Tuesday, August 27, 2013

အငြင်းပွားဖွယ် ဆုံးဖြတ်ချက်အချို့နဲ့ အမှတ်ခွဲယူခဲ့ကြတဲ့ ပွဲ။ (မန်ယူနိုက်တက် ၀-၀ ချယ်ဆီး)


ပရီးမီးယားလိဂ် ပွဲစဉ် ၂ ရဲ့ နောက်ဆုံး ပွဲစဉ်အဖြစ် မန်ချက်စတာယူနိုက်တက်အသင်းနှင့် ချယ်ဆီး အသင်းတို့ဟာ အိုထရက်ဖို့ဒ် ကွင်းကြီးမှာ ကစားခဲ့ကြပါတယ်။ ယခုနှစ် ဘောလုံးရာသီမှာ ချန်ပီယံဖြစ်ဖို့ ရေပန်းစားနေတဲ့ အသင်း၂ သင်းထိပ်တိုက် တွေ့ဆုံကြတဲ့ ပွဲဖြစ်တာနဲ့ အညီ တစ်ကမ္ဘာလုံးက ဘောလုံးပရိသတ်တွေ စောင့်မျှော်ကြည့်ရှုနေကြတဲ့ ပွဲတစ်ပွဲ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းမှာ ဂိုးသမား ဒီဂီအာ ပွဲထွက်လာပြီး နောက်တန်းမှာ ဖီးလ်ဂျုန်း၊ ဖာဒီနန်၊ ဗီဒစ်နှင့် အီဗရာတို့ နေရာယူထားပါတယ်။ ကွင်းလယ်မှာတော့ ဗလင်စီယာ၊ ကလဲဗားလေး၊ မိုက်ကယ် ကာရစ်၊ ဝိန်းရူနီနှင့် ဝဲလ်ဘတ်တို့ ပါဝင်လာပြီး ဗန်ပါစီက တိုက်စစ် တစ်ဦးတည်း တာဝန်ယူမှာ ဖြစ်ပါတယ်။

ဧည့်သည် ချယ်ဆီး အသင်းမှာတော့ ဂိုးသမား ပီတာဆက်ခ်ျ၊ နောက်တန်းမှာ အိုင်ဗန်နိုဗစ်၊ ကာဟေးလ်၊ တယ်ရီနှင့် အက်ရှ်လေကိုးတို့ ပါဝင်လာပါတယ်။ ကွင်းလယ်မှာ အင်ဒရေ ရှိုရေး၊ အော်စကာ၊ လမ်းပါတ်၊ ရာမီးရက်ဇ်နှင့် ဒီဘရုန်းတို့ အီဒင် ဟာဇတ်က တိုက်စစ်နေရာမှာ ကစားမှာ ဖြစ်ပါတယ်။ နှစ်သင်းစလုံးဟာ ၄-၅-၁ ပုံစံနှင့် ပွဲထွက်လာပေမယ့် တိုက်စစ် ဦးစားပေးကစားကြမယ့် အနေအထား ဖြစ်ပါတယ်။

ပွဲစတာနဲ့ နှစ်သင်းစလုံး မြန်မြန်ဆန်ဆန် စတင်ခဲ့ကြပြီး နှစ်ဖက်ကစားသမားတွေဟာ ပွဲကြီးတစ်ပွဲရဲ့ ဖိအားတွေ ခံစားနေကြရပုံ ရပါတယ်။ ထင်မှတ် မထားတဲ့ အပေးအယူ လွဲချော်မှုတွေ နှစ်သင်းစလုံးမှာ မြင်တွေ့နေရပါတယ်။ ပွဲချိန် ၉ မိနစ်မှာ ချယ်ဆီးအသင်းအတွက် ပထမဆုံး အခွင့်အရေး စရခဲ့ပြီး အင်ဒရေ ရှိုရေး မတင်ပေးလိုက်တဲ့ ဘောလုံးဟာ ဖာဒီနန်နှင့် ထိပြီး အော်စကာရှေ့မှာ ကျသွားတဲ့အတွက် အော်စကာက မနားတမ်း ကန်သွင်းခဲ့တာ ဖြစ်ပါတယ်။ ဒီဂီအာ နေရာယူမှန်နေတဲ့အတွက် ဖမ်းယူနိုင်ခဲ့ပါတယ်။

