဆို နိုင်မည် ဖြစ်ကြောင်း ၊ နိုင်ငံတကာ ဖုန်းခေါ်ဆို နိုင်ရန် MPT နှင့် ပူးပေါင်း ဆောင်ရွက် ရမည့် အချက်များစွာ ရှိကြောင်း ၊ MPT မှ ၀န်ဆောင်မှု ကို သုံးစွဲသူများ နှင့် Ooredoo Myanmar ၀န်ဆောင်မှု ကို သုံးစွဲသူများအား လိုင်းချိတ်ဆက် ပေးရန် မဖြစ်မနေ ပူးပေါင်း ဆောင်ရွက် ရမည် ဖြစ်ကြောင်း ၊ အင်တာနက် အတွက် Data Rooming စနစ်သည် MPT နှင့် ပူးပေါင်း ဆောင်ရွက် ရမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီ မှ သိရသည်။

Ooredoo Myanmar မှ ဆက်သွယ်ရေး အခြေခံ အဆောက်အအုံ များ ဆောက်လုပ်သည့် အပိုင်းတွင်လည်း မြန်မာ ကုမ္ပဏီများ နှင့် ပူးပေါင်း ဆောင်ရွက်ရန် ရည်ရွယ် ထားပြီး ယနေ့ထိ အလုပ် လျှောက်ထားသူ ဦးရေမှာ ရာကျော်ရှိနေပြီ ဖြစ်ကြောင်း သိရှိရသည်။

Myawady Daily

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...