Thursday, August 29, 2013

ဂျပန်ဒုံးပျံ လွှတ်တင်မှု ဖျက်သိမ်းခဲ့ရခြင်းမှာ Programming ပြဿနာ များကြောင့်ဟုဆို


ဂျပန်နိုင်ငံက လွှတ်တင်ရန် ကြိုးစားခဲ့သည့် ဒုံးပျံအစီအစဉ် မအောင်မြင်ခဲ့ခြင်းသည် Programming ပြဿနာများကြောင့် ဖြစ်နိုင်ကြောင်း သိရှိရသည်။ အင်္ဂါနေ့က Epsilon ဒုံးပျံကို အာကာသထဲ လွှတ်တင်ရန် ကြိုးစားခဲ့သော်လည်း ချွတ်ယွင်းအားနည်းချက်များ ရှိနေခြင်းကြောင့် အစီအစဉ်ကို ဖျက်သိမ်းခဲ့ကြောင်း ဂျပန်က ကြေညာခဲ့ရသည်။

လောင်စာခဲကို အသုံးပြုသည့် အမျိုးအစားသစ် ဒုံးပျံကို လွှတ်တင်ရန် (၁၉)စက္ကန့် အကြာတွင် မူလအစီ အစဉ်မှ သွေဖယ် ရပ်နားထားရန် ဆုံးဖြတ်လိုက်ရခြင်း ဖြစ်သည်။ ဂျပန်မီဒီယာများက ယခုကိစ္စသည် Programming အမှားအယွင်းနှင့် ကြိုတင်စစ်ဆေးမှု လျော့ရဲခြင်းတို့ကြောင့် ဖြစ်နိုင်ကြောင်း မှတ်ချက်ပြု ရေးသားလျှက်ရှိသည်။

လွှတ်တင်မှု စနစ်ကို ထိန်းချုပ်သည့် ကွန်ပျူတာက ဒုံးပျံ၏ ထားသိုမှုနေရာ မူမမှန် ဖြစ်နေကြောင်း သတိပေး ခဲ့ပြီး နောက်ပိုင်းတွင်မူ ပုံမှန်သာဖြစ်ကြောင်း ပြန်လည် ပြင်ဆင် ဖော်ပြခဲ့သည်။ အဆိုပါအခြေအနေများ ကြောင့် အရဲကိုးလွှတ်တင်မှုမပြုလုပ်ရန် တာဝန်ရှိသူများက ဆုံးဖြတ်ခဲ့ခြင်းဟုသိရသည်။ "အခြေခံပြဿနာ လောက်ပဲလို့ ကျွန်တော်တို့ ယူဆပါတယ်။ ဒါက အရမ်းပြင်းထန် ထိခိုက်တဲ့ချွတ်ယွင်းချက်မဟုတ်နိုင်လောက် ပါဘူး"ဟု ဒုံးပျံကျွမ်းကျင်သူတစ်ဦးက ကျိုဒိုသတင်းဌာနသို့ မှတ်ချက်ပြု ပြောကြားခဲ့သည်။

ကျူရှူး တက္ကသိုလ်မှ ပရော်ဖက်ဆာ တတ်ဆူအို ယာဆာကာက "အသေးစားပြင်ဆင်မှုလေး တချို့တော့ လုပ်ရမယ် ထင်ပါတယ်။ လောလောဆယ်တော့ ချွတ်ယွင်းချက် ရှာဖွေမှု ဘောင်ကို တဖြည်းဖြည်း ကျဉ်းမြောင်းလာအောင် လုပ်ဆောင်နေပါတယ်"ဟု ဆိုသည်။ အဆင့်(၃)ဆင့် ခွဲထွက်နိုင်အောင်ဆောက် လုပ်ထားသည့် ဒုံးပျံသည် (၂၄.၄)မီတာ ရှည်လျားပြီး အချင်း(၂.၆)မီတာ ကျယ်ဝန်းကာ (၉၁)တန် အလေးချိန် ရှိသည်။

ယခုဒုံးပျံသည် SPRINT-A အာကာသ မှန်ပြောင်းကို အာကာသထဲ တင်ဆောင်သွားမည်ဖြစ်ပြီး ကမ္ဘာမြေ၏ ဝေးလံသီခေါင်သော အစွန်အဖျားဒေသများအပြင် နေအဖွဲ့အစည်းအတွင်းရှိ ဗီးနပ်စ်၊ မားစ်နှင့် ဂျူပီတာ ဂြိုဟ်များကိုပါ လေ့လာသွားရန် ရည်ရွယ်ထားသည်။

Planet Myanmar Network

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...