Tuesday, August 27, 2013

ပန်းကလေးများပွင့်ပါစေ





''ပန်းကလေးများ ပွင့်ပါစေ၊ ပွင့်သောပန်းများ မွှေးပါစေ၊ မွှေးသောပန်းတိုင်း လန်းပါစေ၊ ရေငတ်ပန်းတို့ လန်းရာမြေ၊ ဥယျာဉ်မှူးတို့ ပြုံးပန်းဝေ''နေ့တစ်နေ့၏အစ နိုးထခြင်းသည်နေရောင်ခြည်ဖြာမှ တရား ဓမ္မသံများကြားမှ ငှက်ကလေးတွေ တေးဆိုနေမှ၊ ပန်းကလေးတွေ ပွင့်နေမှ သဘာဝအလှ ပြည့်စုံသည်ဟု မှတ်သားဖူးပါသည်။


ဥယျာဉ်ကြီး တစ်ခုလုံး လှဖို့အတွက်ဆို လေကောင်းလေသန့် ရရှိပြီး ရနံ့သင်းကာ အဆင်းမျိုးစုံ ရှိနေကြသည့် ဖူးသည့်ပန်း၊ ငုံသည့်ပန်း၊ ပွင့်သည့်ပန်း တို့ရှိမှ ဥယျာဉ်အင်္ဂါနှင့် ပြည့်စုံကာ အလှတရား ပြည့်စုံမည်ဖြစ်သည်။ ဤအကြောင်းများကြောင့် ကျွန်တော့် ဆောင်းပါး၏ အမည်ကို ''ပန်းကလေးများ ပွင့်ပါစေ''ဟု အမည်နာမ ပေးရခြင်းဖြစ်သည်။ပန်းကလေးများ ပွင့်ပါစေ ဆိုသည်မှာ လောကကို အလှဆင်နိုင်မည့် ရနံ့ဖြာသင်းသော ပန်းအလှကလေးများ အစဉ်ပွင့်လန်း စေရန် ရည်ရွယ်သည့် ဆန္ဒဖြစ်သည်။ ကဗျာမဆန်ပေမယ့် အဓိပ္ပာယ် ပြည့်ဝမည်ဟု ထင်မိပါသည်။ ဤဆောင်း ပါးရေး ဖြစ်ရသည့် အကြောင်းရင်းမှာ ကျောင်းပြင်ပ မူလတန်း ပညာရေးအလှူရှင် ဂုဏ်ပြုပွဲ အခမ်းအနားကို ၂ဝ၁၃ ခုနှစ် မေ ၂၈ ရက် နံနက် ၉ နာရီက ရန်ကုန်မြို့ရှိ ရန်ကုန် တက္ကသိုလ် စိန်ရတုခန်းမ၌ ကျင်းပရာသို့ ရောက်ရှိခဲ့ခြင်းသည် အဓိက အကြောင်းရင်းပင် ဖြစ်သည်။

ပညာရေးဝန်ကြီး ဌာနသည် ကျောင်းနေအရွယ် ကလေးများ အားလုံး ကျောင်းနေရေး အစီအစဉ်ကို နှစ်စဉ် ဆောင်ရွက်ခဲ့သည့် အတွက် အသက်ငါးနှစ်ပြည့် ကလေး အများစု ကျောင်းတက် လာကြသည်။သို့သော် အကြောင်း အမျိုးမျိုးကြောင့် ကျောင်းမတက်နိုင်သည့် ကလေးများလည်း ရှိနေကြပေဦးမည်။ ဒီထက် ဆိုးရွားသည်မှာ ကျောင်းတက်ကြသည့် ကလေးအားလုံး မူလတန်း ပညာ ပြီးဆုံးအောင် မတက်ရောက် နိုင်ကြဘဲ တစ်ဝက်တစ်ပြက်ဖြင့် ကျောင်းထွက် သွားရသည်လည်း များစွာ ရှိနေကြသည်။

