Tuesday, August 27, 2013

တရုတ်အစိုးရအတွက် ရတက်မအေးစရာ ပျိုကျန်ရစ်ကြီးများ


အသက်က ၂၇နှစ်ကျော်နေပြီဖြစ်သည်။ အိမ်ထောင်ကမကျသေး။ တရုတ်နိုင်ငံ၌ ထိုကဲ့သို့အမျိုးသမီးမျိုးကို အစိုးရကိုယ်တိုင်က ““ပျိုကျန်ရစ်ကြီးများ””ဟူ၍ ကင်ပွန်းတပ်ပေလိမ့်မည်။ မည်သို့ပင်ဆိုစေကာမူ ပညာတတ်တရုတ်အမျိုးသမီးတချို့က အပျိုကြီးတစ်ကိုယ်တည်းအခြေအနေမျိုးဖြင့်ပင် ဘ၀ကို ပျော်ပျော် ရွှင်ရွှင်ဖြတ်သန်းနေကြသည်။

ဘေဂျင်းအသံလွှင့်ရုံတစ်ခု၌ တာဝန်ထမ်းဆောင်နေသော ဟွန်ယွမ်ယွမ်ဆိုသည့်အမျိုးသမီးမှာ အချိန်လွန်သည်အထိ အလုပ်၌နစ်မြုပ်နေသည်။ သူမအနေနှင့် နောက်လာမည့်ရက်ပိုင်းတွင် ရင်ဆိုင်ကြုံတွေ့ ရမည့် အရာတစ်ခုအတွက်လည်း ရတက်မအေးဖြစ်နေရသည်။ မကြာမီရက်ပိုင်းအတွင်း သူမ၏အသက်က ၂၉ နှစ်ပြည့်တော့မည်ဖြစ်သည်။

 

““တကယ့်ကိုတုန်လှုပ်စရာပါပဲ။ ကျွန်မအသက်က နောက်ထပ်တစ်နှစ် ကြီးလာတော့မယ်။ ကျွန်မအတွက်တော့ စိတ်မသက်မသာဖြစ်စရာပါ””ဟု သူမကဆိုသည်။ အဘယ်ကြောင့် ထိုသို့ဆိုသနည်း။
““ဘာဖြစ်လို့လဲဆိုတော့ အခုထိ ကျွန်မက တစ်ကိုယ်တည်းလေ။ ကျွန်မမှာ ရည်းစားမရှိဘူး။ အိမ်ထောင်ပြုဖို့အတွက် ကြီးကြီးမားမားဖိအားပေးတာတွေ ကျွန်မ ခံနေရတယ်””
ဟွန်မှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတစ်ခုတော့ရှိသည်။ သူမသည် လုပ်ခလစာမြင့်မြင့်မားမားရရှိသည့် ကိုယ်ရည်ကိုယ်သွေးမြင့်မားသောအမျိုးသမီးငယ်တစ်ဦးဖြစ်သည်။ သူမတွင် အိုးပိုင်အိမ်ပိုင်ရှိသည်။ တရုတ်ထိပ်တန်းတက္ကသိုလ်တစ်ခုမှ မဟာဝိဇ္ဇာဘွဲ့ရရှိထားသည်။ သူမသည် ချမ်းသာသောမိသားစု အသိုင်းအ၀ိုင်းမှ ဖြစ်သည်။

သို့ပေမဲ့ ယခုအချိန်အခါတွင် တရုတ်နိုင်ငံ၌ သူမကဲ့သို့ မြို့ပြ၌နေထိုင်သော ပညာတတ် တစ်ကိုယ်တည်း အမျိုးသမီးများကို ရှင်နု (ပျိုကျန်ရစ်ကြီးများ)ဟူ၍ ခေါ်ဆိုသမုတ်ကြသည်ကိုလည်း သူမသိရှိထားသည်။ ထိုသို့ ခေါ်ဝေါ်ခံရခြင်းက သူမကို စူးနစ်နာကျင်စေသည်။ လူလွတ်တစ်ယောက်ဖြစ်နေခြင်းအတွက် မိတ်ဆွေ သူငယ်ချင်းများနှင့် မိသားစုတို့၏ဖိအားပေးမှုကိုလည်း သူမခံနေရသည်။ ပတ်ဝန်းကျင်၏ ဖိအားပေးမှု ခံရသည့်ကြားထဲမှာပင် အစိုးရပိုင်မီဒီယာ၏စကားလုံးများဖြင့် ထိုးနှက်လာသည့်ဒဏ်ကိုလည်း ခံလိုက်ရခြင်း ဖြစ်သည်။

