Wednesday, May 29, 2013

သိထားသင့်တဲ့ ပါရာစီတမောလ် ဆေးလုံးလေးများ အကြောင်း




ပါရာစီတမောလ် ဆေးလုံးလေးများ...........

ယခုတလော ဆေးဆိုင် တစ်ဆိုင်မှာ ရောင်း အကောင်းဆုံး ဆေးက ဘာလဲလို့ မေးလိုက်ရင် ပါရာစီတမောလ် လို့ပဲ ဖြေမှာ သေချာ ပါတယ်။ ရာသီဥတု အပြောင်းအလဲ မြန်ဆန် လွန်းတဲ့ ကာလမှာ ပူလိုက်၊ အေးလိုက် နဲ့မို့ လူတွေဟာ နှာစေး၊ ချောင်းဆိုး၊ ဖျားနာ၊ ကိုက်ခဲကြ ပါတယ်။


အခုလို ဖျားကြ၊ နာကြတဲ့ ကာလမှာ နေမကောင်း တစ်ခုခု ဖြစ်လိုက်ပြီ ဆိုတာနဲ့၊ ခေါင်းလေး ကိုက်ရုံနဲ့၊ ဖျားချင် သလိုမျိုး ခံစား လိုက်ရပြီ ဆိုတာနဲ့၊ ဗိုက်အောင့် ခါးကိုက်ရုံနဲ့ စတဲ့ အကြောင်းကြောင်း တွေကြောင့် ပါရာစီတမောလ် အကိုက်အခဲနှင့် အဖျား ပျောက်ဆေး တွေကို သောက်ကြ ပါတယ်။ တချို့ ကလည်း ပါရာစီ တမောလ်ကို ဘာမှ မဖြစ်ဘဲနဲ့လည်း သောက်ချင် နေကြ ပါတယ်။ ဘယ်ဆေးခန်းမှ မသွားမီ၊ မိမိ သဘောနဲ့ မိမိ ရောဂါ ပျောက်ကင်း သက်သာ သွားလေမလား ဆိုပြီး အရင်ဆုံး ပါရာစီတမောလ် ဝယ်သောက်တတ် ကြပါတယ်။ ဆေးကုမ္ပဏီ များက ကုန်ပစ္စည်း တံဆိပ် အမျိုးမျိုးနှင့် ပါရာစီတမောလ် ဆေးပြားကို တင်သွင်းကာ နည်းပေါင်းစုံဖြင့် ကြော်ငြာ နေကြတဲ့ အတွက် သုံးစွဲသူ တွေက ပါရာစီတမောလ် ဆေးကို ကြားဖူး နားဝ သိလာ ကြတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပါရာစီ တမောလ် သောက်သုံးမှု များတဲ့သူများ အတွက် ရည်ရွယ်ပြီး ပါရာစီတမောလ် သောက်သုံးတဲ့ အခါ လိုက်နာ သင်တဲ့ အချက် အလက်၊ သိသင့် သိထိုက်တဲ့ အချက်အလက် များကို ဗဟုသုတ အဖြစ် ဖော်ပြလို ပါတယ်။

ပါရာစီတမောလ် ဆိုတာ ဘာလဲ.......

ပါရာစီတမောလ်ဟာ အကိုက်အခဲ ပျောက်ဆေး၊ အဖျားကျဆေး တစ်မျိုး ဖြစ်ပါတယ်။ ခေါင်းကိုက်ခြင်း၊ ကြွက်သားများ နာကျင် ကိုက်ခဲခြင်း၊ အဆစ် အမျက် ရောင်ခြင်း၊ ခါးနာခြင်း၊ သွား ကိုက်ခြင်း၊ အအေးမိ ဖျားနာခြင်း စတဲ့ ကျန်းမာရေး ပြဿနာများ အတွက် ပါရာစီတမောလ်ကို အသုံးပြုကြ ပါတယ်။ ဆေးစာအုပ် များထဲတွင် ညွှန်ကြား ထားခြင်း မရှိဘဲ အခြား ရည် ရွယ်ချက် များဖြင့် အသုံးပြု နိုင်ပါ သေးတယ်။

လိုက်နာသင့်တဲ့အချက်များ .....

