Monday, August 26, 2013

ပဋိပက္ခ ဖြစ်ပွားခဲ့သော ဒေသ အချို့သို့ ကုလ အထူးအကြံပေး သွားရောက် မည်

မြန်မာနိုင်ငံသို့ သြဂုတ်လ ၂၅ ရက်နေ့တွင် ရောက်ရှိလာသည့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ပုဂ္ဂိုလ် ဗီဂျေနမ်ဘီးယားသည် ပဋိပက္ခများဖြစ်ပွားခဲ့သည့် မိတ္ထီလာမြို့ အပါအဝင် အခြား ဒေသများသို့ သွားရောက်မည် ဖြစ်ကြောင်း အစိုးရအဖွဲ့နှင့် နီးစပ်သူ တစ်ဦးက The Voice သို့ ပြောကြားသည်။

“၂၉ ရက်နေ့မှာ မိတ္ထီလာ သွားမယ်။ တခြားပဋိပက္ခဖြစ်တဲ့ နေရာတွေ ကိုလည်း သွားဖို့စီစဉ်ထားတယ်” ဟု ၎င်းက ဆိုသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ လာရောက်ခြင်း ဖြစ်ပြီးဆင်းရဲ နွမ်းပါးမှု
လျှော့ချရေးနှင့် ကျေးလက် ဖွံ့ဖြိုးရေး လုပ်ငန်းများကို ကုလသမဂ္ဂအနေနှင့် အသိအမှတ်ပြု ပါကြောင်း မစ္စတာနမ်ဘီးယားက သြဂုတ်လ ၂၅ ရက်နေ့တွင် မြန်မာ ငြိမ်းချမ်းရေး စင်တာ၌အစိုးရအဖွဲ့တာဝန်ရှိသူ
များနှင့် ပြည်တွင်း ပြည်ပ အဖွဲ့အစည်း များ တွေ့ဆုံစဉ် ပြောကြားသည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူး အကြံပေးအဖြစ် ၂၀၁၀ ပြည့်နှစ်မှ စတင် ဆောင်ရွက်ခဲ့သည့် ဗီဂျေနမ်ဘီးယားသည် မေလအတွင်း မြန်မာနိုင်ငံသို့ နောက်ဆုံးအကြိမ် လာရောက်ခဲ့ပြီး ကချင်ပြည်နယ်ရှိ လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားရာ ဒေသများသို့ သွားရောက်ခဲ့သည်။

ကုလသမဂ္ဂ၏ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာကင်တားနား သည် မြန်မာနိုင်ငံသို့ ဆယ်ရက်ကြာ လာရောက်ခဲ့ပြီး ၎င်း၏ ခရီးစဉ်အတွင်း သြဂုတ်လ ၁၉ ရက်နေ့တွင် မိတ္ထီလာမြို့သို့ သွားရောက်စဉ် ဒေသခံများ၏ ဝိုင်းဝန်း ဆန္ဒပြမှု ကြုံတွေ့ခဲ့ရသည်။

ယင်းအပေါ် အစိုးရက လုံခြုံရေး တာဝန်ယူရန် ပျက်ကွက်ခဲ့ကြောင်း မစ္စတာ ကင်တားနားက ဝေဖန်ခဲ့သဖြင့် မြန်မာ အစိုးရက ကင်တားနား၏ ပြောကြားချက်များမှာ မဟုတ်မှန်ကြောင်း ပြန်လည် ရှင်းလင်း ထုတ်ပြန်ခဲ့သည်။

The Voice Weekly

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...