Tuesday, August 13, 2013

ရွေးကောက်ပွဲရလဒ် အတိုက်အခံ လက်မခံ၍ ကမ္ဘောဒီးယား အကျပ်အတည်း ပိုမို ဆိုးဝါး


13/8/2013

ဇူလိုင်လ ၂၈ ရက်နေ့က ကျင်းပခဲ့သော ကမ္ဘောဒီးယား ရွေးကောက်ပွဲ၌ လက်ရှိ အာဏာရပါတီ အနိုင်ရခဲ့သည်ဟူသည့် ရွေးကောက်ပွဲ ရလဒ်ကို အတိုက်အခံ ပါတီက လက်ခံခြင်း မရှိသောကြောင့် ကမ္ဘောဒီးယား ရွေးကောက်ပွဲ အကျပ်အတည်းမှာ ပိုမို ဆိုးဝါးလာ ခဲ့ပြီ ဖြစ်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

ကမ္ဘောဒီးယား အစိုးရသည် ရွေးကောက်ပွဲ မဲ မသမာမှုများ ရှိသည်ဟူသော စွပ်စွဲချက်များကို ကိုင်တွယ် ဖြေရှင်းခဲ့ခြင်း မရှိမှုကြောင့် ရွေးကောက်ပွဲ ရလဒ်ကို လက်မခံနိုင်ကြောင်း၊ နိုင်ငံတကာ အသိုင်းအဝိုင်း အနေနှင့် လည်း ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ် မပြုကြရန် အတိုက်အခံ Cambodia National Rescue Party (CNRP) က တိုက်တွန်း ပြောကြား သည်။

လက်ရှိ အစိုးရဖြစ်သော ဝန်ကြီးချုပ် ဟွန်ဆန်၏ Cambodian People”s Party (CPP) သည် မဲဆန္ဒနယ် ၂၄ နယ်တွင် ၁၉ နယ်၌ အနိုင် ရရှိခဲ့ကြောင်း ကမ္ဘောဒီးယား အမျိုးသား ရွေးကောက်ပွဲ ကော်မရှင်က တနင်္လာနေ့ အစောပိုင်းက ကြေညာခဲ့သည်။

ကမ္ဘောဒီးယား ရွေးကောက်ပွဲတွင် ပါလီမန် အမတ်နေရာ ၁၂၃ နေရာ ရှိသည့်အနက် လက်ရှိ ဝန်ကြီးချုပ် ဟွန်ဆန်၏ CPP ပါတီက အမတ်နေရာ ၆၈ နေရာ အနိုင်ရခဲ့ပြီး အတိုက်အခံပါတီ CNRP က ၅၅ နေရာ အနိုင် ရရှိခဲ့သည်။

သို့သော် အတိုက်အခံ CNRP က အမတ်နေရာ ၆၃ နေရာ အနိုင်ရခဲ့ခြင်း ဖြစ်ကြောင်း ၎င်းတို့သာ ရွေးကောက်ပွဲ အနိုင်ရကြောင်း ပြော ကြားလျက် ရှိသည်။

အတိုက်အခံ CNRP ခေါင်းဆောင် Sam Rainsy သည် ပြည်ပြေး အဖြစ် နိုင်ငံခြားတွင် နေထိုင်ခဲ့ရာမှ ရွေးကောက်ပွဲ မတိုင်မီက ကမ္ဘောဒီးယား သို့ ပြန်လာခဲ့သူ ဖြစ်သည်။

သြဂုတ်လ ၆ ရက်နေ့က ကမ္ဘောဒီးယား အတိုက်အခံကို ထောက်ခံသူများ က ရွေးကောက်ပွဲကို နိုင်ငံတကာက စုံစမ်း စစ်ဆေးပေးရန် တောင်းဆိုသော ဆန္ဒပြမှုကို မြို့တော် ဖနွမ်းပင်တွင် ပြုလုပ်ခဲ့ကြသည်။

ကြာသပတေးနေ့က အတိုက်အခံတို့၏ နောက်ထပ် ဆန္ဒပြမှုများကို ကြိုတင် ကာကွယ်သည့် အနေနှင့် ကမ္ဘောဒီးယား အစိုးရက မြို့တော် ဖနွမ်းပင်တွင် စစ်တပ်များ ချထားခဲ့သည်။

ကမ္ဘောဒီးယား ရွေးကောက်ပွဲတွင် မဲပေးသူ ၁ ဒသမ ၃ သန်း၏ နာမည်များ မှာ ရွေးကောက်ပွဲ မဲစာရင်း မှ ပျောက်ဆုံးလျက် ရှိပြီး လက်ရှိ အာဏာရ ပါတီသည် မသမာသော မဲများ မဲထည့်ခဲ့ကြကြောင်း အတိုက်အခံ CNRP က စွပ်စွဲထားသည်။

အဆိုပါ စွပ်စွဲချက်များကို ကမ္ဘောဒီးယား ရွေးကောက်ပွဲ ကော်မရှင်က စုံစမ်း စစ်ဆေးလျက် ရှိသော် လည်း အတိုက်အခံ ခေါင်းဆောင် Sam Rainsy ကမူ ကုလသမဂ္ဂနှင့် အစိုးရ မဟုတ်သော အဖွဲ့အစည်းများက စုံစမ်း စစ်ဆေးမှု များ ပြုလုပ်ပေးရန် တောင်းဆိုထားသည်။

ကမ္ဘောဒီးယား ရွေးကောက်ပွဲတွင် မူမမှန်ခြင်းများ ရှိသည့်ကိစ္စနှင့် ပတ်သက်၍ အမေရိကန်နှင့် ဥရောပသမဂ္ဂတို့က စိုးရိမ်ကြောင်း ပြောကြား ထားသော်လည်း ယင်းကိစ္စ စုံစမ်းစစ်ဆေးမှုများကိုမူ ကမ္ဘောဒီးယား အစိုးရ ကသာ လုပ်ဆောင်သင့်ကြောင်း ပြောကြားထားသည်။

The Voice Weekly

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...