တရုတ်အစိုးရက အထောက်အပံ့ပြုထားသည့် အမျိုးသမီးရေးဝါဒီ အုပ်စုဖြစ်သော တရုတ်အမျိုးသမီး ထုဖက်ဒရေးရှင်း၏ ၀က်ဘ်ဆိုက် စာမျက်နှာမှာပင် ပျိုကျန်ရစ်ကြီးများအကြောင်း ဆောင်းပါးရေးသားကာ ဝေဖန်ထားသည်။ တရုတ်အစိုးရပိုင်မီဒီယာတွင်မူ တရုတ်ဘာသာစကားဖြင့် ရှင်နု(ပျိုကျန်ရစ်ကြီးများ) ဟူသည့်အသုံးအနှုန်းကို ၂၀၀၇ခုနှစ်တွင် စတင်သုံးစွဲခဲ့သည်။ ယင်းနှစ်မှာပင် တရုတ်နိုင်ငံ၌ အမျိုးသားဦးရေနှင့် အမျိုးသမီးဦးရေ မညီမျှမှုအပေါ် အစိုးရက သတိပေးခဲ့သည်။

တရုတ်နိုင်ငံ၌ လူဦးရေတိုးပွားမှုကိုထိန်းချုပ်သော တစ်အိမ်ထောင်ကလေးတစ်ဦး မူဝါဒကြောင့် သားယောက်ျားလေးရရှိရန် မိဘများက ကြိုးပမ်းလာကြရာမှ ယင်းသို့မညီမျှမှုဖြစ်ပေါ်လာခြင်းဖြစ်သည်။ တရုတ်လူ့အသိုင်းအ၀ိုင်း၌ သားယောက်ျားလေးကို ပိုမိုတန်ဖိုးထားလိုချင်ကြပြီး ကိုယ်ဝန်ဆောင်စဉ်အတွင်း မိန်းကလေးမှန်းသိရပါက ကလေးဖျက်ချ သည့်အဖြစ်အပျက်များကြောင့် အမျိုးသမီးဦးရေထက် အမျိုးသားဦးရေက ပိုမိုလာခဲ့ခြင်းဖြစ်သည်။ အဆိုပါ လူဦးရေမညီမျှမှုမှာ တရုတ်နိုင်ငံအတွက် အထူးအလေးထားစရာပြဿနာတစ်ရပ် ဖြစ်နေသည်။
တရုတ်အမျိုးသားစာရင်းအင်းဗျူရိုမှထုတ်ပြန်သော အချက်အလက်များ၌ လက်ရှိအနေအထားတွင် အသက်၃၀အောက် အမျိုးသမီးဦးရေမှာ အသက် ၃၀ အောက်အမျိုးသားဦးရေထက် သန်း၂၀ခန့် ပိုများနေသည် ဟု ဖော်ပြထားသည်။

၂၀၀၇ခုနှစ်ကတည်းကပင် တရုတ်အစိုးရမီဒီယာများမှတစ်ဆင့် ပျိုကျန်ရစ်ကြီးများဟူသော အသုံးအနှုန်းဖြင့် ပျစ်ပျစ်နှစ်နှစ်ဝေဖန်မှုများ ပြုလုပ်ခဲ့ကြောင်း၊ စစ်တမ်းများကောက်ယူဖော်ပြ၍လည်းကောင်း၊ သတင်း ပေးပို့ချက်များဖြင့်လည်းကောင်း၊ ပုံမှန်ကဏ္ဍများ ဖွင့်လှစ်ရေးသား၍လည်းကောင်း ပျိုကျန်ရစ်ကြီးများနှင့်ပတ်သက်သည့် အကြောင်းအရာများကို ဖြန့်ဝေခဲ့ကြောင်း၊ အသက် ၂၇နှစ်ကျော် သို့မဟုတ် ၃၀ကျော် တစ်ကိုယ်တည်းအပျိုကြီးပညာတတ်အမျိုးသမီးများကို စောင်းမြောင်းကဲ့ရဲ့သော ကာတွန်းနှင့်ဓာတ်ပုံများကိုလည်းဖော်ပြခဲ့ကြောင်း ဘေဂျင်းရှိဆင်ဂွာတက္ကသိုလ်၌ လူမှုဗေဒဒေါက်တာဘွဲ့အတွက်ပြင်ဆင်နေသူ အမေရိကန်အမျိုးသမီး လေတာဟောင်ဖင်ချာက ပြောပြသည်။

