Thursday, August 29, 2013

AIDS ရောဂါရှိသူများ၏ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ စစ်တမ်း ကောက်ယူသွားမည်





AIDS ရောဂါရှင်များ၏ HIV ပိုး ကူးစက်ခံရပြီးနောက်


လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များတွင် ကြုံတွေ့လာရသော အခြေအနေ၊ အခက်အခဲများကို လေ့လာသိရှိနိုင်စေရန် မြန်မာ တစ်နိုင်ငံလုံးတွင် လာမည့် အောက်တိုဘာ လလယ်မှ စတင်ကာ စစ်တမ်းများ ကောက်ယူသွားမည်ဟု ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (UNDP) မှ ထုတ်ပြန်ကြေညာချက် တစ်ရပ်တွင် ဖော်ပြထားသည်။ ထိုသို့ UNDP မှနေ၍ HIV ရောဂါပိုး ကူးစက်ခံရသူများ၏ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ စစ်တမ်းကောက်ယူခြင်းသည် မြန်မာနိုင်ငံတွင် ပထမဦးဆုံး အကြိမ် ဆောင်ရွက်ခြင်းဖြစ်ပြီး ကျန်းမာရေး ဝန်ကြီးဌာနနှင့် အတူ လူထုအခြေပြု လူမှုရေးအဖွဲ့ အစည်းများနှင့် ပညာရေး အဖွဲ့အစည်းများကလည်း ဝိုင်းဝန်းကူညီကာ ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်သည်။

စစ်တမ်းကောက်ရာတွင် AIDS ရောဂါရှင်များ၏ ကျန်းမာရေး၊ ပညာရေး၊ အနေအထိုင်၊ အစားအသောက်၊ အလုပ်အကိုင်၊ ဝင်ငွေရရှိမှု၊ ဆေးကုသခံယူမှုနှင့် ရရှိသောအကူအညီ၊ အထောက်အပံ့များ၊ စောင့်ရှောက်ခံ ရမှုများ အစရှိသော အခြေအနေများနှင့် ပတ်သက်သော အချက်အလက်များကို ပြည့်ပြည့်စုံစုံ လေ့လာ ဆန်းစစ်သွားနိုင်စေရန် ကြိုးပမ်းဆောင်ရွက် သွားကြမည်ဖြစ် ပြီး မြန်မာနိုင်ငံထက်အရင် အာရှ နိုင်ငံတချို့တွင် ဆောင်ရွက်ခဲ့သော လုပ်ထုံးလုပ်နည်းများနှင့် ဗျူဟာများအတိုင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်တမ်းများအရ AIDS ရောဂါရှင်များနှင့် ၎င်းတို့ မိသားစုများ ရင်ဆိုင် ကြုံတွေ့ကြရသော အခက် အခဲများကို ပိုမိုနားလည် လာနိုင်ပြီး ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် လူမှုရေးအရ ကာကွယ် စောင့်ရှောက် ရေးပိုင်းဆိုင်ရာ ကဏ္ဍများနှင့် ပတ်သက်သော အမျိုးသားရေး နည်းဗျူဟာများကို အကောင်အထည်ဖော်လာ နိုင်လိမ့်မည် ဖြစ်ကြောင်း UNDP မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ ပြီးခဲ့သော ၂ဝ၁၂ ခုနှစ်က UNDP မှ တာဝန်ရှိသူများသည် မြန်မာနိုင်ငံတွင် HIV ပိုး ကူးစက်ခံရသူများ အကြောင်း အကြိုလေ့လာ သုံးသပ်ရာ၌ ရောဂါရှင် ၁ဝ ဦးတွင် ရှစ်ဦးခန့်သည် ၎င်းတို့၏ မိသားစုများအတွက် ဝန်ထုပ် ဝန်ပိုးသဖွယ် ဖြစ်နေကြောင်း သိရသည်။

ဆောင်းဦး (မြဝတီ)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...