Tuesday, August 27, 2013

ရတနာပုံတယ်လီပို့ အကြွေးပြန်ဆပ်မည်ဟု ယုံကြောင်း McWiLL ဖုန်းကုမ္ပဏီဆို


McWiLL အင်တာနက် ဖုန်းလိုင်းများ ဝယ်ယူတပ်ဆင်ရာတွင် ကျသင့်သော ကုန်ကျစရိတ် ကြွေးမြီ ကျပ်သန်းပေါင်း ရှစ်ထောင့်ခုနစ်ရာကျော်ကို ရတနာပုံ တယ်လီပို့ဘက်မှ ပြန်လည် ပေးဆပ်မည်ဟု ယုံကြောင်း McWiLL အင်တာနက်ဖုန်း တစ်ဦးတည်းကိုယ်စားလှယ် အေးချမ်းမေတ္တာ ကုမ္ပဏီမှ အကြံပေး ဒေါ်အေးအေးလွင်က ပြောကြားသည်။

ရတနာပုံတယ်လီပို့က တရုတ်ကုမ္ပဏီ Xinwei ၏ တရားဝင် ကိုယ်စားလှယ်လွှဲစာ ရရှိထားသော အေးချမ်းမေတ္တာ ကုမ္ပဏီသို့ ၂၀၁၂ ခုနှစ် စာရင်းများအရ ကျပ်သန်းပေါင်း ၆၈၆၄ ဒသမ ၇၂၉ ပေးအပ်ရန် ရှိနေပြီး ယခုနှစ် သြဂုတ်လအထိ တွက်ချက်မည်ဆိုပါက ကျပ်သန်းပေါင်း ရှစ်ထောင့် ခုနစ်ရာခန့် ရှိနေပြီ ဖြစ်ကြောင်း အေးချမ်းမေတ္တာ ကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ် ဦးဇော်ဝင်းက ဆိုသည်။

“အတိုးတက်ခံပြီးမပေးဘဲ နေတာထက် ပေးလိုက်တာ ပိုကောင်းပါတယ်။ ပိုက်ဆံကိစ္စ ရှင်းပြီးသွားရင် BTS တာဝါတိုင်တွေချဲ့ပြီး လိုင်းတွေတိုးချဲ့ဖို့ ဆက်ပြီးညှိမယ်” ဟု ဒေါ်အေးအေးလွင်က ဆိုသည်။

ရတနာပုံတယ်လီပို့ ကုမ္ပဏီမှ McWiLL အင်တာနက်ဖုန်းလိုင်းများ ဝယ်ယူတပ်ဆင်ရာတွင် ကျသင့်သော ကုန်ကျစရိတ် ကြွေးမြီများကို ၂နှစ်ကျော်ကြာသည့် တိုင်အောင် ပေးချေခြင်း မရှိသေး သောကြောင့် Xinwei ကုမ္ပဏီနှင့် အေးချမ်းမေတ္တာ ကုမ္ပဏီက နေ့စဉ်ထုတ် သတင်းစာများမှတစ်ဆင့် အသိပေးခဲ့ကြောင်း အေးချမ်းမေတ္တာ ကုမ္ပဏီထံမှ သိရသည်။

ထို့အပြင် နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် ပြည်သူတို့၏ တိုင်ကြားစာနှင့် အသနားခံစာဆိုင်ရာ ကော်မတီသို့ ၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် တိုင်ကြားစာ ပေးပို့ခဲ့ပြီး အဆိုပါကော်မတီက ပြန်လည် ပေးချေရန် အကြောင်းကြားစာ ပြန်လည် ပေးပို့ခဲ့သည်ဟု အေးချမ်းမေတ္တာ ကုမ္ပဏီထံမှ သိရသည်။

ရတနာပုံတယ်လီပို့ ကုမ္ပဏီဘက်မှ ငွေပေးချေရန် အသင့်ရှိပြီး အေးချမ်းမေတ္တာ ကုမ္ပဏီမှ ဦးဇော်ဝင်းနှင့် ညီအစ်ကို အရင်းဖြစ်သော FISCA ကုမ္ပဏီပိုင်ရှင် ဦးဇော်ဝိတ်တို့သည် မိသားစုဝင်အချင်းချင်း အပြန်အလှန် တရားစွဲဆိုမှုများ၊ တရားမမှုများ ရှိနေကာ ငွေပေးချေမှုကို ဦးဇော်ဝိတ်က ကန့်ကွက်ထားသည့်အတွက် ယခုကဲ့သို့ ငွေပေးချေမှု မဆောင်ရွက်နိုင်ခြင်း ဖြစ်သည်ဟု ရတနာပုံတယ်လီပို့ဘက်က ဆိုကြောင်း ကော်မတီ၏ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့စွဲဖြင့် ပြန်ကြားသော တင်ပြစာတွင် ဖော်ပြထားသည်။

လက်ရှိအချိန်တွင် McWiLL အင်တာနက်ဖုန်းလိုင်းများကို ရန်ကုန်မြို့၊ နေပြည်တော်၊ မန္တလေးမြို့တို့ အပါအဝင် တိုင်းဒေသကြီး ၁၀ ခုရှိ မြို့နယ် ၂၆ ခုတွင် Base Transceiver Station (BTS) ၅၄ ခု တပ်ဆင်ထားပြီး ရန်ကုန်မြို့ တိုးကြောင်ကလေးနှင့် မန္တလေးမြို့တို့တွင် Mobile Switching Center (MSC) တစ်ခုစီ တည်ဆောက်ထားသည်။

မြန်မာနိုင်ငံ၏ အဓိကအင်တာနက် ဝန်ဆောင်မှု ကုမ္ပဏီဖြစ်သော ရတနာပုံတယ်လီပို့ ကုမ္ပဏီသည် လက်ရှိတွင် အများပိုင် ကုမ္ပဏီတစ်ခုအဖြစ် ပြောင်းလဲထားပြီး ဆက်သွယ်ရေးဥပဒေ အတည်ပြုပြီးပါက ဆက်သွယ်ရေး အော်ပရေတာ လုပ်ကိုင်ခွင့် ရရှိထားသော ကုမ္ပဏီလည်း ဖြစ်သည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...