ပါရာစီတမောလ်ကို အမြဲသောက်သုံးလေ့ ရှိတဲ့သူ တစ်ယောက် အနေနဲ့ သိထားသင့်တာ ကတော့ ညွှန်ကြား ထားတဲ့ ပမာဏထက် ကျော်လွန်ပြီး မသောက်သုံး ရဘူး ဆိုတာ ပါပဲ။ သာမန် အားဖြင့် ဈေးကွက်ထဲမှာ ရှိတဲ့ ပါရာစီတမောလ် တစ်လုံးတွင် ၅၀ဝ မီလီဂရမ် ရှိပါတယ်။ အရွယ် ရောက်ပြီးသူ တစ်ယောက် အတွက် အများဆုံး ပမာဏဟာ တစ်ခါ သောက်လျှင် ၁၀ဝ၀ မီလီဂရမ် (၂ လုံး) ဖြစ်ပြီး တစ်နေ့တာလုံး အတွက် အများဆုံး သောက်သုံးနိုင်တဲ့ ပမာဏ ဆိုရင်တော့ စုစုပေါင်း ၄၀ဝ၀ မီလီဂရမ် (၈လုံး) ဖြစ်ပါတယ်။ ပါရာစီတမောလ် လွန်ကဲစွာ သောက် သုံးမိပါက အသက် အန္တရာယ်ကို ပြင်းထန်စွာ ထိခိုက် နိုင်ပါတယ်။ ပါရာစီတမောလ် သောက်သုံးမှု များလေလေ အသည်း ထိခိုက်မှု များလေလေ ဖြစ်ပါတယ်။ သင်ဟာ တစ်နေ့ကို အရက် ပါဝင်တဲ့ ဘီယာ ၃ လုံးထက် ပိုသောက်တဲ့သူ ဆိုရင်၊ အရက်ကြောင့် ဖြစ်သော အသည်း ရောဂါ ရှိနေတဲ့ သူဆိုရင် ပါရာစီတမောလ် မသောက်ခင် ဆရာဝန်နှင့် အရင် တိုင်ပင်သင့် ပါတယ်။ သင်ဟာ ပါရာစီတမောလ် သောက်လို့ မရတဲ့သူ ဖြစ်နေနိုင် ပါတယ်။ ထိုကဲ့ သို့သော သူတွေဟာ တစ်နေ့ကို ပါရာစီတမောလ် ၂၀ဝ၀ မီလီဂရမ် (၄ လုံး) ထက် ကျော်လွန်ပြီး လုံးဝ မသောက် သုံးသင့် ပါဘူး။ဒါ့ကြောင့် ပါရာစီတမောလ် မသောက်ခင် ဆရာဝန်ကို အသည်း ဆိုင်ရာ ရောဂါတွေ ရှိ၊ မရှိ ကြိုတင် ပြောပြထားသင့် ပါတယ်။

ပါရာစီတမောလ် သောက်ထား ပြီးရင်လည်း အခြား နှာစေး၊ ချောင်းဆိုး ပျောက်ဆေး၊ အဖျား ပျောက်ဆေး တွေကို ထပ်မံပြီး မသောက် သင့်ပါ။ ဘာလို့လဲ ဆိုတော့ အချို့ဆေး တွေမှာ ပါရာစီ တမောလ် ပါဝင်နေတဲ့ အတွက် သတ် မှတ် ထားတဲ့ ပမာဏ လွန်ကဲသွားမှာ စိုးလို့ ဖြစ်ပါတယ်။ ပါရာစီတမောလ် သောက်ပြီး အရက် သောက်ခြင်းကို ရှောင်ရှားပါ။ သာမန် အားဖြင့်တော့ ပါရာစီတမောလ် သောက်နေစဉ် မသောက် သုံးသင့်တဲ့ ဆေးဝါးများ မရှိပါ။ မသောက်သုံး သင့်တဲ့ လူအုပ်စု ဟူ၍လည်း မရှိပါ။ ကိုယ်ဝန်ဆောင်များ ပါရာစီတမောလ် သောက်သုံးမှုဟာ စိတ်ချ လုံခြုံမှု ရှိရဲ့လား ဆိုတာတော့ သေချာစွာ မသိရှိ ရသေးတဲ့ အတွက် ဆရာဝန်နှင့် အရင် တိုင်ပင်သင့် ပါတယ်။ ပါရာစီတမောလ်ဟာ မိခင်နို့ထဲ ကနေ ဖြတ်သန်း သွားနိုင်တဲ့ အတွက် ကလေးငယ်ကို ထိခိုက်နိုင် ပါတယ်။

