Thursday, August 29, 2013

စစ်အာဏာရှင် စနစ်အောက်တွင် ရာစုနှစ်ဝက်ကြာ နေခဲ့ရသောကြောင့် အမျိုးသား၊ အမျိုးသမီး အခွင့်အရေး တန်းတူညီမျှမှု မရှိသေးကြောင်း ပညာရှင်များ ပြောကြား

Thursday, August 29, 2013

မြန်မာနိုင်ငံသည် ရာစုနှစ်ဝက်ကြာ စစ်အာဏာရှင် စနစ်အောက်တွင် နေခဲ့ရသောကြောင့် အမျိုးသား၊ အမျိုးသမီး အခွင့်အရေး တန်းတူညီမျှမှု မရှိသေးကြောင်း၊ ယင်းသို့ အခွင့်အရေး တန်းတူညီမျှမှု ရရှိစေရန် လုပ်ဆောင်ရာတွင် စိန်ခေါ်မှုများစွာ ရှိနေသေးကြောင်း သြဂုတ် ၂၈ ရက်တွင် ကျင်းပသည့် လူမှုစီးပွား ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များတွင် အမျိုးသမီး၊ အမျိုးသား တန်းတူညီမျှမှု သဘောတရား ထည့်သွင်းပါဝင်စေခြင်းဆိုင်ရာ ဆွေးနွေးပွဲတွင် နယ်ပယ်အသီးသီးမှ ပညာရှင်များက သုံးသပ်ပြောကြားသည်။

မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင် အမျိုးသား၊ အမျိုးသမီး တန်းတူအခွင့်အရေး ညီမျှခြင်းဟူသည့် Gender ကို ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း၊ ယင်းသို့ မစဉ်းစားပါက နိုင်ငံတကာ အတွေ့အကြုံအရသော် လည်းကောင်း၊ မြန်မာနိုင်ငံ၏ လက်ရှိအနေအထား အရသော် လည်းကောင်း၊ ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်များကို ဆောင်ရွက်ရာတွင် နှောင့်နှေးကြန့်ကြာမှုများ ဖြစ်ပေါ်စေနိုင်ကြောင်း ၎င်းတို့က ဆိုသည်။

"စစ်အုပ်ချုပ်မှု စနစ်အောက်မှာ ရာစုနှစ် တစ်ဝက်လောက်က နေခဲ့ရတာဆိုတော့ စစ်ပိုင်းဆိုင်ရာ အုပ်ချုပ်မှုတွေမှာ အမျိုးသားတွေက နေရာရကြတယ်။ စစ်ဆန်တဲ့ အာဏာရှင် စနစ်အောက်မှာရှိတဲ့ တိုင်းပြည်တိုင်းမှာ အမျိုးသားတွေက နေရာရကြတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ ၁၉၆၂ နောက်ပိုင်းမှာဆိုရင် အမျိုးသမီးပါဝင်မှု ကဏ္ဍက အောက်ရောက်သွားခဲ့တယ်" ဟု Gender Development Initiative မှ အမှုဆောင်ဒါရိုက်တာ ဆလိုင်းအိုက်ဇက်ခင်က ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံ အနေဖြင့် အမျိုးသား၊ အမျိုးသမီး တန်းတူအခွင့်အရေး ညီမျှမှုဆိုသည့် Gender Main Streaming ကို လက်မခံနိုင်သေးကြောင်း၊ နယ်ပယ်အသီးသီးတွင် အမျိုးသမီးများ ပါဝင်မှုနှုန်းမှာ အမျိုးသားများထက် လျော့နည်းနေသေးကြောင်း သက်သေပြသည့် အချက်အလက်များ တိတိကျကျ မရှိကြောင်း၊ သုတေသန ပိုင်းတွင်လည်း အားနည်းနေသေးကြောင်း၊ ယင်းအချက်များမှာ အမျိုးသား၊ အမျိုးသမီး အခွင့်အရေး တန်းတူညီမျှမှု မျှတခြင်း ဖြစ်စေရန်အတွက် အခက်အခဲ ရှိနေကြောင်း ၎င်းတို့က ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက "နိုင်ငံရေးမှာပါတဲ့ အမျိုးသမီးတွေကို လူထုထောက်ခံမှုအားက နည်းနေတယ်။ အစိုးရ အနေနဲ့ နိုင်ငံရေးမှာ အမျိုးသမီးတွေကို ဖိနှိပ်ထားတဲ့ အရာတွေကို တစ်ချက်ချင်း ဖျောက်သင့်တယ်။ အမျိုးသမီးတွေကို အကြမ်းဖက်တာ၊ လူကုန်ကူးတာ၊ ဌာနဆိုင်ရာနဲ့ ပုဂ္ဂလိကတွေမှာ အမျိုးသမီးတွေကို အရေးကြီးတဲ့ ရာထူးတွေ မခန့်အပ်တာ အဲဒါတွေကို ရှုတ်ချရမယ်" ဟု ပြောကြားသည်။ လက်ရှိတွင် မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံရေးနယ်ပယ်၊ တရားစီရင်ရေးနယ်ပယ်၊ အုပ်ချုပ်ရေးနယ်ပယ် စသည့်ကဏ္ဍများတွင် အမျိုးသမီး ပါဝင်မှုမှာ လေးရာခိုင်နှုန်းသာရှိကြောင်း သိရသည်။

Eleven Media Group


သြဂုတ် ၂၈ ရက်တွင် ကျင်းပသည့် လူမှုစီးပွား ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များတွင် အမျိုးသမီး၊ အမျိုးသား တန်းတူညီမျှမှု သဘောတရား ထည့်သွင်းပါဝင်စေခြင်းဆိုင်ရာ ဆွေးနွေးပွဲ မြင်ကွင်း

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...