Saturday, August 24, 2013

ပရဟိတနိုင်ငံတော်

        နှမ်းတစ်စေ့ဖြင့် ဆီမဖြစ်သော်လည်း နှမ်းစေ့တစ်စေ့ချင်း ပေါင်းစပ်လိုက်ပါမှ ဆီဆိုသော အကျိုးရလဒ်ထွက်ပေါ်လာမည်ဖြစ်ပါသည်။ စီနီယာတစ်ယောက်ပြောဘူးသော စကားတစ်ခွန်းအရ ဖယောင်းတိုင် တစ်တိုင်တည်းဖြင့် လောကကြီးတစ်ခုလုံး မလင်းလက်နိုင်သော်လည်း ထိုဖယောင်းတိုင်နှင့် လက်တစ်ကမ်း အနီးဝန်းကျင်အတွက်တော့ ထွန်းလင်းတောက်ပနေမည်သာ ဖြစ်၏။ 
        ဆရာဖေမြင့်၏ နှလုံးသားအာဟာရ ရသစာစုများ အနက်မှ ဇာတ်လမ်းလေးတစ်ခုကို အမှတ်ရမိသည်။ လူတစ်ယောက်က ပင်လယ်ကမ်းခြေတစ်လျှောက် ရေလှိုင်းနှင့်အတူ မျောပါလာပြီး ကမ်းပေါ်သို့တင်ကျန်လာသော ငါးသေးအမွှား ရေသတ္တ၀ါလေးများကို တစ်ကောင်ချင်းကောက်ပြီး ပင်လယ်ထဲသို့ ပြန်လွှတ်ပေးနေသည်ကိုမြင်တော့ အခြားလူတစ်ယောက်က ဘာကြောင့်များ အပင်ပန်းခံနေရသလဲ၊ ကမ်းခြေတစ်လျှောက် မရေမတွက်နိုင်သည့် ငါးအများကြီးအတွက် ဘာများ အကျိုးထူးသွားပါ့မလဲဟု ပြက်ရယ်ပြုပြောဆိုသည်။ အဆိုပါ ငါးလွှတ်သည့် လူက အပြုံးမပျက်ပဲ စကားတစ်ခွန်းတည်းပြန်ပြောခဲ့သည် သူအခုလိုလုပ်နေတာ ကမ်းခြေတစ်လျှောက်လုံးက ငါးအများကြီးအတွက် အကျိုးမထူးနိုင်ပေမယ့် သူလွှတ်ပေးလိုက်လို့ ရေထဲပြန်ရောက်သွားတဲ့ ငါးတစ်ကောင်အတွက်တော့ ဘ၀ကြီးတစ်ခုလုံးအတွက် အကျိုးထူးသွားသည်မဟုတ်ပါလား တဲ့လေ။ 
       လက်တလော ကျနော်တို့နိုင်ငံတွင် ပရဟိတအဖွဲ့များ၏ လှုပ်ရှားမှုများ ခပ်စိတ် စိတ် တွေ့လာရသည်။ အဆိုပါ ပရဟိတအဖွဲ့လေးများတွင် အဓိကပါဝင်လှုပ်ရှားနေကြသူများမှာ လူငယ်များအများစုဖြစ်ကြသည်။ ၀မ်းမြောက်ဖွယ်ရာပင်ဖြစ်သည်။ ဆယ်ကျော်သက် အရွယ်၊ နှစ်ဆယ်ဝန်းကျင် တက္ကသိုလ်ကျောင်းသား၊ကျောင်းသူ အရွယ်တို့ မိမိတတ်စွမ်းသမျှ ပရဟိတ လုပ်ငန်းများ လုပ်ဆောင်နေကြသည်ကို တွေ့မြင်နိုင်သည်။ မိမိတို့တတ်စွမ်းသမျှ ဆိုရာတွင် နွမ်းပါးချို့တဲ့သည့် အောက်ခြေလူတန်းစား မိဘပြည်သူတို့ကို အခမဲ့ ဇီဝိတဒါန ဆေးကုသမှု ပေးကြသည်၊ သွေးလှူဒါန်းကြသည်၊ ကျန်းမာရေးအသိ ပညာ များ ဖြန့်ဝေပေးကြသည်။ မိဘမဲ့ကလေးသူငယ်များ၊ ကျောင်းပညာရေး