Thursday, August 22, 2013

သူငယ်ချင်း .. . ကားမောင်းတာတော့ သတိထား… (၂)

အေး သူငယ်ချင်း… ငါလည်း ရေးရင်း ငိုက်သွားလို့ လမ်းဘေး ခဏ ထိုးရပ်ပြီး ၂ ခွက်လောက် ချလိုက်ရတယ်… ဘီယာ မဟုတ်ဘူး ကော်ဖီ ပြောတာ.. ကဲ ပြန်ဆက်ရရင်…


ငိုက်တာ အပြစ်လား

လူ အိပ်ငိုက်တဲ့ ကိစ္စတော့ အပေါ်မှာ လမ်း အကြောင်းပြောရင်း နဲ့ ထည့်ပြောခဲ့သလို အဲဒါ လူတွေရဲ့ အပြစ်လုံးလုံးတော့ မဟုတ်ဘူးပေါ့ကွာ။ အိပ်ငိုက်လို့ဖြစ်တဲ့ ယာဉ်တိုက်မှုတွေ နိုင်ငံတိုင်းမှာလည်း ရှိတယ်ကွ။ မြန်မာတွေဘဲ စည်းမရှိ ကမ်းမရှိ ဂရုမစိုက် လို့ ငိုက်တယ် လို့တော့ ပြောမရဘူးပေါ့ကွာ။ လူဆိုတာကတော့ လူအတိုင်းအတာ ထိ ပင်ပန်းလာရင် ငိုက်မယ်၊ အိပ်ချင်မယ် ဆိုတာတော့ ရှိမှာဘဲလေ။


ရှေ့ပိုင်းမှာ ပြောခဲ့သလို မမောင်းခင် ညမှာ အိပ်ရေးမပျက်အောင်၊ ညကထဲက အရက် ဘီယာ ရှောင်သင့်တာ၊ ၂နာရီ လောက် မောင်းပြီး ၁၀ မိနစ်လောက် ခဏတဖြုတ် နားနားပေးရတာတို့၊ fresh air ရှု ရတာတို့၊ ည ၁၂ နာရီ နဲ့ မနက် ၄ နာရီ ကြား တတ်နိုင်ရင် မမောင်းဖို့၊ caffeine များများ ပါတဲ့ ကော်ဖီ တို့ ဘာတို့ သောက်တာ တွေ၊ လုံးလုံး မရရင် ဆက်မမောင်းဘဲ လုံခြုံစိတ်ချ တဲ့ နေရာမှာ အိပ်ပြစ်လိုက်ဖို့တွေ စတာတွေကို သူ့ဘာသာ ဂရုစိုက်တတ်အောင် သတိပေးရင်း educate လုပ်တာမျိုး၊ လမ်း design မှာ curvilinear အနေနဲ့ ဖောက်တာတို့၊ frequent interval မှာ နားလို့ရအောင် စီစဉ်ပေးတာတို့လဲ လုပ်ပေးလို့ ရတယ်ကွ။

 အတိုဆုံး သတိပေးတာလေးကတော့ Tiredness Can Kill - Take a Break တဲ့။

လိုင်စင်

နောက်တခု ကားလိုင်စင်။ ငါတို့ဆီမှာ ယာဉ်မောင်းလိုင်စင် ထုတ်ပေးတဲ့ ပုံစံ ငါတော့ ကြိုက်သကွ.. မင်း သိပါတယ် ငါ့ လိုင်စင်ဆို ကားတောင် မမောင်းတတ်သေးဘူး အိမ်လာပို့ ပေးသွားတာဘဲလေ.. ဟဲ ဟဲ။ ဒီဘက်မှာတော့ မရဘူး မောင်။ Theory test ရယ် practical test ရယ် ဆိုပြီး အမှန်အကန် ဖြေရတယ်။ Theory test မှာ ၂ ပိုင်း ရှိတယ်။ multiple choice ရယ် နောက်တခုက ကွန်ပျူတာ ပေါ်မှာ Game ဆော့သလို ကိုယ်က driver အနေအထားနဲ့ ဘေးက ဖျတ်ကနဲ ဝင်လာတဲ့ အန္တရာယ်ကို ဘယ်လောက် မြန်မြန်မှန်မှန် response လုပ်နိုင်သလဲ စစ်တဲ့ hazard perception test ၂ခု ဖြေရတယ်။