သို့အတွက် အကြောင်း အမျိုးမျိုးကြောင့် ကျောင်းလုံးဝ မနေခဲ့ရဖူးသေးသူ၊ ကျောင်းနေ ခဲ့သော်လည်း မူလတန်းပညာ မပြီးဆုံးမီ ကျောင်းစောစော ထွက်ခဲ့ရသူ၊ အသက်၁ဝ နှစ်မှ ၁၄ နှစ် သက်ငယ် အုပ်စုကလေး များကို ဒုတိယအကြိမ် ပညာရေး အခွင့်အလမ်း ထပ်မံဖြည့်ဆည်းပေးရန်နှင့် အဆိုပါ ကလေးများအား အခြေခံပညာ အလယ်တန်း အဆင့်သို့ ဆက်လက် သင်ယူခွင့် ရရှိစေရန် ရည်ရွယ်ကာ ၁၉၉၈ ခုနှစ်တွင် ကျောင်းပြင်ပ မူလတန်း ပညာရေးကို MOE/ UNESCO/ UNDP Project အဖြစ် အစပျိုးခဲ့ပြီး DBE-1 တွင် ၂ဝဝ၂-၂ဝဝ၃ မှ ၂ဝဝ၇-၂ဝဝ၈ အထိ မြို့နယ် ၅၉ မြို့နယ်၌ ဆက်လက် ဆောင်ရွက်ခဲ့သည်။ ၂ဝဝ၈-၂ဝဝ၉ ခုနှစ်တွင် MOE/ UNICEF Project အဖြစ် မြို့နယ် ငါးမြို့နယ်၊ ၂ဝဝ၉-၂ဝ၁ဝ ပြည့်နှစ်တွင် ခုနစ်မြို့နယ်၊ ၂ဝ၁ဝ- ၂ဝ၁၁ ခုနှစ်တွင် ရှစ်မြို့နယ်၊ ၂ဝ၁၁-၂ဝ၁၂ ခုနှစ်တွင်အလှူရှင် ၁၅ မြို့နယ်နှင့် နေပြည်တော်ကောင်စီ နယ်မြေ အလှူရှင် ရှစ်မြို့နယ်၊ ၂ဝ၁၂-၂ဝ၁၃ ခုနှစ်တွင် အလှူရှင် မြို့နယ် ၂ဝ တိုးချဲ့ ဆောင်ရွက်ခဲ့ကြသည်။

၂ဝ၁၃ ခုနှစ် ဧပြီ ၂၆ ရက်နေ့တွင် ကျင်းပခဲ့သည Quality Basic Education Programme, Annual Review Meeting ၌ ယူနီဆက် အဖွဲ့ရဲ့တင်ပြချက်အရ ကျောင်းပြင်ပ မူလတန်းပညာရေး စီမံချက်သည် အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံများတွင် အကောင်းဆုံး စီမံချက် ဖြစ်ကြောင်း သိရသည်။

ကျောင်းပြင်ပ မူလတန်း ပညာရေး အစီအစဉ်သည် ကျောင်းချိန်အတွင်း အချိန်ပြည့် ကျောင်းတက်ရန် ခက်ခဲသည့် ကလေးများအား ၎င်းတို့ လာနိုင်မည့် အချိန် လာနိုင်မည့် နေရာတွင်စုစည်းပြီး သင်ကြားပေးသည့် အစီအစဉ် ဖြစ်သည်။ ကျောင်းပြင်ပ မူလတန်း ပညာရေး ကလေးများ၏ အသက် သတ်မှတ်ချက်မှာ ၁ဝ နှစ်မှ ၁၄ နှစ်ဖြစ်ပြီး ၎င်းတို့နှင့် ကိုက်ညီဆီလျော်မည့် သင်ရိုး စာအုပ်များကို ပြုစုထားသည့် အတွက် နှစ်နှစ် အတောအတွင်း အခြေခံပညာမူလတန်းနှင့် ကျွမ်းကျင်မှု အဆင့်ချင်း တူညီသည့် သင်ရိုးကို ပြီးမြောက် အောင်မြင်ကြမည် ဖြစ်သည်။