၁၁ မိနစ်မှာတော့ မန်ယူနိုက်တက်အသင်းဟာ ဒေါင့်ကန်ဘော စတင် ရယူနိုင်ခဲ့ပြီး ဒေါင့်ကန်ဘောကနေ တစ်ဆင့် အပေးအယူလုပ်ပြီး ဖီးလ်ဂျုန်း မတင်ရာမှာ အက်ရှ်လေကိုးရဲ့ တံတောင်ဆစ်ကို ဘောလုံး မှန်ခဲ့ပေမယ့် ကွင်းလယ်ဒိုင် မာတင် အက်ဒင်ဆန်ကတော့ ပြစ်ဒါဏ်ဘောအဖြစ် သတ်မှတ် မပေးခဲ့ပါဘူး။ နှစ်ဖက်စလုံးမှာ တိုက်စစ်သန် ကစားသမားတွေ အများအပြား ထည့်သွင်း ခင်ကျင်းထားပေမယ့် ပွဲချိန် မိနစ် ၂၀ အထိတော့ ဂိုးပေါက်ကို ထိထိရောက်ရောက် မခြိမ်းခြောက်နိုင်ခဲ့ကြပဲ ကွင်းလယ်မှာသာ အချိန်ကုန်ဆုံးနေခဲ့ကြတာ ဖြစ်ပါတယ်။

၂၁ မိနစ်မှာ အော်စကာ အဝေးကန် ကန်သွင်းဖို့ ကြိုးစားခဲ့ပေမယ့် ဂိုပေါက်တည့်အောင်တော့ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ၂၂ မိနစ်မှာတော့ ဗန်ပါစီ တစ်ယောက် အခွင့်အရေး တစ်ကြိမ် ရခဲ့ပြီး ချယ်ဆီး နောက်ခံလူ ၂ ယောက်ကို လှည့်စားကာ ကန်သွင်းခဲ့ပေမယ့် တိုင်ဘေးက ကပ်ထွက်သွားခဲ့ပါတယ်။ အဲဒီလိုပဲ ၂၄ မိနစ်မှာ အီဗရာ မတင်ပေးတဲ့ဘောလုံးကို ဗန်စါစီ ခေါင်းတိုက်ပေမယ့် ဂိုးပေါက်တည့်အောင်တော့ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။

၂၈ မိနစ်မှာကလဲဗားလေး ဖန်တီးပေးမှုကနေ တစ်ဆင့် ဝိန်းရူနီ မြေလှိမ့်ဘော ကန်သွင်းခဲ့ပေမယ့် ပီတာဆက်အတွက် လွယ်လွယ်ကူကူပဲ ကာကွယ်လိုက်ရပါတယ်။ ၂၉ မိနစ်မှာ အော်စကာကို ဗလင်စီယာ ဖျုတ်ထုတ်တာဟာ ကြမ်းတမ်းးတဲ့ အနေအထား ဖြစ်ပါတယ်။ ဒါပေမယ့် ကွင်းလယ်ဒိုင်ကတော့ သာမန် ပြစ်ဒါဏ်ဘော အဖြစ်သာ သတ်မှတ်ပေးခဲ့ပြီး ဗလင်စီယာကို အဝါကဒ် ပြသခဲ့ခြင်း မရှိပါဘူး။ အဝါကဒ်၊ သို့မဟုတ် အနီကဒ် ပြသနိုင်တဲ့ ဖျက်ထုတ်မှုမျိုးဖြစ်ပေမယ့် ကွင်းလယ်ဒိုင်က သတိပေးတာလောက်ပဲ လုပ်ခဲ့ပါတယ်။