မြန်မာနိုင်ငံ ဈေးကွက်ထဲမှာ ပါရာစီတမောလ်ကို ဆေးအသွင် ပုံသဏ္ဌာန် အမျိုးမျိုး၊ တံဆိပ် အမျိုးမျိုးဖြင့် ရောင်းချနေ ပါတယ်။ Tablet (ဆေးပြား)၊ Capsule (ဆေးတောင့်)၊ Suspension (အရည်)၊ Suppository (စအိုတွင်းထည့် ဆေးတောင့်) စသည်ဖြင့် ရှိပါတယ်။ ဘယ်လို ပါရာစီတမောလ် ဆေးအမျိုးအစားကိုပဲ သောက်သောက် ဆေးဘူးခွံမှာ ရေးထားတဲ့ အတိုင်း၊ ဆရာဝန်၏ ဆေးညွှန်းစာ အတိုင်း အတိအကျ လိုက်နာ ရပါမယ်။ ညွှန်ကြား ထားတာထက် ပိုပြီး မသောက်သုံးရ ပါဘူး။

ကလေးငယ်များ အတွက် သီးသန့် ထုတ်လုပ် ထားတဲ့ ပါရာစီ တမောလ် ဆေးများလည်း ရှိပါတယ်။ ၂ နှစ် အောက် ကလေးငယ်များ ကိုတော့ ဆရာဝန်က ညွှန်ကြားမှပဲ တိုက်သင့် ပါတယ်။ ပါရာစီတမောလ် အရည်ပုံစံ ဆေး ဆိုရင်တော့ ဆေးချိန် တွယ်တဲ့ ခွက်၊ ဇွန်းတွေကို ထည့်သွင်း ပေးထားလေ့ ရှိပါတယ်။ ဆေးဘူးပေါ်မှာ ညွှန်ကြား ထားတဲ့ အတိုင်း လိုက်နာပြီး ဆေးသောက်သုံး ရပါတယ်။ ဝါးစားရသော ပါရာစီတမောလ် ဆေးပြား ဆိုရင်လည်း သေချာ ကျေညက်အောင် ဝါးပြီးမှ မျိုချ ရပါမယ်။ အခြား နိုင်ငံတွေမှာ ပါရာစီတမောလ် ရေဆူဆေးမှုန့် ထုပ်လေးတွေ ရှိပါတယ်။ ထိုအမှုန့်ထုပ် လေးတွေ ဆိုရင်တော့ တစ်ထုပ် ဆိုရင် ရေ ၄ အောင်စ ထည့်ကာ ညင်သာစွာ မွှေပြီး၊ ဖျော်ပြီး ချက်ချင်း သောက်ပစ် ရမယ်။

စအိုတွင်းထည့် ပါရာစီတမောလ် ဆေးတောင့် များကို ပါးစပ် ကနေ လုံးဝ မသောက် သုံးရပါဘူး။ ဆေးတောင့်ကို မထည့်မီနှင့် ထည့်ပြီး လက်ကို သေချာစွာ ဆေးကြောပါ။ စအိုတွင်း ထည့် ပါရာစီတမောလ် ဆေးတောင့် များကို အသုံးမပြုမီ အချိန် ကြာမြင့်စွာ အပြင် ဘက်တွင် ထားပါက အရည်ပျော် သွားနိုင် ပါတယ်။ ဒါ့ကြောင့် အသုံးပြု ခါနီးမှ ဖောက်ပါ။ စအိုတွင်းထည့် ပါရာစီတမောလ်များ ကိုတော့ ကလေးငယ်များ၊ သက်ကြီး ရွယ်အိုများ၊ အစာအိမ် ရောဂါ ရှိသူများ ပါးစပ်မှ ဆေးသောက်သုံး နိုင်မှု မရှိသည့် လူနာများတွင် ဆရာဝန်များက အဓိက ညွှန်ကြားလေ့ ရှိပါတယ်။

ပါရာစီတမောလ် လွန်ကဲပါက ......

