Thursday, August 22, 2013

ပခုက္ကူ စက်မှုဇုန်တွင် အလုပ်ရရှိမှု နည်းပါးလာသည့်အတွက် အလုပ်ရုံအချို့ ပိတ်သိမ်း

ပခုက္ကူ စက်မှုဇုန်ရှိ ကားဝပ်ရှော့ တွင်ခုံနှင့် ပန်းပဲလုပ်ငန်းများ အလုပ်ရရှိမှု နည်းပါးလာသည့်အတွက် လုပ်ငန်းဆက်လက် လုပ်ကိုင်ရန် ခက်ခဲလာပြီး လုပ်ငန်းပြောင်းလဲ လုပ်ကိုင်ခြင်း၊ အလုပ်ရုံတချို့ ပိတ်သိမ်းခြင်း ပြုလုပ်နေရကြောင်း သိရသည်။

ပခုက္ကူ စက်မှုဇုန်ရှိ ကားဝပ်ရှော့၊ တွင်ခုံနှင့် ပန်းပဲလုပ်ငန်းများမှာ ယခင်နှစ်များတွင် မော်တော်ကားများ ထုတ်လုပ်ရောင်းချခြင်း၊ ယာဉ်ဟောင်းများ ပြန်လည်ပြုပြင်ခြင်း၊ သစ်ထုပ်လုပ်ရေး လုပ်ငန်းခွင်များသို့ သွားရောက်မည့် မော်တော်ယာဉ်များအား ယာဉ်ကြံ့ခိုင်မှု ပြန်လည်စစ်ဆေးပြီး ပြင်ဆင်မှုများ ပြုလုပ်ပေးရခြင်းများကြောင့် လုပ်ငန်းလည်ပတ်ရန် အဆင်ပြေခဲ့သော်လည်း ယခုနှစ်တွင်မူ မော်တော်ကား ထုပ်လုပ်ရောင်းချရန် အဆင်မပြေခြင်းကြောင့် တွင်ခုံနှင့် ပန်းပဲလုပ်ငန်းများမှာ အလုပ်အကိုင် ရှားပါးလာပြီး ကားဝပ်ရှော့များမှာလည်း ယာဉ်ဟောင်းများ ပြန်လည်ပြင်ဆင်ရမှု နည်းပါးလာသည့်အတွက် လုပ်ငန်းအများစု ရပ်နားရခြင်းဖြစ်ကြောင်း ကားဝပ်ရှော့ လုပ်ကိုင်သူများထံမှ သိရသည်။

"အရင်တုန်းက ခုလိုအချိန်ဆိုရင် သစ်ကွင်းသွားမယ့် ကားတွေကို ယာဉ်ကြံခိုင်ရေး ပြန်စစ်ပေးရတယ်။ လေးထပ်တာတို့ ဖရိန်မြင့်တာတို့ နောက်ကားအင်ဂျင် ပြန်စစ်တာတို့ လုပ်ပေးရတော့ ပန်းပဲသမားရော တွင်ခုံရော ကားဝပ်ရှော့တွေရော အကုန်အလုပ်ဖြစ်တယ်။ ခုနောက်ပိုင်း သစ်ကားတွေက သစ်ကွင်းသိပ်မသွားရတော့ ယာဉ်လာစစ်တာတို့လည်း နည်းသွားတယ်။ ကားဈေးတွေကလည်း တအားကျနေတော့ ၅၅ သိန်းလောက် အကုန်ခံပြီးဆင်တဲ့ ဇုန်ထုတ်ဂျစ်ကားက ပြန်ရောင်းရင် သိန်း ၄၀ လောက်ပဲရတော့ ကားထုတ်တာလည်း မရှိတော့ဘူး။ ကားဟောင်းတွေကလည်း အပ်လိုက်ကြတော့ အရင်လို အဟောင်းပြင်ရတယ် ဆိုတာလည်း မရှိသလောက်ပဲ။ ရွာတွေကကားနဲ့ ခရီးသည်တင် ကားလောက်ပဲ ပြင်ရတော့တယ်။ လုပ်ငန်းအများစုကတော့ ရပ်ထားရတယ်" ဟု ပခုက္ကူ စက်မှုဇုန်တွင် ဂျစ်ကားထုတ်လုပ် ရောင်းချသူ ဦးစန်းမောင်က ဆိုသည်။

ပခုက္ကူ စက်မှုဇုန်ရှိ စက်မှုလုပ်ငန်း လုပ်ကိုင်သော လုပ်သားများမှာ လုပ်ငန်းအဆင်မပြေမှုများကြောင့် အလုပ်ရုံများ ပိတ်သိမ်းလိုက်ရသည့်အတွက် ဆီးခွဲစက်၊ ဆီစက်နှင့် ရေသန့်စက်ရုံများတွင် ရွှေ့ပြောင်းလုပ်ကိုင်နေရပြီး အလုပ်အကိုင် အခွင့်အလမ်း ယခင်ထက် နည်းပါးသွားပြီး ဘ၀ရပ်တည်ရေး အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း သိရသည်။

Eleven Media Group

ပခုက္ကူ စက်မှုဇုန်ရှိ အကြီးစား မော်တော်ယာဉ် ပြင်ဆင်သည့် အလုပ်ရုံတစ်ခုကို တွေ့ရစဉ်

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...