နောက်ပိုင်း အသင်းကြီးအချင်းချင်း တွေ့ဆုံမှုများမှာ မန်ယူနိုက်တက်အသင်းဟာ ဘောလုံးပိုင်ဆိုင်မှု အမြဲတမ်းလိုလို နိမ့်ကျခဲ့ပေမယ့် ဒီနေ့ ပွဲစဉ်မှာတော့ ယူနိုက်တက်အသင်းဟာ ၆၂ ရာခိုင်နှုန်းအထိ ရယူနိုင်ခဲ့ပြီး ချယ်ဆီး အသင်းကတော့ ၃၈ ရာခိုင်နှုန်းပဲ ဘောလုံးပိုင်ဆိုင်မှု ရှိနေခဲ့ပါတယ်။ ၃၂ မိနစ်မှာတော့ ရော်ဘင် ဗန်ပါစီနှင့် ဘောလုံးယှဉ်လုရာမှာ အဝင်ကြမ်းခဲ့တဲ့ ဒီဘရုန်းကို အဝါကဒ် ပြသ သတိပေးခဲ့ပါတယ်။ လူငယ်ကစားသမား တစ်ယောက်ဖြစ်တဲ့အတွက် ပြသခံရတဲ့ အနေအထားပဲ ဖြစ်ပါတယ်။

မိနစ် ၂၀ နောက်ပိုင်းမှာ မန်ယူနိုက်တက်အသင်းက ကစားကွက် အသာစီးနှင့် ဖိအားပေးတိုက်စစ်ဆင်နေခဲ့ပြီး ၃၇ မိနစ်မှာ ဖီးလ်ဂျုန်းရဲ့ ဖြတ်တင်ဘောကို ချယ်ဆီး နောက်ခံလူတွေ ရှင်းထုတ်ရာမှာ ကလဲဗားလေး ရှေ့ကို ကျရောက်လာပြီး ကလဲဗားလေး အဝေးကနေ အပြင်းကန်သွင်းခဲ့ပေမယ့် ဂိုးဘားပေါ် ကျော်လွန်သွားခဲ့ပါတယ်။ ၄၃ိနစ်မှာ ဒီဘရုန်း၊ ဟာဇတ်တို့ရဲ့ တွဲလုံးကနေ တစ်ဆင့် မန်ယူ ဧရိယာထိပ်နားကနေ အော်စကာ အနိမ့်ဘော ကန်သွင်းခဲ့ပေမယ့် ဂိုးသမား ဒီဂီအာဆီ တည့်တည့် ဖြစ်နေတဲ့အတွက် အခက်အခဲ မရှိ ဖမ်းယူနိုင်ခဲ့ပါတယ်။

