Tuesday, August 27, 2013

ကမ္ဘာ့နောက်ဆုံးပေါ် ထီးဒီဇိုင်းသစ် တီထွင်



 

လက်ရှိ အသုံးပြုနေသော ထီးများနှင့် ဒီဇိုင်းပိုင်း အတွေးအမြင် လုံးဝ ကွဲပြားသော ထီးသစ် တစ်မျိုးကို ပညာရှင်များက တီထွင်လျှက် ရှိနေကြောင်း သိရှိရသည်။ Rainshaderဟု အမည်ပေးထားသော ထီးသစ်သည် အားပြင်းသော လေဒဏ်ကြောင့် ထီးရွက် လန်သွား သည့် ပြဿနာမျိုး မပေါ်ပေါက်အောင် တားဆီးနိုင်သလို ထီးရွက်ကြောင့် အသုံးပြုသူ၏ မြင်ကွင်းပိုင်း မရှင်းလင်းမှုမျိုး မဖြစ်နိုင်အောင် ဖန်တီးထား သည်။ ယင်းထီးကို ကိုင်ဆောင်ခြင်းဖြင့် မိုးလုံအောင် ငိုက်ငိုက်ဆောင်း ထားခြင်းကြောင့် လူချင်း ဝင်တိုက်သည့် ကိစ္စမျိုးကိုလည်း အလိုလို ရှောင် လွှဲနိုင်မည် ဖြစ်သည်။ ခေါင်းဆောင်းတစ်ခု သဏ္ဍန်နှင့် ဆင်တူသည့် Ranishaderထီးတွင် ထီးကိုင်းများအား ဖိုင်ဘာဂလက်စ်ဖြင့် တည်ဆောက် ထားသည်။

ယင်းထီးကို ကိုင်ဆောင်ထားရာတွင် တစ်နာရီ မိုင်(၄၀)မျှ လေတိုက်နှုန်း ၌ပင် ထီးရွက် လန်ထွက်မသွားနိုင်ကြောင်း သိရသည်။ Rainshaderကို ဝါးဝစ်ခ်ရှိုင်းယားရှိ Hospitality Umbrellas ထီးကုမ္ပဏီက ဒီဇိုင်းဖန်တီး တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ပိုလီစတာ ထီးရွက်တွင် ထီးကိုင်း (၁၀)ချောင်း ကို ယှက်ဖြာကာ တည်ဆောက်ထားသည်။ ပြီးခဲ့သည့်နှစ်က Wet and Windy Grand Nationalတွင် ရရှိလာသည့် စိတ်ကူးဖြင့် အဆိုပါ ထီးကို အကောင်အထည် ဖော်ခဲ့ခြင်းဟု ဒီဇိုင်း ပညာရှင် စတီဖင် ကိုလင်းက ဆိုသည်။ ၎င်းက မိမိသည် လူကြားထဲတွင် ထီးဆောင်းထား ရင်း အားကစားပွဲ တစ်ခုကို ရှင်းရှင်းလင်းလင်း ကြည့်မြင်နိုင်မည့် ထီးမျိုးကို တီထွင်ရန် စိတ်ကူးမိခဲ့ခြင်းဟု ရှင်းပြခဲ့သည်။

"သာမန် ထီးတစ်ချောင်းမှာ ရှေ့ကိုမြင်ဖို့အတွက် လူတွေက ထီးကို မြှောက်ကိုင်ရတယ်။ Rainshaderမှာက ရှေ့ပိုင်းက မြင်ကွင်း ရှင်းပြီးသားလေ။ လေဒဏ်ကိုလည်း သူက ခံနိုင်ရည် ပိုရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဇိုင်းအရ ပိုသွယ်လျတာကိုး။ ကျွန်တော်တို့ စမ်းသပ်ပြီးသား အခြေအနေအရ တစ်နာရီ မိုင်(၄၀)လောက် တိုက်ခတ်နေတဲ့ လေဒဏ်ကို ဥမင်တစ်ခုထဲမှာ ကောင်းကောင်း ခံနိုင်ရည်ရှိတယ်"ဟု ကိုလင်းက ပြောကြားခဲ့သည်။ Rainshaderကို တစ်လက်လျှင် (၂၄.၉၉)ပေါင်ဖြင့် ရောင်းချသွားရန် ကုမ္ပဏီက စီစဉ်နေကြောင်းလည်း သိရှိရသည်

နေခရမ်း

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...