Thursday, August 29, 2013

ရေတိုက်စားပြီး ကမ်းပြိုမှု မကြာခဏ ကြုံတွေ့နေရသော ပြင်ရွာကျေးရွာတွင် မြစ်ကမ်းပါး ထိန်းသိမ်းမှုများ စတင်ပြုလုပ်

Thursday, August 29, 2013

ရွေးမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပြိုမှုကို မကြာခဏ ကြုံတွေ့နေရသော ပြင်ရွာကျေးရွာတွင် မြစ်ကမ်းပါး ထိန်းသိမ်းမှုများ စတင်ပြုလုပ်လျက်ရှိပြီး၊ လုပ်ငန်းများ ဆက်လက်လုပ်ကိုင်နိုင်ရန် အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။

ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ မြစ်ကမ်းပြိုမှု အန္တရာယ်အတွက် ဦးစားပေး (၁၂)ရွာတွင် တစ်ခုအပါအ၀င်ဖြစ်သော ပြင်ရွာကျေးရွာတွင် မြစ်ကမ်းပါး ပြိုကျမှုကြောင့် ကျေးရွာမြေ၏ သုံးပုံတစ်ပုံမှာ ဆုံးရှုံးခဲ့ရပြီး၊ ယခုနောက်ဆုံးအဖြစ် ဇူလိုင် ၂၄ ရက်တွင် ကမ်းပြိုမှုကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးရုံး ခေါင်းရင်းပိုင်းနှင့် ကျေးရွာရေဆိပ်တစ်ခု ပျက်စီးဆုံးရှုံးခဲ့ရသည်။

"ကျွန်တော်တို့ ကမ်းပြိုတာကို တားဆီးဖို့အတွက် ရေအရင်းအမြစ်က ပညာရှင်က နည်းပညာ ပံပိုးတယ်။ ကျေးရွာက ငွေကြေးစိုက်ထုတ်တယ်။ ရေပေါ်ရေကာတွေလုပ်တာ အောင်မြင်တယ်လို့ ပြောရမယ်။ ရေ၀ဲတော်တော်ငြိမ်သွားတယ်။ ကျေးရွာက အလှူခံလို့ရတာ ၁၂ သိန်း၊ အခုလုပ်တာ ကုန်ပြီ၊ ကျေးရွာအတွက် စိတ်ချရအောင်ဆို နောက်ထပ်ကိုက်တစ်ရာလောက် လုပ်ရဦးမယ်။ ငွေ ၁၀ သိန်းလောက် လိုနေသေးတယ်။ ပံ့ပိုးမှုသာ ရမယ်ဆိုရင် ကျေးရွာအတွက် အတော်အဆင်ပြေမှာပါ" ဟု ပြင်ရွာကျေးရွာ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးမင်းမင်းထွန်းက ဆိုသည်။

"ကျွန်တော်တို့ အခုလုပ်တာက ရေပေါ်ရေကာ လုပ်နည်းပေါ့။ ၂၀၀၆ တုန်းက ဒီမှာအခု ကူးတို့ဆိပ်နေရာမှာ လာလုပ်ဖူးတယ်။ အခုမြင်တဲ့ အတိုင်းဘဲ၊ နှုံးတက်နေတာ၊ အခုလုပ်ထားတာ ကိုက် ၁၅၀ လောက် ပြီးသွားပြီ။ ဒီကျေးရွာက တိုင်းဒေသထဲမှာ သဘာဝဘေးအန္တရာယ်နဲ့ ပတ်သက်ပြီး အဓိကရွာထဲမှာပါတော့ ၀န်ကြီးက ပြည်ထောင်စု အစိုးရဆီမှာ ဘတ်ဂျက်တင်တောင်းထားတယ်လို့ သိရတယ်။ ဘတ်ဂျက်ရရင်လဲ ထပ်လုပ်သွားမှာပါ" ဟု ရေပေါ်ရေကာတာများ လာရောက်လုပ်ကိုင်ပေးနေသူ ရေအရင်းအမြစ်နှင့် မြစ်ချောင်းဖွံဖြိုး တိုးတက်ရေး ဦးစီးဌာနမှ အင်ဂျင်နီယာတစ်ဦးက ပြောကြားသည်။

Eleven Media Group

ပြင်ရွာကျေးရွာတွင် မြစ်ရေတိုက်စားမှု လျော့နည်းလာစေရန် ရေပေါ်ရေကာတာများ ပြုလုပ်နေစဉ်

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...