ဆက်လက်သင်ကြားရန် အခက်အခဲ ရှိကြသည့် ဆင်းရဲသား ကျောင်းသားလူယ်တို့အတွက် ပညာဒါန စာသင်ကြားပေးကြသည်၊ ပညာသင်ထောက်ပံ့စရိတ်နှင့် စာရေးကိရိယာအစရှိသည့် လိုအပ်ချက်များကို တတ်စွမ်း သမျှ ဖြည့်ဆည်းပေးကြသည်။ အာဟာရငတ်မွတ်ရှားပါးနေကြသူများအတွက် စားရေရိက္ခာ များ ဝေမျှပေးကမ်းကြသည်။ သဘာဝဘေးအန္တရာယ်၊ စစ်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးခဲ့ရသူများ အတွက် ကူညီဖေးမပေးကြသည်။ နာရေးကူညီမှုအသင်းကဲ့သို့သော လူမှုရေးကူညီမှု များ ပြုလုပ်လာကြသည်။
      ကျနော်တို့နိုင်ငံ၏ အတိတ်သမိုင်းကြောင်းကို ပြန်ပြောင်းကြည့်လျှင် ပဒေသရာဇ်စနစ် ချုပ်ငြိမ်းပြီး ဗြိတိသျှနယ်ချဲ့တို့၏ သူ့ကျွန်လက်အောက်တွင် အနှစ်တစ်ရာကျော်၊ လွတ်လပ်ရေးရပြီး ပါလီမန် ဒီမိုကရေစီစနစ် ၁၀နှစ်ခန့်၊ တစ်ပါတီစနစ်ကျင့်သုံးမှုအောက်တွင် ၂၆နှစ်ခန့်၊ တပ်မတော်အုပ်ချုပ်မှုအောက်တွင် ၂၃နှစ်ကျော်ကြုံတွေ့ခဲ့ရပြီး၊ ဒီမိုကရေစီခရီးလမ်းပေါ်သို့ စတင်လျှောက်လှမ်းခဲ့သည်မှာ နှစ်နှစ်ကျော်ခဲ့ပြီဖြစ်သည်။ ဆိုလိုချင်သည်မှာ ယနေ့အချိန်ကာလသည် ကြုံတွေ့ခဲ့ရသော ခေတ်စနစ်မျိုးစုံ၊ အတွေ့အကြုံတို့ဖြင့် နိုင်ငံကို ပြန်လည် တည်ထောင် နေချိန်ဖြစ်သည်။ တစ်ချိန်က ကိုယ်နှင့်တန်းတူ၊ ကိုယ့်အောက်မှ အိမ်နီးချင်းနိုင်ငံတို့သည် အရှိန်အဟုတ်လျင်မြန်စွာဖြင့် ကျနော်တို့နိုင်ငံကို ကျော်ဖြတ်သွားကြပြီ။ ကျနော်တို့နိုင်ငံမှာတော့ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံစာရင်းမှ ယခုထိရုန်းမထွက်နိုင်သေး။ ခေတ်ဆိုး၊ စနစ်ဆိုး၊ အုပ်ချုပ်သူတို့၏ မှားယွင်းသော စီမံခန့်ခွဲမှု၊ အဂတိလိုက်စားမှု စသည့်အကြောင်းအရာမျိုးစုံ၊ အချက်အလက်များစွာ တို့ကြောင့်ဟု ခေါ်ဆိုနိုင်ပါသည်။
    သို့သော် တစ်ခုစဉ်းစားရန်မှာ အတိတ်မှကိစ္စတို့သည် အတိတ်တွင်ကျန်ရစ်ခဲ့ပြီ။ အတိတ်ကို မေ့ပျောက်ဖို့မဆိုလိုပါ၊ အတိတ်သမိုင်းသည် မေ့ပျောက်ဖို့မဟုတ်ပါ၊ အတိတ်သမိုင်းမှ ကောင်းမွေ ဆိုးမွေများကို နမူနာယူ၊ အတူယူပြီး ရှေ့ဆက်ပြီး ယခင်ကလို ခေတ်၊စနစ် အခြေအနေဆိုးများ ထပ်မံမပေါ်ပေါက်လာအောင် မည်သို့မည်ပုံ တားဆီးကြမည်နည်း။ ကျနော်တို့ အတိတ်ကို သင်ခန်းစာယူ၍ အနာဂတ်ကို မည်သို့ထုဆစ်ပုံဖော်ကြမည်နည်း။ သို့တည်းမဟုတ် အနာဂတ်အတွက် အစီအစဉ်များမချမှတ်မီ အတိတ်ကအကြောင်းအရာ ဒဏ်ရာဒဏ်ချက်တို့ကို ပြန်လည် အနာဟောင်းဆွပြီး လုပ်စရာရှိသည်တို့ မလုပ်နိုင်သေးပါက ရှေ့ခရီးလမ်း နှောင့်နှေးနေပေလိမ့်မည်။ အဓိကသည် အလုပ်မဖြစ်ခဲ့သည်တို့ကို ပြန်ပြောင်းပြောဆိုနေချိန်မဟုတ်တော့၊ ရှေ့လျှောက် အလုပ်ပြီးမြောက်အောင်မြင်ရန်သာ အဓိက ပဓါနဖြစ်သည်။
        ကျနော်တို့နိုင်ငံသည် စာမျက်နှာများပေါ်တွင် ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံဟုသာ စကားလုံးလှအောင် သုံးထားသော်လည်း တကယ်တော့ ဖွံ့ဖြိုးတိုးတက်ဖို့ အတော့်ကို လိုအပ်ချက်တွေ ရှိနေသေးသည့် နိုင်ငံတစ်နိုင်ငံသာဖြစ်ပါသည်။ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးပိုင်းဆိုင်ရာ စသည့် နေရာတိုင်းတွင် လိုအပ်ချက်များရှိနေသည်။ အဆိုပါ လိုအပ်ချက် ကွက်လပ်များကို နိုင်ငံ့ရင်သွေး လူငယ်တို့၏ ပရဟိတအဖွဲ့လေးများဖြင့် တတ်စွမ်းသမျှ ဖြည့်ဆည်းပေးနေခြင်းသည်ကား ၀မ်းမြောက်ဂုဏ်ယူဖွယ်ပင်ဖြစ်သည်။
   မိမိတို့ပတ်ဝန်းကျင်မှ လိုအပ်ချက်ကလေး တစ်ခုကို ဖြည့်ဆည်းပေးချင်း သည်ပင် လျှင် နိုင်ငံကိုကျေးဇူးဆပ်ခြင်း မည်ထိုက်ပေသည်။ပရဟိတအဖွဲ့အစည်းတစ်ခုကို ဖွဲ့စည်းဆောင်ရွက်ရန် သိပ်မခက်ခဲပါ၊ ပရဟိတအလုပ်လုပ်ဆောင်ရန်လည်း မခက်ခဲပါ၊ မိမိတို့ စတင်ခဲ့သော ပရဟိတ အသိုက်အ၀န်းလေးတစ်ခု ရေရှည် တည်တံ့ခိုင်မြဲစေရန်သာ ခက်ခဲပါသည်။ အောင်မြင်ပြီး ရေရှည် တည်တံ့သော ပရဟိတအဖွဲ့တစ်ခုအတွက် မရှိမဖြစ်လိုအပ်ချက်များမှာ ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှုအတတ်ပညာတို့နည်းတူ ပရဟိတစိတ်ဓါတ်ရှိသူချင်း ညီညွှတ်ခြင်း စွမ်းပကားတို့ပင်ဖြစ်သည်။ သူတစ်လူငါတစ်မင်း ခေါင်းဆောင်မှုကင်းမဲ့ကာ ကိုယ်သန်ရာ ကိုယ့်အတ္တနှင့် ယှဉ်ပြီးလုပ်ဆောင်ကြပါက ကောင်းသောရည်ရွယ်ချက်ပင်ဖြစ်လင့်ကစား ရေရှည်တည်တံ့ခိုင်မြဲသော ပရဟိတအဖွဲ့ကောင်းတစ်ခုဖြစ်မလာနိုင်ပါ။ 