''ကျောင်းပြင်ပ မူလတန်း ပညာရေးဆိုတဲ့ ဝေါဟာရသည် ၁၉၉၈-၁၉၉၉ ပညာသင်နှစ်မှာ စတင် ပေါ်ပေါက်လာကြောင်း၊ ၂ဝဝ၈-၂ဝဝ၉ ပညာသင်နှစ်မှာ ပညာရေး ဝန်ကြီးဌာနနှင့် ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေ အဖွဲ့တို့ ပူးပေါင်းပြီး မြို့နယ် ငါးမြို့နယ်မှာ စတင် အကောင်အထည်ဖော် ဆောင်ရွက် ခဲ့ကြောင်း၊ ယခုလို ပညာရေး လမ်းစပျောက်နေတဲ့ ကလေးများကို ပညာရေး လမ်းပေါ် ပြန်ရောက်အောင် ကူညီပံ့ပိုးပါဝင် လှူဒါန်းပေးတဲ့ ပညာရေး စေတနာရှင်၊ အလှူရှင်များရဲ့စေတနာကို အထူးလေးစား ဂုဏ်ပြုပါကြောင်း၊ ကျောင်းတံခါးများကို ဖွင့်ပေးခြင်းသည် အကျဉ်းထောင် တံခါးများကို ပိတ်ပေးခြင်း ဖြစ်သည်ဆိုသည့် စကားနှင့်အညီ ကျောင်းပြင်ပ မူလတန်း ပညာရေး အခြေစိုက် စခန်းများ ဖွင့်ပေးသည့် အတွက်ကလေး များရဲ့ လူမှုဘဝမှာ အပြစ် ကင်းစင်အောင် ဘဝကို သိက္ခာရှိရှိ ယုံကြည်မှု အပြည့်နဲ့ တင့်တင့်တယ်တယ် ရင်ဆိုင် ရပ်တည်နိုင်အောင် တစ်ဖက်တစ်လမ်းက ဆောင်ရွက်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ပါကြောင်း'' ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်က အဖွင့် အမှာစကား ပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။

''အခက်အခဲ အမျိုးမျိုးကြောင့် ကျောင်းမတက်နိုင်သည့် ကလေးများအား အနည်းဆုံး မူလတန်းပညာ ပြီးမြောက်အောင် ဆောင်ရွက်ပေး သည့် ကောက်သင်းကောက် ပညာရေး အစီအစဉ်ဖြစ်ကြောင်း၊ အဓိက အရေးကြီးသည့် အချက်မှာ သင်တန်းသား ကလေးတွေ သင်တန်း မှန်မှန်တက်ဖို့ သင်တန်းက ထွက်မသွားဖို့ အတွက် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ အကူအညီကို ရယူပြီး ကလေးတွေ မှန်မှန် တက်ရောက်အောင် စုပေါင်း ကြိုးစားကြရမှာပဲဖြစ်ကြောင်း၊ တစ်ဦးကောင်း တစ်ယောက်ကောင်းနှင့် မစွမ်းဆောင်နိုင်သည့် အတွက် အားလုံး တက်ညီလက်ညီဖြင့် ပြိုင်တူတွန်းဖို့ လိုအပ်ကြောင်း'' ပညာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအေးကြူကဆိုသည်။

ကျောင်းပညာရေး (Formal Education-FE) ၊ ကျောင်းပြင်ပ ပညာရေး (Non-Formal Education-NFE) နှင့်ကိုယ်တိုင်သတ်မှတ် သင်ယူ ပညာရေး (Informal Education-IFE) တို့သည် ပညာ ရယူနိုင်သည့် နည်းသုံးသွယ် ဖြစ်သည်။

မြန်မာနိုင်ငံတွင် လူတိုင်းအတွက် ပညာရေး (Education For All-EFA) ကို အခြေခံ ပညာ နှစ်ရှည်စီမံကိန်း ဘောင်အတွင်း ချိတ်ဆက် ဆောင်ရွက်လျက် ရှိရာ မြန်မာနိုင်ငံ လူတိုင်းအတွက် ပညာရေး''နိုင်ငံ အဆင့် စီမံချက်'' National Action Plan ၏ ရည်မှန်းချက်တွင် ကျောင်းပြင်ပ မူလတန်း ပညာရေး Non-Formal Primary Education (NFPE) ကို အရေးပါသည့် လုပ်ငန်းအဖြစ် သတ်မှတ်ထားသည်။

