Friday, November 15, 2013

သတိပြုဖွယ် တရုတ်ဆေးကုမ္ပဏီများ




ပြောရပြန်ပြီဗျိုး... တရုတ်တိုင်းရင်းဆေးတွေ အကြောင်း..

ဒီပုံကတော့ ကျွန်တော့်ဆီ လာပြတဲ့ လူနာတစ်ယောက်ရဲ့ ခြေထောက်ပါပဲ။ ဆေးပညာအရတော့ Deformity လို့ခေါ်ပါတယ်။ တကယ်က အဲဒီခြေထောက်ကို လာပြတာတော့ မဟုတ်ပါဘူး။ တစ်ခြားရောဂါ လာပြရင်း ကျွန်တော်က စပ်စုကြည့်လိုက်တာပါ။ ဒီခြေထောက်က အစကတော့ အကောင်းပါတဲ့။
သူ့မှာ လေးဖက်နာရောဂါရှိတော့ မကြာခဏ အဆစ်ရောင်အဆစ်ကိုက်တာ ခံရတယ်။

တစ်ရက်တော့ တရုတ်တိုင်းရင်းဆေး ကုမ္ပဏီတစ်ခုက ဒူးနာ အဆစ်နာ ပျောက်ရမယ်ဆိုပြီး အပြောကောင်းကောင်းနဲ့ လာရောင်းသွားတဲ့ ဆေးပလာစတာကို ကပ်မိရာက ဖြစ်သွားတာပါတဲ့။ ပလာစတာတစ်ခုကို (၆၅၀၀) ဆိုပဲ။ ဘာတွေနဲ့ လုပ်ထားလဲတော့ မသိဘူး။ ခြေဖဝါးအောက်မှာ ညဘက် ကပ်အိပ်ရပါတယ်တဲ့။ ဆေးတွေလည်း ပေးပါတယ်။ ပလာစတာက (၁၅) ရက်ကပ်ရမယ်လို့ ပြောပါတယ်။ အဲဒါနဲ့ ဒီအန်တီကြီးက ကပ်အိပ်ပြီး ဆေးတွေလည်း သောက်လိုက်တာ ၂ ရက်မြောက်နေ့ အိပ်ရာက နိုးတော့ ခြေထောက်တစ်ခုလုံး နီရဲဖူးရောင်နေတာ တွေ့ရတာပါပဲတဲ့။ အဲဒါနဲ့သူလည်း လန့်ဖြန့်ပြီး ပလာစတာရော ဆေးတွေရော ဆက်မသောက်တော့ဘဲ အဲဒီဆေးလာရောင်း တဲ့ ကောင်မလေး
ကို ပြန်ခေါ်ပြီး ပြောတော့ သူ့ဆေးကြောင့် မဟုတ်ရပါဘူးလို့ အကြောက်အကန်ငြင်းတယ်။

ကုမ္ပဏီကိုလည်း ခေါ်သွားပြီး ပြန်ကုပေးမယ်ပြောပါတယ်တဲ့။ အန်တီကြီးလည်း တော်ပါပြီ ထပ်တော့ မဆိုးချင်တော့ပါဘူးဆိုပြီး လိုက်မသွားဘဲ နေလိုက်တယ်။ နောက်နေ့ရောက်တော့ အရောင်ကျပြီး နဂိုအတိုင်းပြန်ဖြစ်လာတယ်။ နောက် လေးငါးရက်လောက်ကြာတော့ သူ့ခြေချောင်းတွေဟာ အခုလို ကျဲကျဲလာတာ သတိထားမိတာပါပဲတဲ့။ အဲဒါနဲ့ အရိုးဆေးရုံကိုသွားပြီး ဓာတ်မှန်ရိုက် စစ်ဆေးတာတွေ လုပ်ကြည့်တော့ အဆစ်တွေဟာ ပျက်ဆီးသွားပြီး အခုလိုပုံဖြစ်သွားတာဆိုတာ သိရပါတော့ တယ်။ ပြန်ကု လို့မရတော့ဘူးပေါ့။ ကျွန်တော်ထင်တာကတော့ ပလာစတာတစ်ခုတည်းကြောင့် အဲလိုဖြစ်တာတော့ မဟုတ်လောက်ပါဘူး။ ပလာစတာကြောင့် သွေးထဲက ပိုးသော်လည်းကောင်း ပဋိပစ္စည်းတွေ ကသော်လည်းကောင်း ထကြွလာပြီး အဆစ်ကို ဆိုးဆိုးရွားရွားတိုက်ခိုက်ပစ်လိုက်တာ ဖြစ်နိုင်ပါတယ်။