  အစိုးရသည် နိုင်ငံတစ်နိုင်ငံ၏ မိဘအုပ်ထိန်းသူတစ်ယောက်ဖြစ်သည်။ သားသမီးဖြစ်သော ပြည်သူလူထု၏ အရေးကိစ္စတို့သည် မိဘဖြစ်သော အစိုးရတွင်တာဝန်ရှိသည် မှန်ပါသည်။ ထိုသားသမီးတို့သည်လည်း မိဘကိုချည်းအားကိုးနေ၍မဖြစ်သေး။ မိဘမတတ်နိုင်သည့် ကိစ္စအ၀၀တို့ကို တတ်နိုင်သည့် သားသမီးတို့က မတတ်နိုင်သည့် သားသမီးတို့အတွက် တတ်စွမ်း သမျှ ဖြည့်ဆည်းပေးနိုင်လျှင် ထိုမိသားစု အခြေအနေ သာယာစိုပြည်မနေနိုင်ဘူးလား။ ပရဟိတလုပ်ငန်း များကို လုပ်ဆောင်နေသူတို့သည် အစိုးရ၏ လုပ်ငန်းဆောင်တာတို့ကို ပိုမိုထိရောက်အောင်မြင်စေရန် တစ်ဖက်တစ်လမ်းမှ ကူညီစွမ်းဆောင်ပေးနေသူများပင် မဟုတ်ပါလား။ ထိုသူတို့ကိုလည်း အစိုးရအနေဖြင့် အသိအမှတ်မပြုသင့်ပေဘူးလား။ လိုအပ်သည်တို့ကို တတ်နိုင်သည့်ဘက်မှ လမ်းညွှန်မှု၊ ကူညီစောင့်ရှောက်မှုတို့ မပြုသင့်ပေဘူးလား။ အဆိုပါ ပရဟိတအဖွဲ့တို့အတွက် ၀န်ထုပ်ဝန်ပိုး ကဲ့သို့ဖြစ်စေမည့် ဥပဒေ၊တားမြစ်ချက်များကို သက်ညှာစွာဖြင့် နားလည်မှုပေးပြီး စဉ်းစားသင့်ပါသည်၊ ပရဟိတလုပ်ငန်းများ ကျယ်ပြန့်စွာ အောင်မြင်နိုင်စေရန် အားပေးလုပ်ဆောင်သင့်ပါသည်။
 
     နိုင်ငံအ၀ှမ်း လူငယ်ကျောင်းသားတို့ စိတ်နှလုံးတွင် ပရဟိတစိတ်ဓါတ်များ ငယ်စဉ်ကတည်းက ကိန်းဝပ်ရှင်သန်နေရန်လိုအပ်ပါသည်။ မိရိုးဖလာဗုဒ္ဓဘာသာဝင်တို့အတွက် ပရဟိတစိတ်ဓါတ်များ ရှင်သန်စေရန်အတွက်မခက်ခဲလှပါ။ သုံးလောကထွတ်ထား မြတ်ဘုရားကိုယ်တော်တိုင်သည်ပင် ပရဟိတသမားတစ်ယောက်မဟုတ်ပါလား။ မြန်မာ့စိတ်ရင်းသည် ဖြူစင်ပြီးသား၊ မြင့်မြတ်ပြီးသားဖြစ်သလို
 မြန်မာ့စိတ်ဓါတ်သည် တစ်ခါတစ်ရံ ဗိုလ်ချုပ်ပြောခဲ့သလိုပင် မနာလိုတတ်၊ ၀န်တိုတတ်၊ စိတ်ပျက်အားလျော့တတ်၊ စည်းလုံးမှုပြိုကွဲတတ်သည်၊ ပန်းတိုင်မရောက်မီ တက်ထောင်တတ်သည်။ မိမိ၏ အတ္တနှင့် ပရစိတ်ဓါတ်တို့ကို မျှတစွာ ချင့်ချိန်သုံးသပ် သင့်ပါသည်။ လူတစ်ဦးချင်းစီ၏ ပင်ကိုယ်စိတ်ဓါတ် ကောင်းမွန်မှုတို့ဖြင့် ပရဟိတအဖွဲ့ကောင်းတစ်ခု မှသည် ပရဟိတနိုင်ငံတော်အဖြစ် ကမ္ဘာ့အလည်တွင် ဂုဏ်ရှိန်တင့်တယ်နိုင်ပေတော့မည်။
 ကိုရွှေ
 

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...