ကျွန်မတက္ကသိုလ်တက်တုန်းက စကားပြောသင်တန်းတစ်ခု တက်ဖူးပါတယ်။ တနေ့ကျွန်မတို့ကို သင်ပေးတဲ့ နိုင်ငံခြားသူက သင်တန်းသားတစ်ယောက်ကို ဟင်းတစ်မျိုး စီချက်ခိုင် ပါတယ်။ တကယ်ချက်ရတာမဟုတ်ပါဘူး။ သဒ္ဒါစစ်တဲ့အနေနဲ့ အက်ဆေးပုံစံမျိုး ရေးခိုင်းတာပါ။ ကျွန်မလည်း ဘာဟင်းချက်တဲ့အကြောင်းရေးရမလဲမသိဘူး။ ဒါနဲ့ မျက်စိထဲမှာ လွယ်လွယ်မြင်တဲ့ “ငါးကြော်” ကြော်ပြလိုက်ပါတယ်။ အညှီနံ့တွေ ဘာတွေမထွက်အောင် နနွင်းမှုန့်တွေနယ်ပြီး အသေအချာချက်ပြပေမယ့် သဘောကျတဲ့ပုံ မပြဘူး။ “မင်းရဲ့ ငါးကြော်က အရမ်းစားလို့ ကောင်းမယ့်ပုံပဲ။ ဒါပေမယ့် မင်းချက်တာဘာငါးလဲ၊ ရေချိုငါးလား၊ ရေငန်ငါးလား၊ အဲဒီငါးထဲမှာ ပြဒါးမပါဘူးလို့ မင်းပြောနိုင်မလား” တဲ့။ ဒီအချက်တွေကို ကျွန်မတစ်ခါမှ မစဉ်းစားမိပါဘူး။ ကျွန်မတို့ဆီမှာက ရေချိုငါးရော၊ ရေငန်ငါးရောစားပေမယ့် ပြဿနာသိပ်မဖြစ်ပါဘူး။ “ငါးကြောင့် ပြဒါးအဆိပ် သင့်နိုင်တယ်” ဆိုတာ ပထမဆုံး ကြားဖူးခြင်းဖြစ်ပါတယ်။
အနောက်နိုင်ငံတွေမှာ ငါးစားတဲ့ပုံစံဟာ ကျွန်မတို့ဆီမှာစားတာနဲ့ သိပ်မတူပါဘူး။ ငါးအစိမ်းကို အသားလွှာစား တာမျိုးက ကျွန်မတို့ဆီမှာ ရေပန်းမစားသေးပါဘူး။ ဒီတော့ ဝမ်းဗိုက်နဲ့ပတ်သတ်တဲ့ပြဿနာကို ကျွန်မတို့ထက် သူတို့က ပိုခံစားရတယ်။ ငါးအစိမ်း၊ မကျက်တကျက်တွေမှာ salmonella လိုပိုးကောင်တွေ ပါပါတယ်။ သေသေချာချာ မချက်ပြုတ်ရင် ဗိုက်နာတာ၊ ဝမ်းလျှောတာ၊ အန်တာ၊ မအီမသာဖြစ်တာတွေခံစားရတတ်ပါတယ်။ ရေမသန့်တဲ့နေရာက ဖမ်းမိတဲ့ငါးဆိုရင် ပိုဆိုးပါတယ်။ ငါးတင်မဟုတ်ပါဘူး။ ပုစွန်စားရင်လည်း ဒီအတိုင်းပါပဲ။ ဒါကြောင့် ငါးစားရင် ဘာငါးအမျိုးအစား၊ ဘယ်ကရသလဲဆိုတာ သိပ်ပြီး စိတ်ဝင်စားပါတယ်။
အမှန်တော့ ငါးဟာ ကျွန်မတို့အားလုံးကို အကျိုးပြုတဲ့အစားအစာပါ။ ဆေးပညာနဲ့ ပတ်သက်ပြီး သုတေသန ပြုလုပ်တဲ့သူတွေကတော့ ငါးကို အရမ်းသဘောကျကြပါတယ်။ “ငါးနဲ့နှလုံး” “Fish & Heart”တဲ့။ သူတို့သတ်မှတ် ကြတာပါ။ မိမိရဲ့နှလုံးကို တကယ်ချစ်မြတ်နိုးတယ်ဆိုရင် အသားတွေမစားကြပါနဲ့။ ငါးတွေစားပါတဲ့။ တစ်ပတ်ကို ငါးတစ်မျိုး၊ နှစ်မျိုးလောက်စားရင်တောင် ပြင်းထန်တဲ့နှလုံးရောဂါဖြစ်ပွားနိုင်မှုဟာ ၃၆ ရာခိုင်နှုန်းလောက်အထိ လျော့ကျသွားတယ်လို့ ဆိုကျပါတယ်။ ချောင်းမြောင်းတွေပေါများတဲ့ ကျွန်မတို့အတွက် ဒီအချက်ကို လိုက်နာဖို့ အရမ်းလွယ်ပါတယ်။ တချို့ငါးရှားတဲ့နေရာတွေရှိတော့ ရှိကြပါတယ်။ ဒါပေမယ့် တစ်ပတ်ကို တစ်ကြိမ်လောက်တော့ စားဖြစ်ပါတယ်။ ဒါကြောင့် အနောက်နိုင်ငံတွေထက် ကျွန်မတို့ဆီမှာ နှလုံးရောဂါ ဖြစ်ပွားမှုနည်းတာ ဖြစ်ပါလိမ့်မယ်။
ဒီနေရာမှာ ကျွန်မတို့ဟာ ငါးရဲ့အဆီ (Fish Oil) ကို ကျေးဇူးတင်သင့်ပါတယ်။ သူ့အထဲမှာ Omega 3 Fatty Acid တွေကို သဘာဝအတိုင်း ပေါပေါများများတွေ့ရပါတယ်။ အဲဒီအက်ဆစ်ဟာ နှလုံးကို ကာကွယ်ပေးတဲ့ အဓိကမဏ္ဍိုင်ကြီးဖြစ်ပါတယ်။ ငါးရဲ့အဆီဟာ နှလုံးခုန်သံကို မှန်ကန်စေပါတယ်။ သွေးကြောတွေကို ကျဉ်းပိတ်စေတဲ့ Triglycerides လို့ခေါ်တဲ့ အဆီတွေကိုလည်း လျော့ချပေးပါတယ်။ သွေးကြောတွေရောင်တာ၊ ပိတ်တာကို ကျစေတဲ့အတွက် သွေးတိုးရောဂါကိုလည်း ကာကွယ်ပေးပြီးသားဖြစ်နေပါတယ်။ တခြားအသားဟင်းတွေထက် ကယ်လိုရီပါဝင်မှု၊ အဆီပါဝင်မှုကလည်းနည်းပါတယ်။ ဒါကြောင့် အိမ်ရှင်မတွေအနေနဲ့ ဟင်းစားစဉ်းစားတဲ့အခါမှာ အားလုံးအတွက် အဆင်ပြေတဲ့ငါးဟင်းကိုသာ ထိပ်ဆုံးထားပြီးစဉ်းစားသင့်ပါတယ်။
ကျွန်မတို့ပြင်ဆင်ထားတဲ့ ထမင်းဝိုင်းမှာ ငါးဟင်းသာပါမယ်ဆိုရင် အိမ်သူအိမ်သားအားလုံးရဲ့ နှလုံးအတွက်သာ စိတ်ချရတာတင်မကပါဘူး။ ဦးနှောက်အတွက်ပါ ကောင်းတယ်လို့ ပြောလို့ရပါတယ်။ Omega 3 Fatty Acid ဟာ ဦးနှောက်ကို ပုံမှန်အတိုင်းအလုပ်လုပ်နိုင်အောင် ကူညီပေးပါတယ်။ နေ့စဉ်လုပ်နေကျ အလုပ်တွေ အောင်အောင်မြင်မြင် ပြီးဆုံးသွားဖို့၊ ခန္ဓာကိုယ်လုပ်ဆောင်မှုတွေ ပုံမှန်အတိုင်းထိန်းထားနိုင်ဖို့ကို ကူညီပေးပါတယ်။ သွေးကြောအတွင်း သွေးမခဲအောင် ဟန့်တားနိုင်တဲ့အတွက် ဦးနှောက်သွေးကြောပိတ်ပြီး လေသင်တုန်းဖြစ်တာ၊ လေဖြတ်တာမျိုးတွေလည်း နည်းသွားပါတယ်။ အတိအကျပြောရရင် ၄၄ ရာခိုင်နှုန်းအထိ လျော့ကျသွားပါတယ်။