သို့သော်လည်း ပလာစတာ လက်သည်တရားခံဆိုတာတော့ ငြင်းလို့မရဘူးပေါ့။

ကျွန်တော်ဆေးခန်းထိုင်နေတဲ့ တလျှောက်လည်း လူနာတွေဆီက ခဏခဏ ပြန်ကြားရပါတယ်။
"တရုတ်ကုမ္ပဏီတွေကနေ ဘာအပြီးပြတ် ပျောက်ဆေး၊ ညာအပြီးသတ်ပျောက်ဆေး ဆိုပြီး လာကြော်ငြာကြောင်း လာရောင်းကြောင်း၊ အဲ့ဆေးတွေက ဈေးအလွန်ကြီးကြောင်း၊ အဲ့ဒီဆေးတွေ ကို သောက်သင့်လား ဆရာ.." ဆိုပြီး လာလာမေးကြပါတယ်။ ကျွန်တော်ကလည်း အစပိုင်းတုံးက ကိုယ်လည်း သေချာမသိသေးတော့ (ပြောရရင် အခြေအမြစ်မရှိဘဲ ရမ်းအပြစ်မတင်တာကြောင့်) "မြန်မာနိုင်ငံမှာတော့ အင်္ဂလိပ်ဆေးနဲ့ တိုင်းရင်းဆေးကိုသာ ဆေးကုသခွင့်ပေးထားကြောင်း၊ တိုင်းရင်းဆေးဆိုရာမှာလည်း တိုင်းရင်းဆေးတက္ကသိုလ်က အသိအမှတ်ပြုတဲ့ ခွင့်ပြုချက်ရထား တဲ့ ဆေးတွေကိုသာ သောက်သင့်ကြောင်း၊ ခုက တရုတ်တိုင်းရင်းဆေး ဖြစ်တာကြောင့် ကျွန်တော်ကတော့ အာမမခံနိုင်ကြောင်း" ပဲ ဝိနည်းလွတ် ပြောလိုက်တယ်။
အဲဒီလူနာတွေထဲကနေ ကျွန်တော့်စကားကြားပြီး မသောက်တဲ့ လူနာတွေရှိသလို စမ်းသောက်ကြည့် မယ်ဆိုတဲ့ လူနာတွေလည်း ရှိပါတယ်။ စမ်းသပ်ကြည့်ချင်လည်း ကြည့်ချင်စရာပါ။ ဘာလို့ဆို သူတို့ ကြော်ငြာပုံက ကျွန်တော်တို့ အပြီးပျောက်အောင် မကုနိုင်တဲ့ သွေးတိုးရောဂါ ဆီးချိုရောဂါတွေကို တစ်လအတွင်း ပျောက်အောင် ကုပေးတယ်ဆိုတာမျိုး၊ ဆေးရုံက ခွဲစိတ်တော့မယ်လို့ ချိန်းထားတဲ့ လိပ်ခေါင်းရောဂါတွေကို ဆေးသောက်ရုံနဲ့ ပျောက်မယ်ဆိုတာမျိုး၊ လေးဖက်နာရောဂါကို ပလာစတာ (၁၅) ရက်လောက် ကပ်ရင် အမြစ်ပြတ်ပျောက်မယ်ဆိုတာမျိုး ကြော်ငြာတာပါ။ ဒီတော့ ကျန်းမာရေးဗဟုသုတ အားနည်းပြီး ရိုးသားတဲ့ မြန်မာပြည်သူအဖို့ ယုံကြည်မိတာက အပြစ်လို့လည်း ပြောမရပြန်ပါဘူး။ ကျန်းမာရေးဗဟုသုတ လုံလုံလောက်လောက် မပေးနိုင်တဲ့ ကျွန်တော်တို့ ကျန်းမာရေး ဝန်ထမ်းတွေ၊ အဲလိုဆေးမျိုးတွေ လူထုထဲရောက်မလာအောင် မထိန်းသိမ်းနိုင်တဲ့ မြန်မာနိုင်ငံဆေးဝါးကွပ်ကဲရေး နဲ့ ကျန်းမာရေးဝန်ကြီးဌာနမှာတော့ တာဝန်ရှိတာပေါ့။

