Tuesday, August 27, 2013

နိုင်ငံသားမဟုတ်သူများအား နိုင်ငံရေးပါတီ တည်ထောင်ခွင့်ကို ပြင်ဆင်သည့် ဥပဒေကြမ်းကို လက်ခံဆွေးနွေးရန် မဲခွဲဆုံးဖြတ်ရာတွင် အာဏာရပြည်ခိုင်ဖြိုး လွှတ်တော်ကိုယ်စားလှယ် အများစု မထောက်ခံသော်လည်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အားလုံး ထောက်ခံ၍ လွှတ်တော်၌ဆွေးနွေးမည်

8.1.1
သြဂုတ် ၂၆ ရက်က ကျင်းပသော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် နိုင်ငံသား မဟုတ်သူများအား နိုင်ငံရေးပါတီ တည်ထောင်ခွင့်ကို ပြင်ဆင်သည့် ဥပဒေကြမ်းကို လက်ခံဆွေးနွေးရန် မဲခွဲဆုံးဖြတ်ရာတွင် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များနှင့် ကျန်လွှတ်တော် ကိုယ်စားလှယ် အချို့က ထောက်ခံကြောင်း မတ်တတ်ရပ် ဆန္ဒပြုကြစဉ်

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပါ နိုင်ငံသား သတ်မှတ်ချက်ကို ပြင်ဆင်သည့် ဥပဒေကြမ်းအား အမျိုးသား လွှတ်တော်၌ လက်ခံဆွေးနွေးရန် သြဂုတ် ၂၆ ရက်က ကျင်းပသော လွှတ်တော် အစည်းအဝေး၌ မဲခွဲဆုံးဖြတ်ရာတွင် အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လွှတ်တော် ကိုယ်စားလှယ် အများစု ထောက်ခံခြင်း မပြုဘဲ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် အားလုံးက ထောက်ခံခဲ့ပြီး ထောက်ခံမဲ ၁၀၇ မဲ ရရှိကာ သတ်မှတ်ချက်ထက် ကျော်လွန်သဖြင့် ဥပဒေကြမ်းအား လက်ခံဆွေးနွေးရန် လွှတ်တော်၌ ဆုံးဖြတ်ခဲ့သည်။
သြဂုတ် ၂၃ ရက်က ကျင်းပသည့် အမျိုးသား လွှတ်တော်၌ ယင်းဥပဒေကြမ်းအား ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၁) မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က တင်သွင်းခဲ့ပြီး ကိုယ်စားလှယ် တစ်ဦးမှ ထောက်ခံခဲ့သဖြင့် လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်အနေဖြင့် လက်ခံဆွေးနွေးရန် သင့်မသင့် သဘောထား တောင်းခံရာတွင် အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မကွေးတိုင်း ဒေသကြီး မဲဆန္ဒနယ် (၁၂) မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ကန့်ကွက်သဖြင့် မဲခွဲဆုံးဖြတ်ရန် လွှတ်တော်ဥက္ကဋ္ဌက ဆုံးဖြတ်ခဲ့သည်။
သို့ရာတွင် လွှတ်တော်၌ ကိုယ်စားလှယ် မစုံလင်သည့်အတွက် မဲခွဲမည့်ရက်အား ရွှေ့ဆိုင်းခဲ့ပြီး သြဂုတ် ၂၆ ရက်၌ ပြုလုပ်သော အမျိုးသား လွှတ်တော် အစည်းအဝေးတွင် မဲခွဲခြင်း အစီအစဉ်အား မတ်တတ်ရပ် အစီအစဉ်ဖြင့် ပြုလုပ်ခဲ့ရာ တပ်မတော်သား ကိုယ်စားလှယ် အားလုံး၊ တိုင်းရင်းသားပါတီ ကိုယ်စားလှယ်များ၊ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် အနည်းစုကသာ ထောက်ခံခဲ့ကြပြီး ထောက်ခံမဲ ၁၀၇ မဲ ရရှိကာ သတ်မှတ်ချက်ထက် ကျော်လွန်သဖြင့် ဥပဒေကြမ်းအား လက်ခံဆွေးနွေးရန် သဘောတူခဲ့သည်။
''စဉ်းစားဆွေးနွေး သင့်တယ်လို့ ယူဆတဲ့ ဥပဒေတစ်ရပ်ဖြစ်လို့ ထောက်ခံခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ ထောက်ခံကန့်ကွက်ရာမှာ လူပုဂ္ဂိုလ်၊ ပါတီအဖွဲ့အစည်း မကြည့်ဘဲ နိုင်ငံတော်အတွက် အကျိုးပြုမယ်လို့ ယူဆတဲ့ အမျိုးသား နိုင်ငံရေး အမြင်နဲ့ပဲ အမြဲကြည့်ပါတယ်။ အခုဆုံးဖြတ် တာကလည်း ပြင်ဆင်တဲ့ ဥပဒေကြမ်းကို အတည်ပြုတာ မဟုတ်သေးပါဘူး။ ဆွေးနွေးစဉ်းစားဖို့ ဆုံးဖြတ်တာပါ။ ဆွေးနွေးတဲ့ လွှတ်တော် ကိုယ်စားလှယ်များရဲ့ တင်ပြချက်တွေကို နားထောင်ရပါဦးမယ်။ လိုအပ်ရင်လည်း ပါဝင်ဆွေးနွေးသင့်ရင် ဆွေးနွေးရမှာပေါ့'' ဟု တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် ကျော်ဦးလွင်က The Daily Eleven သို့ ပြောကြားသည်။