Omega 3 Fatty Acid ဟာ ဦးနှောက်ရဲ့ Chemicals တွေဖြစ်တဲ့ Seretonin နဲ့ Dopamineပမာဏကို မြင့်တက်စေပါတယ်။ အဲဒီ Chemicals တွေဟာ စိတ်ကျရောဂါကို ကာကွယ်နိုင်ပါတယ်။ စိတ်ဖိစီးမှု၊ စိတ်ပူပန်မှုဖြစ်စေတဲ့ Chemicals တွေကိုတော့ လျော့နည်းစေပါတယ်။ ဒါကြောင့် ငါးဟာ ကျွန်မတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်တင် အရေးပါတာမဟုတ်ပါဘူး။ စိတ်ပိုင်းဆိုင်ရာကျန်းမာရေး၊ စိတ်နေစိတ်ထားတွေအတွက်ပါ အထောက်အကူပြုနေပါတယ်။
ကိုယ်ဝန်ဆောင်သည် မိခင်တစ်ယောက်ဆိုရင်လည်း ငါးကို ပုံမှန်စားပေးသင့်တဲ့အကြောင်းအရင်းက အခိုင် အမာကို ရှိနေပါတယ်။ ငါးဟာ ကလေးရဲ့ အာရုံကြောဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကူညီပေးနိုင်ပါတယ်။ ငါးစားတဲ့မိခင် တစ်ယောက်ကမွေးတဲ့ကလေးဟာ တခြားကလေးတွေထက် ပိုထူးချွန်ကြပါတယ်။ အထူးသဖြင့် နှုတ်နဲ့ ပတ်သက်တဲ့ ဥာဏ်ရည်စမ်းသပ်မှုတွေမှာ ပိုထက်မြက်တာကို တွေ့ရပါတယ်။ စကားအရာမှာလည်းြွကယ်ဝပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်သည်တွေဟာ ငါးစားသင့်ပါတယ်။ တချို့ငါးညှီနံ့မခံနိုင်တဲ့သူတွေဟာ ငါးမစားချင်ဘူးဆိုရင်လည်း ဆရာဝန်တွေနဲ့တိုင်ပင်ပြီး Omega 3 Fatty Acid ပါတဲ့ ဖြည့်စွက်အားဆေးတွေ သောက်သင့်ပါတယ်။
အရွယ်ရောက်နေတဲ့အမျိုးသားတစ်ယောက်ဟာ တစ်ပတ်မှာငါးတစ်ကြိမ်လောက်စားရင် သူတို့ရဲ့ဥာဏ်ရည် ဥာဏ်သွေးဟာ တခြားသူတွေထက် ၁၁ ရာခိုင်နှုန်း ပိုထက်မြက်ပါတယ်။ ဒါ့အပြင် ငါးစားသုံးတဲ့သူတွေဟာ စိတ်ပျံ့လွင့်တဲ့ရောဂါ (Dementia) ဖြစ်နိုင်ချေတွေနည်းလာပါတယ်။ ဒါကOmega 3 Fatty Acid ပါတဲ့ ငါးအကြီးတွေ ကိုပြောတာပါ။ လေးဘက်နာရောဂါ၊ အဆစ်အမြစ်ရောင်ကိုက်တာတွေကိုလည်း သက်သာစေပါတယ်။ နှင်းခူ၊ တင်းတိပ်တို့လို အရေပြားနဲ့ ပတ်သက်တဲ့ရောဂါတွေကိုလည်း ကာကွယ်ပေးပါတယ်။ အမျိုးသမီးတွေမှာ အသက်ကြီး လာရင် ဖြစ်တတ်တဲ့ အရိုးပွရောဂါဖြစ်ပွားမှုကိုလည်း လျော့ချပေးပါတယ်။