တရုတ်နိုင်ငံ၏ သန်းခေါင်စာရင်းအချက်အလက်များ၌ အသက် ၂၅ နှစ်မှ ၂၉နှစ်ကြားအမျိုးသမီးငါးဦးတွင် တစ်ဦးခန့်မှာ အိမ်ထောင်မရှိသူ ဖြစ်သည်ဟုဖော်ပြသည်။ ယင်းထက်အသက်ပိုကြီးသော အိမ်ထောင်မရှိ သည့်အမျိုးသားဦးရေနှင့် နှိုင်းယှဉ်ပါက အိမ်ထောင်မဲ့အမျိုးသားသုံးဆပိုသည်။ လွယ်လွယ် စဉ်းစားလိုက်မည်ဆိုလျှင် အိမ်ထောင်မရှိသေးသော အမျိုးသမီးများအားလုံးကို အိမ်ထောင်မဲ့အမျိုးသားများနှင့် ပေးစားလိုက်ခြင်းဖြင့် ပြေလည်သွားဖွယ်ရှိသည်ဟု ထင်မှတ်ရသည်။ သို့သော် တရုတ်အမျိုးသားများက သူတို့ထက်အသက်ရော၊ ပညာအရည်အချင်းပါ တစ်ဆင့်နိမ့်သည့်မိန်းကလေးမျိုးကိုသာ လက်ထပ်ရန် ရည်ရွယ်ကြသည်။
““ပထမတန်းစားဆိုတဲ့ယောက်ျားတွေက ဒုတိယတန်းစားမိန်းမကို ရှာတယ်။ ဒုတိယတန်းစားယောက်ျားက တတိယတန်းစား မိန်းမလောက်ကိုပဲရှာတယ်။ တတိယတန်းစားယောက်ျားတွေကတော့ စတုတ္ထတန်းစား အမျိုးသမီးလောက်ကိုပဲ မှန်းကြတာ။ အဲဒီတော့ အိမ်ထောင်မကျဘဲ ကျန်ရစ်ဖြစ်နေသူအများစုက ပထမတန်းစားမိန်းမတွေနဲ့ စတုတ္ထတန်းစား ယောက်ျားတွေပဲပေါ့။ တကယ်လို့ ရှင်ဟာ ကျန်ရစ်ဖြစ်နေတဲ့ အမျိုးသမီးဆိုရင်သေချာတယ်။ ရှင်ဟာ ပထမတန်းစားထဲကပဲ”” ဟူ၍ ဟွန်ယွမ်ယွမ်က သုံးသပ်သည်။