''အဲဒီဥပဒေကြမ်းက အခုတင်လာတာက တစ်ဦးချင်း (Individual Bill) ခေါ်တာပေါ့။ တစ်ဦးချင်းတင်တဲ့ Bill ခေါ်တာပေါ့။ နိုင်ငံရေးပါတီ ဥပဒေကြမ်း ဆိုတာက ကော်မရှင်ရဲ့ သဘောထားတို့ ဘာတို့ညာတို့ ရှိသေးတယ်လေ။ အဲဒီလိုဆိုတဲ့ အခါကြတော့ ရုတ်တစ်ရက် ချက်ချင်းကြီးကို ပုဂ္ဂလိက တစ်ဦးချင်း အနေနဲ့ တင်တာကို ချက်ချင်းသဘောတူလို့ မှန်တယ် မှားတယ်ဆိုတာ ဆုံးဖြတ်ဖို့ တော်တော်ခက်တယ်လေ။ အခြေခံဥပဒေနဲ့ မကိုက်ညီဘူးလို့ သူကဆိုထား လို့ရှိရင်လည်း အခြေခံ ဥပဒေနဲ့ ကိုက်ညီတယ်။ မကိုက်ညီဘူး ဆိုတာကလဲ အခြေခံဥပဒေ ခုံရုံးကသာလျှင် အဆုံးအဖြတ် ပြုနိုင်မှာ ဖြစ်တယ်။ အဲဒါကြောင့် အချိန်ယူပြီးတော့ စဉ်းစားသင့်တဲ့ ပြဿနာလို့ မြင်ပြီးတော့ ထောက်ခံတုန်းက မထောက်ခံခဲ့တာ။ ဒါအချိန်ယူသင့်တယ်။ အချိန်ယူသင့်တယ် ဆိုတာက သေချာဆွေးနွေးပြီး ညှိနှိုင်းသင့်တယ်လို့ မြင်တယ်။ အဲဒီတော့ လွှတ်တော် ဥက္ကဋ္ဌကလည်း ဒါကို ဥပဒေကြမ်း လေ့လာစိစစ် တင်ပြဖို့ ပြောလိုက်တဲ့ အခါကျတော့ ဒါသေသေချာချာ ပြန်စိစစ်သွားနိုင်တဲ့ အနေအထား ဖြစ်ပါတယ်။ တစ်ဖက်က ကြည့်လို့ရှိရင် နိုင်ငံရေးပါတီ ဥပဒေဆိုတာ အရေးကြီးတယ်။ အရေးကြီးတဲ့ အတွက် ဒါကိုအလောသုံးဆယ် ပြင်ဖို့လည်း ချက်ချင်းကြီး မြန်မြန်ဆန်ဆန်ကြီး သွားပြင်ဆင်လိုက်လို့ ရှိရင်လည်း မှားသွားရင် ဒုက္ခရောက်သွား နိုင်တယ်။ အဲဒါကြောင့်မို့ ပြင်ဆင်ဖို့ တင်တဲ့သူကိုလည်း ကျေးဇူးတင်ပါတယ်။ သို့သော်လည်း သူ့ရဲ့ တင်ပြချက်ကိုတော့ ကျွန်တော်တို့က သေချာစဉ်းစားပြီးမှ ထောက်ခံသင့်ရင် ထောက်ခံမယ်။ ကန့်ကွက်သင့်ရင် ကန့်ကွက်သွားမယ်'' ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင် အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီဥက္ကဋ္ဌ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဇော်မြင့်ဖေက ပြောကြားသည်။
