Tuesday, August 27, 2013

သစ်တောဖုံးလွှမ်းမှုမှာ နိုင်ငံဧရိယာ၏ ငါးပုံတစ်ပုံ ၀န်းကျင်သာ ရှိတော့သည်ဟူသည့် သုံးသပ်မှုများရှိရာ သက်ဆိုင်ရာ ၀န်ကြီးဌာနက ၂၀၁၅ ခုနှစ်၌ ထပ်မံတွက်ချက်မည်ဟု ဆို


မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှု ပမာဏမှာ နိုင်ငံဧရိယာ၏ ငါးပုံတစ်ပုံ ၀န်းကျင်သာ ရှိတော့သည်ဟု သုံးသပ်ပြောဆိုမှုများ ရှိရာ ခန့်မှန်းပြောဆို မှုများထက် ပိုမိုကျန်ရှိနေပြီး ၂၀၁၅ ခုနှစ်တွင် သစ်တောဖုံးလွှမ်းမှု အခြေအနေ တွက်ချက်မှု ထပ်မံပြုလုပ်မည်ဟု ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန သစ်တောဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
မြန်မာနိုင်ငံ၏ လက်ရှိသစ်တော ဖုံးလွှမ်းမှု အခြေအနေမှာ ၂၀၁၀ ခုနှစ်၊ ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့ (FAO) နှင့် ပူးပေါင်းတွက်ချက်မှုအရ နိုင်ငံဧရိယာ၏ ၄၆ ဒသမ ၉၆ ရာခိုင်နှုန်း ရှိကြောင်းနှင့် သစ်တောဖုံးလွှမ်းမှု အခြေအနေကို ၂၀၁၅ ခုနှစ်တွင် ထပ်မံတွက်ချက် ဆောင်ရွက်သွားမည်ဟု ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန၊ သစ်တောဦးစီးဌာနက သြဂုတ် ၂၃ ရက်က Daily Eleven သတင်းစာသို့ ပြန်လည် ဖြေကြားထားသည်။
မြန်မာနိုင်ငံ၏ သဘာဝ သစ်တောကြီးများ ဖုံးလွှမ်းမှု ဧရိယာမှာ ယခုအခါတွင် နိုင်ငံ့ဧရိယာ အကျယ်အ၀န်း၏ ငါးပုံပုံလျှင် တစ်ပုံဝန်းကျင်သာ ကျန်ရှိတော့ကြောင်း ပြည်သူ့လွှတ်တော် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီ အတွင်းရေးမှူး ဦးသိန်းလွင်က ပြောကြားထားသည်။
''လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလွင်က မြန်မာနိုင်ငံရဲ့ သစ်တောဖုံးလွှမ်းမှု ရာခိုင်နှုန်းဟာ ၂၄ ရာခိုင်နှုန်းပဲ ရှိတော့တယ်ဆိုတဲ့ အကြောင်းအရာကို လွှတ်တော်မှာ တင်ပြမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဦးသိန်းလွင်ရဲ့ အဆိုကို ကျွန်တော့်အနေနဲ့ ထောက်ခံပါတယ်။ ကျွန်းဟာနှစ်စဉ် ကုဗတန်ချိန် လေးသိန်းထုတ်ပါတယ်။ အခု ခုတ်တာတွေများပြီး စိုက်တာနည်းတော့ ကျွန်းရဲ့ ထွက်အားဟာ လျော့ကျလာပါတယ်။ ကျန်တဲ့ သစ်မာတွေရဲ့ ထွက်အားလည်း လျော့လာပါတယ်'' ဟု သစ်တော သယံဇာတ၊ ပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိန်းသိမ်းရေး အသင်းဥက္ကဋ္ဌ ဦးအုန်းက ပြောသည်။
''လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ မီဒီယာတွေ ပြောသလို မြန်မာနိုင်ငံမှာ သစ်တော ဖုံးလွှမ်းမှု ရာခိုင်နှုန်း ၂၀ ၀န်းကျင်ပဲ ရှိတော့တယ်ဆိုတာ ခန့်မှန်းပြောဆိုမှုတွေသာ ဖြစ်ပါတယ်။ ဒီထက်မက ပိုများပါတယ်။ ၂၀၁၀ FAO နဲ့ ကျွန်တော်တို့ ၀န်ကြီးဌာနပူးပေါင်းပြီး ဆန်းစစ်တွက်ချက်မှုအရ ၄၆ ရာခိုင်နှုန်းကျော် ရှိပါတယ်'' ဟု ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
မြန်မာနိုင်ငံသည် သစ်များအား အလုံးလိုက် ပြည်ပသို့ တရားဝင်တင်ပို့မှုအပြင် နယ်စပ်ဒေသ လမ်းကြောင်းများမှတစ်ဆင့် တရားမ၀င် တင်ပို့မှုများကြောင့် ယခုနှစ်များအတွင်း သစ်တောပြုန်းတီးမှု မြင့်တက်လာကြောင်းနှင့် ၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်မှစတင် ပြီး မြန်မာနိုင်ငံ အနေဖြင့် သစ်အလုံးလိုက် ပြည်ပတင်ပို့ နေခြင်းကို ရပ်ဆိုင်းသွားမည် ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ အပါအ၀င် မဲခေါင်ဒေသ နိုင်ငံများ၌ ၁၉၇၃ ခုနှစ်မှ ၂၀၀၉ ခုနှစ်အတွင်း သစ်တောသုံးပုံ တစ်ပုံခန့် ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ရာ မြန်မာနိုင်ငံ၏ သစ်တောပြုန်းတီးမှုမှာ မဲခေါင်ဒေသ သစ်တောပြုန်းတီးမှု စုစုပေါင်း၏ ရာခိုင်နှုန်း ၃၀ ဖြစ်သည်ဟု ၂၀၁၃ခုနှစ် မေလက ထုတ်ပြန်ခဲ့သည့် World Wildlife Fund-WWF ၏ အစီရင်ခံစာအရ သိရသည်။
သစ်တော ဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုသည် ၁၉၇၅ ခုနှစ်တွင် နိုင်ငံဧရိယာ၏ ၆၁ ရာခိုင်နှုန်း၊ ၁၉၈၉ ခုနှစ်တွင် နိုင်ငံဧရိယာ၏ ၅၉ ရာခိုင်နှုန်း၊ ၁၉၉၈ ခုနှစ်တွင် နိုင်ငံဧရိယာ၏ ၅၉ ရာခိုင်နှုန်း၊ ၂၀၁၀ ပြည့်နှစ်တွင် ၄၇ ရာခိုင်နှုန်းအထိ ကျဆင်းလာကြောင်း သိရသည်။ မြန်မာနိုင်ငံ၏ ဧရိယာ အကျယ်အ၀န်းသည် ၂၆၁၂၂၈ စတုရန်းမိုင် ရှိကြောင်း သိရသည်။

Eleven Media Group

မကွေးတိုင်းဒေသကြီး ကျောက်ထုမြို့နယ်ရှိ သစ်တောနယ်မြေ အတွင်း၌ သစ်လုံးများအား မေလအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...