ပထမပိုင်း ကစားပုံအရ ကွင်းလယ်ကစားသမား အများအပြား အသုံးပြုထားတဲ့ ချယ်ဆီး အသင်းအနေနှင့် မန်ယူအသင်းရဲ့ ကွင်းလယ်ကို စိုးမိုးထားနိုင်လိမ့်မယ်လို့ ပွဲမစခင်က ခန့်မှန်းထားပေမယ့် တကယ်တမ်း ကစားကြတဲ့အခါမှာတော့ မန်ယူနိုက်တက် ကွင်းလယ်က အသာစီး ရနေခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ ဂိုးပေါက် ခြိမ်းခြောက်မှု အပိုင်းမှာတော့ နှစ်ဖက်အသင်း တူညီတဲ့ အခွင့်အရေးတွေ ရှိခဲ့ပြီး အသည်းအသန် ကာကွယ်ရလောက်တဲ့ ဂိုးသွင်းမှုမျိုးတော့ တစ်ဖက်မှမလုပ်နိုင်ခဲ့ကြပါဘူး။ ချယ်ဆီး ကွင်းလယ်မှာ လမ်းပါတ်နှင့် ရာမီးရက်ဇ်တို့ ခြေစွမ်းပျောက်နေခဲ့ပြီး ရှိုရေး တစ်ယောက်ဟာလည်း ပွဲချိန် ၂၅ မိနစ်အတွင်းမှာ ဘောလုံး ထိတွေ့မှု ၇ ကြိမ်သာ ရှိခဲ့ပါတယ်။
ကွင်းလယ်ဒိုင် မာတင် အက်ကင်ဆန်ရဲ့ ဆုံးဖြတ်မှုတွေဟာ စောစောပိုင်း မိနစ်များများမှာ ချယ်ဆီး အသင်းဖက်ကို ဦးစားပေးခဲ့သလို ရှိနေပေမယ့် သတိပေး ကဒ်ပြား ပြသမှုမှာတော့ ချယ်ဆီးအသင်း နစ်နာခဲ့ပါတယ်။ ဗလင်စီယာရဲ့ ဖျုတ်ထုတ်မှုဟာ အနီကဒ် သို့မဟုတ် အဝါကဒ် တစ်ခုခု ပြသသင့်တဲ့ အနေအထား ဖြစ်ခဲ့ပြီး ဒီဘရုန်းရဲ့ အဝါကဒ်ဟာလည်း ပြင်းထန်တဲ့ အပြစ်ပေးမှု တစ်ခုလို့ မြင်မိပါတယ်။

ဒုတိယပိုင်းမှာ နှစ်ဖက်အသင်း လူစာရင်း အပြောင်းအလဲ မရှိ ပွဲထွက်လာပါတယ်။ နှစ်ဖက်အသင်းဟာ အရံလူ အင်အား တောင့်တင်းတဲ့ အသင်းတွေ ဖြစ်တာနဲ့ အညီ လူစားဝင် ကစားသမားတွေရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ယူတတ်တဲ့ အသင်း ၂ သင်း ဖြစ်ပါတယ်။ လူစားဝင် ကစာသမားများရဲ့ သွင်းဂိုးများပြားခဲ့တဲ့ ၂ သင်းဖြစ်ပြီး ပရီးမီးယားလိဂ် သမိုင်းမှာ လူစားဝင် ကစားသမားများအနေနှင့် မန်ယူနိုက်တက်အသင်းက ၁၃၁ ဂိုး၊ ချယ်ဆီး အသင်းက ၁၂၇ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ထူးခြားမှု တစ်ခုက ၂၀၁၃ ခုနှစ်အတွင်းမှာ ယူနိုက်တက်ရဲ့ လူစားဝင် ကစားသမားတွေ ဂိုးသွင်းယူနိုင်ခြင်း မရှိသေးပါဘူး။

၅၄ မိနစ်မှာ ဝဲလ်ဘတ် အဝေးကနေ ကန်သွင်းဖို့ ကြိုးစားခဲ့ပေမယ့် ဂိုးပေါက်နဲ့တော့ မနီးစပ်ခဲ့ပါဘူး။ အဲဒီလိုပဲ ၅၅ မိနစ်မှာ ဝိန်းရူနီရ့ ဖန်တီးပေးမှုကနေ တစ်ဆင့် ဝဲလ်ဘတ်တစ်ယောက် အပိုင်အခွင့်အရေး တစ်လုံး ရခဲ့ပေမယ့် ဂိုးပေါက် လွဲချော်ခဲ့ပြန်ပါတယ်။ အခွင့်အရေးတစ်ခု ဖြုန်းတီးခဲ့တာပါ။