ကျောင်းပြင်ပ မူလတန်း ပညာရေး လုပ်ငန်းစဉ် ပထမအဆင့်သည် မူလတန်း အောက်ဆင့်နှင့် ညီပြီး ဒုတိယ အဆင့်သည် မူလတန်းအထက် အဆင့်နှင့်ညီသည်။ သင်ကြားမှုများ အနေဖြင့် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ အထွေထွေဘာသာ၊ ဝင်ငွေတိုး လုပ်ငန်း၊ ရပ်ရွာဒေသ လူမှုရေး လုပ်ငန်းတို့ဖြစ်သည်။ အထွေထွေ ဘာသာရပ်တွင် အခြေခံသိပ္ပံ၊ ပထဝီဝင်၊ သမိုင်း၊ ဘဝတွက်တာ ကျွမ်းကျင်စရာ၊ စာရိတ္တနှင့် ပြည်သူ့နီတိ၊ ပြည်ထောင်စု စိတ်ဓာတ်၊ ကာယပညာနှင့် အားကစားတို့ ပါသည်။ အခြေခံပညာ မူလတန်း အဆင့် သင်ယူမှု ပြီးဆုံးသော အခါတွင်ကား အလယ်တန်း အဆင့်သို့ တက်ရောက် သင်ယူနိုင်ကြပေမည်။ စွမ်းဆောင်နိုင်ရည်များအဖြစ် အသိပညာ (Knowledge) ၊ ကျွမ်းကျင်မှုများ (Skills) ၊ သဘောထား (Attitude) တို့ကို ရရှိမည် ဖြစ်သည်။ ၂ဝ၁၁ ခုနှစ် ဇွန်လတွင် လှည်းကူးနှင့် ပဲခူးမြို့နယ်တို့၌ ကျောင်းပြင်ပ မူလတန်း ပညာရေး လုပ်ငန်း တက်မြောက်မှု ဆန်းစစ်လေ့လာ

ရာ ရန်ကုန် ပညာရေး တက္ကသိုလ် ပညာရေး စိတ်ပညာဌာန ပါမောက္ခ ဌာနမှူး ဒေါက်တာ အေးအေးမြင့်နှင့် အဖွဲ့က ကျောင်းပြင်ပ မူလတန်း ပညာရေးနှင့် ကျောင်းပညာရေးတို့မှ ကလေးများ၏ စွမ်းဆောင်ရည်မှာ ထူးခြား ကွဲပြားမှု မရှိဘဲ တူညီကြောင်း မှတ်ချက် ပြုထားသည်။

ဒေသဆိုင်ရာ အုပ်ချုပ်ရေးအ ဖွဲ့အစည်းများ၊ လူမှုရေး အဖွဲ့အစည်းများ၊ ပညာရေး စေတနာရှင်များ၊ ဆရာ၊ ဆရာမများက အလှူငွေ ပေးအပ် လှူဒါန်းခြင်း၊စာအုပ်နှင့်စာရေးကိရိယာများ ထောက်ပံ့ခြင်း၊အာဟာရ ကျွေးမွေးခြင်း၊အခြား လိုအပ်ချက်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခြင်း၊စောင့်ရှောက် ကူ ညီပေးခြင်း၊ ကုလ သမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ U (UNICEF) က သင်ရိုးစာအုပ်နှင့် စာရေးကိရိယာများ၊ သင်ထောက်ကူ ပစ္စည်းများ၊ Students Kits, Teachers Kits သင်တန်းစရိတ်နှင့် ချီးမြှင့်ငွေများ ထောက်ပံ့ကြကြောင်း သိရ၍လည်း ထိုလူပုဂ္ဂိုလ အဖွဲ့အစည်းနှင့် တာဝန် ရှိသူတို့၏ ဆောင်ရွက်ချက် တို့ကို အမှန်ပင် မုဒိတာပွားမိပါသည်။

၂ဝ၁၂-၂ဝ၁၃ ပညာသင်နှစ် အတွက် ကျောင်းအပ်နှံရေး သီတင်းပတ် ကာလအတွင်း မြို့နယ် အလိုက် ကျောင်းအပ်နှံရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ တစ်နိုင်ငံလုံး အတိုင်းအတာအရ အသက်ငါးနှစ် ပြည့်ပြီး ကလေးဦးရေ ၁၁၈၂၈၇ဝ ဦးအနက် သူငယ်တန်းသို့ ၁၁၆၅၇ဝ၂ ဦး တက်ရောက်လာကြသဖြင့် တစ်နိုင်ငံလုံး သူငယ်တန်း အသားတင်ကျောင်းဝင်နှုန်းမှာ ၉၈ ဒသမ ၅၅ ရာခိုင်နှုန်း အထိ တိုးတက် လာခဲ့သည်။ ၂ဝ၁၃-၂ဝ၁၄ ပညာသင်နှစ်တွင်အသားတင် ကျောင်းဝင်နှုန်း ရာနှုန်းပြည့် နီးပါး ဖြစ်အောင် တာဝန်ရှိသူတို့အနေဖြင့် ဆက်လက်ကြိုးပမ်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

