Saturday, August 17, 2013

တူနီးရှားတွင် အစ္စလာမ်မစ်အစိုးရအား ပြည်သူများက ဆန္ဒပြ


From : ..planet


အင်္ဂါနေ့က စတင်သော ဆန္ဒပြမှုသည် အစ္စာလမ်ဘာသာရေး ဩဇာသက်ရောက်မှု ကြီးမားသော အစိုးရကို ဖယ်ရှားရန် အဓိက တောင်းဆိုခဲ့ခြင်းဟု ဆိုသည်



တူနီးရှားနိုင်ငံတွင် ထောင်နှင့်သောင်းနှင့်ချီ များပြားသော ပြည်သူများက အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ အင်္ဂါနေ့က စတင်သော ဆန္ဒပြမှုသည် အစ္စာလမ်ဘာသာရေး ဩဇာသက်ရောက်မှု ကြီးမားသော အစိုးရကို ဖယ်ရှားရန် အဓိက တောင်းဆိုခဲ့ခြင်းဟု ဆိုသည်။ လွန်ခဲ့သော သီတင်းနှစ်ပတ်ခန့်က တူနီးရှား၏ ထင်ရှားသော အတိုက်အခံ ခေါင်းဆောင်တစ်ဦး လုပ်ကြံ သတ်ဖြတ်ခံရပြီးနောက် ယခုကဲ့သို့ အင်အားကြီးမားသော ဆန္ဒပြမှုများ ထွက်ပေါ်လာခြင်း ဖြစ်သည်။ တူနစ်မြို့တော်တွင် ပြည်သူများစွာ စုရုံးက အစ္စလာမ်ဝါဒကို လက်ကိုင်ပြုသည့် အန်နာဒါးပါတီ၏ ကြီးစိုးမှုကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။



တူနီးရှား ပြည်သူများက အန်နာဒါး ပါတီကို အစိုးရ အဖွဲ့မှ ဖယ်ထုတ်ရန်နှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အသွင်ကူးပြောင်းရေး အမျိုးသား ညီလာခံ (ANC)ကို ဖျက်သိမ်းရန် တောင်းဆိုကြသည်။ အဆိုပါ ညီလာခံသည် အခြေခံ ဥပဒေသစ်တစ်ခု ဖွဲ့စည်းရန် ဆွေးနွေးနေဆဲ ဖြစ်သည်။ "လက်ရှိ အစိုးရကို ပြည်သူတွေက ပြိုလဲစေချင်နေပြီ"ဟု ဆန္ဒပြသူများက အော်ဟစ်ကြသည်။ အဆိုပါ ဆန္ဒပြမှုများတွင် ဩဇာကြီးမားသည့် တူနီးရှား အထွေထွေ အလုပ်သမား ယူနီယံကလည်း ပါဝင်ပူးပေါင်းခဲ့သည်။ ယူနီယံက မိမိတို့၏ အဖွဲ့ဝင် (၆၀၀၀၀)ကျော်ကိုလည်း ဆန္ဒပြ စုဝေးမှုတွင် ပါဝင်ရန် ဆော်ဩထားသည်။ ဇူလိုင်လ (၂၅)ရက်နေ့က လယ်ဝဲယိမ်း နိုင်ငံရေးသမား တစ်ဦးဖြစ်သည့် မိုဟာမက် ဘရာမီသည် တူနစ်တွင် လုပ်ကြံသတ်ဖြတ် ခံခဲ့ရပြီး ယင်းပြဿနာသည် ယခုအုံကြွမှုများနှင့် ကြီးကြီးမားမား ဆက်နွယ်နေကြောင်း သိရသည်။



ယင်းမတိုင်မီ လပိုင်းကလည်း ဘာသာရေး လွှမ်းမိုးမှုကို မလိုလားသည့် နိုင်ငံရေး အတိုက်အခံ ခေါင်းဆောင် တစ်ဦးဖြစ်သူ ချိုကရီ ဘီလေ့ဒ်မှာလည်း လုပ်ကြံမှု တစ်ခုအတွင်း အသက်ဆုံးရှုံးခဲ့သည်။ အင်္ဂါနေ့က စုရုံးဆန္ဒပြမှုများသည် ဘီလေ့ဒ်သေဆုံးမှု (၆)လပြည့် အထိမ်းအမှတ်နှင့်လည်း တိုက်ဆိုင်နေသည်။ လတ်တလောတွင် ANCမှ ညီလာခံ တက်ရောက်သူ (၇၀)ကျော်မှာ နုတ်ထွက်သွားခဲ့ပြီး ဆန္ဒပြသူများနှင့် ပူးပေါင်းခဲ့ကြသည်။ ANC၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် မူစတာဖာ ဘန်ဂျဖားကမူ ဥပဒေပြု ကိုယ်စားလှယ်များသည် ဆွေးနွေးမှုကို ဆက်လက် လုပ်ဆောင်နေမည်ဟု ပြောကြားထားသည်။ အာဖရိက နိုင်ငံတစ်ခုဖြစ်သော အီဂျစ်တွင် ပြည်သူများ အုံကြွမှုဖြင့် အစိုးရ ပြုတ်ကျခဲ့မှုသည် တူနီးရှား နိုင်ငံရေးအပေါ် ကြီးမားသည့် ရိုက်ခတ်မှုများ ဖြစ်ပေါ်စေသည့် အခြေအနေမျိုးလည်း ရှိနေသည်။ အီဂျစ်တွင် မွတ်ဆလင် ညီအစ်ကိုတော်များ အဖွဲ့က ထောက်ခံသည့် သမ္မတ မိုဟာမက်မော်စီသည် ပြည်သူလူထု ထောက်ခံသော စစ်တပ်အာဏာသိမ်းမှုအတွင်း ရာထူးမှ ဖယ်ရှားခံခဲ့ရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...