၅၈ မိနစ်မှာတော့ မန်ယူ နောက်တန်းက ဖျက်ထုတ်လိုက်တဲ့ ဘောလုံးဟာ ကာဟေးလ်ဆီကို ရောက်သွားခဲ့ပြီး ကာဟေးလ် အဝေးကနေ ကန်သွင်းရာမှာ ကန်ချက်က သိပ်ကောင်းခဲ့ပါတယ်။ ဒါပေမယ့် ဒီဂီအာ နေရာယူမှန်နေတဲ့အတွက် ဖမ်းယူလိုက်နိုင်ပါတယ်။ ဆက်တိုက်ပဲ ကောင်တာ တိုက်စစ် ပေါက်ထွက်လာတဲ့ ရှိုရေး ကန်သွင်းရာမှာ ဂိုးဘားတန်းကို ထိပြီး ထွက်လာခဲ့ပေမယ့် စည်းကျပ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်အရ လူကျွံဘော တစ်ခု ဖြစ်နေခဲ့ပါတယ်။ ဒီနောက်မှာတော့ ညံ့ဖျင်းနေတဲ့ ကွင်းလယ် စွမ်းဆောင်မှုကို ပြင်ဆင်ဖို့ မော်ရင်ဟိုဟာ ဒီဘရုန်းကို ထုတ်ပြီး တိုက်စစ်မှူး ဖာနန်ဒို တောရက်စ်ကို လူစားဝင် ကစားစေခဲ့ပါတယ်။

၆၁ မိနစ်မှာတော့ နောက်ထပ် အငြင်းပွားဖွယ် ဆုံးဖြတ်ချက် တစ်ခု ဖြစ်ခဲ့ပါတယ်။ ဗလင်စီယာ၊ ဗန်ပါစီတို့ တွဲလုံးကနေ ထိုးဖောက်လာရင်း ကလဲဗားလေး အဝေးက အပြင်းကန်သွင်းရာမှာ ဖရန့်ခ် လမ်းပါတ်ရဲ့ လက်ကို ထိသလို ဖြစ်ခဲ့ပေမယ့် ကွင်းလယ်ဒိုင်ကတော့ ပယ်နယ်တီ ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။ ဒီဘောလုံးဟာ ပယ်နယ်တီ ပေးရမယ့် အနေအထား ဖြစ်ပါတယ်။ လမ်းပါတ်ဟာ လက်ကို ရှေ့လှည့်ထားတဲ့ အနေအထားနဲ့ တားဆီးခဲ့တာ ဖြစ်တဲ့အတါက် ပယ်နယ်တီ ပြစ်ဒါဏ် သတ်မှတ်သင့်နဲ့ အနေအထား တစ်ခု ဖြစ်ပါတယ်။

၆၅ မိနစ်မှာ ဗီဒစ် အဝေးကနေ မတင်ပေးလိုက်တဲ့ ဘောလုံးကို ရူနီ အဝေးကနေ ကန်သွင်းပေမယ့် ပီတာဆက်ခ်ျ ကာကွယ်နိုင်ခဲ့ပါတယ်။ ၆၆ မိနစ်မှာတော့ ဗလင်စီယာကို ထုတ်ပြီး အက်ရှ်လေယန်း ဝင်ရောက်လာပါတယ်။ ဗလင်စီယာဟာ ဒီနေ့ ပွဲစဉ်မှာ တစ်ပွဲလုံး ပြေးလွှား ဆော့နေပြီး ခြေစွမ်းပြနေတဲ့ ကစားသမား ဖြစ်ပါတယ်။

၇၁ မိနစ်မှာတော့ ဖီးလ်ဂျုန်းနှင့် အက်ရှ်လေကိုးလ်တို့ မန်ယူ ဧရိယာအတွင်းမှာ ငြိပြီး အက်ရှ်လေကိုးလ် လဲကျသွားခဲ့ပါတယ်။ ပယ်နယ်တီ ပေးဖို့ တောင်းဆိုခဲ့ပေမယ့် ကွင်းလယ်ဒိုင်ကတော့ ပယ်နယ်တီ မပေးခဲ့ပါဘူး။ တိုက်ရိုက် ပြချက်မှာ ပယ်နယ်တီ ပေးသင့်တဲ့ အနေအထား တစ်ခုလို့ ထင်လိုက်ရပေမယ့် အနှေးပြန်ပြကွက်မှာတာ့ ဖီးလ်ဂျုန်းနှင့် အက်ရှ်လေကိုးလ် ထိတွေ့မှု သိပ်မရှိခဲ့ပါဘူး။ ၇၂ မိနစ်မှာ အက်ရှ်လေယန်းရဲ့ ဖြတ်တင်ဘောကို ပီတာဆက်ခ်ျ ပုတ်ထုတ် ကာကွယ်လိုက်ရပါတယ်။