သူတို့ (တရုတ်) တွေက တကယ်တော့ မြန်မာတွေကို ငါးကြင်းဆီနဲ့ ငါးကြင်းပြန်ကြော်တာ ခင်ဗျာ့။ သူတို့ ကုမ္ပဏီတွေက Member စနစ်နဲ့ လည်ပတ်တယ်။ ဘယ်လိုလဲဆိုတော့ Member စဝင်ဝင်ချင်း တစ်လကို (၅၀၀၀) ကုမ္ပဏီက ပေးတယ်ဆိုပါတော့ (ကုမ္ပဏီတစ်ခုနဲ့ တစ်ခုတော့ ပေးတဲ့ပမာဏချင်း မတူဘူးပေါ့လေ)။ အဲဒီ Member က နောက်ထပ် Member အသစ်ကို ထပ်ဆွယ်နိုင်ရင် (Referal လုပ်နိုင်ရင်) သူ့ကို ကုမ္ပဏီက ပေးတဲ့ တစ်လ ဝင်ငွေကလည်း အချိုးကျ တက်တက်သွားတယ်။ အဲဒီလိုနဲ့ တစ်ချို့ဆို ပညာအရည်အချင်းရှိစရာမလို၊ ရုံးတက်စရာမလို၊ ဘာအလုပ်မှ လုပ်စရာ မလိုဘဲ တစ်လကို ကုမ္ပဏီကနေ ၈ သောင်း ၉သောင်း လောက်ရနေတယ်။ အဲ.... သူတို့ကိုလည်း ကုမ္ပဏီက ပစ္စည်းဘယ်လောက်ကို ဘယ်နှစ်လအတွင်း ကုန်အောင် ရောင်းပေးပါဆိုတာမျိုး သတ်မှတ်ပေးထားတာပေါ့။ ဒီတော့ သူတို့ လိုတာကဘာလဲ။ ပစ္စည်းမထွက်ထွက်အောင် သူတို့နဲ့ ခင်နေတဲ့ မျက်နှာနာသူတွေ၊ အဲဒီကနေတစ်ဆင့် နီးစပ်ရာလူတွေကို သူတို့ဆေး သုံးအောင်ဆွယ်ရတော့တာပေါ့။ Member ဝင်အောင်လည်း ဆွယ်ရတာပေါ့။ သူတို့ဆေးကိုလည်း အမွှန်းတင်ရွှန်းရွှန်းဝေအောင် ဟုတ်တာရော၊ မဟုတ်တာရော အကုန်လျှောက်ပြောရတာပဲ။ လျှောက်ပြောနိုင်အောင်လည်း ကုမ္ပဏီကနေ ဆေးအကြောင်းရေးထားတဲ့ စာအုပ်လေးတွေ ထုတ်ပေးထားတယ်။ တကယ့်တကယ်က သူတို့လည်း မသုံးဖူးဘူး။ ဒီဆေးတွေ ဘယ်လိုဖော်စပ်ထုတ်လုပ်ထားတယ်ဆိုတာ စာအုပ်ထဲ ရေးထားတာက လွဲလို့ သူတို့ဘာမှမသိဘူး။ နောက်ပြီး ဆေးနဲ့ပတ်သက်လို့ ဘာအာမခံချက်မှ မရှိဘူး။ ကြော်ငြာထဲမှာတော့ ဘာဆိုးကျိုးမှ မရှိကြောင်း၊ လူတိုင်းနဲ့သင့်တော်ကြောင်းတော့ ရေးထားတာပဲ။ တကယ်ဖြစ်ရင် ဘယ်သူတာဝန်ယူမလဲ။ MBBS ဘွဲ့ရမှာ ဆေးကုသခွင့်လိုင်စင် (ဆမ)ရှိတယ်။ တိုင်းရင်းဆေးဆရာမှာလည်း ဆေးကုသခွင့် လိုင်စင်ရှိတယ်။ ဒီတော့ မကျေနပ်ရင် ကုသမှုမှားယွင်းရင် တရားစွဲလို့ ရတယ်ပေါ့။ ပြစ်မှုမှန်ရင် ဆေးကုသခွင့် ရုတ်သိမ်းခံရနိုင်တယ်။ သူတို့မှာတော့ ဘာမှ မရှိတော့ တရားစွဲချင်လည်း စွဲမရဘူး။ အလွန်ဆုံး ကုမ္ပဏီပိတ်ပြီး တရုတ်ပြည်ပြန်ရုံပဲ။ အဲဒီအခါ စားလို့လည်း ဝပြီလေ။ တကယ်ခံရမှာက သုံးစွဲသူတွေပဲ။