 Multiple choice အတွက် ဖတ်ရတဲ့ စာအုပ် က ဝတ္တု စာအုပ်ဆိုဒ် ကို စာမျက်နှာ ၃၀၀ လောက် ထူတယ်ဟေ့။ တခုချင်း သေချာမှတ်ရတာဆိုတော့ တရက် ၁ နာရီလောက် ဖတ်သွားရင် ၂ ပတ် ၃ပတ် တော့ ကောင်းကောင်း ဖတ်ယူရတယ်ကွ။ အောက်မှာ ပြောထားတဲ့ အခန်း တွေ နဲ့ ကားမောင်းမဲ့ သူတွေ သိသင့်သိထိုက်တာတွေ ဖတ်ခိုင်း မှတ်ခိုင်းတယ်ကွ။ central server ကို လှမ်းချိတ်ထားတဲ့ ကွန်ပျူတာနဲ့ random မေးခွန်း ၅၀ မေးပြီး ၄၃ ခု မှန်မှ အောင်တယ်။ စစ်တဲ့သူ ဆိုတာက ကွန်ပျူတာ ဖွင့်ပေးတာနဲ့ result print out လုပ်ပေးတာလောက်ဘဲ လုပ်လို့ရတာကွ၊ ငါတို့ ဖြေတာတွေက မိန်းဆာဗာကို တခါထဲ ဝင်သွားတာ။ အဲဒါကြောင့် သူ့ကို အာရကေ သွားပေးလဲ အလကားဘဲ…

 Theory test စာအုပ်မှာ ဖတ်ခိုင်းတဲ့ အခန်းတွေက

Alertness,
Attitude,
Documents,
Hazard awareness,
Incidents,
Accidents and emergencies,
Motorway rules,
Other types of vehicle,
Road and traffic signs,
Rules of the road,
Safety and your vehicle,
Safety margins,
Vehicle handling,
Vehicle loading,
Vulnerable road users



Safety

မင်း ခေါင်းစဉ်တွေ ဖတ်ကြည့်လိုက်ရင်ကို ခန့်မှန်းကြည့်လို့ ရလောက်မယ် ထင်တယ်။ အဲဒီ ထဲက Alertness, Attitude, Safety and your vehicle, Safety margins, Hazard awareness, Vulnerable road users, Other types of vehicle ဆိုတဲ့ ၇ခန်း လောက်မှာ က ကိုယ့်ရဲ့ safety၊ သူများရဲ့ safety ကို အဓိက ထားပြီး သိအောင် လုပ်ခိုင်းထားတယ်။ ကျန်တဲ့ အခန်းတွေမှာ road sign တွေ regulations တွေ သိသွားအောင် ထည့်ထားတယ်။ ကိုယ့် ကားရှေ့က လူတယောက် ဖြတ်ကူးလို့ $@#^& သေချင်နေလား လို့ မဆဲရဘူး တခြား လမ်း အသုံးပြုတဲ့သူတွေ ကို အလေး(respect) ပေးရမယ်  ဆိုတဲ့ အသိကို ထည့်ပေးလိုက်တယ်။ ဒို့ဆီက လူတွေကတော့ မရဘူးကွ များများသာ ဆဲပေး .... :D
 
အဲဒီ test မှာ ကားမောင်းမဲ့ သူကို အဓိက ရိုက်သွင်းလိုက်တာက ကားမောင်းတာ ကိုယ်တိုင်တင် မက ကိုယ်ကြောင့် တခြားသူတွေပါ အန္တရာယ် ရှိတယ်။ အန္တရာယ် မဖြစ်အောင် ဘာတွေ ဆောင်ရမယ် ဘာတွေ ရှောင်ရမယ် ဆိုတာ ခေါင်းထဲ ထည့်ပေးလိုက်တယ်ကွ။ practical test မှာတော့ အဓိက က ကားကို ဘယ်လောက် ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ်တတ်သလဲ နဲ့ လမ်း ပေါ်မှာ အန္တရာယ် မရှိအောင် မောင်းတတ်ပြီလား ဆိုတာ စစ်တာဘဲ။
 
