Tuesday, August 27, 2013

ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်ကို တစ်လအတွင်း ဖွင့်လှစ်နိုင်ရန် စီစဉ်လျက်ရှိပြီး ဘဏ်ဖွင့်ပြီးမှသာ ရှယ်ယာရောင်းချမည်


ဝင်ငွေနည်း ပြည်သူများ အိမ်ရာပိုင်ဆိုင် နိုင်ရေးအတွက် တည်ထောင်မည့် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်ကို တစ်လအတွင်း အမြန်ဆုံး ဖွင့်လှစ်နိုင်ရေး စီစဉ်လျက်ရှိကြောင်း၊ ဘဏ်ဖွင့်လှစ်ပြီးမှသာ ရှယ်ယာ ရောင်းချမှုများကို ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ဆောက်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် အများနှင့် သက်ဆိုင်သော ကုမ္ပဏီ လီမိတက်မှ သိရသည်။

ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် တည်ထောင်နိုင်ရေးအတွက် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် (Construction and Housing Development Bank Public Company Limited(CHDB))ကို ဇူလိုင် ၁၅ ရက်က ရန်ကုန်မြို့ရှိ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနရုံးတွင် ဖွင့်လှစ်ခဲ့ကြောင်းလည်း သိရသည်။

''အခုဖွင့်လှစ်ထားတဲ့ Public Company Limited ရုံးခန်းဖွင့်ထားတဲ့ နေရာမှာ ဘဏ်ခွဲတစ်ခုဖွင့်ဖို့ ကြိုးစားနေပါတယ်။ အဲဒီဘဏ် ရုံးခွဲဖွင့်ပြီးတော့ ဘဏ်လုပ်ငန်းနဲ့ ပတ်သက်တဲ့ ရှယ်ယာဝယ်တာတွေ လုပ်နိုင်အောင်၊ တစ်လလောက်အတွင်း ဖွင့်လှစ်နိုင်အောင် ကြိုးစားနေပါတယ်။ ဘဏ်ခွဲဖွင့် ဖို့အတွက် ဘဏ်လုပ်ငန်းနဲ့ ပတ်သက်တာတွေကို အသေးစိတ် ပြင်ဆင်နေပါတယ်'' ဟုလည်း ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် အများပိုင် ကုမ္ပဏီလီမိတက်မှ မန်နေဂျင်းဒါရိုက်တာ ဦးဝင်းဇော်က ပြောကြားသည်။

ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်မှ အစုရှယ်ယာများကို အနည်းဆုံး ကျပ် ၁၀၀၀၀ ဖြင့် အစုရှယ်ယာ ၁၀ သန်းအထိ ရောင်းချသွားမည် ဖြစ်ကြောင်းနှင့် အဆိုပါ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် လုပ်ငန်းတွင် အစိုးရ၀န်ထမ်း၊ ပုဂ္ဂလိက လုပ်ငန်းမှ ၀န်ထမ်းများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များအပြင် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှု များကိုပါ ရှယ်ယာထည့်ဝင် နိုင်မည်ဖြစ်ကြောင်းလည်း ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ သိရသည်။

''၀င်ငွေနည်းတဲ့ သူတွေကို တစ်သက်မှာ အိမ်ရော တိုက်ခန်းရော ပိုင်ဆိုင်နိုင်ဖို့ အတွက် နှစ်ရှည်ချေးငွေစနစ် (long term loan)နဲ့ နှစ် ၂၀ ကနေ နှစ် ၃၀ အတွင်း ပြန်လည်ပေးဆပ်နိုင်တဲ့ ငွေကြေးစနစ်တစ်ခု (Financial System) ထူထောင် ဆောင်ရွက်နိုင်မှ အဆင်ပြေနိုင်မယ်လို့ ယူဆပြီး အခုလို အများပိုင် ကဏ္ဍတစ်ခု ထူထောင်ဖို့အတွက် ပထမအဆင့် အနေနဲ့ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် အများပိုင်ကုမ္ပဏီ လီမိတက်ကို စတင်ထူထောင်ခြင်း ဖြစ်ပါတယ်'' ဟု ဆောက်လုပ်ရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်က ကုမ္ပဏီစတင် ဖွင့်လှစ်သည့် ဇူလိုင် ၁၅ ရက်က ပြောကြားခဲ့သည်။

Eleven Media Group

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...