ဒါတွေ ဘာလို့ သိရသလဲဆိုတော့ ကျွန်တော့် အဒေါ်တစ်ယောက်က အဲဒီလို တရုတ်ကုမ္ပဏီတစ်ခုမှာ Member ဝင်ပေါ့။ သူကတော့ ဆေးကုမ္ပဏီ မဟုတ်ဘူး... အလှပြင်ပစ္စည်း ကုမ္ပဏီ။ ဒါပေမယ့် Member စနစ်ကတော့ အတူတူပါပဲ။ Member စနစ်အကြောင်းကတော့ သူပြောပြတာပေါ့။ သူလည်း အဲဒီ အလှပြင်ပစ္စည်းတွေအကြောင်း ဘာမှသိတာရယ် မဟုတ်ဘူး။ ကျွန်တော်သူ့အိမ် ရောက်သွားတိုင်း အိမ်လာတဲ့ သူတွေကို ရွှန်းရွန်းဝေအောင် ကြော်ငြာနေတာတော့ ကြားနေရတာပဲ။ ကိုယ်ကလည်း မပြောသာလို့သာ မပြောဘဲနေတာ။ ကိုယ်တောင် အကြော်ငြာခံရသေး။ ဒီဆပ်ပြာက အသားကို ဘယ်လိုဖြူတာ... ဟို မျက်နှာသစ်ဆေးက မျက်နှာလေး ဖြူဝင်းစေတာ.. ဆိုတာမျိုးတွေပေါ့။ တူဝရီးချင်း အညှာကိုကိုင်တာလေ။
နောက်ထပ် ကျွန်တော်ကြားဖူးတဲ့ သူတို့ဆေးတွေနဲ့ ပတ်သက်လို့တော့.... ကျွန်တော့် အဖိုးက စပြောရမယ်။ အဖိုးက လွန်ခဲ့တဲ့ လေးငါးလလောက်က အစာအိမ်သွေးကြောပေါက်လို့ ဆေးရုံတက်ရပြီး သွေး ၅ လုံးလောက် သွင်းလိုက်ရတယ်။ အသက်ကလည်း ၈၀ ကျော် လူကြီးဆိုတော့ နာလန်ထဖို့ တော်တော်ကြာတာပေါ့ဗျာ။ ဆေးရုံကဆင်းပြီး တစ်လလောက်ထိ သူ့ပုံစံက ဖြူဖတ်ဖြူလျော် ဖြစ်နေတယ်။ လမ်းလျှောက်ရင် ယိုင်တိုင်တိုင် ဖြစ်တုံးပဲ။ ကျွန်တော့်ကိုလည်း သူ့ကို အားရှိအောင်လုပ်ပေးဖို့ ပြောနေတာပါပဲ။ ကျွန်တော်လည်း သံဓာတ်အားဆေးတွေ ပေးထားတာပဲ။ ဒါကိုပဲ သူက အားမရနိုင်သေးဘူး။ တစ်ရက်တော့ အဲလို ကုမ္ပဏီက Member တစ်ယောက်ပေါ့ဗျာ။ အိမ်လာလည်ရင်းနဲ့ အဖိုးကို ဆွယ်ပါလေရော။ သူ့ကုမ္ပဏီက အားဆေးကို ရောင်းပါတယ်။ နာမည်က Enzyme တဲ့။ ကြော်ငြာကောင်းတော့ ကပ်စေးနည်းအဖိုးတောင် ၂၅၀၀၀ ဖိုး ဝယ်လိုက်မိတယ်။ ကျွန်တော် အဖိုးအိမ်ရောက်တော့ သူက ထုတ်ပြတာပေါ့။ သူအားဆေးအသစ် ဝယ်ထားတယ်... ဘာတွေကောင်းလဲ ကြည့်ပါဦးပေါ့။ ၂၅၀၀၀ ဖိုးဆိုလို့ အများကြီး မထင်ပါနဲ့။ ထုတ်ပိုးပုံက