Thursday, August 29, 2013

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)မှ ရေးဆွဲခဲ့သော သတင်းမီဒီယာ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်၌ လွှတ်တော်ကိုယ်စားလှယ်ငါးဦး ဆွေးနွေး


မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)မှ ရေးဆွဲခဲ့သော သတင်းမီဒီယာ ဥပဒေကြမ်းကို သြဂုတ် ၂၈ ရက်တွင် အမျိုးသားလွှတ်တော်၌ လွှတ်တော်ကိုယ်စားလှယ်ငါးဦး ဆွေးနွေးအပြီး ဥပဒေကြမ်း ကော်မတီမှ ကြားနာရန် ဆုံးဖြတ်ခဲ့သည်။
ထိုသို့ ဆွေးနွေးရာတွင် သတင်းမီဒီယာ ဥပဒေကြမ်း အခန်း (၉)ပြစ်မှုနှင့် ပြစ်ဒဏ်အခန်းပါ ပုဒ်မ(၂၆)၊ ပုဒ်မ (၂၇) တို့တွင် ပြဋ္ဌာန်းထားသော ငွေဒဏ်များသည် အမျိုးသားလွှတ်တော် မှ ပြင်ဆင် အတည်ပြု ပြဋ္ဌာန်းပြီးဖြစ်သည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းပါ ပြစ်မှုပြစ်ဒဏ်နှင့် သက်ဆိုင်သည့် ဒဏ်ငွေချမှတ်ခြင်းနှင့် ပတ်သက်၍ ရှုပ်ထွေးမှုရှိနေပြီး မသင့်လျော်သဖြင့် ယင်းအပိုဒ်များကို ဖြုတ်သင့်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ဆွေးနွေးသည်။
အလားတူ မိမိတို့ဒေသ မည်သည့်ပုံနှိပ် မီဒီယာမှ မရောက်ရှိသဖြင့် စေတနာရှင်များမှ ပြည်သူလူထု သတင်းအမှောင်ထဲမှ လွတ်မြောက်စေချင်သည့်အတွက် မျိုးနွယ်စု ဘာသာစကားများဖြင့် သတင်းများ စုဆောင်း၍ ကျေးရွာများ၊ မြို့ငယ်များသို့ အမြတ်အစွန်း မယူဘဲ ဖြန့်ဝေကြကြောင်း၊ ယင်းကဲ့သို့ ပြုလုပ်သည်များသည် ပုဒ်မ (၂၇)အရ လုပ်ခွင့်ရတော့မည် မဟုတ်သဖြင့် ပုဒ်မ (၂၇) ပြဋ္ဌာန်းချက်ဖြစ်သည့် ပြစ်ဒဏ်ကို ပယ်ဖျက်ပေးပါရန် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဇုန်လှယ်ထန်းက ဆွေးနွေးပြောကြားသည်။
ထို့အပြင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးထွန်းမြအောင်က ဥပဒေကြမ်းပါ ပုဒ်မ (၅) "သတင်းမီဒီယာ လုပ်ငန်း၏ ထုတ်ဝေစာသည် စိစစ်ခြင်းမှ ကင်းလွတ်ခွင့် ရှိသည်" ပြဋ္ဌာန်းချက်နှင့် ပတ်သက်၍ အမျိုးသားလုံခြုံရေးနှင့် ဆိုရှယ်မီဒီယာများ ချိတ်ဆက်နေကြောင်း၊ ဆိုရှယ်မီဒီယာများသည် အမျိုးသား လုံခြုံရေးကို ခြိမ်းခြောက်လာပြီဆိုတာ နိုင်ငံတိုင်းတွင် သံသယ ဖြစ်စရာ ပေါ်ပေါက်လာကြောင်း၊ မီဒီယာလောကသည် အရွေ့မြန်ပြီး အမျိုးသား လုံခြုံရေးသည် နောက်ကကျန်ခဲ့သလို ဖြစ်နေကြောင်း၊ အင်တာနက် စနစ်များကြောင့် မိနစ်ပိုင်းတွင် သတင်းပို့ခြင်း၊ သတင်းရယူခြင်းများ၊ သတင်းအတုအယောင်များ ရယူနိုင်ကြောင်း၊ မိုဘိုင်းဖုန်းတစ်လုံး ရှိရုံဖြင့် အွန်လိုင်းပေါ်တွင် နေရာတစ်နေရာ ရရှိကြောင်း၊ သို့ဖြစ်၍ အမျိုးသား လုံခြုံရေးအတွက် ဆိုရှယ်မီဒီယာကို ထည့်သွင်းစဉ်းစားသင့်ကြောင်း ဆွေးနွေးသည်။
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအုန်းတင်က ဆွေးနွေးရာတွင် ဥပဒေကြမ်းပါ ပုဒ်မ (၁)တွင် "ပျံ့နှံ့စေခြင်း" စကားရပ်အစား "ဖြန့်ချိခြင်း" ဟု ပြောင်းလဲရန်နှင့် "လူမှုရေးနှင့်" စကားရပ်အား ပယ်ဖျက်သင့်ကြောင်း၊ ပုဒ်မ (၄) ပုဒ်မခွဲ (ဃ)တွင် "သတ်မှတ်ထားသော စည်းကမ်းနှင့်အညီ" စကားရပ်၊ ပုဒ်မ (၆) ပုဒ်မခွဲ (က)တွင် "ဥပဒေ တစ်ရပ်ရပ်အရ ဖြစ်စေ၊ အာဏာပိုင် အဖွဲ့အစည်း (၃)ရပ်က ဖြစ်စေ အမိန့်ညွှန်ကြားချက်ဖြင့် လုံခြုံရေး အဆင့်အတန်း သတ်မှတ်ထားသေား စာရင်းဇယား၊ ဓာတ်ပုံ၊ မှတ်တမ်းရေးသားချက်များမှအပ "စကားရပ်နှင့် ပုဒ်မ (၆) ပုဒ်မခွဲ(ခ) "ပုဒ်မခွဲ (က)ပါ ပြဋ္ဌာန်းချက်နှင့်အညီ" စကားရပ်တို့အား ပယ်ဖျက်သင့်ကြောင်း ပြောကြားသည်။