သို့သော် တရုတ်အစိုးရအနေနှင့်မူ ဉာဏ်ပညာကြီးမား၍ ပညာတတ်သော ပထမတန်းစားအမျိုးသမီးများကို မျိုးဆက်သစ်များမွေးထုတ်စေလိုသောဆန္ဒရှိနေကြောင်း လေတာဟောင်ဖင်ချာ၏အဆိုအရ သိရသည်။ သူမက ၂၀၀၇ခုနှစ်တွင် တရုတ်အစိုးရအဖွဲ့ဖြစ်သော နိုင်ငံတော်ကောင်စီက ထုတ်ပြန်သည့် လူဦးရေဆိုင်ရာ ကြေညာချက်ကိုရည်ညွှန်း၍ ပြောဆိုခြင်းဖြစ်သည်။ ယင်းကြေညာချက်တွင် တရုတ်နိုင်ငံမှာ မကြုံစဖူး ဖြစ်သောလူဦးရေဆိုင်ရာ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကြောင်း၊ လူဦးရေ တစ်ရပ်လုံးကို ခြုံငုံသုံးသပ်ကြည့် ပါက နိုင်ငံသားများအရည်အသွေး မှာများစွာနိမ့်နေကြောင်း၊ သို့အတွက် နိုင်ငံသားများထဲတွင် အရည်အချင်း ထက်မြက်သူ ပိုမိုပါဝင်လာရေးအတွက် လူဦးရေဆိုင်ရာအရည် အသွေးကို မြှင့်တင်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
တရုတ်နိုင်ငံရှိ အချို့သော ပြည်နယ်အစိုးရများက ငယ်ရွယ်သည့်ပညာတတ်အမျိုးသမီးများကို သင့်တော်သည့်ကြင်ယာဖက် လူမျိုးများနှင့်တွေ့ဆုံနိုင်ရန် ဖူးစာရှင်အောင်သွယ်ပွဲများကို စီစဉ်ကျင်းပ လေ့ရှိသည်။ ယင်းသို့လုပ်ဆောင် ခြင်း၏ရည်ရွယ်ချက်မှာ ပိုမိုထက်မြက်သောမျိုးဆက်သစ်များ ပေါ် ထွက်လာရေးသက်သက်မဟုတ်ဟု ဖင်ချာကယူဆသည်။

လူမှုရေးဆိုင်ရာ ကသောင်းကနင်းများစွာဖြစ်ပေါ် လာစေ နိုင်သည့် ဂနာမငြိမ်ဖြစ်နေသော လူပျိုလူလွတ်များစွာကို တတ်နိုင်သမျှ အရေအတွက်လျှော့ချနိုင်ရေး အတွက် အဆိုပါအမျိုးသားများကို လက်တွဲဖော်ရှာဖွေပေးရန်နှင့် အိမ်ထောင်တစ်ခု၌ အကျဉ်းချခြင်းဖြင့် လူမှုရေးဆိုင်ရာ အရှုပ်အထွေးများကို လျှော့ချရန်ရည်ရွယ်ပုံရသည်ဟု သူမကရှုမြင်သည်။
သို့သော် တရုတ်နိုင်ငံ၌ အရွယ်လွန်အပျိုဟိုင်းများအပေါ် အထင်အမြင်သေးသည့်သဘောထားများက အစိုးရ၏လှုံ့ဆော်တိုက်တွန်းမှုတစ်ခုတည်းကြောင့် ပေါ်ထွက်လာခြင်းတော့မဟုတ်ပေ။ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအကြံပေးကုမ္ပဏီတစ်ခုတွင် လုပ်ကိုင်နေသော ချင်ဟူသောအမျိုးသမီး (အမည်ရင်းမဟုတ်)က ယင်းအချက်ကို ကောင်းစွာသဘောပေါက် နားလည်ထားသည်။ သူမက ဘေဂျင်းမြို့တော်တွင် တစ်ကိုယ်တည်းဘ၀ဖြင့် ပျော်ရွှင်မွေ့လျော်နေသူဖြစ်သည်။ သို့သော် သူမမိဘများက ဘေဂျင်းမြို့တော်မှအလှမ်းကွာသည့် ရှေးရိုးစွဲသောတောင်ပိုင်းမြို့ကြီးတစ်မြို့တွင် နေထိုင်ကြသူများဖြစ်သည်။