''ဒီဥပဒေကြမ်းကို ဆွေးနွေးဖို့ သဘောတူ နိုင်ခဲ့တဲ့အတွက် ၀မ်းသာပါတယ်။ ဘာလို့လဲဆိုတော့ ဒီဥပဒေကြမ်းက အရေးကြီးလို့ပါ။ နိုင်ငံသား တရားဝင် မဖြစ်သေးဘဲ ပါတီတည်ထောင်ခွင့်တို့၊ မဲပေးခွင့်တွေ ရှိတယ်ဆိုတာ တွေကို ပြင်ရမှာပါ။ နိုင်ငံသား မဟုတ်သေးဘဲ ဒို့တာဝန် အရေးသုံးပါး လိုက်နာမယ်လို့ ဘယ်လောက်ပြောပြော ယုံကြည်လို့ မရနိုင်ဘူး'' ဟု ဥပဒေကြမ်းအား တင်သွင်းခဲ့သူ ဒေါက်တာအေးမောင်က ပြောကြားသည်။
''နိုင်ငံသား မဖြစ်သေးသူများဟာ မွေးရာပါ နိုင်ငံသား၊ တိုင်းရင်းသားများကဲ့သို့ ဒို့တာဝန် အရေးသုံးပါးဖြစ်တဲ့ တိုင်းရင်းသားစည်း လုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ ပြည်ထောင်စု မပြိုကွဲရေး ဆိုတဲ့ ဦးတည်ချက်၊ နိုင်ငံ့သစ္စာကို စောင့်သိ ရိုသေခြင်းဆိုတဲ့ အချက်တွေကို စဉ်းစားချင့်ချိန် ကြည့်ရုံနဲ့ ဘယ်လောက်ထိ အာမခံချက် ရှိနိုင်မလဲ။ နိုင်ငံသား မဖြစ်သေးတဲ့ သူတွေက နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာ ကျေးဇူးသစ္စာကို စောင့်သိရိုသေ မလဲဆိုတာ တွေးကြည့်ရုံနဲ့ သိနိုင်ပါတယ်။ အဲဒါကြောင့် နိုင်ငံရေး ပါတီများ၏ အမျိုးသားမူဝါဒ ရည်မှန်းချက်များဟာ အင်မတန် အမျိုးသား လုံခြုံရေးနဲ့ ပတ်သက်လို့ဖြစ်ဖြစ် ကျွန်တော်တို့ အမျိုးသား စီးပွားအကျိုးနဲ့ ပတ်သက်လို့ဖြစ်ဖြစ် အင်မတန်ကို ဦးတည်ချက် ခိုင်ခိုင်မာမာရှိဖို့ လိုအပ်တယ် ဆိုတာကို ထပ်လောင်းတင်ပြ ချင်ပါတယ်။ ပါတီတည်ထောင် လိုသူများ၊ တည်ထောင်သူများ၊ ပါတီဝင်များဟာ ပြည်ထောင်စု အမျိုးသား သစ္စာရှိမှု အမြင့်ဆုံး အဆင့်မှာရှိဖို့ လိုအပ်ပါတယ်။ ဒါကြောင့် မွေးရာပါ နိုင်ငံသား မဟုတ်ရင်တောင်မှ ဥပဒေအရ နိုင်ငံသား ဖြစ်ပြီးသူ အနိမ့်ဆုံးဖြစ်ရန် လိုအပ်ပါတယ်'' ဟု ဥပဒေကြမ်း တင်သွင်းစဉ် ဒေါက်တာအေးမောင်က ပြောကြားသည်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၄ ပုဒ်မခွဲ (က) တွင် ပါရှိသော ''နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ သို့မဟုတ် ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင်ထားသူ ဖြစ်ခြင်း'' ဆိုသည့် စကားရပ်အစား ''နိုင်ငံသားဖြစ်ခြင်း'' ဟု ပြင်ဆင်သင့်ကြောင်း လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က တင်သွင်းခဲ့ခြင်း ဖြစ်သည်။
8.1.1

