Tuesday, August 13, 2013

ထိုင်းသင်္ဘောသီးသုပ်

တစ်ပတ်လုံး ဘာမှမယ်မယ်ရရ မိသားစုနဲ့ မလုပ်စားဖြစ်ပါ။
ဒီရက်ပိုင်း စိတ်ပင်ပန်း၊ လူပင်ပန်းမို့ လုံးဝဘာမှချက်စားချင်စိတ်မရှိဖြစ်တာနဲ့
ဒီနေ့တစ်နေ့လုံးလည်း ၃ နာရီလောက်သာ အိပ်ရသေးတာကြောင့်ရယ်
Food Magazine ကလည်း စာမူပို့တာ
နောက်ကျနေပြီဆိုပြီး ပြောထားတာရယ်ကြောင့် ထိုင်းသင်္ဘောသီးသုပ်လေးပဲ သုပ်စားရင်း စာမူရေးဖြစ်ပါတယ်။ ထိုင်းနိုင်ငံရောက်ရင်ဖြင့် ဒီဟာလေးက
မစားမဖြစ် စားကျတဲ့ အစားအစာတစ်ခုပါနော်။

ပါဝင်ပစ္စည်းများ
.....................
• သင်္ဘောသီးအရွယ်ကောင်းတစ်လုံးခြစ်ပြီးသား
• မုန်လာဥနီ - တစ်လုံး (ခြစ်ပြီးသား)
• ငရုတ်သီးစိမ်း - ၅တောင့် (ပါးပါးလှီးထား)
• ပဲသီး - ၂တောင့်
• ခရမ်းချဉ်သီး - တစ်လုံး
• သံပရာ - တစ်စိတ်
• ပုစွန်ခြောက်ထောင်း - စားပွဲဇွန်း ၂ ဇွန်း
• Papaya Salad Sauce - တစ်ဇွန်း
(မရှိရင် သကြား၁ဇွန်း(အချိုပွဲဇွန်း) ၊ဗနီလာ ၁ ဇွန်း(အချိုပွဲဇွန်း)၊
Sweet Chili တစ်ဇွန်း(အချိုပွဲဇွန်း) ရောပါ)
• ငံပြာရည် - စားပွဲဇွန်း ၂ဇွန်း
• ကြက်သားမှုန့် - နည်းနည်း
• ကြက်သွန်ဆီသတ် - စားပွဲဇွန်း ၁ ဇွန်း
• မြေပဲဆံထောင်း - နည်းနည်း

ပြင်ဆင်စားရန်
..................
• ပဲသီး ၂ တောင့်ကို လက်တစ်ဆစ်ခန့်အနေများ
ဖြတ် ထားကာ ရေနွေးဖျောထားပါ။

• သင်္ဘောသီးအရွယ်ကောင်းတစ်လုံးကိုအချောင်းလေးများခြစ်ထားပါ။

• ငရုတ်ဆုံထဲကို သင်္ဘောသီးနည်းနည်းထည့် မုန်လာဥနည်းနည်းထည့်ကာ
ငရုတ်သီးစိမ်း ပါးပါးလှီးထားတာများထည့်ပါ။ ပုစွန်ခြောက်၊ ကြက်သားမှုန့်၊
ငံပြာရည်ထည့်ကာ ထောင်းပါ။ အရည်ထွက်ရုံ ဖြည်းဖြည်းထောင်းပါ။

• တစ်ခါ နည်းနည်း ထပ်ထည့်ပြီး အထက်ပါနည်းအတိုင်း
သင်္ဘောသီးခြစ်လေးများ တစ်ဝက်ကုန်ထိထောင်းပါ။

• ဇလုံတစ်ခုထဲကို ထောင်းပြီးသားများထည့်ကာ ချန်ထားသော
သင်္ဘောသီးခြစ်လေးများ၊ ပဲသီးတောင့်လေးများ၊ ခရမ်းချဉ်သီးများထည့်ပါ။
ပုစွန်ခြောက်၊ ကြက်သားမှုန့်၊ ငံပြာရည် လိုသလောက် နည်းနည်းစီထည့်ပါ။
သံပရာသီးညှစ်ပါ။

• ကြက်သွန်ဆီသတ် တစ်ဇွန်း၊ Papaya Salad Sauce တစ်ဇွန်းထည့်ကာ
ဇွန်းဖြင့် နှံ့အောင်မွှေပါ။

• ပြီးရင် ပန်းကန်ပေါ်ပြင်ကာ မြေပဲဆံဖြူးပါ။
ရှူးရှဲ ထိုင်းသင်္ဘောသီးသုပ်လေးကို ထမင်းပူပူနဲ့
အလွန်စားလို့ ကောင်းခဲ့ပါတယ်လို့ သတင်းကောင်းပါးချင်ပါတယ်နော်။


...................................
Htet Family's Creation

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...