Tuesday, August 13, 2013

ရေထွက်ပို့ကုန် တိုးမြှင့် တင်ပို့ရေး စီမံချက် ရေးဆွဲမည်

Tuesday, August 13, 2013

အမျိုးသားပို့ကုန် မဟာဗျူဟာအရ ရေထွက်ကုန် ပစ္စည်းများကို ပြည်ပသို့ ပို့ကုန် တိုးမြှင့် တင်ပို့နိုင်ရန် အတွက် စီမံချက် ရေးဆွဲမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ကုန်သွယ်မှု မြှင့်တင်ရေး ဦးစီးဌာန၏ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးက ပြောကြားသည်။

အမျိုးသားပို့ကုန် မဟာဗျူဟာ သတ်မှတ်ရာတွင် ပါဝင်သော ဆန်၊ ပဲ မျိုးစုံ၊ နှမ်း၊ ရော်ဘာ၊ ရေထွက်ကုန်နှင့် အထည်လိပ် ကုန်ပစ္စည်း ခြောက်မျိုး ကို အမျိုးသားအဆင့် ပို့ကုန် မဟာဗျူဟာအဖြစ် သတ်မှတ်ပြီးနောက်တွင် ယင်းသို့ ရေထွက် ပို့ကုန်များကို တိုးမြှင့် တင်ပို့ရေး စီမံချက် ရေးဆွဲရန် စီစဉ်လာခြင်း ဖြစ်သည်။

ရေထွက်ကုန် ပို့ကုန်ဝင်ငွေ ပိုမို ရရှိရန် ဆောင်ရွက်ရာတွင် အမျိုးသား အဆင့် ရေထွက်ပို့ကုန် တိုးမြှင့် တင်ပို့ရေး စီမံချက်ကို ဦးစွာ ရေးဆွဲ ရမည် ဖြစ်ပြီး ယင်းသို့ ရေးဆွဲရန်အတွက် ကော်မတီ တစ်ရပ် ဖွဲ့စည်း မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရေထွက်ပစ္စည်း ထုတ်လုပ်သူများနှင့် ပို့ကုန် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါ်တိုးနန္ဒာတင်က ပြောကြားသည်။

“စီမံချက် ရေးဆွဲဖို့အတွက် အစိုးရနဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေ ပါဝင်တဲ့ ကော်မတီ ဖွဲ့ဖို့ လုပ်နေပါ တယ်” ဟု ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးက ဆိုသည်။

အဆိုပါ ကော်မတီတွင် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ အဖွဲ့ဝင် ၁၀ ဦးနှင့် မြန်မာ့ ရေလုပ်ငန်း ကဏ္ဍမှ အဖွဲ့ဝင် ၁၅ ဦး စုစုပေါင်း ကော်မတီ အဖွဲ့ဝင် ၂၅ ဦး ပါဝင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်၏ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အဆိုပါကော်မတီ ရေးဆွဲရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် သြဂုတ်လ ပထမပတ်တွင် တွေ့ဆုံ ညှိနှိုင်းခဲ့သည်ဟု အဏ္ဏ၀ါဒေဝီ အအေးခန်းလုပ်ငန်း ပိုင်ရှင် လည်းဖြစ်သူ ဒေါ်တိုးနန္ဒာတင်က ဆိုသည်။

“ဒီကော်မတီမှာ လုပ်နိုင် ကိုင်နိုင် ပြောနိုင် ဆိုနိုင်တဲ့ လူတွေပဲ လိုပါတယ်။ အဖွဲ့ အသီးသီးကလည်း တော်ရိလျော်ရိ လူတွေကို ကော်မတီထဲမှာ အဖွဲ့ဝင်အဖြစ် မထည့်ကြပါနဲ့။ ဒါက ကိစ္စ သေးသေးလေး မဟုတ်ဘူး။ နိုင်ငံတော်အဆင့် လုပ်ရတဲ့ကိစ္စ ဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

ရေထွက်ကုန် တိုးမြှင့် တင်ပို့ရေး စီမံချက် ရေးဆွဲရေး ကော်မတီတွင် ရေ လုပ်ငန်း နယ်ပယ်တိုင်းရှိ ဆက်စပ်သော အသင်းအဖွဲ့တိုင်းမှ တာဝန်ရှိသူ များကို ပါဝင်စေလိုကြောင်း ရေထွက်ပို့ကုန် လုပ်ငန်းရှင်များက တညီတညွတ် တည်း ပြောကြားသည်။

ပြီးခဲ့သည့် တပ်မတော် အစိုးရ လက်ထက်က စီးပွားရေး မြှင့်တင်မှု စီမံချက် များကို ရေးဆွဲခဲ့သော် လည်း မြန်မာ့ စီးပွားရေး တိုးတက်မှု မရှိခဲ့ခြင်းကြောင့် အသစ် ရေးဆွဲမည့် အမျိုးသားအဆင့် ပို့ကုန် မဟာဗျူဟာကို စနစ်တကျ ရေးဆွဲရန် လိုအပ်ကြောင်း ရေထွက် ပို့ကုန် လုပ်ငန်းရှင် အချို့က သတိပေး ပြောကြားသည်။

မြန်မာ့ ရေလုပ်ငန်း ကဏ္ဍသည် လက်ရှိ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် အတွက် ရေထွက် ပို့ကုန် ရငွေ အမေရိကန် ဒေါ်လာ သန်း ၇၀၀ ရရှိရန် မျှော်မှန်းထားရာ ဘဏ္ဍာနှစ်အစ ဧပြီလ ၁ ရက်နေ့မှ ဇူလိုင်လ ၂၈ ရက်နေ့အထိ အမေရိကန် ဒေါ်လာ ၁၆၇ သန်းခန့် တင်ပို့ထားပြီး ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာန၏ စာရင်းများအရ သိရသည်။

ပြီးခဲ့သည့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွက် ရေထွက် ပို့ကုန် တင်ပို့မှုမှ ပို့ကုန် ရငွေ အမေရိကန် ဒေါ်လာ သန်း ၆၅၀ ရရှိခဲ့သည်။

The Voice Weekly

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...