ယင်းအပြင် ပုဒ်မ (၁၉) ပုဒ်မခွဲ (ခ)နှင့် ပုဒ်မခွဲ (ဂ)တို့တွင် "နှောင်ကြိုးမဲ့" စကားရပ်ကိုလည်း ပယ်ဖျက်သင့်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအုန်းတင်က ဆွေးနွေးခဲ့သည်။ ဥပဒေကြမ်း အခန်း (၆) ကောင်စီဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ ပုဒ်မ (၁၃) ပြဋ္ဌာန်းချက်များတွင် ကောင်စီဝင် အရေအတွက်၊ ရွေးချယ်ခြင်းတို့နှင့် ပတ်သက်၍ အင်ဒိုနီးရှား၊ အိန္ဒိယ စသည့်နိုင်ငံများနှင့် နှိုင်းယှဉ်၍ ပြန်လည်ညှိနှိုင်းသင့်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က ဆွေးနွေးသည်။
ထို့အတူ အခန်း (၆) ပုဒ်မ (၁၂)တွင် "ကောင်စီသည် သတင်းမီဒီယာ သမားများ" စကားရပ်အစား "ကောင်စီသည် စာနယ်ဇင်းသမားများ" ဟု ပြဋ္ဌာန်းသင့်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် စာနယ်ဇင်းကောင်စီ အနေဖြင့် ရေဒီယို၊ တီဗီအားလုံးကို ချုပ်ကိုင်ချင်သည့် သဘောဖြစ်နေကြောင်း၊ စာနယ်ဇင်းကောင်စီသည် ကျင့်ဝတ်ကိုသာ အဓိက ချုပ်ကိုင်သည့် အဖွဲ့အစည်း ဖြစ်ကြောင်း၊ သို့ရာတွင် ပုဒ်မ ၁၃ ပုဒ်မခွဲ (ခ)ပြဋ္ဌာန်းချက်အရ ကောင်စီအနေဖြင့် အားလုံးကို ချုပ်ကိုင်လိုခြင်း ဖြစ်နေကြောင်း၊ ယင်းကဲ့သို့ မဖြစ်သင့်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ဆွေးနွေးသည်။
ထို့အပြင် ဥပဒေကြမ်းပါ "မူပိုင်ခွင့်နှင့် မော်ကွန်းဌာန" စကားရပ်ကိုလည်း "မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာန" အဖြစ် ပြင်ဆင်သင့်ကြောင်း ဦးလှဆွေက ဆက်လက်ဆွေးနွေးသည်။
ပုံနှိပ်မီဒီယာနှင့် ရုပ်သံမီဒီယာတို့သည် သဘောသဘာဝ မတူညီဘဲ ရုပ်သံရေဒီယိုများသည် ဆက်သွယ်ရေး ၀န်ကြီးဌာနတွင် သွားရောက်ခွင့်ပြုချက် ယူရမည်ဖြစ်၍ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနမှ ဆောင်ရွက်၍ မရသည့်အတွက် ပုဒ်မ ၁၁ အား "ပုဒ်မ ၁၀ အရ ထူထောင်ခွင့်ရပြီးသော သတင်းမီဒီယာသည် သက်ဆိုင်ရာ လုပ်ငန်းအမျိုးအစားအလိုက် လုပ်ကိုင်ခွင့် လက်မှတ်ရရှိရန် သက်ဆိုင်ရာ လုပ်ငန်းလိုင်စင် ရယူရမည် ဖြစ်သည့်အတွက် ပြင်ဆင်သင့်ကြောင်း ဦးလှဆွေက ပြောကြားသည်။
ပုဒ်မ ၂၅ "ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း တည်ထောင်ထားသော သတင်းမီဒီယာ လုပ်ငန်းအားလုံးရှိ သတင်းမီဒီယာ သမားတို့၏ တာဝန်၊ ကျင့်ဝတ်၊ သိက္ခာဖောက်ဖျက်မှုနှင့် တားမြစ်ချက်များ ချိုးဖောက်သည့် အမှုများကို ဤဥပဒေပါ ပြဋ္ဌာန်းချက်များအရသာ အရေးယူရမည်" ဟု ပြဋ္ဌာန်းချက်သည် အမျိုးသားလွှတ်တော်တွင် ပြဋ္ဌာန်းပြီးဖြစ်သော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း ဥပဒေကို ပယ်ဖျက်ရမည့် အနေအထား ဖြစ်နေသည့်အတွက် မသင့်လျော်ကြောင်း ဦးလှဆွေက ဆွေးနွေးသည်။
ဆက်စပ်သတင်း
သတင်းမီဒီယာ ဥပဒေကြမ်း ဆွေးနွေးမှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အတွင်းရေးမှူး ဦးကျော်မင်းဆွေအား ဆက်သွယ်မေးမြန်းချက်

Eleven

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...