မိဘများမှာ လက်မထပ်ရသေးသော ၃၈ နှစ် အရွယ်သမီးတစ်ဦးဖြစ်သည့်သူမကြောင့် အရှက်ရနေကြသည်ဟု သူမကဆိုသည်။““ကျွန်မမိဘတွေက လူကြားသူကြားထဲ ကျွန်မကိုခေါ်မသွားချင်ကြဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့သမီး အိမ်ထောင်မကျသေးဘူးဆိုတာကို တခြားသူတွေသိသွားမှာစိုးလို့လေ။ သူတို့ရဲ့ မိတ်ဆွေသူငယ်ချင်းတွေ၊ အိမ်နီးနားချင်းတွေက ကျွန်မကို ပုံမှန်မဟုတ်ဘူးဆိုပြီး အထင်အမြင်သေးသွားမှာလည်း သူတို့ကြောက်တယ်။ ကျွန်မမိဘတွေက သူတို့ရဲ့မိတ်ဆွေ သူငယ်ချင်းတွေ သိပ်မကြာခင်ပဲ မြေးတွေချီနေရပြီဆိုတာသိရတဲ့အခါ လည်းကျရော သူတို့တွေ လုံးဝကိုမျက်နှာထားစရာမရှိအောင် ဖြစ်သွားရရှာတာ””ဟု သူမကပြောပြသည်။
ချင်၏မိဘများက သူတို့၏သမီး အိမ်ထောင်ကျနိုင်ရေးအတွက် ကြင်ဖက်တွေ့ဆုံမှုကိုလုပ်ပေးပြီး ကြိုးပမ်းအားထုတ်နေခဲ့ကြသည်။ နောက်ဆုံးတွင် သူမ၏ဖခင်က သူမအနေနှင့် နှစ်မကုန်ခင်အိမ်ထောင်ပြုနိုင်ခြင်းမရှိပါက သားသမီးအဖြစ်မှစွန့်လွှတ်တော့မည်ဖြစ်ကြောင်း ခြိမ်းခြောက်ခဲ့ သည်။

ယခုအခါ မိဘများက သူမကို ယောက်ျားတစ်ယောက်ရအောင် မရှာနိုင်လျှင် အိမ်ပြန်လာ၍ သူတို့နှင့်အတူနေထိုင်ရန် ပြောဆိုလာသည်။ ချင်အနေနှင့် သူမလိုချင်သောအရာ၊ ဖြစ်ချင်သောဆန္ဒကို ကိုယ်တိုင်သိရှိ ပြီးသားဖြစ်သည်။ ရိုးသား၍ တာဝန်ယူမှုရှိသည့် အဖော်မွန်ကောင်းတစ်ဦးကို သူမ ရည်မှန်းထားသည်။ သို့မဟုတ်ပါက မည်သူမျှမရလည်း နေပါစေတော့ဟူ၍ စိတ်ပိုင်းဖြတ်ထားသူဖြစ်သည်။
ယင်းအခြေအနေမှာပင် အစိုးရထိန်းချုပ်သော မီဒီယာများက ဇီဇာကြောင်သော ပညာတတ်အမျိုးသမီးများကို ရည်ရွယ်သောဝေဖန်ပြောဆိုမှုများ တရစပ်ဖော်ပြလာခဲ့သည်။

၂၀၁၁ခုနှစ် မတ်လတွင် တရုတ်အမျိုး သမီးထု ဖက်ဒရေးရှင်း၏ ၀က်ဘ်ဆိုက်စာမျက်နှာ၌ ရေးသားထားသော ဆောင်းပါးတွင် ““လှပသောအမျိုး သမီးများမှာချမ်းသာ၍ သြဇာကြီးမားသော မိသားစုအတွင်းမှ အမျိုးသားနှင့်ကြင်ဖက် ဖြစ်နိုင်ရေးအတွက် ပညာများစွာတတ်ရန် မလိုအပ်ပေ။ သို့သော် သာမန်ရွက်ကြမ်း ရေကျိုအဆင့်နှင့် ရုပ်ရည်မပြေပြစ်သော မိန်းကလေးများမှာမူ ယင်းကဲ့သို့အဆင့်အတန်းမြင့်သော အမျိုးသားကို ရှာဖွေရန်ခက်ခဲမည်ဖြစ်သည်””ဟု ဖော်ပြထားသည်။
““အဆိုပါအမျိုးသမီးများမှာ သူမတို့၏(အိမ်ထောင်ဖက်ရှာရာ၌)ပြိုင်ဆိုင်နိုင်စွမ်းကို မြှင့်တင်ရန် ပညာအရည်အချင်းကိုအသဲအမဲ တွန်းတင်လာကြသည်။ သို့သော်ငယ်ရွယ်စဉ် လက်ထပ်ရန်အခါ ကောင်း၌ပညာဖြင့်လုံးပန်းနေပြီး မဟာဘွဲ့၊ ဒေါက်တာဘွဲ့များရရှိချိန်တွင် အရွယ်လွန် တစ်စိတ်ဟိုင်း၍ တစ်ကိုယ်တည်း အပျိုကြီးများဖြစ်ရကုန်၏””ဟု ယင်းဆောင်းပါးတွင် ရေးသားထားသည်။ ယင်း ၀က်ဘ်ဆိုက်စာ မျက်နှာတွင် ““ပျိုကျန်ရစ်ကြီးများ””ဟု၎င်းတို့ သုံးနှုန်းခေါ်ဝေါ်သည့် အချိန်တန်အိမ် ထောင်မပြုသေးသော အမျိုးသမီးများအကြောင်း ရေးသားထားသည့် ဆောင်းပါးပေါင်း၁၅ပုဒ်ထက် မနည်းဖြင့် လှုံ့ဆော်ပညာပေးရန် အားထုတ်ထားသည်။