အရိုးပါစားလို့ရတဲ့ငါးအသေးလေးတွေကလည်း ကျွန်မတို့အတွက်ကောင်းတာပါပဲ။ ကျွန်မတို့ငယ်ငယ်က သင်ရတဲ့ ခေါင်းတရာသားဖြစ်တဲ့ ငါးအသေးအနုတ်၊ ပုစွန်ဆိတ်တွေကိုစားပေးရင် အရိုးအတွက်ကောင်းပါတယ်။ အခု နောက်ပိုင်းကျတော့ ဒါဟာ သွေးကြောနဲ့ပတ်သတ်တဲ့ရောဂါအတွက် ကောင်းတယ်လို့ဆိုလာကြတယ်။ ရင်ကျပ်ပန်းနာ၊ မိဘမျိုးရိုးနဲ့ပတ်သက်တဲ့ရောဂါတွေမှာ ငါးစားပေးရင် အကျိုးရှိမရှိကိုလည်း သုတေသနပြုနေတဲ့သူတွေက ထပ်ပြီး ရှာနေတုန်းပဲ။ ဘာပဲဖြစ်ဖြစ် ကျွန်မတို့အားလုံးအတွက် ငါးဟာ အစားသင့်ဆုံးလို့ ပြောရမှာပါပဲ။
ဒါပေမယ့် ငါးပိ၊ ငါးခြောက်တွေကိုတော့ သတိထားပြီးစားသုံးသင့်ပါတယ်။ ငါးကနေ ငါးပိ မြန်မြန် ဖြစ်အောင်ဆိုပြီး တချို့က ယမ်းစိမ်းတွေထည့်တယ်လို့ ဆိုကြပါတယ်။ ငံပြာရည်ဆိုရင် ဒီအတိုင်းပါပဲ။ ဒီလိုမျိုး ယမ်းစိမ်းပါတဲ့ အစားအစာတွေကိုသာ စားမိရင် အစာအိမ်နဲ့ အူလမ်းကြောင်းတွေမှာ ကင်ဆာရောဂါကို အစပျိုး စေပါတယ်။ တချို့ဈေးရောင်းတဲ့သူတွေကျတော့ သူတို့ရဲ့ ငါးပိပုံမှာ ယင်မနားအောင် ဆပ်ပြာအရည်ကို ရေမြှုပ်ဖတ် လေးနဲ့တို့ပြီး သပ်သပ်ပေးပါတယ်။ အမြင်မှာ ယင်မနားပေမယ့် ကျွန်မတို့ရဲ့ ခန္ဓာကိုယ်အတွက်တော့ လုံးဝမသင့် တော်ပါဘူး။ ဒီလိုမျိုးဓါတုဗေဒပစ္စည်းတွေပါတဲ့ အစားအစာတွေကို ရှောင်ကြဉ်ဖို့တော့ လိုအပ်ပါတယ်။
ကျွန်မတို့ငယ်ငယ်တုန်းက ပုစွန်ထုပ်တွေကို မီးဖုတ်ပြီးစားလေ့ရှိပါတယ်။ မီးဖိုထဲ ပစ်ထည့်၊ ပုစွန်ကကွေးသွားပြီ ဆိုရင် ဆယ်ပြီးစားပါတယ်။ ဒီအတိုင်းစားလို့လည်းရတယ်။ သုပ်စားရင်လည်း တထုပ်ထုပ်နဲ့ စားလို့အရမ်းကောင်းပါတယ်။ နည်းနည်းသေးတဲ့အကောင်တွေဆိုရင် ဝါးတံလေးနဲ့ထိုးပြီး မီးကင်စားပါတယ်။ ငါးတွေဆိုရင်လည်း အဲဒီလိုမျိုးပဲ လုပ်စားဖြစ်တယ်။ အခုပြန်စဉ်းစားကြည့်မိတော့ ကျွန်မတို့အရမ်းကံကောင်းတယ်လို့တောင် ပြောလို့ရပါတယ်။ ဘာလို့လဲဆိုတော့ ဒီလိုမျိုးမကျက်တကျက်၊ အစားအစာတွေကြောင့် ရောဂါလက္ခဏာ တစ်စုံတစ်ရာမရှိခဲ့လို့ပါ။ ဒါပေမယ့် အခုအချိန်စားမလားဆိုရင်တော့ မစားရဲတော့ပါဘူး။ နောက်ထပ် ကျွန်မတို့ကံကောင်းတဲ့အချက်က ကျွန်မတို့ အနားမှာ စက်ရုံတွေမရှိခဲ့လို့ပါ။
