Thursday, August 29, 2013

အောင်ဘာလေထီ ၀ယ်လိုအားများ၍ “က” မှ “ကဂ” အထိ အက္ခရာ ၃၆ လုံး တိုး ရောင်းချမည်

မန္တလေး၊ သြဂုတ် (၂၉)

ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ အောင်ဘာလေ သိန်းဆုဌာနက ထုတ်ဝေလျက် ရှိသော အောင်ဘာလေ ထီလက်မှတ်များသည် ၀ယ်လိုအားများပြီး ဈေးနှုန်းမြင့်တက်နေသောကြောင့် ၂၉၇ ကြိမ်မြောက် အောင်ဘာလေထီတွင် အက္ခရာ “က” မှ “ကဂ” အထိ အက္ခရာ ၃၆ လုံး တိုးရောင်းချမည် ဖြစ်သည်။

ထီဖွင့်ပွဲကို အောင်တိုဘာ ၁ ရက်တွင် ဖွင့်လှစ်မည်ဖြစ်ပြီး ဆုမဲပေါင်း ၂၆,၉၉၉ ဆုပါဝင်မည် ဖြစ်သည်။ ဆုမဲမျာူးမှာ ကျပ်သိန်း ၁,၅၀၀ ဆု တစ်ဆု၊ ကျပ်သိန်း ၁,၀၀၀ ဆု တစ်ဆု၊ ကျပ်သိန်း ၅၀၀ ဆု တစ်ဆု၊ ကျပ်သိန်း ၃၀၀ ဆု သုံးဆု၊ ကျပ်သိန်း ၂၀၀ ဆု ငါးဆု၊ မင်္ဂလာစုံတွဲ ကျပ်သိန်း ၁၀၀ ဆု ၅၆၀ ဆု၊ ဖြည့်စွက် ၂ ယူနစ် ၄၀၀ ဆု၊ အပိုဆု ၂၉ ဆုနှင့် အက်္ခရာတူ နံပါတ်ကွဲ ၉,၉၉၉ ဆု တို့ ဖြစ်သည်။

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ၈၄ လမ်း၊ ၂၈ လမ်းနှင့် ၂၉ လမ်းကြားရှိ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ အောင်ဘာလေထီ အရောင်းဆိုင်တွင် လာရောက် ၀ယ်ယူသူတစ်ဦးက “တစ်စောင် ကျပ် ၂၀၀ နဲ့ ရောင်းတော့ ၀ယ်ယူသူက များတယ်။ နံနက် ၇ နာရီထဲက လာပြီး စာရင်းပေး တန်းစီဝယ်ရတာ။ နံနက် ၉ နာရီခွဲမှ ၂ စောင်တွဲ၊ ၅ စောင်တွဲ၊ ၁၀ စောင်တွဲတွေ ရောင်းတာ။ အက္ခရာတိုးထုတ်တော့ အမှန်တကယ် ကံစမ်းချင်သူတွေ လွတ်လွတ်လပ်လပ် ဈေးနှုန်းမှန်နဲ့ ၀ယ်ယူ ကံစမ်းနိုင်တာပေါ့”ဟု ပြောသည်။

စက်တင်ဘာ ၁ ရက်တွင် ဖွင့်မည့် ၂၉၆ ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲတွင် အက္ခရာ “က” မှ “ကခ” အထိ ၃၅ လုံး ရောင်းချလျက်ရှိပြီး မန္တလေးမြို့ရှိ ထီဆိုင်ကြီးများတွင် ထီတစ်စောင်လျှင် ကျပ် ၃၀၀၊ အထူးမင်္ဂလာစုံတွဲ တစ်စောင် ကျပ် ၃၅၀ ခန့် ရှိသည်။

သီဟကိုကို (မန္တလေး)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...