Saturday, August 24, 2013

ပြည်သူ့လွှတ်တော်တွင် တပ်မတော်သားကိုယ်စားလှယ်များနှင့် ကြံ့ခိုင်ရေး ကိုယ်စားလှယ်များ အပြန် အလှန် အငြင်းပွားရာမှ လွှတ်တော်ဟာ စစ်တပ် မဟုတ်ဘူး ဟု ထုတ်ဖော်ပြောကြား


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တင်သွင်းခဲ့တဲ့ `လွှတ်တော် ကိုယ်စား လှယ် တာဝန်မှ ရုပ်သိမ်း ခြင်းဆိုင်ရာ ဥပဒေကြမ်း´ ဆိုင်းငံ့ထားဖို့ ပြည်သူ့လွှတ်တော်က ဒီနေ့ ဆုံးဖြတ်ခဲ့ပါတယ်။

ရွေးကောက်ပွဲကော်မရှင်က တင်သွင်းထားတဲ့ ဥပဒေကြမ်းနဲ့ပတ်သက်ပြီးတော့ ဥပဒေကြမ်းကော်မတီနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေးရာမှာ မဲဆန္ဒရှင်တစ်ရာခိုင်နှုန်းက လက်မှတ်ထိုးတိုင်ရုံနဲ့ လွှတ်တော်ကိုယ်စားလှယ် တွေ တာဝန် ရုတ်သိမ်းခံရမှာဖြစ်တဲ့အတွက် တရားမျှတမှုမရှိဆိုတဲ့ သဘော မျိုး ဆွေးနွေးသွားတာတွေ့လိုက်ရပါတယ်။

၃၀-၈-၂၀၁၂ ရက်ထုတ် သတင်းစာတွေမှာဖော်ပြထားတဲ့ လွှတ်တော် ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းမှာတော့ ကိုယ်စားလှယ်ကို တာဝန်က ပြန်လည်ရုပ်သိမ်း ရာမှာ မဲဆန္ဒရှင် တစ်ရာခိုင်နှုန်းက လက်မှတ် ရေးထိုးတင်ပြလျှင် ကော်မရှင်က အဖွဲ့ဖွဲ့၍ စစ်ဆေးမည်။ ထိုသို့ စစ်ဆေးပြီး ပြည်သူများ ၏တောင်းဆိုချက် မှန်ကန်ကြောင်းတွေ့ရှိလျှင် မူလမဲဆန္ဒနယ်မြေတွင် ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးပြီးတော့ မဲဆန္ဒပေးသူ၏ ထက်ဝက်ကျော်က ရုပ်သိမ်းဖို့ ထောက်ခံ မှသာ ဖြုတ်ချနိုင်မယ်လို့ ဖော်ပြထားပါတယ်။

ကြံ့ခိုင်ရေးကိုယ်စားလှယ်အများစုပါဝင်တဲ့ ဥပဒေကြမ်းကော်မတီက တင်သွင်းတဲ့ အစီရင်ခံစာမှာ အဓိက အားဖြင့် အောက်ပါအချက်များ ပါဝင်ပါတယ်-
(၁) ရွေးကောက်ပွဲကော်မရှင်က တင်လာတဲ့ ဥပဒေကြမ်းဟာ မဆလခေတ် ကဟာကို ကိုးကား ထားတယ်။ တစ်ပါတီစနစ်မှာပဲ ကျင့်သုံးတယ်။ အခုက ပါတီစုံခေတ်ရောက်နေပြီ။ မလျော်ညီတော့ဘူး။

(၂) ၁% ဆိုတာကတော့ နည်းလွန်းတယ်။ နိုင်ငံတကာမှာ ဖြုတ်ချတဲ့ဟာတွေက ၁% မကဘူး။

(၃) လောလောဆယ် အခြေခံဥပဒေပြင်ဆင်ရေး သုံးသပ်နေတယ်။ ဒီတော့ ဒီဟာကိုလည်း ဆိုင်းငံ့ ထားသင့်တယ်။

ဒီတော့ တပ်မတော်သားကိုယ်စားလှယ်(၃)ဦးက ထပြီး ကန့်ကွက်ခဲ့ပါတယ်။ တပ်မတော်သား ကိုယ်စား လှယ်တွေကတော့ အောက်ပါအတိုင်း ချေပသွားခဲ့ ပါတယ်-