ပါရာစီတမောလ် လွန်ကဲစွာ သောက်သုံး မိပါက ပါရာစီတမောလ် အဆိပ် အတောက် ဖြစ်စေ နိုင်ပါတယ်။ အသည်းကို အဓိက ထိခိုက်စေ ပါတယ်။ လူကြီးများတွင် ၆ ဂရမ် ( ၅၀ဝ မီလီဂရမ် ဆေးပြား ၁၂ ပြား) ကျော် သောက်သုံး မိပါက ၄၈ နာရီ အတွင်း အဆိပ်အတောက် ဖြစ်ကာ သေဆုံး နိုင်ပါတယ်။ ပါရာစီတမောလ် သောက်သုံးမှု များသွား ပြီလို့ ကိုယ့်ကိုယ်ကို ထင်တယ် ဆိုရင် အရေးပေါ် ဆေးကုသမှုကို ခံယူပါ။ ပါရာစီတမောလ် အဆိပ်အတောက် ဖြစ်မှုရဲ့ ကနဦး လက္ခဏာတွေ ကတော့ မစားချင် မသောက်ချင် ဖြစ်ခြင်း၊ မူးဝေ အော့အန်ခြင်း၊ ဗိုက်အောင့် ခြင်း၊ ချွေးထွက်ခြင်း၊ စိတ်ရှုပ်ခြင်းနှင့် အားအင် ချိနဲ့ခြင်းတို့ ဖြစ်ပါတယ်။ နောက်ပိုင်း တွင်တော့ အစာအိမ် အပေါ်ပိုင်း နာကျင်ခြင်း၊ ဆီးမည်း မည်းသွားခြင်း၊ အသားဝါ လာခြင်းနှင့် မျက်ကွင်း သားများ ဝါလာခြင်းတို့ ဖြစ်ပေါ် ခံစား ရနိုင် ပါတယ်။

ပါရာစီတမောလ်နှင့် ဓာတ်မတည့်ဖြစ်မှု .....

ပါရာစီတမောလ်နှင့် ဓာတ်မတည့် ပါက အနီကွက်များ ဖြစ်ပေါ်လာခြင်း၊ အသက်ရှူရ ခက်ခဲခြင်း၊ မျက်နှာ၊ နှုတ်ခမ်း၊ လျှာ သို့မဟုတ် လည်ချောင်းများ ရောင်ရမ်း လာခြင်းတို့ ခံစား ရနိုင် ပါတယ်။ ဓာတ်မတည့်မှု ဖြစ်ပေါ် ပါက ဆေးသုံးစွဲမှုကို လုံးဝ ရပ်လိုက်ပြီး ဆရာဝန်နှင့် ချက်ချင်း ပြသ သင့်ပါတယ်။

သောက်သုံးသင့်သည့် ပမာဏ .......

(က) အရွယ်ရောက်ပြီးသူ တစ်ယောက် အတွက်
ဖျားနာလျှင် ၃၂၅-၆၅၀ မီလီဂရမ် တစ်နေ့လျှင် ၂ ကြိမ်မှ ၃ ကြိမ်အထိ။ နာကျင်ကိုက်ခဲမှု သက်သာစေရန် ၃၂၅-၆၅၀ မီလီဂရမ် တစ်နေ့လျှင် ၂ ကြိမ်မှ ၃ ကြိမ်အထိ။ သို့မဟုတ် ၁၀ဝ၀ မီလီဂရမ် တစ်နေ့လျှင် ၂ ကြိမ်။

(ခ) တစ်လအောက် ကလေးငယ်များ အတွက်
ဖျားနာလျှင် ၁၀-၁၅ မီလီ ဂရမ်/ ၁ ကီလိုဂရမ် တစ်နေ့လျှင် ၂ ကြိမ်မှ ၃ ကြိမ် အထိ။ နာကျင်ကိုက်ခဲမှု သက်သာစေရန် ၁၀-၁၅ မီလီဂရမ်/ ၁ကီလိုဂရမ်။ တစ်နေ့လျှင် ၂ ကြိမ်မှ ၃ ကြိမ် အထိ။
Ref>>.Mg Mandalay

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...