ဥပဒေကြမ်းအား အမျိုးသား လွှတ်တော်၌ လက်ခံဆွေးနွေးရန် မတ်တတ်ရပ် မဲခွဲဆုံးဖြတ်နေစဉ်
ထို့အပြင် ပုဒ်မ ၅ ပုဒ်မခွဲ (ဃ) တွင် ပါရှိသော ''ပုဒ်မ ၄ ပါ အချက်များနှင့် ညီညွတ်သောပါတီ တည်ထောင် လိုသူများ၏ အမည်၊ အဘအမည်၊ အလုပ်အကိုင်၊ နေရပ်လိပ်စာ၊ မွေးနေ့ သက္ကရာဇ်နှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားအမှတ်၊ အမျိုးသား မှတ်ပုံတင်အမှတ်၊ ဧည့်နိုင်ငံသား လက်မှတ် အမှတ်၊ နိုင်ငံသားပြုခွင့် လက်မှတ်အမှတ် သို့မဟုတ် ယာယီသက်သေခံ လက်မှတ်အမှတ်'' ဆိုသည့် စကားရပ်အစား ''ပုဒ်မ ၄ ပါအချက်များနှင့် ညီညွတ်သော ပါတီတည်ထောင် လိုသူများ၏ အမည်၊ အဘအမည်၊ အလုပ်အကိုင်၊ နေရပ်လိပ်စာ၊ မွေးနေ့သက္ကရာဇ်နှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားအမှတ်'' ဟု ပြင်ဆင်သင့်ကြောင်းနှင့် ပုဒ်မ ၁၀ ပုဒ်မ ခွဲ (က) တွင် ပါရှိသော ''နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသား ပြုခွင့်ရသူ သို့မဟုတ် ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင်ထားသူဖြစ်ခြင်း''ဆိုသည့် စကားရပ်အစား ''နိုင်ငံသားဖြစ်ခြင်း'' ဟု ပြင်ဆင်သင့်ကြောင်း တင်သွင်းခဲ့ခြင်း ဖြစ်သည်။
''ရွေးကောက်ပွဲတွေမှာ မဲပေးနိုင်တဲ့ သူတွေနဲ့ အရွေးခံနိုင်သူတွေဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၃၆၉ (က) အရ နိုင်ငံသားများသာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ် မ ၃၄၅ (က)၊ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေပုဒ်မ ၂(ခ)၊ ပုဒ်မ ၃၊ ပုဒ်မ ၅ တို့တွင် မည်သူတို့သည် နိုင်ငံသား ဖြစ်ကြောင်းကို ပြဋ္ဌာန်းထားပါတယ်။ နိုင်ငံရေး ပါတီများ ထူထောင်ခြင်းဟာ နိုင်ငံသားများနဲ့သာ သက်ဆိုင်တာကြောင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဖြစ်စေ၊ အခြားတည်ဆဲဥပဒေများနဲ့ဖြစ်စေ ညီညွတ်စေရန် ပြင်ဆင်ခြင်း ဖြစ်ပါတယ်'' ဟု ဒေါက်တာအေးမောင်က ပြောကြားသည်။
မည်သည့် နိုင်ငံတွင်မှ မရှိသည့် ယာယီ သက်သေခံလက်မှတ် (၀ှိုက်ကတ်) ကိုင်ဆောင် ထားသူများကို မဲပေးခွင့်၊ ပါတီတည်ထောင်ခွင့် ပြုခြင်းဆိုသည်မှာ နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို ထိပါးနိုင်သည်အထိ ဖြစ်စေနိုင်သည်ဟု နယ်ပယ်အသီးသီးမှ ဝေဖန်ထားသည်။
အဆိုပါ ၀ှိုက်ကတ်များကို ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီ လူမျိုးများအား ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထောက်ခံမဲပေးနိုင်ရန် ယခင်စစ်အစိုးရ လက်ထက်က ထုတ်ပေးခဲ့ခြင်း ဖြစ်ကြောင်းသိရပြီး ရခိုင်ပြည်နယ်တွင် ၀ှိုက်ကတ် ကိုင်ဆောင်ထားသူဦးရေ ငါးသိန်းကျော် ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၌ ၀ှိုက်ကတ်ကိုင်ဆောင် ထားသူများကို မဲပေးခွင့်ပြုခဲ့ပြီး ယင်းဒေသများ၌ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမတ်များ အနိုင်ရရှိခဲ့ရာ လက်ရှိတွင် ၎င်းတို့အား နိုင်ငံသား ဖြစ်မှုနှင့် ပတ်သက်၍ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ စစ်ဆေးမှုများ ရှိနေကြောင်း သိရသည်။

Eleven


0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...