တစ်ရာတန် ကော်ဖီမစ်လောက်တောင် မသားနားတဲ့ နို့မှုန့်လို အမှုန့်လေးတွေပါတဲ့ အထုတ်လေး ၁၀ ထုတ်ပါ။ တစ်ထုတ်ကို ၂၅၀၀ ပေါ့ဗျာ။ တစ်ထုတ်လုံးလည်း တရုတ်စာ ဘူးသီးကြော်တွေဆိုတော့ ကျွန်တော်လည်း မဖတ်တတ်ဘူး။ ဖတ်လို့ရတာက Enzyme တစ်ခုပဲရှိတယ်။ Vitamin တော်တော်များများက Co-enzyme တွေဆိုတော့... အင်း Vitamin တွေ ဖြစ်နိုင်လောက်ပါတယ်လို့ မနည်းဆွဲပြီး ဖြည့်တွေးလိုက်ရတယ်။ ဒါနဲ့ အဖိုးကတော့ ဘာမှမထူးပါဘူး။ ဒုံရင်းက ဒုံရင်းပါပဲ။ ကျွန်တော်လည်း ထပ်မဝယ်နဲ့ ကျွန်တော်ပဲ အားဆေးဝယ်ဝယ်ပေးပါ့မယ်လို့ ဖြေရှင်းပေးလိုက်ရတယ်။
နောက်တစ်ယောက်က ကျွန်တော့် လူနာဗျ။ ကျွန်တော့်ဆီကို လာပြတယ်။ သူအစက သမားတော်(Physician)နဲ့ ဆီးချိုကို ကုနေတာတဲ့။ နောက်တော့ အဲလို ကုမ္ပဏီတစ်ခုရဲ့ ဆီးချိုကျကော်ဖီဆိုတာကိုပဲ သောက်ပြီး ဆီးချိုဆေးတွေ မသောက်ဘဲနေတာ ခုသုံးလေးလလောက်ရှိတာ ရောဂါ မသက်သာတဲ့ အပြင် ပိုဆိုးလာတယ်ထင်တယ်ပေါ့။ အဲဒီဆီးချိုကျကော်ဖီဆိုတာကလည်း တစ်ခွက်ကို လေးထောင်တန်တယ်ဆိုပဲ။ အဲဒါနဲ့ ကျွန်တော် ဆီးချိုဖောက်စစ်လိုက်တော့ ဆီးချိုပမာဏက ၅၀၀ ကျော်နေတယ်လေ။ ကျွန်တော်လည်း လေးငါးရက်ဆက်တိုက်လောက် ကျွန်တော်ပေးနိုင်တဲ့ ဆီးချိုကျဆေးတွေ အဆင့်ဆင့် တိုးပေးတာ ဆီးချိုက ၄၀၀ ကျော်ကနေ အောက်မဆင်းတာနဲ့ တစ်ခြားလိုအပ်တာတွေ စစ်ဆေးတာရော ဆီးချိုကိုပါ သေချာကုဖို့ သမားတော်တစ်ယောက်ဆီပဲ လွှဲလိုက်ရတယ်။
ကဲ... အဲဒီတော့ နိဂုံးချုပ်ပြောရရင်... ဆေးလောကရဲ့ အန္တရာယ်တွေထဲမှာ ကျွန်တော်တို့ ဆရာဝန်တွေ တိုင်ပင်အဖြေရှာနေရတဲ့ စပ်ဆေး အန္တရာယ်အပြင် တရုတ်ဆေးအန္တရာယ်ကလည်း ခုတလော တော်တော်ဆိုးလာတယ်ထင်ပါတယ်ဗျာ။ ပြည်သူတွေကိုလည်း ကြော်ငြာကောင်းတိုင်း မယုံဖို့... အားနာပြီး ဝယ်လိုက်တာ ခါးပါပါသွားတတ်တယ်ဆိုတာ သတိပေးလိုက်ပါရစေ။ ကျန်းမာရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေလည်း ဒီကိစ္စကို လက်ပိုက်ကြည့်မနေကြပါနဲ့လို့ တိုက်တွန်းချင်ပါတယ်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...