နိုင်ငံတော် သမ္မတကြီးက အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီ နိုင်ငံတော်ကြီးသို့ သိမ်မွေ့ ညင်သာစွာ အသွင်ကူးပြောင်း ပေးနိုင်စေဖို့ ဆိုရာမှာ နိုင်ငံတော် တည်ငြိမ် အေးချမ်းသာယာမှု၊ အမျိုးသား စီးပွားရေး တောင့်တင်းခိုင်မာမှု၊ အမျိုးသား ပညာရည် မြင့်မားမှု စတဲ့ အခြေခံကောင်းတွေ ဖြစ်ထွန်း နေစေဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ အသိ ဉာဏ်ပညာ ရင့်သန်ပြီး အတွေ့အကြုံ၊ ဗဟုသုတနဲ့ ပြည့်စုံတဲ့ အသိအမြင် ကြွယ်ဝတဲ့ နိုင်ငံတော်ဖြစ်ဖို့ Educated Nation ဖြစ်ဖို့ အဓိက လိုအပ်တယ်လို့ လမ်းညွှန် မိန့်ကြားခဲ့သည်။

နိုင်ငံတော် သမ္မတကြီး၏ လမ်းညွှန်ချက်များနှင့် အညီ အမျိုးသား ပညာရည် မြင့်မားရေး စီမံကိန်းများကို ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိရာ နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေးကို ထိထိရောက်ရောက် မြှင့်တင် ပေးနိုင်မည့် ခေတ်မီသိပ္ပံနှင့် နည်းပညာရပ် များကို ဘက်စုံကဏ္ဍစုံ တွင် ဖြစ်ထွန်း စေရေးနှင့် အရည်အသွေး မြင့်မားသည့် အသိပညာရှင်၊ အတတ်ပညာရှင်များ ပညာရပ် နယ်ပယ်စုံ

တွင် ပေါ်ထွန်း လာစေရန် ပြုစုပျိုးထောင် မွေးထုတ် ပေးနိုင်ရေး လုပ်ငန်းများကို သာမက နိုင်ငံသားတိုင်း စာတတ်မြောက်ရေးကိုပါ အဓိကကျတဲ့ အခန်းကဏ္ဍ တစ်ရပ်အဖြစ် ထည့်သွင်းကြိုးပမ်း ဆောင်ရွက်လျက် ရှိကြပါသည်။

ဆရာ၊ ဆရာမများ၏ သွန်သင်ညွှန်ပြ ဆိုဆုံးမကာ ပညာ သင်ပေးမှုသည် နိုင်ငံတော်၏ လုံခြုံရေး အတွက်ပါ အထောက်အကူပြုသော အစီအစဉ်ဖြစ်၍ ကလေးများ ပညာ တတ်မြောက်ခြင်းသည် နိုင်ငံတော်မှ ဆောင်ရွက်နေသည့် ဆင်းရဲမှု လျှော့ချရေး အစီအစဉ်ကို ရေရှည် စီမံကိန်းအနေနှင့် အထောက်အကူပြု ပေးနိုင်မည် ဖြစ်သည်။ သို့အတွက် ကျောင်းပြင်ပ မူလတန်း ပညာရေး ကလေးများအားလုံး ကျောင်းနေပျော်၍ စာတော်ကြမှသာ လူတော်လူကောင်းလေးများ ဖြစ်ပြီး မိမိတို့၏ လောကကို အလှဆင်နိုင်ကြမည် ဖြစ်သည့်အတွက် ဥယျာဉ်မှူးတို့ လက်တွင်းမှ ပန်းကလေးများအား ''ပန်းကလေးများပွင့်ပါစေ၊ ပွင့်သောပန်းများ မွှေးပါစေ၊ မွှေးသောပန်းတိုင်း လန်းပါစေ၊ ရေငတ်ပန်းတို့ လန်းရာမြေ၊ ဥယျာဉ်မှူးတို့ ပြုံးပန်းဝေ''ဟု ဆုတောင်းရင်း....။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...