(၁) ၄၇ အခြေခံဥပဒေ၊ ၇၄ အခြေခံဥပဒေ၊ ၂၀၀၈ အခြေခံဥပဒေ (၃)ခေတ်စလုံးမှာပါတယ်။ ဒီတော့ တစ်ပါတီစနစ်မှာပဲ သုံးတယ် ဆိုတာ မဟုတ်ဘူး။

(၂) ၁% ဆိုပေမယ့် ကော်မရှင်က တင်တဲ့ ဥပဒေကြမ်းအရ ၅၀% နဲ့ ဖြုတ်ချမှ ပြုတ်မှာ။ သတ္တိရှိရှိ လုပ်ပါ။ မကြောက်ပါနဲ့။

(၃) အခြေခံဥပဒေမှာ သမ္မတနဲ့ ဒုသမ္မတတွေ ဖြုတ်ချရင် စွပ်စွဲပြစ်တင်လို့ ရတယ်။ လွှတ်တော် ကိုယ်စားလှယ်တွေကို ဖြုတ်ချချင်ရင် ဒီအခွင့်အရေးပဲ ရှိတယ်။

(၄) အခုဆိုရင် (၂)နှစ်ခွဲကျော်လာပြီ။ အခြေခံဥပဒေက ပေးထားတဲ့ ပြည်သူတွေရဲ့ အခွင့်အရေးကို ပိတ်ပင်ခြင်းမပြုသင့်ဘူး။ အခြေခံဥပဒေက ပေးထားတဲ့အခွင့်အရေးကို ပိတ်ပင်တာဟာ အခြေခံဥပဒေ ကို ကျော်လွန်ရာရောက်နိုင်တယ်။

ဒီမှာပဲ ဦးမောင်တိုး ဆိုတဲ့ မင်းလှမြို့နယ် ကြံ့ခိုင်ရေးအမတ်က သူလည်း တပ်မတော်သားဟောင်း ဖြစ်ကြောင်း ပြောပါတယ်။ လွှတ်တော်ဥက္ကဌဟာ တင်လာတဲ့ ဥပဒေကြမ်းတွေကို ဆွေးနွေးချင် ဆွေးနွေးမယ်၊ မဆွေးနွေးချင် မဆွေးနွေးဘူး ဆိုပြီး ပြောပါတယ်။ ပြီးတော့ ရွေးကောက်ပွဲ ၀င်ပြိုင်ရတာ မလွယ်ပါဘူး လို့ ပြောပါသေးတယ်။ “လွှတ်တော်ဟာ စစ်တပ်မဟုတ်ဘူး” ကိုယ်စားလှယ်တွေ လွတ် လွတ်လပ်လပ် နေမယ် လို့ ပြောခဲ့ပါတယ်။
တပ်မတော်သားကိုယ်စားလှယ်တစ်ဦးက တပ်မတော်ဟာ အခြေခံဥပဒေအရ ၀င်ထိုင်နေတာ ဖြစ်တယ်၊ တပ်မတော်ဟာ အမျိုးသားနိုင်ငံရေးကို လုပ်နေတာ ဖြစ်တယ်။ လစ်ဘရယ်နဲ့ ကွန်ဆာဗေးတစ် အစွန် ရောက်လို့ မရဘူး။ စည်းကမ်း ဆိုတာ ရှိတယ် ဆိုပြီး ပြောတယ်။ လွတ်လပ်ချင်တိုင်း လွတ်လပ်လို့ မရဘူး လို့ ချေပပါတယ်။ အခြေခံဥပဒေကို ဦးတည်ပြီး ဆွေးနွေးဖို့ လိုပါတယ်။ ဦးမောင်တိုးရဲ့ ဆွေး နွေးချက်တွေဟာ လွှတ်တော်ဥပဒေ၊ နည်းဥပဒေတွေနဲ့ မညီ ဘူး လို့ ချေပပါတယ်။

တစ်လောက တပ်မြေသိမ်းကိစ္စတွေ ပြောရာမှာ အတားခံရတဲ့ ရခိုင်ပြည်နယ်က လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က ဆိုင်းငံ့ဖို့ ထောက်ခံကြောင်း ထပြီး ပြောတယ်။

