Saturday, August 17, 2013

ရန်ကုန်မြို့တွင် လူဦးရေ တစ်သန်းကျော်မှာ စံချိန်မမီ

ရန်ကုန်မြို့တွင် လူဦးရေ တစ်သန်းကျော်မှာ စံချိန်မမီသော အိမ်များတွင် နေနေရဆဲ ဖြစ်သည့်အတွက် ရန်ကုန်မြို့ အပါအ၀င် မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အိမ်ရာစစ်တမ်း ကောက်ယူရန် စီစဉ်


လက်ရှိအချိန်တွင် ရန်ကုန်မြို့ရှိ လူဦးရေ သိပ်သည်းမှုနှင့်အတူ အိမ်ခြံမြေဈေးနှုန်းများ ကြီးမြင့်နေသောကြောင့် ရန်ကုန်မြို့တွင် ရှိသော ပျမ်းမျှလူဦးရေ ခြောက်သန်း အနက် တစ်သန်းကျော်မှာ စံချိန်မမီသော အိမ်များတွင် နေထိုင်နေရကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ ရရှိသော သတင်းများအရ သိရသည်။

''လက်ရှိအနေအထားမှာ ရန်ကုန်မြို့မှာ ရှိတဲ့ လူဦးရေ တစ်သန်းကျော်လောက်က စံချိန်မမီတဲ့ အိမ်တွေမှာ နေနေရတယ်။ ဒီပြဿနာကို ဖြေရှင်းရမှာပါ။ ဥပမာ မြို့အစွန်တွေမှာ ရှိတယ်။ ၀င်ဒါမီယာ အောက်ချိုင့်လို နေရာမျိုးတွေမှာ ရှိတယ်။ ရန်ကင်းမြို့နယ်မှာတောင် ရှိပါတယ်။ ဒါကြောင့် ကုမ္ပဏီ အချို့ကလည်း ဒီမှာအိမ်ရာနဲ့ ပတ်သက်ပြီး စစ်တမ်းတွေ ကောက်နေတာ ရှိပါတယ်။ ထွက်လာတဲ့ ရလဒ်ပေါ် မူတည်ပြီး အကဲဖြတ်ရမှာပါ'' ဟု ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ယင်းကဲ့သို့ လူနေအဆောက်အအုံများ စံချိန်မီမမီ ဆိုသည်ကိုမူ သတ်မှတ်ထားသည့် စံချိန်စံညွှန်း လေးချက်ရှိပြီး အိမ်တစ်အိမ်သည် လိုအပ်သော အကျယ်အ၀န်းထက် ကျဉ်းနေပြီး သိပ်သည်းဆ များနေခြင်း၊ ဆောက်လုပ်သော အိမ်ဆောက် ပစ္စည်းများ စံမမီခြင်း၊ လုံခြုံမှု မရှိခြင်း၊ သန့်ရှင်းသော သောက်သုံးရေ အလုံအလောက် မရရှိခြင်း တို့အပေါ် မူတည်၍ ဆုံးဖြတ်ကြောင်း သိရသည်။


''ပြဿနာက ကျွန်တော်တို့ နိုင်ငံကလည်း ဖွံ့ဖြိုးဆဲနိုင်ငံ ဖြစ်တဲ့အတွက် market driving ပဲဖြစ်နေတယ်။ ဥပမာ ဥရောပနိုင်ငံတွေ ဆိုပါတော့ ဈေးကွက်ကလည်း အိမ် ထုတ်တယ်။ လူတွေကလည်း ပိုက်ဆံရှိတယ် ဆိုတော့ ၀ယ်နိုင်တယ်။ အစိုးရ ၀င်လုပ်စရာ မလိုဘူး။ ကျွန်တော်တို့လို တတိယနိုင်ငံ တစ်နိုင်ငံ အနေနဲ့ကျတော့ ဈေးကွက်မှာဝင်ပြီး မ၀ယ်နိုင်တဲ့ လူတွေက out of market ဖြစ်နေတယ်။ ဒါတွေကို ဘယ်လို နည်းလမ်းရှာပြီး ဖြေရှင်းမလဲ ဆိုတာလည်း အစိုးရရဲ့ အလုပ် ဖြစ်နေပါတယ်'' ဟု ၎င်းက ပြောကြားခဲ့သည်။

ထို့အတွက် လက်ရှိအခြေအနေတွင် National Housing Policy အား ရေးဆွဲရန် ကြိုးစားနေကြောင်း၊ အလားတူ UN အဖွဲ့များနှင့်လည်း ဆွေးနွေးနေကြောင်းနှင့် ထို့အတူ ပြင်ပအခြေစိုက် ကုမ္ပဏီတစ်ခု ဖြစ်သော Consilium Company ကလည်း မြန်မာနိုင်ငံ၏ housing နှင့် ပတ်သက်၍ အိမ်ပေါင်း ၃၀၀၀ ကျော်အား စစ်တမ်း ကောက်ယူထားပြီး ဖြစ်ပြီး ကုမ္ပဏီ အနေနှင့် သြစတြေးလျနိုင်ငံ ကွင်းလင်း ယူနီဘာစတီနှင့် ပူးပေါင်း၍ CSR (corporate social responsibility) နှင့် ပတ်သက်ပြီး capacity building ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ကျွန်တော်တို့ ကုမ္ပဏီက မြန်မာပြည်ရဲ့ housing နဲ့ပတ်သက်ပြီး သုတေသန လုပ်နေပါတယ်။ စနစ်တကျ သေသေချာချာ လုပ်တာမျိုးပါ။ survey result က မထွက်သေးပါဘူး။ ဒီသုတေသန စစ်တမ်းပေါ်မှာ မူတည်ပြီး ဘယ်လို problem solving လုပ်မလဲ ဆိုတာကို ထပ်ပြီးဆွေးနွေးရမှာပါ'' ဟု Consilium Company ၏ ဥက္ကဋ္ဌ David Proctor က ပြောကြားသည်။

လှိုင်သာယာ စက်မှုဇုန် အတွင်းရှိ နေအိမ်အချို့အား တွေ့ရစဉ်

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...