Thursday, August 29, 2013

မလေးရှားတွင် တရားမဝင် နေထိုင်သည့် မြန်မာတစ်သိန်းကျော် ဖမ်းဆီးခံရဖွယ်ရှိ


မလေးရှားနိုင်ငံတွင် စက်တင်ဘာ ၁ရက်နေ့မှ စ၍ တရားမဝင်နေထိုင်သူများကို လက်မခံတော့ဘဲ စီမံချက်ဖြင့် ဖမ်းဆီးမည်ဖြစ်ရာ တရားမဝင်နေထိုင်သော မြန်မာလူမျိုး တစ်သိန်းကျော် ဖမ်းဆီးခံရဖွယ် အခြေအနေ ရှိကြောင်း၊ တရားမဝင် နေထိုင်သူများကို အထူးစီမံချက်ဖြင့် မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေး၊ ရဲတပ်ဖွဲ့၊ စစ်တပ် စသည်တို့အပါအဝင် အင်အား ၁၃၅,၀၀၀ဖြင့် တစ်နိုင်ငံလုံးရှိ တရားမဝင်အလုပ်သမားများကို သုံးလတိတိ လိုက်လံဖမ်းဆီးမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံထုတ် The Starသတင်းစာကို ကိုးကား၍ ပြည်တွင်းမီဒီယာများတွင် ရေးသားဖော်ပြထားသည်။

“သြဂုတ် ၂ရက်မှာ မြန်မာတွေ ငါးဆယ်လောက် အဖမ်းခံရတယ်။ အရင်ကဆို ဖမ်းပြီးဆိုရင် မြို့နဲ့ဝေးတဲ့ တောရွာတွမှော အလုပ်မလုပ်ပဲ သွားပုန်းနေတာ။ အခုက ဒီနိုင်ငံမှာ လုံးဝကို မထားတော့ဘူးလို့ ကြေညာ ထားတယ်။ နိုင်ငံပိုင်သတင်းစာတွမှောလဲ ကြေညာထားတယ်”ဟု မလေးရှားနိုင်ငံရောက် ၈၈မျိုးဆက် ကျောင်းသားအဖွဲ့မှ ကိုအောင်ကြီးက ပြောသည်ဟုဆိုသည်။ မလေးရှားနိုင်ငံတွင် တရားမဝင်နေထိုင်သူများကို ကာကွယ်ပေးသူ၊ အလုပ်ပေးသူများ၊ အကူအညီပေးသူများ အားလုံးကို ဒဏ်ငွေ ရင်းဂစ် ငါးသိန်နှင့် ထောင်ဒဏ် ၂နှစ်အထိ ချမှတ်မည်ဖြစ်ကြောင်း မလေးရှားအစိုးရက ကြေညာထားသည်ဟု သိရသည်။

တရားမဝင်နေထိုင်သော မြန်မာလူမျိုးများ အများဆုံး နေထိုင်သည့် ကွာလာလမ်ပူ၊ ဆလန်းဂေါ၊ ပီနန်၊ ဂျိုဟိုး စသည့် မြို့များကို အဓိကဖမ်းဆီး စစ်ဆေးမည်ဖြစ်ရာ ၎င်းင်းနေရာများရှိ တရားမဝင်နေထိုင်သော မြန်မာ အလုပ်သမားများ ဖမ်းဆီးခံရနိုင်ကြောင်း မလေးရှားနိုင်ငံ ဧဒင်ဥယျာဉ် လူမှုကွန်ရက်မှ ကိုမျိုးကပြောသည်ဟု ဆိုသည်။

“ဖမ်းဆီးမှာကလည်း သုံးလတောင်ကြာမှာဆိုတော့ ဒီနိုင်ငံမှာ တရားမဝင် နေထိုင်တဲ့သူတွေ အကုန် အဖမ်းခံရမှာ သေချာပါတယ်”ဟု ကိုမျိုးက ပြောသည်။ ဖမ်းဆီးရမိသော တရားမဝင် နေထိုင်သူများ အားလုံးကို မည်သည့်ရဲစခန်းမှ ပို့ဆောင်မည်မဟုတ်ပဲ မလေးရှားနိုင်ငံတွင် ထိန်းသိမ်းမည့် လူဝင်မှု ကြီးကြပ်ရေးစခန်း ၁၂ခုသို့ တိုက်ရိုက် ပို့ဆောင်သွားမည် ဖြစ်ကြောင်း မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေး အရာရှိ Datuk AliasAhmadက The Star သတင်းစာသို့ ပြောကြားသည်ဟု သိရသည်။ မလေးရှားနိုင်ငံတွင် မြန်မာလူမျိုး သုံးသိန်းဝန်းကျင်ခန့် နေထိုင်လျက်ရှိပြီး အများစုမှာ တရားမဝင် နေထိုင်ကြခြင်း ဖြစ်သည်ဟု ဆိုသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...