၇၄ မိနစ်မှာ ချယ်ဆီး အသင်းက ဒေါင့်ကန်ဘော ရခဲ့ပါတယ်။ ချယ်ဆီး အသင်းအတွက် ပထမဆုံး ရရှိခဲ့တဲ့ ဒေါင့်ကန်ဘော ဖြစ်ပါတယ်။ မိနစ် ၆၀ နောက်ပိုင်းမှာ ချယ်ဆီး အသင်းက ကစားကွက်တက်လာပြီး မန်ယူ ကွင်းလယ်ကို ပြန်လည် ယှဉ်ပြိုင်နိုင်ခဲ့ပါတယ်။ တိုက်စစ်ကိုလည်း အတော်အတန် လိုက်ပါနိုင်ခဲ့ပြီး ကူညီနိုင်ခဲ့ပါတယ်။ ၇၆ မိနစ်မှာ အိုင်ဗန်နိုဗစ်ရဲ့ ဖြတ်တင်ဘောကို တောရက်စ် ခေါင်းတိုက် သွင်းပေမယ့် ဂိုးပေါက်နဲ့တော့ မနီးစပ်ခဲ့ပါဘူး။

၇၇ မိနစ်မှာ ဝဲလ်ဘတ် ချပေးတဲ့ ဘောလုံးကို ဝိန်းရူနီ အဝေးကနေ အပြင်းကန်သွင်းခဲ့ပါတယ်။ ကန်ချက်က အင်မတန်ကောင်းခဲ့ပြီး ဂိုးတိုင်နားအထိ ကပ်သွားခဲ့ပေမယ့် ပီတာဆက်ခ်ျ အကောင်းဆုံး ပုတ်ထုတ် ကာကွယ်လိုက်နိုင်ခဲ့ပါတယ်။ ဒီနောက်မျာတော့ ဝဲလ်ဘတ်အစား ရိုင်ယန်ဂစ် လူစားဝင်လာပါတယ်။ ရိုင်ယန်ဂစ်ဟာ ချယ်ဆီးအသင်းကို အကြိမ် ၃၀ ရင်ဆိုင်ခဲ့ဖူးပြီး ၁၀ ပွဲနိုင်၊ ၁၀ ပွဲသရေ၊ ၁၀ ပွဲရှုံးနိမ့်ခဲ့ဖူးတဲ့ မှတ်တမ်းရှိခဲ့ပါတယ်။

၈၆ မိနစ်မှာ အင်ဒရ ရှိုရေးအစား မီခေးလ် လူစားဝင်လာပါတယ်။ ၈၇ မိနစ်မှာ မန်ယူနိုက်တက်က ထိုးဖောက် တိုက်စစ်ဆင်လာပြီး ဗန်ပါစီ အနီးကပ် ပိတ်သွင်းရာမှာ မီခေးလ်ရဲ့ တံတောင်ဆစ်ကို မှန်ပြီး ပြန်ထွက်လာခဲ့တာကို အီဗရာ ထပ်မံ ပိတ်သွင်းပေမယ့် ဂိုးပေါက် မတည့်ခဲ့ပါဘူး။ မီခေးလ် လက်ကို ထိမှန်တဲ့ဘောလုံးကို ဗန်ပါစီ ပယ်နယ်တီ တောင်းခဲ့ပေမယ့် အနေအထားက ပယ်နယ်တီ ပေးသင့်တဲ့ အနေအထား မဟုတ်ခဲ့ပါဘူး။ ဒီနောက်ပိုင်းမှာ မန်ယူအသင်းက ဂိုးပေါက် ခြိမ်းခြောက်မှု အချို့ ရှိခဲ့ပေမယ့် ဂိုးအဖြစ်တော့ မပြောင်းလဲနိုင်တော့ပဲ ဂိုးမရှိ သရေ ရလာဒ်နဲ့ပဲ ပွဲစဉ် အဆုံးသတ်သွားခဲ့ပါတယ်။