နောက်ဆုံးမှာ လွှတ်တော်အဆုံးအဖြတ် ယူတဲ့အခါ ဆိုင်းငံ့ထားဖို့ အတည်ပြုလိုက်ကြပါတယ်။ လွှတ်တော်အမတ်တွေကို ဖြုတ်ချဖို့ ရွေးကောက်ပွဲ ကော်မရှင်ကို တင်ပြထားတာ လေးငါးဦး ရှိတယ် လို့ သိရပါတယ်။ ဒီထဲမှာ အငြင်းပွားဖွယ် ဖြစ်နေတဲ့ ကြံ့ခိုင်ရေးပါတီက ဘင်္ဂါလီအမတ်(၃)ဦးလည်း ပါဝင်တယ်လို့ သိရပါတယ်။

အခုတော့ အဲဒီဥပဒေကြမ်းကို ဆိုင်းငံ့ထားဖို့ ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်ပြီဖြစ်တဲ့အတွက် မဲဆန္ဒရှင်တွေက လွှတ်တော် ကိုယ်စားလှယ်တွေက သူတို့အကျိုးစီးပွားအတွက် လုပ်ပေးသည်ဖြစ်စေ၊ မလုပ်ပေးသည်ဖြစ်စေ ဘာမှလုပ်လို့မရတော့ပါဘူး။ ဒီတော့ ကိုယ့်မဲဆန္ဒနယ်အကျိုး၊ နိုင်ငံအကျိုးကို ကိုယ်စွမ်းဥာဏ်စွမ်း ရှိသမျှ လုပ်ကိုင်ဆောင်ရွက်နေတဲ့ ကိုယ်စားလှယ်မျိုးကို ရထားတဲ့ မဲဆန္ဒရှင်တွေ အတွက် ပြဿနာမရှိပေမယ့် မိမိမဲဆန္ဒနယ်အကျိုး၊ နိုင်ငံအကျိုးထက် မိမိအကျိုး၊ ခရိုနီတွေ အကျိုးကို အားကြိုးမာန်တက် သယ်ပိုးမယ်ဆိုတဲ့ ပြည်သူ့ကိုယ်စားလှယ်တော်ကြီးများ ရထားတဲ့ မဲဆန္ဒရှင်များ အတွက်တော့ စိတ်မကောင်းစရာပါ။

ပြီးတော့ အခြေခံဥပဒေမှာ တရားဝင် ပြဌာန်းထားတဲ့ ပြဌာန်းချက်တွေကို လွှတ်တော်က မျက်ကွယ်ပြုပြီး အခုလို လုပ်ကိုင်ဆောင်ရွက်ခဲ့တာဟာလည်း ဒီမိုကရေစီအတွက် အန္တရာယ်များတဲ့ သာဓကတွေ ဖြစ်လာနိုင်ပါတယ်။ အဓိကအားဖြင့် တပ်မတော်သား ကိုယ်စားလှယ်တွေကို ငါတို့က ရွေးကောက်ခံ ဆိုပြီး ပြောတဲ့ ဦးမောင်တိုးနဲ့ ဦးဘရှိန်တို့ပါပဲ။ ဦးမောင်တိုး ဆိုရင် တပ်မတော်သား ဟောင်း သတ္တုတွင်းဝန်ကြီးဌာနမှာ ပုလဲအမ်ဒီ လုပ်သွားခဲ့တာ လို့ ဆိုပါတယ်။ ကြံ့ခိုင်ရေးပါတီ အနိုင် ရရှိခဲ့တယ် ဆိုတာဟာလည်း ဒီကနေ့အထိ အငြင်းပွားဖွယ်ရာ ဖြစ်နေတုန်းပါပဲ။ အဓိကအားဖြင့် တပ်မတော်က စိတ်ကြိုက်ဖန်တီးပေးခဲ့တာ ဖြစ်ပါတယ်။ အခုတော့ ဒီလူတွေကို စင်ပေါ်တင်ပေးခဲ့တဲ့ တပ်မတော်ကို လွှတ်တော်ဟာ စစ်တပ် မဟုတ်ဘူး ဆိုတဲ့ စကားတွေ ပြောလာတဲ့အထိ ဖြစ်လာတာ ကတော့ စိတ်မကောင်းစရာပါ။ မြန်မာ့ဒီမိုကရေစီခရီးကတော့……….စောင့်ကြည့်ကြပါစို့။

( မြန်မာ့နိုင်ငံရေးဆောင်းပါးများ)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...