ဆောင်းပါးများတွင် အမျိုးသမီးများ လူကြားထဲ ပေါ်လွင်ထင်ရှားအောင်လုပ်ဆောင်ရမည့် နည်းလမ်းများ၊ အောင်သွယ်အကြံပေးချက်များအပြင် အရွယ်လွန်မှအိမ်ထောင်ပြုချင်စိတ်ပေါက်လာသော (ကြီးမှဝက်သက်ပေါက်သော)စိတ်ပိုင်းဆိုင်ရာ အခြေအနေ အပေါ်လေ့လာဆန်းစစ်ချက်များပင် ပါဝင် သည်။ လွန်ခဲ့သောလအနည်းငယ်က အဆိုပါဝက်ဘ်ဆိုက်စာမျက်နှာမှ ““ပျိုကျန်ရစ်ကြီးများ””ဟူသော အသုံးအနှုန်းကို ဖယ်ရှားခဲ့သည်။ ယခုအခါ ယင်းနေရာတွင် လက်မထပ်ရသေးသော “အရွယ်လွန်”အမျိုးသမီးများ (အသက်၂၇နှစ် ကျော်၊ တစ်ခါတစ်ရံ ၃၀ ကျော် အရွယ်ကိုရည်ညွှန်း၍) ဟူ၍ အစားထိုးဖော်ပြသည်။ သို့သော်မူလ အသုံးအနှုန်းဖြစ်သော““ပျိုကျန် ရစ်ကြီးများ””ကို အခြားနေရာများ၌ တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြသည်။

““ဒီအသုံးအနှုန်းကို ပေါ်ပင်တစ်ခုလို သုံးနေကြတယ်။ ဒါဟာ လက်မထပ်ရသေးတဲ့ အရွယ်လွန်အမျိုးသမီး တွေကို အမြင်သေးသိမ်အောင်လုပ်တာပါ။ဒါကြောင့် မီဒီယာတွေအနေနဲ့ ဒီအသုံးအနှုန်းကို မသုံးသင့်တော့ ပါဘူး။ အမျိုးသမီးတွေရဲ့ လူ့အခွင့်အရေးကိုလေးစားသင့်ပါတယ်””ဟု တရုတ်အမျိုးသမီးထု ဖက်ဒရေးရှင်း၏အစိတ်အပိုင်းတစ်ရပ်ဖြစ်သော လွတ်လပ်သောအုပ်စုတစ်စုဖြစ်သည့် အိမ်ထောင်ရေး နှင့်မိသားစုရေးရာ လေ့လာရေးအဖွဲ့အထွေထွေအတွင်းရေးမှူး ဖန်အိုင်ဂူယိုကဆိုသည်။
အသက် ၂၇နှစ် သို့မဟုတ် ၃၀နှစ် အရွယ် အမျိုးသမီးများကို““ပျိုကျန်ရစ်ကြီး များ”ဟု ခေါ်ဝေါ်မှုမှာ ရှေးတုန်းကတရုတ်နိုင်ငံ၏ ဓလေ့အရဆိုလျှင် လျော်ကန်သင့် မြတ်လှပေမည်။ တရုတ်နိုင်ငံ၌ အမျိုးသမီး ငယ်ငယ်ရွယ်ရွယ်နှင့် အိမ်ထောင်သားမွေး သောဓလေ့က ရှည်ကြာစွာတည်ရှိခဲ့သည်။ သို့သော် ပညာတတ် အမျိုးသမီးများပြားလာနေသည့်ဒေသများ၌ အမျိုးသမီးများ အိမ်ထောင်ပြုသည့်ပျမ်းမျှအရွယ်မှာ မြင့်မြင့်လာ နေသည်။