ဒီနေ့ပွဲဟာ အသင်းကြီး နှစ်သင်း ကစားခဲ့ကြတဲ့ ပွဲ ဖြစ်ပေမယ့် ထင်သလောက် တိုက်စစ်ပိုင်းမှာ မြိုင်မြိုင်ဆိုင်ဆိုင် မရှိခဲ့ပဲ ကွင်းလယ်မှာပဲ ဘောလုံးက အချိန်များနေခဲ့ပါတယ်။ မန်ယူနိုက်တက်အသင်းက ဘောလုံးပိုင်ဆိုင်မှု အသာရခဲ့တယ်ဆိုပေမယ့် ဂိုးပေါက် ခြိမ်းခြောက်မှု အပိုင်းမှာတော့ သိသိသာသာ အသာစီး မရခဲ့ပါဘူး။ ဝိန်းရူနီရဲ့ ကန်သွင်းချက် တစ်ခုကို ပီတာဆက်ခ်ျ ကာကွယ်လိုက်ရတာကလွဲလို့ နှစ်ဖက် ဂိုးသမား အသည်းအသန် ကာကွယ်လိုက်ရတဲ့ ဘောလုံး မရှိသလောက်ပါပဲ။ ဒီနေ့ ပွဲမှာ ဝိန်းရူနီ တစ်ယောက် ခြေစွမ်းပြ ကစားနိုင်ခဲ့ပါတယ်။ ချယ်ဆီး အသင်းအနေနှင့်လည်း အိုးထရက်ဖို့ဒ်မှာ ရှုံးပွဲမတွေ့ဖို့ အရေးကို ဦးစားပေးခဲ့ပုံ ရပြီး နောက်တန်းကို အခိုင်အမာထား ကစားသွားခဲ့ပါတယ်။ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်များဟာ အငြင်းပွားဖွယ် အချို့ ရှိနေခဲ့ပြီး ဗလင်စီယာကို အဝါ၊ အနီ မပြသခဲ့မှု၊ လမ်းပါတ် လက်ထိဘောကို ပယ်နယ်တီ မပေးခဲ့မှုတွေဟာ အငြင်းပွားဖွယ် ဆုံးဖြတ်ချက်တွေ ဖြစ်ခဲ့ပါတယ်။ မန်ယူ ဧရိယာအတွင်းထဲမှာ ဟန်ဆောင်လှဲချခဲ့တဲ့ အက်ရှ်လေကိုးလ်ဟာလည်း အဝါကဒ် ပြသခံခဲ့ရသင့်တဲ့အနေအထား တစ်ခု ဖြစ်ပါတယ်။

တိုက်စစ်ကို ဖိဖိစီးစီး မကစားနိုင်ခဲ့ကြတဲ့အတွက် ဒီနေ့ သရေ ရလာဒ်ဟာ နှစ်သင်းစလုံးအတွက် ထိုက်တန်တဲ့ ရလာဒ်တစ်ခုပဲ ဖြစ်ပါတယ်။ သရေကျခဲ့တဲ့အတွက် ချယ်ဆီး အသင်းဟာ ၃ ပွဲ ကစား ၂ ပွဲနိုင် ၁ ပွဲသရေ ရလာဒ်ဖြင့် ဇယားထိပ်မှာ ဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။


Ref ; http://www.football-cafe.com/

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...