ဒါက ရိုးရိုး ငါတို့ ကိုယ့်ကား ကိုယ် မောင်းမဲ့သူတွေ အတွက်ပေါ့။ taxi တို့၊ express လို ကားကြီးတွေ အတွက်ဆို ထပ်ပြီး ပိုကြပ်တဲ့ test တွေ နဲ့ စစ်သေးတယ်ဟေ့။ အဲဒါကတော့ အများပြည်သူတွေ ပါလာပြီလေ။ လူတွေ အများကြီး ရဲ့ အသက် သူ့လက်ထဲ အပ်ထားရတာဆိုတော့ ရိုးရိုးဒရိုင်ဘာတွေ ထက်ကို professional ကျကျသိထားဖို့ လိုလာတာပေါ့။

 ”Driving Licence” or “Licence to kill”
 မကျွမ်းကျင်လို့ဘဲ ဖြစ်ဖြစ်၊ သိသင့်သိထိုက်တဲ့ အသိ မသိလို့ ဘဲ ဖြစ်ဖြစ်၊ သိရဲ့သားနဲ့ စည်းမဲ့ကမ်းမဲ့ လုပ်လို့ဘဲ ဖြစ်ဖြစ် တခုခု ဖြစ်ရင် သူ့ အသက်အန္တရာယ်တင် မက တခြားသူတွေရဲ့ အသက်အန္တရယ်ပါ ထိခိုက်တယ်လေ။ အဲဒီတော့ public ကို တာဝန်ရှိသူတွေက အကာအကွယ် ပေးဖို့ လိုင်စင်ပေးကထဲက တင်းတင်းကျပ်ကျပ် ကိုင်တွယ်တာ မှန်တယ် သူငယ်ချင်း။ နို့် မဟုတ်ရင် driving licence က နေ licence to kill ဖြစ်သွားမယ်။
 
Law Enforcement

အဲ စည်းကမ်း မလိုက်နာ ရင်လည်း တွယ်တာ အထူး။ ငါတော့ မလိုက်နာချင်လို့ မဟုတ်ဘဲ မသိလိုက်လို့ သတိမထား မိလိုက်လို့ ပေးလိုက်ရတဲ့ penalty ကြေးကတော့ မနည်းဘူးဟေ့။ ပေးလိုက် ရတော့ နောက် မမေ့တော့ဘူး ပေါ့ကွာ ဟားဟား...။ ဘော်ဒါ တယောက်တော့ မိုင် ၃၀ လမ်းမှာ ၃၇ နဲ့ မောင်းလို့ ၃ပွိုင့် နဲ့ penalty ဆောင်မလား၊ သင်တန်း တက်မလား ဆိုပြီး ရွေးခိုင်းလို့ သင်တန်းသွားတက်ပြီး lecture အရိုက်ခံရတယ်ကွ။

 ပွိုင့်တွေ ထိလိုက်ရင် ဒီမှာ ပေးရတဲ့ ကားအာမခံကြေးတွေ ဘာတွေကအစ အကုန် မြင့်ကုန်တာလေ။ နောက်ပိုင်း ပွိုင့်တွေ များသွားရင် လိုင်စင် ပြန်ဖြေရတာတို့၊ နှစ် အပိုင်းအခြား ဒါမှမဟုတ် လုံးဝ အပိတ်ခံရတာတို့ လုပ်သကွ။ အင်း တခါတလေ ကျတော့လည်း လူတိုင်း သည်းခြေကြိုက်တဲ့ ငွေ... အကုန်မခံချင်တာနဲ့ ဖမ်းထိမ်း လိုက်တာ တော်တော်တော့ ထိရောက်တယ်ကွ...။ ဒို့ဆီလည်း ဒါမျိုးတွေ လုပ်ရင်ကောင်းမယ်။ သြော် ဒါနဲ့ ညဘက် ပြိုင်မောင်းနေတဲ့ ပြိုင်ကားတွေ ဖမ်းဖို့ ရဲတွေကိုတောင် ကားအကောင်းစားတွေ ပေးထားပြီ ဆိုလား… ကောင်းပါတယ်… ကောင်းပါတယ်.. ဟဲဟဲဟဲ…       
 အော်အေး.. သတိရလို့.. ခါးပါတ် ပတ်တာ။ ဒီမှာတော့ ဒရိုင်ဘာ နဲ့ ရှေ့ passenger seat မှာထိုင်တဲ့သူက ခါးပတ် ပတ်ကို ပတ်ရတယ်။ မပတ်ထားတာ မြင်ရင် လမ်းမှာတွေ့တဲ့ ရဲ က လာပြောတော့တာကွ။ ဒီမှာက ရဲက ဒို့ဆီလို ဘဲဥ က ဘဲဥ သပ်သပ်၊ စခန်းက ရဲ ကသပ် သပ် ဆိုတာမျိုး မဟုတ်ဘူး။ Highway/ Motorway က ရဲကတော့ သတ်သတ်ရှိတယ်။ သူတို့က ဖမ်းဖို့တင် လုပ်တာမဟုတ်ဘူး၊ accident တခုခု ဖြစ်သွားရင် ဖြစ်တဲ့သူတွေကို အမြန်ဆုံး ကယ်နိုင်အောင်၊ လမ်းပိတ်တာတွေ အခြေအနေ ပိုဆိုးမလာအောင် ဝင်ထိန်းတာ။ camera တွေ တပ်ထားတာဆိုတော့ over-speed လိုက်ဖမ်းတာမျိုးတော့ လုပ်လေ့မရှိဘူးကွ။