၁၉၅၀တွင် တရုတ်မြို့ပြမှ အမျိုးသမီးများ၏ အိမ်ထောင်ပြုသည့် ပျမ်းမျှအသက်အရွယ်မှာ၂၀အနီးသို့ ပထမဆုံးအကြိမ် အဖြစ်ရောက်ရှိခဲ့သည်။ ၁၉၈၀ ပြည့်လွန်နှစ်များတွင်မူ ပျမ်းမျှအရွယ်မှာ ၂၅နှစ် အထိဖြစ်သွားပြီး ယခုမျက်မှောက် ၌မူ ၂၇ နှစ်ဝန်းကျင်ခန့်သို့ ရောက်ရှိနေပြီဖြစ်သည်။ အဲလစ်ဆာဟု အင်္ဂလိပ်နာမည် ပေးထားသော ၂၉နှစ်အရွယ် ဈေးကွက်အမှုဆောင်အရာရှိအမျိုးသမီးက သူမ၏အရွယ်နှင့်အိမ်ထောင်မရှိဖြစ်နေခြင်းမှာများစွာ မဆိုးလှကြောင်း ပြောကြားသည်။
““တစ်ယောက်တည်းနေတော့ ကျွန်မကြိုက်တာကျွန်မလုပ်နိုင်တယ်။ ကြိုက်တဲ့အချိန် သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းလို့ ရတယ်။ ကျွန်မရဲ့အလုပ်ကို ကျွန်မချစ်တယ်။ ကျွန်မဘာသာကျွန်မလုပ်နိုင်တဲ့ အရာတွေမှ အများကြီးပဲ။ စာဖတ်တာ၊ ရုပ်ရှင်သွားကြည့်တာစသဖြင့်ပေါ့။ ကျွန်မ ပတ်ဝန်းကျင်မှာလည်း တစ်ကိုယ်ရေနေ ထိုင်တဲ့သူငယ်ချင်းတွေ အများကြီးရှိတယ်။ ဒါကြောင့်လည်း ကျွန်မတို့တွေ အချင်းချင်း အချိန်တွေအများ ကြီးဖြုန်းနေလို့ရတယ်လေ””ဟုသူမကပြောဆိုသည်။

သို့သော် သူမ၏မိဘများက နေ့လည် စာစားချိန် ခဏတာအား လပ်သည့်အတောအတွင်း ကြင်ယာဖက်ရှာစေလိုကြသည်။ သူမအနေနှင့်လည်း မိဘများ ဆန္ဒအရ ကြင်ယာဖက်တွေ့ဆုံမှုများကို ပြုလုပ်ခဲ့ဖူးသည်။ သို့သော် သူမတွေ့ဆုံခဲ့ရသည့်သူများမှာ မစွံကြောင်းသူမကဆိုသည်။ သူမအနေနှင့် ယင်းသို့မလုပ်ချင်ကြောင်း၊ သို့သော် မိဘများ၏စိုးရိမ်စိတ်ကို ဖြေဖျောက်ပေးလိုကြောင်း၊ သို့သော်သူမအနေနှင့် ကြင်ဖက်တွေ့ဆုံမှုအပေါ် ယုံကြည်မှုမရှိကြောင်း အဲလစ်ဆာကဆိုသည်။

အဲလစ်ဆာက သူမအနေနှင့်သင့်တော်သည့် အမျိုးသားကို တွေ့ဆုံချစ်ကြိုက်ရန် ရည်မှန်းထား သော်လည်းဆောက်ဖြစ်မှသာ ကျောင်းဒကာဟု ဆိုနိုင်တော့မည်ဖြစ်ကြောင်းပြောဆိုသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...