Tuesday, August 13, 2013

ရန်ကုန်တိုင်း စီးပွားရေးမှာ လာမည့် ငါးနှစ်အတွင်း ၈ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်ရန် မှန်းထားပြီး အဓိက ထွက်ကုန်မှာ စက်မှုနှင့် ၀န်ဆောင်မှု လုပ်ငန်းမှဖြစ်နိုင်


ရန်ကုန်တိုင်း ဒေသကြီးအတွင်း စီးပွားရေး အလားအလာမှာ လာမည့် ငါးနှစ်အတွင်း ၈ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်ရန် မှန်းထားပြီး အဓိကထွက်ကုန်မှာ စက်မှုလုပ်ငန်းနှင့် ၀န်ဆောင်မှု လုပ်ငန်းများမှသာ ဖြစ်နိုင်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ ၀န်ကြီးဦးစိုးမင်း၏ ပြောကြားချက်အရ သိရသည်။

ရန်ကုန်တိုင်းအတွင်း အနာဂတ် ရင်းနှီးမြှုပ်နှံမှုများမှာ လာမည့် ငါးနှစ်အတွင်း လျှပ်စစ်ကဏ္ဍ၊ ပို့ဆောင်ရေးကဏ္ဍ၊ ဟိုတယ်လုပ်ငန်း ကဏ္ဍများတွင် ပိုမိုရင်းနှီးမြှုပ်နှံ လာနိုင်ကြောင်း သိရသည်။

''ရန်ကုန်တိုင်းအတွင်း စီးပွားရေး အလားအလာမှာ ၂၀၁၁-၂၀၁၂မှ ၂၀၁၅-၂၀၁၆ အထိ ငါးနှစ်အတွင်း ပျမ်းမျှတိုးတက်မှုနှုန်း ၈ ဒသမ ၄ ရာခိုင်းနှုန်း တိုးတက်လာမယ်လို့ မှန်းဆထားပါတယ်။ ဒီတိုင်းရဲ့ အဓိက ထွက်ကုန်မှာ စက်မှုလုပ်ငန်းနှင့် ၀န်ဆောင်မှု လုပ်ငန်းများသာ ဖြစ်ပါတယ်။ လယ်ယာကဏ္ဍကတော့ ခုနစ်ရာခိုင်နှုန်း လောက်သာ ရှိပါတယ်'' ဟု ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ ၀န်ကြီးဦးစိုးမင်းက ပြောကြားခဲ့သည်။

၂၀၁၅-၂၀၁၆ ခုနှစ်တွင် သီလ၀ါ အထူးစီးပွားရေးဇုန်ကို စတင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကာ စီမံကိန်းကို အပိုင်းနှစ်ပိုင်းခွဲပြီး အကြီးစား စက်မှုလုပ်ငန်းများ ဖြစ်သည့် မော်တော်ကား ထုတ်လုပ်မှု စက်ရုံ၊ လျှပ်စစ်ပစ္စည်း ထုတ်လုပ်သည့် စက်ရုံစသည့် စက်ရုံများကို ဦးစားပေး တည်ဆောက်သွားမည်ဖြစ်ပြီး အထည်ချုပ်စက်ရုံ၊ စားသောက်ကုန် လုပ်ငန်းစက်ရုံနှင့် လူသုံးကုန်လုပ်ငန်း စက်ရုံများကိုလည်း တည်ဆောက်သွားမည် ဖြစ်ကြောင်း ၀န်ကြီးဦးစိုးမင်းက ဆက်လက် ပြောကြားသည်။

အနာဂတ် ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေး အလားအလာများနှင့် ပတ်သက်ပြီး ပို့ဆောင်ကဏ္ဍတွင်လည်း ဆိပ်ကမ်း တည်ဆောက်ရေး လုပ်ငန်းများ တိုးချဲ့ခြင်း၊ ဟိုတယ်လုပ်ငန်း အခြေအနေတွင် ဟိုတယ်တိုးချဲ့ခြင်း များအပြင် အသစ်တည်ဆောက် ခြင်းများကို လျာထားသတ်မှတ်ပြီး လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် စက်မှုကို အခြေခံ ထုတ်လုပ်နေသည့် သစ်အချောထည်ပစ္စည်း ထုတ်လုပ်ခြင်း၊ CMP လုပ်ငန်းများနှင့် စားသောက် ကုန်လုပ်ငန်းများကို အဓိထားပြီး ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ ၀န်ကြီးဦးစိုးမင်းက ပြောကြားသည်။

ရန်ကုန်မြို့ သိမ်ကြီးဈေး တစ်ဝိုက်အား ဇန်န၀ါရီလ အတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ထင်)
Eleven Media Group

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...