 ဆိုတော့ကွာ… ကားသမားတွေ မဆင်မခြင် မောင်းလို့ ဖြစ်ရတာ ဆိုတဲ့ ပြသနာကို public safety အတွက် မဆင်မခြင် မမောင်းသင့်ကြောင်း ဘယ်လို ပညာပေးသလဲ၊ မမောင်းနိုင်အောင် ဘယ်လို တင်းကျပ်ထားသလဲ ဆိုတာတွေ စဉ်းစားဖို့ လိုမယ်ကွ။

ယာဉ် ကြံ့ခိုင်ရေး

လူတွေကို အဲဒီလို ပညာပေး၊ ဒဏ်ပေး နဲ့ စည်းကမ်း လိုက်နာအောင် လုပ်သလို ကားတွေရဲ့ ကြံ့ခိုင်မှု ကိုလည်း ပုံမှန် စစ်ရသကွ။ ဒီမှာတော့ MOT test လို့ ခေါ်တယ်။ ကညန လို့ ရုံးချုပ်ထိ သွားစရာ မလိုဘူး register လုပ်ထားတဲ့ ဝပ်ရှော့တိုင်းမှာ စစ်လို့ ရတယ်ကွ။ အသိအမှတ်ပြု လက်မှတ် ယူထားတဲ့ certified technican က စစ်ရတယ်။ ဘာတွေ စစ်သလဲ ဆိုတော့ Steering, Lights – function indicator, Brakes, Tyres, အောက်ပိုင်း စတာတွေ အစုံဘဲ ကွ။ ဒီမှာ သူတို့ စစ်တဲ့ ပုံစံလေး ရှိတယ်http://www.dft.gov.uk/vosa/repository/MOT%20Inspection%20Checklist%20%28VT%2040%29.pdf
 
မင်းကတော့ ကားဆို အမြဲ ဂရုစိုက်နေတတ်တဲ့သူ ဆိုတော့ အဲဒီ ပုံစံထဲက စစ်ရမဲ့ဟာတွေကို အမြဲ စစ်နေမဲ့သူ ဆိုတာ ငါသိပါတယ်။  ဒါပေမဲ့ ဒို့ဆီက ဝပ်ရှော့ဆရာတွေက ကျောင်းတွေ သင်တန်းတွေနဲ့ စနစ်တကျ သင်ခဲ့ရတဲ့သူ မရှိသလို၊ အသိအမှတ်ပြု လက်မှတ် ထုတ်ပေးထားတာမျိုး လဲ မရှိတော့  knowledge ပိုင်း အားနည်းတာလေးတွေ ရှိတယ်ကွ။ ဝပ်ရှော့ဆရာမသိလဲ ငါ ဒါတွေ ကောင်းအောင် စစ်မယ် ဆိုပြီး ကိုယ့်ကား ကြံ့ခိုင်မှု ရှိအောင် ကိုယ်ဘာသာ လုပ်ထားပေါ့ကွာ။ နားမလည်တဲ့ သူတွေကိုလည်း ဒါလေးတွေတော့ ကောင်းအောင် ကြံ့ခိုင်အောင် လုပ်ထားဆိုပြီးတော့လည်း မင်း အကြံပေးမယ် ဆိုရင် ပိုကောင်းတာပေါ့ကွာ။