စက်ရုံတွေနဲ့နီးတဲ့နေရာတွေသာဖြစ်ခဲ့ရင် ပြဒါးအပါအဝင် တခြားသတ္တုပစ္စည်းတွေ စွန့်ထုတ်မှုတွေ အနည်းနဲ့ အများဆိုသလို ရှိလာနိုင်ပါတယ်။ အဲဒီနားတစ်ဝိုက်မှာရှိတဲ့ မြစ်ချောင်းတွေထဲက ငါးတွေစားသောက်လိုက်တဲ့ အစာတွေထဲမှာ သတ္တုတွေပါဝင်လာပါတယ်။ ကျွန်မတို့စားလိုက်တဲ့ငါးတွေထဲမှာ ပါလာနိုင်တဲ့ ဆိုးဆိုးရွားရွား အန္တရာယ် ဖြစ်စေတဲ့ သတ္တုပစ္စည်းဟာ ပြဒါးပါပဲ။ ခန္ဓာကိုယ်ထဲမှာ ပြဒါးတွေစုပုံများပြားလာတဲ့အခါ ဖွံ့ဖြိုးတိုးတက်နေတဲ့ ဦးနှောက်ကို လာပြီးအနှောက်အယှက်ပေးပါတယ်။ ဦးနှောက်ရဲ့လုပ်ဆောင်ချက်တွေ ပျက်စီးလာပါတယ်။ သင်ယူနိုင်စွမ်း လျော့ကျလာ ပါတယ်။ အထူးသဖြင့် ဘာသာစကားနဲ့ပတ်သတ်ပြီး သင်ယူမှုတွေလျော့သွားတယ်။ နှုတ်ရေးနှုတ်ရာမှာ ဆွံ့အလာတယ်။ ဒါကို ပြဒါးဆိပ်သင့်ခြင်းလို့ သတ်မှတ်ကြပါတယ်။ ဒီပြဿနာက စက်မှုနိုင်ငံတော်တော်များများကို တိုက်ခိုက်နေပေမယ့် ကျွန်မတို့ဆီမှာ သိပ်ပြီး မဖြစ်ပါဘူး။
အရင်ကတည်းက ကျွန်မတို့အရှေ့တောင်အာရှလူမျိုးတွေ စားသောက်တဲ့အစားအစာတွေထဲမှာ အမဲသား၊ ဝက်သားတွေကို ဦးစားပေးပြီးစားတာ အရမ်းနည်းပါတယ်။ ငါးနဲ့အသီးအရွက်ကိုသာ အဓိကထားပြီး စားပါတယ်။ နောက်ပိုင်း လူဦးရေတိုးလာတာ၊ မြို့ပြပိုဆန်လာတာတွေကြောင့် အသားစားသုံးမှု တရှိန်ထိုးမြင့်တက်လာတယ်။ ငါးတွေကို သိပ်ပြီးဦးစားမပေးတော့ဘူး။ တခြားပြုပြင်ပြောင်းလဲထားတဲ့ အစားအစာတွေ၊ ရေရှည်ခံအောင် စီမံထားတဲ့ အစားအသောက်တွေကိုသာ ဦးစားပေးပြီး စားလာကြပါတယ်။ ဒါတွေဟာ ခဏတာအတွက်သာ အရသာရှိပြီး ရေရှည်မှာ အန္တရာယ်ရှိလာတယ်။ ငါးစားတာကသာ အာဟာရတန်ဖိုးမြင့်မားရနိုင်သလို အကုန်အကျလည်းနည်းစေပါတယ်။ ဒါကြောင့် အစားအသောက်တစ်မျိုးကို ရွေးချယ်တော့မယ်ဆိုရင် ဒီအချက်လေးတွေကို သတိထားပြီး ရွေးချယ်စေချင်ပါတယ်။
“ဥာဏ်ကောင်းချင်ရင် ငါးစားပါ”
“နှလုံးရောဂါကို ကာကွယ်ဖို့ငါးစားပါ”
“သတိမမေ့အောင် ငါးစားပါ”
0 comments:
Post a Comment