 MOT မှာ ဘာတွေ စစ်လဲ ကြည့်ရင် စစ်ရတဲ့ ရည်ရွယ်ချက်က လမ်းပေါ်မှာ မောင်းသွားရင် ကား ချို့ယွင်းမှု မဖြစ်နိုင်လောက်အောင် ကားရဲ့ structure နဲ့ ပတ်သက်တာ၊ ဘရိတ်တွေ၊ တာယာတွေ၊ တဖက်လူ ကို အချက်ပြမဲ့ အချက်ပြမီးတွေ ကို အဓိက စစ်တာ ဆိုတာ မင်း တွေ့လိမ့်မယ်။ အလုံးချိန်းလား၊ အရောင်ပြောင်းလား၊ နံပါတ်ပြား ထပ်နေလား ဆိုတာတွေ မဟုတ်ဘူးကွနော်။ အဲဒါတွေကတော့ လမ်းကြောင်းနဲ့ သွားပေါ့ကွာ… ဟားဟား။
 
အဲဒီ MOT က ငါတို့ လို အိမ်စီးကားတွေ ကတော့ ၁နှစ်တခါ စစ်ရပေမဲ့ taxi လို passenger တင်တဲ့ ကားမျိုးတွေဆို ၆ လ တခါ ကို စစ်ရတာကွ။ ဒီလို ယာဉ်ကြံ့ခိုင်မှု ကို စစ်တာကတော့ UK ပုံစံပေါ့ကွာ။ တခြား နိုင်ငံတွေမှာလည်း သူ့ အစီအစဉ်နဲ့သူ လုပ်ကြတယ် လို့ ကြားဖူးတယ်ကွ။ ယာဉ်ကြံ့ခိုင်မှု ဆိုတာ ကားသမား နဲ့ ကားပိုင်ရှင် ပေါ်မှာ တာဝန်ရှိသလို မကြံ့ခိုင်တဲ့ ကား လမ်းပေါ် တက်လာလို့ အများပြည်သူ ကို ထိခိုက်မှု မရှိရလေအောင်လည်း စီစဉ်သင့်တယ်လို့ ငါတော့ မြင်တယ်။

 သိသင့်သိထိုက်တဲ့ အသိ မရှိလို့ ဘဲ ဖြစ်ဖြစ်၊ စည်းမဲ့ကမ်းမဲ့ မောင်းတတ်လို့ဘဲ ဖြစ်ဖြစ် အဲဒီလို ဒရိုင်ဘာတယောက်က၊ မကြံ့ခိုင်တဲ့ကား တစီး ကို မောင်းပြီး၊ အန္တရာယ်ရှိတဲ့ လမ်းမပေါ်တက်လာရင် အရူးလက်ထဲ ကျည်အပြည့်ပါတဲ့ machine gun ထည့်ပေးပြီး လူတွေကြားထဲ လွှတ်လိုက်သလို public အတွက် အန္တရယ် များတယ်လို့ ငါတော့ မြင်တယ်ကွ။

 အဲဒီတော့ ကွာ ကားမောင်းရင် ကိုယ်တိုင် လိုက်နာရမဲ့ ဆောင်ရန် ရှောင်ရန်တွေ လိုက်နာသင့်သလို ဘေးဘီဝဲယာ လည်း မပြတ်ကြည့်ဖို့တော့ လိုမယ်ကွ။ ကိုယ်တိုင် မငိုက်လည်း ငိုက်တဲ့သူ လာတိုက် နိုင်ခြေ ရှိတယ်။ ကိုယ့်ကား ကောင်းနေလည်း မကြံ့ခိုင်တဲ့ကား က ကိုယ့် ဝင်တိုက်နိုင်တဲ့ အန္တရာယ် ရှိတယ်။ ကိုယ်က ဖြည်းဖြည်းမောင်းလဲ တခြားကား က အကွေ့မှာ အရှိန်လွန်ပြီး ကိုယ့် ဝင်တိုက်နိုင်တဲ့ အန္တရာယ် ရှိတယ်။  


သူငယ်ချင်း…  ကားမောင်းတာတော့ သတိ ထားကွာ။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...